← Chapters

ဝိညာဥ်သခင် လမ်းစဥ်

Vol. 53 Ch. 740

ဝိညာဥ်သခင် လမ်းစဥ်

Vol. 53 Ch. 740

“ဝိညာဥ်သခင်...”

ထိုက်ဟိုမှာ လန့်ဖျန့်သွားကာ ထိုင်နေရာမှ ထရပ်ရန် ကြိုးပမ်းလိုက်၏။ အခြား တိုက်တန် စစ်သည်များမှာလည်း ဗီဇ သဘာဝ အရ အလားတူပင် တုန့်ပြန်လာကြကာ တိုက်ပွဲဝင်ရန် အဆင်သင့် ပြင်လိုက်ကြသည်။ သို့သော်လည်း ထိုအရာက ရင်းနှီးပြီးသား ပုံရိပ်ဖြစ်ကြောင်း သတိထားမိသွားသော အခါတွင်မှ သူတို့ စိတ်သက်သာရာ ရသွားကြ၏။

ဝေ့ဝူယင် ဖြည်းညင်းစွာပင် လမ်းလျှောက်ကာ ချဥ်းကပ်လာခဲ့သည်။ စခန်းချနေကြသည့် တိုက်တန် မျိုးနွယ်ဝင် အားလုံးမှာ သူ့ကို ထူးဆန်းစွာပင် ဝိုင်းကြည့် နေကြသည်။ ဝေ့ဝူယင် အခြားလူများကို မတုန့်ပြန်အားပဲ ကျိဖူတို့ ရှိနေသည့် နေရာကိုသာ တန်းသွားလိုက်၏။

“တပ်စိတ် ၄၉ ကလူ ဘယ်နှစ်ယောက် ကျန်သေးလဲ...”

ဝေ့ဝူယင် တိုက်ရိုက်ပင် မေးလိုက်၏။ ခရုပတ် တိုက်တန် တပ်ရင်း အတွင်းမှ စစ်သည်များမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။

သို့သော်လည်း... တပ်စိတ် ၄၉ မှ လက်ကျန် အဖွဲ့ဝင်များကို ရေတွက်ရန် အချိန် သိပ်မယူ လိုက်ရပါချေ။ အဘယ်ကြောင့် ဆိုသော် ကျိဖူနှင့် ထိုက်ဟိုတို့သာ ကျန်ရစ်တော့သောကြောင့်ပင်။

သူတို့ တပ်စိတ်လေးမှာ အလွန်ပင် သေးငယ်လှကာ အစောကတည်းကပင် အဖွဲ့ဝင် တစ်ဒါဇင် လောက်သာပါဝင်ခဲ့ခြင်း ဖြစ်သည်။ နှစ်ယောက် ကျန်ရစ်ခဲ့ခြင်းကပင်လျှင် အတော်လေး အထင်ကြီးစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ အချို့ တပ်စိတ်များ ဆိုလျှင် တစ်ပြုံလုံး ပြုတ်ကာ မပြန်လမ်းကို မြန်းသွားကြရပြီ ဖြစ်လေသည်။

ကျိဖူ အသက်ရှင်နေသေးတာကို မြင်ရတော့ ဝေ့ဝူယင် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့၏။ သူ သူမကို ဆက်လက် အသက်ရှင်သန်စေလိုသောကြောင့် သူထံမှ ကမ္မ တန်ဖိုးက သူမ အသက်ရှင်ဖို့ အခွင့်အလမ်း တစ်ခု တိုးမြှင့်ပေးခဲ့လေသလား သူလည်း မသိပါချေ။ ဘယ်လိုပဲ ဖြစ်ဖြစ်... အဓိကက သူမ အသက်ရှင်သန်ဖို့ ဖြစ်ပေသည်။

သေဆုံး သွားခဲ့သည့် အခြား အဖွဲ့ဝင်များ အတွက်တော့ သူ စိတ်မကောင်း ဖြစ်မိပေသည်။ ခေါင်းဆောင် တစ်ဦး အနေဖြင့် သူတို့အား ကာကွယ်ပေးရန်နှင့် ညွှန်ကြားပေးရန် တာဝန်ကို သူ ပျက်ကွက်ခဲ့ပေသည်။ ထိုကဲ့သို့ ညွှန်ကြားပေးရအောင်လည်း တိုက်တန်တို့၏ စစ်ရေး ဗျူဟာနှင့် တိုက်ခိုက်ရေး ဝင်္ကပါများကို သူ ဘာတစ်ခုမှ နားမလည်ပါချေ။

အခြားတစ်ဖက်ကမှ ဖြည့်တွေးရလျှင်လည်း သူ၏ ရန်သူများကို အမြစ်ပြတ် ချေမှုန်းပေးခဲ့မှုက အားလုံးကို အနားယူချိန်နှင့် ဒဏ်ရာ ကုသချိန်များ ပေးစွမ်းနိုင်ခဲ့လေရာ ၎င်းကပင် တပ်စိတ် ခေါင်းဆောင် တစ်ယောက်၏ လုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီဟု ဆိုနိုင်ပေသည်။

မည်သို့ပင် ဆိုစေ... တိုက်ပွဲ ပြီးဆုံးရန် အချိန်က ဆယ့်တစ်နာရီ ကျန်ရစ်နေသေးဆဲ ဖြစ်သည်။ အဆုံးဖြတ်ကို ရောက်ရှိရန် သွေးချွေးများစွာ စတေးရဦးမည် ဖြစ်သည်။ သို့တိုင်အောင် နောက်ဆုံး အနိုင်ရရှိသူက တိုက်တန် မျိုးနွယ် ဖြစ်လိမ့်မည်ဟု မည်သူမှ အာမမခံနိုင်ချေ။

ထိုကဲ့သို့သော အခြေအနေမျိုးတွင်... ဝေ့ဝူယင်ကတော့ အားလုံးကို အံ့ဖွယ်နိုင်ပွဲ တစ်ခု ဆောင်ယူ ပေးခဲ့ခြင်း ဖြစ်သည်။ အရာရာက အမြတ်ဖက်ကချည်း ဖြစ်ကာ စစ်ပွဲတွင် အသက်ရှင် ကျန်ရစ်ရုံ တစ်ခုတည်းကပင် စစ်ဝိညာဥ်များစွာကို ရယူ ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

“ဆရာ...”

ကျိဖူက ခေါ်လိုက်၏။ သူမက ရှင်းလင်းစွာပင် မေးခွန်းတစ်ခု မေးရန် ခွင့်တောင်းနေခြင်း ဖြစ်သည်။ ထိုမိန်းကလေးမှာ အမိန့်နာခံရန် စနစ်တကျ လေ့ကျင့်ခံထားရသည့် စစ်သည်ကောင်း တစ်ယောက် ဖြစ်ပေသည်။

“မင်း လွတ်လွတ်လပ်လပ် မေးလို့ ရတယ်”

ဝေ့ဝူယင်က ခွင့်ပြုလိုက်၏။ ကျိဖူက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“စောစောက မီးတောက် မုန်တိုင်းကြီးလေ... အဲဒါက ဘယ်လို ဖြစ်လာတာလဲ ဆိုတာ ဆရာ သိလား”

လူတိုင်းမှာ စိတ်ဝင်စားသွားကာ ဝေ့ဝူယင်တို့ကို အာရုံစိုက်လိုက်ကြ၏။ ထိုအရာက လူတိုင်း သိချင် နေကြသည့် မေးခွန်း ဖြစ်ပေသည်။ အကယ်၍ ထိုပေါက်ကွဲမှုက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကြောင့် ဖြစ်သည် ဆိုလျှင် စစ်ဝိညာဥ်မှာ သူတို့ကို ကာကွယ်ပေးခဲ့လိမ့်မည် မဟုတ်ချေ။ စစ်ပွဲ၏ ပုံမှန် ဥပဒေသများ အရဆိုလျှင်... ထိုအရာက သေမျိုး တစ်ယောက်ကြောင့် ဆိုတာ သေချာသည်။ သို့သော်လည်း... ထိုမျှ ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကို သေမျိုး တစ်ယောက်က မည်ကဲ့သို့ ဖော်ထုတ်နိုင်မည်နည်း။

အကယ်၍ စစ်မြေပြင်၏ တင်းကြပ်မှုများသာ မရှိပါက ၎င်းက ဂြိုဟ်ပေါင်းများစွာကိုပင် အမှုန့်ကြေ သွားစေနိုင်သည့် ဖောက်ခွဲမှုမျိုး ဖြစ်သည်။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ထိုအရာက သူ့ကြောင့် ဖြစ်ကြောင်း မည်ကဲ့သို့ ရှင်းပြရမည်နည်း။ ကျင်းကျူး၏ မှတ်ဉာဏ်များ အရ ဆိုလျှင် စစ်မြေပြင်သို့ ဝင်ရောက် ရသည့်လူ တစ်ယောက်ချင်းစီမှာ ပြင်ပ လောကမှ ပဋိပက္ခများ၊ ရန်ငြိုးများကို မေ့ဖျောက်ထားရန် လျှို့ဝှက် ကျိန်စာများ ကျိန်ဆိုရသည်ဟု ဆိုသည်။ သို့သော်လည်း သူကတော့ ချွင်းချက် ဖြစ်ပေသည်။ မည်သို့ပင် ဆိုစေ... သူက စစ်မြေပြင်ကို အဇူရာ မူလ ကြယ်စင်စုဇုန်မှ မဟုတ်ပဲ မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှ ဝင်ရောက်ခဲ့ခြင်းသာ ဖြစ်သည်။

အဆုံးသတ်၌ ဝေ့ဝူယင်က ရှင်းမပြတော့ရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ တစ်စုံတစ်ယောက်က မေးပါက သူ တိတ်တိတ်လေးသာ နေလိုက်မည် ဖြစ်သည်။ မဟုတ်လျှင်လည်း အမှန်တရားကို မထုတ်ဖော်ရန် ကျိန်ဆို ထားရကြောင်း ဆင်ခြေပေးလိုက်ရုံသာ ဖြစ်သည်။ ထိုအရာက သူ့ ဝိသေသ လက္ခဏာကို လျှို့ဝှက် ဆန်းကြယ် စေပေလိမ့်မည်။

အကယ်၍ ထိုပြဇာတ်သာ အမှန်တကယ် အလုပ်ဖြစ်ပါက... မည်သည့် လျှို့ဝှက် အာဏာရှင် အဆင့်မှ သူ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ လာသည်ဟု ယုံကြည်တော့မည် မဟုတ်ချေ။ ထို့အစား ကျင်းကျူးနှင့် ချိုက်လျှို့ယန်ကို သတ်ဖြတ်ရန် လာရောက်သည့် လုပ်ကြံသူ တစ်ယောက်ဟုသာ အားလုံး ယူဆကြလိမ့်မည် ဖြစ်သည်။

အကယ်၍ သူသာ... စွန့်ပစ်ခံ ကြယ်ကွင်းပြင်မှ လာသည့် ကျင့်ကြံသူ တစ်ယောက် ဆိုလျှင် အကြောင်းပြချက် မည်မည်ရရ မရှိပဲ အဇူရာ မူလ ကြယ်စင်စုမှ ထိပ်တန်း ပါရမီရှင် နှစ်ယောက်ကို သတ်ဖြတ်ပစ်စရာ အကြောင်း မရှိချေ။

“အဲဒါက အရေးမကြီးပါဘူး... အရင်ဆုံး ဒဏ်ရာ ရတဲ့ လူတွေကိုပဲ ကူညီပေးကြတာပေါ့”

ဝေ့ဝူယင်က ပခုံးတွန့်ရင်း ပြောလိုက်၏။ သူ၏ အမူအရာက... ထိုအချက်အလက်များမှာ အလွန်ပင် ထိလွယ်ရှလွယ်သောကြောင့် သေမျိုးများ သိရှိရန် အဆင့်မမှီ ဟု သွယ်ဝိုက်ကာ သတိပေးလိုက်ခြင်းပင် ဖြစ်သည်။

အချို့ တိုက်တန်များမှာ စိတ်များ လေးပင် သွားကြ၏။ သူတို့က လူသားနှင့် ကောင်းကင် သက်ရှိများကို ဆန့်ကျင်ရန် ကြံစည်ထားသည့် အစီအစဥ်ကြီး တစ်ခုထဲ ဆွဲသွင်းခံလိုက်ရသလို ခံစားနေရသည်။ စစ်မြေပြင် ကဲ့သို့သော နေရာတွင်ပင် ထိုကဲ့သို့ လုပ်ရပ်မျိုး ကျူးလွန်ခြင်းမှာ မယုံကြည်နိုင်လောက်အောင် ပြောင်မြောက်လွန်းသည်။ သူတို့က ဝေ့ဝူယင်၏ သတိပေးမှုကို နားလည်ကာ တိတ်တဆိတ်သာ နေလိုက်ကြ၏။ သို့သော်လည်း လေထု၏ အခြေအနေကတော့ မသိမသာ တင်းမာလာသည်။

ဝေ့ဝူယင်က ထိုနေရာတွင်ပင် ရပ် မနေချေ။ သူက ထိုက်ဟိုနှင့် အခြား ဒဏ်ရာ ရရှိထားသည့် တိုက်တန် တစ်ယောက်ဆီသို့ သွားကာ သစ်သား မူလ အင်အားကို သုံးကာ ကုသ ပေးလိုက်၏။ ကျင်းကျူး၏ မှတ်ဉာဏ်များ အရ ဆိုလျှင်... ထိုကဲ့သို့ လုပ်ရပ်မျိုးမှာ စစ်ပွဲ အပြီး၌ စစ်ဝိညာဥ်များကို စုပြုံ ရရှိစေနိုင်သည် ဟု ဆိုသည်။ ကိုယ့်ကိုယ်ကို သတိထားမိသည့် အခိုက်၌ ဝေ့ဝူယင် ပြုံးလိုက်မိ၏။ သူက တကယ့်ကို အမြတ်ထုတ် ကောင်းချီးခံ ပီသပါပေသည်။

တိုက်တန် မျိုးနွယ်ဝင် အချို့မှာ ဝေ့ဝူယင်ကို ပါးစပ် အဟောင်းသားဖြင့် လိုက်လံ၍ ကြည့်နေကြ၏၊ အထူးသဖြင့်... ဝေ့ဝူယင်၏ သစ်သား မူလ အင်အားကို ခံစားမိသည့် ထိုက်ဟိုပင်။

“ဆရာက ဝိညာဥ်သခင် တစ်ယောက် မဟုတ်ဘူးလား...”

ကျိဖူမှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ရာ မေးလိုက်၏။ ဝေ့ဝူယင်က သူမကို လှည့်ကြည့်ကာ မျက်ခုံး နှစ်ဖက်ကို ပင့်တင်ရင်း ပြုံးပြလိုက်သည်။

“မဟုတ်ဘူးလို့ ငါ မပြောခဲ့လို့လား...”

ထိုကဲ့သို့ ပြောပြီးနောက် သူက တိုက်တန် နှစ်ယောက်၏ ဒဏ်ရာများကို ပြန်လည် ကုသပေးနေလိုက်၏။ သူတို့၏ သွေးများကို ဆေးကြောရန် လိုအပ်သည့် အခါများ၌ သူက ရေမူလ အင်အားကိုပင် အသုံးပြု နေခဲ့သေးသည်။

“...”

ကျိဖူကတော့ လုံးဝ မှင်သက် နေခဲ့ပြီ ဖြစ်သည်။ ဝိညာဥ်သခင်များမှာ ကျင့်ကြံခြင်း ဝိညာဥ်ကို အသိစိတ် ပင်လယ်၊ ရုပ်ခန္ဓာတို့နှင့် ပေါင်းစည်းကာ သန့်စင်သည့် လမ်းစဥ်ကို လျှောက်လှမ်းကြသူများ ဖြစ်သည်။ အကယ်၍ ဝိညာဥ်သခင် တစ်ယောက်သာ ဆိုပါက ဝေ့ဝူယင်မှာ သစ်သား မူလ စွမ်းအင်နှင့် ရေ မူလ စွမ်းအင်တို့ကို လုံးဝ အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။ ကုန်ကုန်ပြောရလျှင် သူ့တွင် ကြယ်တာရာ အင်အား ရှိစရာ အကြောင်းကို မရှိချေ။

ယခုတွင်... အရာရာက ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။ မရှင်းလင်းသည့် တစ်ခုတည်းသော အရာက ဝေ့ဝူယင်၏ ဝိညာဥ် အင်အား ဖြစ်သည်။ ယခုလိုမျိုး စစ်မြေပြင်တွင်ပင် ထိုလူငယ်မှာ ဝိညာဥ်အင်အားကို မိုင်ချီအောင် ဖြန့်ကျက်နိုင်စွမ်း ရှိသည်။ တကယ့်ကို မယုံကြည်နိုင်စရာပင်။ သူက ဝိညာဥ်အမှတ် မည်မျှ အထိကို ပိုင်ဆိုင်ထားသနည်း။

ဝေ့ဝူယင်မှာ အားလုံး၏ မယုံကြည်နိုင်သည့် တုန့်ပြန်မှုများကို လျစ်လျူထားလိုက်၏။ သို့သော်လည်း... စစ်မြေပြင်တွင် အဘယ်ကြောင့် ဝိညာဥ်သခင်များ ကြောက်ရွံ့ခံရသည်ကိုတော့ သူ နားလည် သွားခဲ့ပြီ ဖြစ်သည်။

ကျင်းကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင်... ကြယ်တာရာ သခင်များပင် သေမျိုးများ ကဲ့သို့ တိုက်ခိုက်ရသည့် စစ်မြေပြင်တွင် ဝိညာဥ်သခင်များမှာ အစီအရင်များကို အသုံးပြုနိုင်စွမ်း ရှိကြသည်။ ဝိညာဥ်အာရုံ အလှမ်းမှီနေ သမျှ သူတို့မှာ အစီအရင်များနှင့် အတူ ကျင့်ကြံခြင်း၊ ခန္ဓာကိုယ်နှင့် အာရုံတို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်ကြသည်။ သဘာဝ တရားကပင် တင်းကြပ်လွန်းသော ယခုလို နေရာမျိုး၌ တစ်နည်းနည်းဖြင့် လွှမ်းမိုးခံရပါက ထိုလူမှာ သေလူတစ်ယောက်နှင့် ကွာခြားတော့မည် မဟုတ်ချေ။

ထို့ထက် ပိုမိုဆိုးသည်က ဝိညာဥ်သခင်များမှာ ဖုံးကွယ်ခြင်း နည်းစနစ်များကို သုံးနိုင်ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် သူတို့မှာ ဆန္ဒရှိသည့် လူများ အနားသို့ သွားရောက်ကာ သတ်ဖြတ် လုပ်ကြံနိုင်ကြပေသည်။ မမြင်နိုင်သည့် ရန်သူနှင့် ရင်ဆိုင်ရခြင်းကို မကြောက်သည့် ပုဂ္ဂိုလ် မရှိချေ။

ထို့အပြင် ဝိညာဥ်သခင် တစ်ယောက် ဖြစ်လာရန် ကျင့်ကြံရမည့် အဆင့်များကိုပါ သူ သိရှိလာခဲ့သည်။ ကျင်းကျူး၏ မှတ်ဉာဏ်များအရ... ဝိညာဥ်သခင် တစ်ယောက် ဖြစ်ရန် ဆန္ဒရှိသူတိုင်းမှာ ဝိညာဥ် အခြေခံ နည်းလမ်း တစ်ခုကို ကျင့်ကြံရသည်။ ကျင်းကျူးမှာ ထိုနည်းလမ်းတစ်မျိုးကို ပိုင်ဆိုင်ထားပေသည်။

သို့သော်လည်း ဝေ့ဝူယင် အတွက် အံ့အားသင့်စရာ အကောင်းဆုံး ရှာဖွေ တွေ့ရှိမှုကား..,

ထိုကျင့်ကြံခြင်း နည်းလမ်းမှာ သူ တစ်ခါက ကျင့်ကြံဖူးသည့် ဆန်းကြယ် ဝိညာဥ် နည်းလမ်း ဖြစ်နေခြင်းပင် ဖြစ်လေတော့သည်။

All Chapters