ပေါက်ကွဲမှု (၂)
Vol. 53 Ch. 738
ဘုန်း... ဘုန်း...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် မီးတောက်မီးလျှံ မုန်တိုင်းမှာ ပတ်ဝန်းကျင် မိုင်နှစ်ရာခန့် ဧရိယာကို ဖုံးလွှမ်း သွားခဲ့ပြီ ဖြစ်သည်။ ထိုနယ်နိမိတ် အတွင်း၌ ဘေးကင်း လုံခြုံသည့် နေရာ မရှိပါချေ။
ဟူး... ဟူး...
သို့သော်လည်း ၎င်းတို့က တစ်မိနစ်မျှ အတွင်းမှာပင် ပြန်လည် ငြိမ်းသတ် သွားခဲ့၏။ ထိုက်ဟိုနှင့် ကျိဟူတို့မှာ မူလ နေရာများတွင်ပင် အေးခဲ ရပ်နေကြဆဲ ဖြစ်သည်။ သူတို့က လက်များနှင့် သံချပ်ကာများကို ငုံ့ကြည့် နေကြကာ အဘယ်ကြောင့် လောင်ကြွမ်း မသွားသည်ကို တွေးမိနေကြသည်။
သို့သော်လည်း စက္ကန့်ပိုင်း အတွင်းမှာပင် ဦးခေါင်းထက်ရှိ ရောင်ခြည် စက်ဝန်းများက ထူးဆန်းသော အလင်းရောင်များဖြင့် တောက်ပနေကြောင်း သူတို့ သဘောပေါက်သွား၏။
“မဟာမိတ် တိုက်ခိုက်မှုလား...”
ကျိဖူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွား၏။ နှစ်နှစ်ကြာ လေ့ကျင့် သင်ကြားခဲ့မှုများ အဆို အရဆိုလျှင်.. ရောင်ခြည် စက်ဝန်းမှာ စစ်ဝိညာဥ်နှင့် တိုက်ရိုက် ချိတ်ဆက်နေကာ မဟာမိတ် တိုက်ခိုက်မှုများမှ ကာကွယ် ပေးနိုင်သည်ဟု ဆိုသည်။
ကျိဖူ ခေါင်းကို ပတ်ချာလည် လှည့်ရင်း စစ်မြေပြင်ကို အကဲခတ် လိုက်သည်။ တိုက်တန် မျိုးနွယ်ဝင်များ မားမားမတ်မတ် ဆက်လက် ရပ်တည် နိုင်စွမ်း ရှိနေချိန်တွင် လူသားနှင့် ကောင်းကင်သက်ရှိတို့၏ ခန္ဓာကိုယ်များကတော့ ဆိုးဆိုးရွားရွားပင် အရည်ပျော် နေခဲ့ပြီ ဖြစ်သည်။ မရေမတွက်နိုင်သော အလောင်းများမှာ စစ်မြေပြင် မိုင်နှစ်ရာ ပတ်လည်တွင် ကျဲပျံ့ နေ၏။
“သူလား...”
ရုတ်တရက်... ကျိဖူ၏ စိတ်အာရုံတွင် ချောမောသည့် လူငယ်ကလေး၏ ပုံရိပ်က ပြန်လည် ထင်ဟပ်လာခဲ့၏။ လှပသည့် အတောင်ပံများနှင့် စေ့ထားသည့် မျက်လုံးများ...။
“ဒါပေမဲ့ ဘယ်လို လုပ်ပြီးဖြစ်နိုင်မှာလဲ..."
“ခုနက မီးတောက်တွေက ဘာလဲ... စွမ်းအင် ပေါက်ကွဲမှု တစ်ခုခု များလာ...”
တိုက်တန် မျိုးနွယ်ဝင် မိန်းကလေး တစ်ယောက်က မေးလိုက်၏။ ကျင့်ကြံသူများက သူတို့၏ စွမ်းအင်များကို ဝင်္ကပါများ၊ အစီအရင်များနှင့် ချိတ်ဆက်၍ ဆုံမှတ်တစ်ခု အတွင်း ဖြည့်သွင်း၍ ပြန်လည် လွှတ်ထုတ်လိုက်သည့် အခါ မြင့်မားသည့် ဖိအားကြောင့် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာတတ်သည်။
“မဖြစ်နိုင်ဘူး... ဒီပေါက်ကွဲက တကယ် ကြောက်ဖို့ ကောင်းလွန်းတယ်... အဲဒီလောက် စွမ်အင် ပမာဏကို ဘယ်ဝင်္ကပါက ထိန်းချုပ်နိုင်မှာလဲ”
ဗလတောင့်တောင့်နှင့် အခြား တိုက်တန် တစ်ယောက်က ခေါင်းခါရင်း ပြောလိုက်၏။ သူ၏ ဖြေရှင်းချက်က ကျိုးကြောင်း ဆီလျော်ရာ အားလုံး ခေါင်းညိတ် လက်ခံလိုက်မိကြသည်.
“ဒါမှမဟုတ် ဆေးတောင့်တွေလား...”
အဂ္ဂိရတ် လမ်းစဥ်မှ လာသည့် တိုက်တန် စစ်သည်တော် တစ်ယောက်က မေးလိုက်၏။ ယခု တစ်ကြိမ်တွင်လည်း ဗလတောင့်တောင့်နှင့် တိုက်တန် မျိုးနွယ်က ခေါင်းခါလိုက်ပြန်သည်။
“ပိုတောင် မဖြစ်နိုင်သေးဘူး... စွမ်းအင်တွေက စစ်မြေပြင်မှာ ကန့်သတ်ခံထားရတာ... ဒီလို ပေါက်ကွဲမှု တစ်ခုကို ဖန်တီးဖို့ ဆေးတောင့် ဘယ်နှစ်ခု လိုမယ် ထင်လဲ... သိန်းချီလား... သန်းချီလား...”
“တကယ်လို့ ဆေးတောင့်တွေပဲ ထားဦး... ဒီနေရာမှာ ကိုယ်တိုင် ဖန်တီးထားတဲ့ ဆေးတောင့် လက်နက်တွေကိုပဲ သုံးခွင့်ပေးထားတာ... သေမျိုး အဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက်က သူ့ဘဝ တစ်လျှောက်လုံးမှာ ဆေးတောင့် ဘယ်နှစ်ခုလောက် ဖော်စပ်နိုင်မယ်လို့ ထင်လဲ...”
“နောက်ပြီး ဒီလို ပေါက်ကွဲမှုမျိုးကို ဖော်ထုတ်ဖို့က သာမန် ဆေးလုံးတွေ ဖြစ်လို့ မရဘူးနော်... အနည်းဆုံး အဆင့်ရှစ်၊ အဆင့်ကိုးလောက်ကို ဖြစ်နေရမှာ.. ဒါကြောင့် လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောတာ”
“မှန်တယ်...”
ပထမ တိုက်တန် မိန်းကလေးက ခေါင်းညိတ်လိုက်၏။
“ငါတို့ မျိုးနွယ်ရဲ့ လျှို့ဝှက် အာဏာရှင်တွေ ပဲ အဖြေကို သိလိမ့်မယ်”
အခြားလူများက ထောက်ခံလိုက်ကြလေသည်။
...
တပ်ရင်း ကွန်မန်ဒါ ဘောရက်မှာ တိမ်တိုက်များ အကြားတွင် ငေးကြောင်ကာ ရပ်ရင်း တဖြည်းဖြည်း ငြိမ်းသေသွားသည့် မီးတောက်များကို ကြည့်နေခဲ့မိ၏။ သူ၏ ဦးခေါင်းထက်ရှိ အလင်းစက်ဝန်းကတော့ ထူးဆန်းသော အလင်းရောင်များနှင့် တောက်ပနေသည်။ ၎င်း၏ ကာကွယ်မှု အောက်တွင် လေပြည်လေညင်း ပင်လျှင် သူ့ကို ရိုက်ခတ်နိုင်စွမ်း မရှိပါချေ။
တပ်ရင်း ကွန်မန်ဒါ ဘောရက်သာ မက ကောင်းကင်ရှိ တိုက်တန် မျိုးနွယ်ဝင် အားလုံးမှာ အလင်းစက်ဝန်း၏ ကာကွယ်မှုကို ရရှိထားကြပေသည်။ သူတို့က မထိမခိုက်ပင် တိမ်တိုက်များ အကြား၌ ဆက်လက် ရပ်တည်နိုင် နေကြဆဲ ဖြစ်သည်။
“အား... အဟွတ်... အဟွတ်...”
ချောင်းဆိုးသံများမှာ လူအိုကြီးထံမှ အစီအရီ ထွက်ပေါ်လာ၏။ သူ၏ အသက်ရှူသံများက အလွန်အမင်း အားနည်းနေသော်လည်း မှိန်ဖျော့ဖျော့ သွေးနီရောင် အလင်းတန်း တစ်ခုက သူ့ခန္ဓာကိုယ်ကို ရစ်ပတ် ကာကွယ်ထားဆဲ ဖြစ်သည်။
လူအိုကြီးကို ကြည့်ရင်း တပ်ရင်း ကွန်မန်ဒါ ဘောရက်၏ မျက်လုံးများက အလွန် တောက်ပသွား၏။ ထိုအခိုက်၌ သူ မြင်တွေ့ရသမျှက စစ်ဝိညာဥ်များပင် ဖြစ်လေသည်။ လောဘတရားက လှိုင်းများလို သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွား၏။
“ကျန်တဲ့ကောင်တွေ အားလုံးကို သတ်ကြ...”
ပြင်းထန်စွာ အော်ဟစ် အမိန့်ပေးလိုက်ရင်း တပ်ရင်း ကွန်မန်ဒါ ဘောရက်မှာ သူ ကိုယ်တိုင် လူအိုကြီးထံသို့ အရှိန်အဟုန်နှင့် ပြေးဝင် သွားတော့၏။
ထိုအခါတွင်မှ အခြား တိုက်တန်မျိုးနွယ် လျှို့ဝှက် အာဏာရှင်များမှာ ကောင်းကင်တွင် ရန်သူ များစွာ ရှိသေးကြောင်း သဘောပေါက် သွား၏။ အလွန် ပြင်းထန်သည့် ပေါက်ကွဲမှုနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် အစွမ်းထက် ကျင့်ကြံသူ အားလုံးလိုလိုမှာ လျှို့ဝှက် အဆင့် အဆောင်များ၊ ရတနာများ ကျေးဇူးဖြင့် လွတ်မြောက်ခဲ့ပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ကြောက်မက်ဖွယ် ဖျက်ဆီးခြင်း စွမ်းအား၏ အောက်တွင် သူတို့မှာ ကြီးမားစွာ ထိခိုက်ခဲ့ကာ ဒဏ်ရာများပင် ရနေကြပြီ ဖြစ်သည်။
ထိုထင် ပိုကောင်းသည့် အခွင့်အရေး အဘယ်မှာ ရှိနိုင်တော့မည်နည်း။
“သတ်ကြ...”
တိုက်တန် မျိုးနွယ်များမှာ ပြင်းထန်စွာ အော်ဟစ်လိုက်ကြရင်း လက်နက်များကို စွဲကိုင်ကာ ရန်သူများထံ တိုးဝင် သွားကြတော့၏။
...
ထိုအရာများ ဖြစ်ပျက်နေချိန်တွင် တိမ်တိုက်များ၏ အောက် စစ်မြေပြင်နှင့် အလှမ်းကွာဝေးသော တစ်နေရာ၌ ပုံရိပ် တစ်ခုမှာ မူလဒြပ်စင် ရည်ရွယ်ချက်ကို ဝန်းရံရင်း လွင့်မြောနေခဲ့၏။
ဝှစ်... ဝှစ်...
ကြယ်တာရာ ဝိညာဥ် နှစ်ခုမှာ တောက်ပသော အလင်းတန်းများနှင့် ပြန်လည် ရောက်ရှိလာခဲ့၏။ ၎င်းတို့က ဟင်းလင်းပြင် လက်စွပ် တစ်ခုကို ပုံရိပ်ထံ လက်ဆင့်ကမ်း ပေးလိုက်သည်။
ကြယ်တာရာ ဝိညာဥ် နှစ်ခု ခန္ဓာကိုယ်ထဲ ပြန်ဝင် သွားပြီးနောက် ပုံရိပ်က သက်ပြင်းတစ်ချက် ချလိုက်၏။ လောင်ကြွမ်းနေသည့် တိမ်တိုက်များနှင့် လေပူများ၏ အောက်၌ ရပ်နေခဲ့သည့် ထိုပုံရိပ်မှာ ဝေ့ဝူယင်မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။
“နည်းပရိယာယ်နဲ့ အစီအစဥ်တွေက ကျင့်ကြံခြင်း လမ်းစဥ်မှာ အစားထိုးလို့ မရနိင်တဲ့ အစိတ်အပိုင်းတွေပဲ”
သူက လေးနက်စွာဖြင့် ရေရွတ်လိုက်၏။ သေခြင်းရှင်ခြင်း တိုက်ပွဲများတွင် ရန်သူအား ကောင်းစွာ နားလည်ခြင်းနှင့် မိမိ အကန့်အသတ်ကို သိရှိခြင်းတို့မှာ အကောင်းဆုံးသော လက်နက်များပင် ဖြစ်သည်။ မိမိထက် အဆပေါင်းများစွာ ခွန်အား ကြီးမားသည့် ရန်သူနှင့် ရင်ဆိုင်ရစေကာမူ... လုံလောက်သည့် နည်းပရိယာယ်နှင့် ဗျူဟာများ ရှိပါက သူတို့အား သေရွာကို အိုးစည်ဗုံမောင်းနှင့် ပို့ဆောင်၍ ရသည်။
ကျင်းကျူး၏ စိတ်အား ဖတ်ရှုခဲ့သည့် အခိုက်အတန့် ကတည်းက ဝေ့ဝူယင် ချိုက်လျှို့ယန်၏ စရိုက်၊ စိတ်သဘောထားနှင့် ကိုယ်ရည်ကိုယ်သွေးတို့ကို အကြမ်းဖျဥ်း ခန့်မှန်းနိုင်ခဲ့သည်။ ထိုမိန်းကလေးမှာ မာနကြီးသလောက် ကျင်းကျူးနှင့် ပတ်သက်ပါက စိတ်ခံစားချက် ပြင်းထန်သူ ဖြစ်သည်။ ထိုအချက်ကပင် ဝေ့ဝူယင်၏ အစီအစဥ်များကို ပိုမို ချောမွေ့ စေခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ... သေမျိုးတစ်ပိုင်း အရှင် တစ်ပါးနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်လေရာ စတေးမှုများမှာလည်း ကြီးမား လွန်းလှသည်။ အမှားတစ်ခုကပင် သူ၏ အသက်ကို အဆုံးသတ် သွားစေနိုင်စွမ်း ရှိသည်။
ထိုတိုက်ပွဲ၌ သူ ဘုရင်၊ ခရာတို၊ အိုရီ၊ ဧဒင်တို့၏ အင်အားများကို အကုန်အစင် ထုတ်သုံးခဲ့ရသည့် အပြင် လွန်ခဲ့သည့် ခြောက်နှစ် အတွင်း ဖော်စပ်ထားခဲ့သမျှ အဆင့်ခုနစ်မှ အဆင့်ကိုးထိ မီးဓာတ် အခြေပြု ဆေးတောင့် အားလုံးကိုပါ စတေးခဲ့ရသည်။
တိုက်ပွဲ အစကတည်းက ဆေးတောင့်များဖြင့် တိုက်ခိုက်ရန်လား...
အနန္တ ကုန်းမြေတိုက်ကြီး နေ့ရက်များတုန်းက ဝူကျိုးပင်လျှင် ဆေးတောင့်များကို မပေါက်ကွဲအောင် တားဆီးနိုင်စွမ်း ရှိရာ ချိုက်လျှို့ယန်မှာ သာ၍ အစွမ်းထက်မှာ သေချာသည်။ ထို့ကြောင့်ပင် အလစ်အငိုက် အခိုက်အတန့်မျိုး၌သာ ချိန်သားကိုက် လှုပ်ရှားရန် အလွန် အရေးပါခဲ့သည်။
ကျင်းကျူး၏ ခေါင်းကို ချေမွှလိုက်သည့် အချိန်က စ၍... ချိုက်လျှို့ယန် စက်လုံးကို ထိုးဖောက်လိုက်သည့် အချိန် အထိ အရာအားလုံးက ရရှိနိုင်သမျှ အချက်အလက်များ အပေါ် အသုံးပြုကာ ဝေ့ဝူယင် ချမှတ်ထားသည့် အစီအစဥ် ဖြစ်ပေသည်။
ကံကောင်း ထောက်မစွာပင် အရာ အားလုံးက အလုပ်ဖြစ်ခဲ့ပေသည်။