ပူးပေါင်း အားထုတ်မှု
Vol. 53 Ch. 739
“မင်းတို့ကောင်တွေ ငါ့သရုပ်ဆောင်ချက်ကို ကြိုက်သွားတယ်မလား... ဟီး... ဟီး”
အိုရီက စိတ်လှုပ်ရှားစွာဖြင့် ရယ်မောလိုက်၏။
“ချွင်...”
ဘုရင်က သူ့သင်္ကေတ အသံကို ထုတ်လွှတ်လိုက်၏။ အဆုံးသတ်၌ အောင်ပွဲ ရခဲ့သည့်တိုင် ထိုကြယ်တာရာ ဝိညာဥ်မှာ အနည်းငယ် မကျေမချမ်း ဖြစ်နေဆဲပင်။
မည်သို့ပင် ဆိုစေ... သူ့ အစွမ်း အထက်ဆုံးသော တိုက်ခိုက်မှုကို ချိုက်လျှို့ယန်က အသာအယာ ချေဖျက်နိုင်ခဲ့သည် မဟုတ်ပါလား။ ထိုအချက်က သူ့မာနကို ထိခိုက်စေသည်။ တကယ်ဆိုလျှင်... အရာ အားလုံးမှာ သူ့အသွားအောက်၌ အဆုံးသတ်ကို ရောက်ရှိသင့်သည်။
"ဘာတွေ မကျေမနပ် ဖြစ်နေရတာလဲ... ခုလို စွမ်းအား သက်သက် ထုတ်လွှတ် တိုက်ခိုက်တာထက် ကျင့်စဥ် တစ်မျိုးမျိုးကို သုံးရင် မင်း ပိုပြီး အစွမ်းထက်လာမှာ”
ဧဒင်က နှစ်သိမ့်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း စကားလုံးများနှင့် ဆန့်ကျင်ဘက်ပင် သူ၏ လေသံက ရွှင်မြူးနေကာ ဂုဏ်ယူခြင်းများနှင့် ပြည့်နှက်နေသည်။ မည်သို့ပင် ဆိုစေ... သူဖန်တီးထားသည့် ဆေးတောင့်များမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား။ သူမှ ဂုဏ်မယူလျှင် မည်သူက ဂုဏ်ယူရတော့မည်နည်း။
“သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ရဲ့ အမြင်အာရုံကို လှည့်စားပေးခဲ့တဲ့ ဒီဟင်းလင်းပြင် နဂါးကိုလည်း မမေ့နဲ့ဦး... ဟဟ”
ခရာတိုကလည်း ပွဲဝင်ခံလိုက်၏။ ဝေ့ဝူယင်က ရယ်မောလိုက်၏။ သူတို့ မပါပဲ သူ ထိုအရာကို လုပ်နိုင်ခဲ့လိမ့်မည် မဟုတ်ချေ။
အိုရီ၏ အတုအယောင် နတ်ဘုရား ကိုယ်ပွားကို ထိန်းချုပ်ခဲ့မှုက အလွန်အမင်း အထင်ကြီးစရာ ကောင်းခဲ့သလို အသံ၊ အမူအရာ၊ စိတ်ခံစားချက်များမှ အစ လူသား အစစ် တစ်ယောက်နှင့် တူညီခဲ့သည်။ ဘုရင်၏ အစွမ်းကုန် တိုက်ခိုက်ခဲ့မှုကလည်း အလွန်ပင် သဘာဝ ဆန်ကာ သေလုဆဲဆဲ လူတစ်ယောက်၏ နောက်ဆုံး ရုန်းကန်မှုကို ပီပြင်စေခဲ့သည်။
တစ်ချိန်တည်း၌... အတုအယောင် နတ်ဘုရား ကိုယ်ပွားအတွက် ဧဒင်၏ အသိစိတ် ပင်လယ် ပုံတူ ကူးယူမှုကလည်း ချွင်းချက် မရှိလှချေ။ ထို့အပြင် ကျင်းကျူး၏ ခန္ဓာကိုယ် အတွင်း အဂ္ဂိရတ် စွမ်းအင် အကြွင်းအကျန် တစ်ချို့ ချန်ရစ်ခဲ့ခြင်းနှင့် ဝိညာဥ်အော်ရာကို စက်လုံး အတွင်း ထည့်သွင်းခြင်းတို့ကလည်း အစီအစဥ်အတွက် အလွန် အရေးပါသော အစိတ်အပိုင်းများ ဖြစ်သည်။
ထို့အပြင်... ခရာတို၏ ဖုံးကွယ်မှု စွမ်းရည်နှင့် အတုအယောင် နတ်ဘုရား ကိုယ်ပွားအား နေရာ ချထားမှုတို့ကလည်း အပိုအလို မရှိလှချေ။ ပြန်လည် တွေးကြည့်ရပါက ကိုယ်ပွား ကျင့်စဥ် တစ်ခုဖြင့် သေမျိုး တစ်ပိုင်း အရှင် အဆင့်အား လှည့်စားခဲ့ခြင်းက အလွန်ပင် ရူးသွပ်လွန်းသည့် အစီအစဥ်ပင် ဖြစ်လေသည်။ အထူးသဖြင့် ချိုက်လျှို့ယန်လို သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့ခြင်း အပေါ် ဝေ့ဝူယင် အိပ်မက် တစ်ခုလိုပင် ခံစားနေရ၏။
“မင်းတို့ အားလုံး တကယ် တော်ကြပါတယ်... အိုရီရဲ့ သရုပ်ဆောင် စွမ်းရည်နဲ့ ဘုရင်ရဲ့ ဓားခုတ်ချက်ရော... ခရာတိုရဲ့ ဖုံးကွယ်ခြင်း စွမ်းရည်ကတော့ အဓိက သော့ချက် ပေါ့လေ... နောက်ပြီး ဧဒင်..”
ဝေ့ဝူယင် ဘာမှ ထပ်ပြီး ပြောစရာ မလိုတော့ချေ။ ဧဒင်မှာ သူ့ အသိစိတ် ပင်လယ် အတွင်း အမြစ်တွယ် နေလေရာ သူ ပြောချင်သမျှ အရာအားလုံးကို သိရှိပြီး ဖြစ်သည်။ ၎င်း၏ အကိုင်းအခက်များက ပျော်ရွှင်စွာဖြင့် လှုပ်ရှားနေ၏။ မည်မျှပင် ရင့်ကျက် တည်ငြိမ်သည် ဆိုစေ... ဧဒင်သည်လည်း အခြား ကြယ်တာရာ ဝိညာဥ်များကို အမြှောက်ကြိုက်ဆဲ ဖြစ်သည်။
ဝေ့ဝူယင် ပြုံးလိုက်မိ၏။ ထိုအခိုက်၌ မိသားစု တစ်ခုကို ပိုင်ဆိုင်ထားသလိုပင် သူ ခံစားနေမိခဲ့သည်။ ငရဲနှင့် ရင်ဆိုင်ရချိန်တွင်လည်း ထိုကလေးများမှာ သူ့ဘေး၌ ရပ်တည် ပေးခဲ့သည်။ ယခု လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင်လည်း သူတို့က သူ့အတွက် အကောင်းဆုံး ပံ့ပိုး ပေးခဲ့သည်။ နောင်တစ်ချိန် နတ်ဘုရားများနှင့် ရင်ဆိုင်ရလျှင်ပင် သူတို့က သူ့အတွက် တိုက်ခိုက်ပေးမှာ သေချာပေသည်။
ဝေ့ဝူယင်မှာ စိတ်တစ်ခုလုံး ငြိမ်းချမ်းနေကာ သက်တောင့်သက်သာ ဖြစ်မှုကို ခံစားနေရ၏။ အဓိက ရန်သူ သေဆုံး သွားခဲ့ပြီ ဖြစ်လေရာ သူ ဘေးကင်းသွားပြီဟု ဆိုနိုင်ပေသည်။ မိနစ် အနည်းငယ် ကြာပြီးနောက် လက်ကျန် မဟာမိတ် တပ်ပေါင်းစုထံ ပြန်ရန် သူ ပြင်လိုက်၏။ မည်သို့ပင် ဆိုစေ... သူက တပ်စိတ် ခေါင်းဆောင် တစ်ယောက် ဖြစ်နေဆဲ မဟုတ်ပါလား။
“စစ်မြေပြင်က ဆယ့်နှစ်နာရီလောက်ပဲ ကြာမှာ... အဲဒီ အချိန်က ရှည်လျားတယ်လို့ မဆိုနိုင်ဘူး... ဒါပေမဲ့ စစ်မြေပြင်ရဲ့ နယ်ပယ်က ဒီလောက်ကြီး ကျယ်ပြန့်လိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး... ဧရိယာ မိုင်ပေါင်း သိန်းချီကို ဖြန့်ကျက်ထားတဲ့ အပြင် စစ်ဇုန် ကိုးခုလည်း ခွဲထားသေးတယ်... တကယ်ကြီး အဲဒီလောက် ကျယ်ပြန့်တာလား...”
ဝေ့ဝူယင်မှာ မျက်လုံးများကို ပိတ်ထားရဆဲ ဖြစ်ရာ မိုးကုပ်စက်ဝိုင်း၏ အတိမ်အနက်ကို ကြည့်ရှုနိုင်စွမ်း မရှိသေးချေ။ အစောပိုင်းက အဖြစ်အပျက်ကြောင့် သူ၏ ဝိညာဥ် စွမ်းအင်မှာ အားအင် ကုန်ခမ်းလုနီးပါး ဖြစ်နေသည့်တိုင် ပြဿနာက ဘယ်တုန်းကမှ ဝိညာဥ်စွမ်းအင် မဟုတ်ခဲ့ချေ။ သူ့ ကြယ်တာရာ ဝိညာဥ်များ၏ ဝိညာဥ်အင်အား ဖြစ်သည်။
ထိုအခိုက်အတန့်၌ အိုရီမှ အပ အခြား ကြယ်တာရာ ဝိညာဥ်များ၏ ဝိညာဥ်အာရုံများကို ဝေ့ဝူယင် ချိပ်ပိတ်ပြီး ဖြစ်သည်။ သို့တိုင်အောင် ၎င်းကပင် အကန့်အသတ်ကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။ ထိုအကန့်အသတ်က ခန္ဓာကိုယ်ကို ခရာတို ဦးဆောင် နေသည့် အချိန်ထက်ပင် ပိုမို ကျော်လွန်နေသည်။ အိုရီ၏ နာမည် အရှေ့မှ “ဆန်းကြယ်” ဆိုသော စကားလုံးမှာ အလှပြ သက်သက် မဟုတ်ပါချေ။
ကျင့်ကြံခြင်း လမ်းစဥ်၌ ဆန်းကြယ် ဝိညာဥ်များမှာ ဝိညာဥ်စွမ်းအင်တွင် ဖြစ်စေ၊ ခွန်အားနှင့် အော်ရာတွင် ဖြစ်စေ၊ အာရုံခံနိုင်စွမ်းတွင် ဖြစ်စေ သာမန် ဝိညာဥ်များထက် အဆပေါင်း များစွာ သာလွန်သည်။ ဘုရင်မှာလည်း အလားတူပင် ဖြစ်သည်။
ထိုအခိုက်၌ အိုရီ၏ သစ်သားဒြပ်စင် ကြယ်တာရာ အင်အားများမှာ တက်တက်ကြွကြွပင် လှုပ်ရှား နေကြကာ ပျက်စီးသွားသည့် ကြွက်သားမျှင်များ၊ သွေးကြောများနှင့် အရိုးများကို ပြန်လည် ကုသ နေခဲ့၏။ ၎င်းတို့၏ အကူအညီ အောက်တွင် ဝေ့ဝူယင်၏ ဒဏ်ရာများမှာ မျက်စိဖြင့် မြင်နိုင်သော နှုန်းထားဖြင့် လျှင်မြန်စွာ ပြန်လည် ကောင်းမွန် လာနေခဲ့လေသည်။
“ဟိုကောင်မလေး အသက်ရှင်နေသေးလား မသိဘူး...”
ဝေ့ဝူယင် မူလ တည်နေရာကို စိတ်ထဲမှ ခန့်မှန်းကာ လမ်းလျှောက်ရင်း တွေးနေမိ၏။
“ရှင်လောက်မှာပါ... သူက သတ္တိကောင်းတာပဲလေ”
...
ခရုပတ် တိုက်တန် တပ်ရင်းမှ အသက်ရှင် ကျန်ရစ်သည့် စစ်သည်များမှာ အတူတကွ စုစည်းကာ စနစ်တကျ ပြန်လည် နေရာယူလျှက် စခန်းချ ထားကြသည်။ သူတို့က ဒဏ်ရာ ရရှိထားသူများကို ကူညီရင်း အတွေ့အကြုံများကို မျှဝေနေကြသည်။ အချို့ စစ်သည်များမှာ ရုပ်ပိုင်းဆိုင်ရာ အရ အဆင်ပြေနေကြသော်လည်း အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်နေကြသည်။
စောစောပိုင်းက ဖြစ်ပျက် သွားခဲ့သည့် ပေါက်ကွဲမှုမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှကာ ပုံမှန် စိတ်ကူးနိုင်စွမ်းများထက်ကိုပင် ကျော်လွန်နေသည်။ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း ဂဃနဏ မသိလေရာ ခေါင်းဆောင်များထံမှ အမိန့်ကို စောင့်မျှော်ရန် တစ်ခုသာ သူတို့တွင် ရှိပေသည်။
ထိုက်ဟိုမှာ ရံဖန်ရံခါ နာကျင်မှုကြောင့် ရှုံ့မဲ့နေကာ ခြေထောက်ကို ဆန့်တန်း၍ ထိုင်နေခဲ့၏။ သူ၏ မျက်နှာ အမူအရာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ကြမ်းတမ်း ခက်ထန်သော တိုက်ပွဲ တစ်ခု အပြီး ဆက်လက် အသက်ရှင်နိုင်ခဲ့ရာ ကံကောင်းသည် ဟု ဆိုနိုင်ပေသည်။
ထိုက်ဟို သံမဏိ ခေါင်းစွပ်ကို ချွတ်လိုက်ကာ မျက်နှာသွင်ပြင် အစိတ်အပိုင်းများကို ထုတ်ဖော်လိုက်၏။ သွေးဆုတ် ဖြူရော် နေသည့်တိုင် သူက ထူထဲသော မျက်ခုံးမွေးများ၊ ဖြောင့်စင်းသော နှာတံများနှင့် ချောမော ခန့်ညားနေဆဲ ဖြစ်ပေသည်။ ထင်ရှား ပေါ်လွင်သည့် အင်္ဂါရပ်များနှင့် အတူ သူက ရှေးဟောင်း ဗိုလ်ချုပ် တစ်ပါး သို့မဟုတ် ဧကရာဇ် တစ်ပါးလိုမျိုး ခံစားချက်ကို ဖြစ်ပေါ်စေသည်။ သူ၏ အနက်ရောင် ခပ်တိုတို ဆံပင်များက သွေးစသွေးန အချို့ဖြင့် ချောက်ကပ်နေကာ နဖူးစွန်းနားရှိ အမာရွတ် တစ်ခုက စစ်သည်တော် တစ်ဦး၏ ရဲမာန်ကို ထင်ဟပ်နေသည်။
ကျိဖူကတော့ သံမဏိ ခေါင်းစွပ်ကို ဆက်လက် ဖုံးအုပ်ထားဆဲ ဖြစ်သည်။ သူမက ထိုက်ဟို ဘေးနားသို့ လျှောက်သွားကာ ပခုံးကို ပုတ်လိုက်၏။ အခြား စစ်သည်တော်များနှင့် ခြားနားစွာပင် သူမမှာ နောက်ထပ် လာမည့် တိုက်ပွဲများ အတွက် အဆင်သင့် ဖြစ်နေဆဲ ဖြစ်သည်။ သူမ၏ စစ်ပွဲ အပေါ် ဆာလောင်မှုက နောက်ထပ် အဆင့်တစ်ခု၌ ရှိနေပေသည်။
ထိုက်ဟိုက ခေါင်းကို မော့၍ ကျိဖူကို ကြည့်လိုက်၏။ ထို့နောက် ပြုံးပြလိုက်သည်။
“ဘာတုံး...”
"ကျေးဇူးပဲ...”
သူမက စကားလုံး တစ်ခုချင်းကို အလေးနက်ဆုံးသော လေသံဖြင့် ပြောလိုက်သည်။
“...”
ထိုက်ဟိုမှာ အနည်းငယ် ဆွံ့အသွားသည်။ ထို့နောက်... သူ့ မျက်နှာထက်ရှိ အပြုံးက ပိုမို ကျယ်ပြန့်လာကာ တောက်ပလာ၏။
“မင်းက ငါ့ ဘော်ဒါပဲ... ဒါတွေ မလိုပါဘူး”
သူက ပြောရင်း ရယ်မောလိုက်၏။ ကျိဖူကလည်း ပြုံးလိုက်သည်။ စစ်မြေပြင်၌ အလောင်းကောင်များထံမှ အနံ့အသက်များက နှာခေါင်းဝများဆီသို့ တိုးဝင်ကာ ပျံ့လွင့်နေဆဲ ဖြစ်သည်။ ထိုအရာက အနည်းငယ် မသတီစရာ ကောင်းသည်။
“ဘယ်လိုပဲဖြစ်ဖြစ်... နင်က ငါ့အသက်ကို ကယ်ထားတာပဲ... ကျေးဇူးတင်ရမှာပေါ့”
အကယ်၍ ထိုက်ဟူသာ သူမထံ လာရောက် မပူးပေါင်း ခဲ့ပါက လူသားစစ်သည်များနှင့် ကောင်းကင် သက်ရှိများ၏ လက်ချက်ဖြင့် သေဆုံး နေလောက်ပြီ ဖြစ်သည်။ သူသည်လည်းပဲ သေဆုံးကောင်း သေဆုံး နေလောက်ချေပြီ။ သို့သော်လည်း... သူတို့ နှစ်ယောက် အတူ ပူးပေါင်းကာ အသက်ရှင် ခဲ့သည်။ သူမ၏ ခံစားချက်များက စစ်မှန်ပေသည်။
“မင်းကတော့ အမြဲ ဒီလိုပဲ...”
ထိုက်ဟို၏ အပြုံးက အနည်းငယ် မှိန်ဖျော့သွားကာ သက်ပြင်းတစ်ချက် ချလိုက်၏။ သူက ခေါင်းကို မော့ကာ ကောင်းကင် တိမ်တိုက်များ အကြားကို ကြည့်လိုက်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များ၏ တိုက်ပွဲက ဆက်လက် ဖြစ်ပွား နေခဲ့ပုံ ပေါ်သည်။ သူ့ ခံစားချက်များက အနည်းငယ် ရှုပ်ထွေးသွား၏။
ထိုစစ်မြေပြင်၌ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သူ့ကို ကာကွယ်ရန် အတွက် တိုက်ခိုက် နေကြကာ သူနှင့် အတူ တိုက်ပွဲဝင်နေသည့် စစ်သည် အားလုံးတော့ သူ့ မဟာမိတ်များပင် ဖြစ်သည်။ သူ ကယ်တင်လိုက်သည့် အသက် တစ်ခုချင်းစီတိုင်းက သူ့ ကိုယ်ပိုင် အောင်ပွဲဆီကို ဦးတည်နေသည်။
စစ်မြေပြင်နှင့် ပြင်ပလောက၏ အခြေအနေများက ရှုပ်ထွေးလှကာ လုံးဝ ခြားနားသော အခြေအနေ တစ်ခု၌ တည်ရှိ နေသည်။ ပြင်ပလောကတွင် ဆိုပါက ကျိဖူ၏ ဦးခေါင်းကို မျိုးနွယ်စုထံ ယူဆောင် သွားနိုင်အောင် သူ အကောင်းဆုံး အားထုတ်မိလိမ့်မည် ဖြစ်သည်။ ဤနေရာတွင်တော့ ဆန့်ကျင်ဘက်ပင် မိန်းကလေးကို ကယ်တင်ရန် သူ့ကိုယ်ပိုင် အသက်ကိုပင် စွန့်ကာ ဘေးချင်းယှဥ် တိုက်ခိုက်ခဲ့သည်။
“...”
သူတို့ နှစ်ယောက်စလုံး တစ်ခဏမျှ တိတ်ဆိတ်သွား၏။
ထိုအခိုက်တွင်ပင် ဝိညာဥ်အင်အား တစ်ခုက သူတို့ အပေါ်သို့ လွှမ်းခြုံလာသည်။ ကျိဖူမှာ သတိ အနေအထားသို့ ချက်ချင်း ပြောင်းလဲသွားကာ ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း ပတ်လည်ကို ကြည့်လိုက်၏။ မကြာခင်မှာပင် သူမ မျက်လုံးများမှာ အံ့သြ ထိတ်လန့်မှုဖြင့် ပြူးကျယ် သွားခဲ့တော့သည်။
“ဝိညာဥ်သခင်...”