တပ်ဆုတ်ခြင်း
Vol. 53 Ch. 741
ဝေ့ဝူယင်မှာ ထိုရှာဖွေ တွေ့ရှိမှုကြောင့် ဉာဏ်အလင်း ရရှိခဲ့ကာ ဝိညာဥ် ကျင့်ကြံခြင်း လမ်းကြောင်းကို ရှာဖွေ တွေ့ရှိခဲ့သည်။ အဂ္ဂိရတ် သမား တစ်ဦး၏ ရှုထောင့်နှင့် ဆန်းကြယ် ဝိညာဥ် နှစ်ခုကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ဦး အနေဖြင့် အကြောင်းရင်းကို သူ နားလည်ခဲ့ပြီ ဖြစ်သည်။
ထိုက်ဟိုနှင့် အခြား စစ်သား တစ်ယောက်ကို ကုသ ပေးပြီးနောက် ဝေ့ဝူယင် ဖြည်းညင်းစွာပင် ထိုင်ရာမှ ထကာ နောက်ထပ် အတွဲ တစ်ခုကို ရွှေ့ပြောင်းလိုက်သည်။ အိုရီ၏ လောကပင်လယ်တွင် မူလ ဒြပ်စင် အင်အားများ အဆုံးမဲ့စွာ တည်ရှိလေရာ ဒဏ်ရာ ကုသပေးခြင်းလောက်က မပြောပလောက်သော အရာ ဖြစ်ပေသည်။ တိုက်တန် စစ်သည်များမှာ သူ့ကို အနည်းငယ်ပင် သံသယ မဝင်ကြပါချေ။ သူတို့က စွမ်းအင် သွေးကြောများကိုပင် ဖွင့်ဟထားကာ ကြယ်တာရာ အင်အားများကို ပို့ဆောင်နိုင်ရန် အတွက် အပြည့်အဝ ခွင့်ပြုထားကြသည်။
တစ်ချိန်တည်း၌ သူတို့မှာ ဝေ့ဝူယင် စစ်မြေပြင်၌ ထုတ်သုံးနေသည့် ကြယ်တာရာ အင်အားများ၏ စွမ်းအားနှင့် အရည်အသွေးတို့ကို အံ့အား မှင်သက် နေမိကြသည်။ ထို့အပြင်.. စစ်မြေပြင်တွင် ဆေးသူတော်စင်များ အဖြစ် မကြာခဏ ဆိုသလို ရည်ညွှန်းခံရသည့် အသက်စွမ်းအင် ကျင့်ကြံသူများမှာ အလွန်ပင် အဖိုးတန်လှသည်။ သို့သော်လည်း သူတို့က ဝိညာဥ်သခင်များ ကဲ့သို့ပင် ရှားပါးသည်။
ဝေ့ဝူယင်မှာ ဝိညာဥ်သခင် တစ်ယောက် မဟုတ်သလို ဆေးသူတော်စင် တစ်ယောက်လည်း မဟုတ်သည့်တိုင် ထိုပြိုင်စံရှား ကဏ္ဍနှစ်ခု စလုံးကို ဖြည့်စွက်ပေးနိုင်သည့် ထူးဆန်းသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည်။ မျက်လုံးများ မှိတ်ထားဆဲ ဖြစ်သည့် လူငယ်ကလေးကို ကြည့်ကာ ကြောက်စိတ်က သူတို့ နှလုံးသားထဲ စိမ့်ဝင် လာခဲ့၏။ ထိုလူသားက မည်ကဲ့သို့ ကျင့်ကြံထားသနည်း။
တိုက်တန် စစ်သည်များ၏ ထူးဆန်းသော အကြည့်များကို ခံစားနေရသည့်တိုင် ဝေ့ဝူယင်ကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ၏ စိတ်တစ်ခုလုံးက၏ ဝိညာဥ်သခင်များနှင့် ၎င်းတို့ မည်ကဲ့သို့ မွေးဖွားလာသည်ကို အပြည့်အဝ အာရုံစိုက်ထားကာ ကျင်းကျူး၏ မှတ်ဉာဏ်များကို ရှာဖွေနေ၏။ ဧဒင်က သူ့ကို ကူညီပေးနေကာ မှတ်သား ထားသမျှ အသေးစိတ် အချက်အလက် မှန်သမျှကို ပြန်လည် ဖော်ထုတ်ပေးနေ၏။
ဝိညာဥ်သခင် လမ်းစဥ်မှာ ကျင့်ကြံခြင်း၏ အခြေခံ စံနှုန်းများကို ချိုးဖျက်ထားကာ သေမျိုးများ၏ လုပ်နိုင်စွမ်း ပြင်ပ၌ ရှိနေသည့် လမ်းစဥ် တစ်ခု ဖြစ်သည်။ ကျင်းကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင်... ဆန်းကြယ် အမျိုးအစား ဝိညာဥ် ကျင့်ကြံခြင်းမှာ အဓိက လိုအပ်ချက် သုံးခု အနက်မှ တစ်ခုသာ ဖြစ်သည်။ ထို့အပြင်... ဒုတိယ လိုအပ်ချက်က ပထမ တစ်ခုထက် ရရှိရန် ပိုမို ခက်ခဲသည်။
ယင်းကား စတင် ပေးမည့် တစ်စုံတစ်ရာ လိုအပ်ခြင်းပင် ဖြစ်သည်။ မြေကြီး ရှန့်ထို အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ အာကာသ ပဲ့တင်သံ အဆင့် ကျင့်ကြံသူများကို အတုအယောင် နယ်မြေမျိုးစေ့ တစ်ခု ရရှိအောင် ကူညီပေးနိုင်ကြောင်း တစ်ခါတစ်တုန်းက ဝမ်ယုထျန်း သူ့ကို ပြောခဲ့ဖူးသည်။ သူ ကိုယ်တိုင်ပင် နှစ်ခါ ပြုလုပ်ပေးဖူးသည်ဟု ဆိုသည်။
ဝိညာဥ်သခင် လမ်းစဥ်သည်လည်း အလားတူပင် ဖြစ်ည်။ ထိုပြိုင်စံရှား ကျင့်ကြံခြင်း လမ်းကြောင်းပေါ် ခြေချနိုင်ရန် စတင်ပေးမည့်လူကို လိုအပ်ပေသည်။ ၎င်းက မြေကြီး ရှန့်ထိုအဆင့်မှ စ၍ အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်နိုင်သလို အခြေခံ ဝါးမြိုခြင်း နည်းလမ်း ကဲ့သို့သော မိစ္ဆာ နည်းလမ်းများလည်း ဖြစ်နိုင်ပေသည်။
ထို့အပြင် ဒုတိယမြောက် နည်းလမ်း တစ်ခုလည်း ရှိနေပေသေးသည်။ ၎င်းက ဝိညာဥ်လမ်းစဥ် ဆေးရည်ဟု ခေါ်သည့် လျှို့ဝှက် မြေကြီး အထွတ်အထိပ် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်မျိုးပင် ဖြစ်သည်။ ဝိညာဥ်လမ်းစဥ် ဆေးရည်မှာ အရည်အသွေးအားဖြင့် ပိုမကောင်းလျှင်ပင် မြေကြီး ရှ့န်ထို တစ်ယောက်၏ တာဝန်ကို ပခုံးပြောင်း ဆောင်ရွက် ပေးနိုင်စွမ်း ရှိသည်။ ၎င်းကို ဂိုဏ်းနှင့် အင်အားစု အနည်းငယ်မှ ကမ်းလှမ်းပေးကာ စစ်ဝိညာဥ်များနှင့် လဲလှယ် ရယူနိုင်ပေသည်။
တတိယ လိုအပ်ချက်ကတော့ ကံကောင်းဖို့ ဖြစ်သည်။ ကျင်းကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင် ထိုကဲ့သို့သော အထောက်အပံ့များဖြင့်ပင် မအောင်မြင်ခဲ့သည့် သာဓကများ မြောက်များစွာ ရှိနေဆဲ ဖြစ်သည်။ ၎င်းက ကျင့်ကြံခြင်း အခြေခံ ပျက်စီးခြင်း၊ ကျင့်ကြံခြင်း ဝိညာဥ် ပြိုကွဲခြင်းတို့ကို ဦးတည် သွားစေနိုင်ကာ ပိုဆိုးလျှင် သေခြင်းတရားကိုပင် ထိတွေ့သွားနိုင်ပေသည်။ ၎င်းက လက်တက်စမ်းရန် လုံခြုံသည့် လမ်းစဥ် တစ်ခု မဟုတ်ချေ။ သို့သော်လည်း... ဝိညာဥ်လမ်းစဥ် ဆေးရည်ဖြင့် ကျင့်ကြံရန် ကြိုးစားခြင်းက မြေကြီးရှန့်ထိုများ၏ လက်ပေါ်မှာထက်တော့ ဆုံးရှုံးမှု နည်းသည်ဟု သိရသည်။
ကျင်းကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင် မြေကြီး ရှန့်ထို အချို့မှာ ထိုဝန်ဆောင်မှုကို စစ်ဝိညာဥ်များနှင့် အလဲအထပ် ပြုလုပ်၍ ဆောင်ရွက်ပေးသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဆိုသော် မြေကြီး ရှန်ထို့များမှာ စစ်ပွဲများ အတွင်း တိုက်ရိုက် ပါဝင်ခွင့် မရှိသောကြောင့်ပင်။ ထိုအရာက စျေးအသက်သာဆုံး ရွေးချယ်မှု ဖြစ်သလို အန္တရာယ်လည်း အများဆုံး ဖြစ်သည်။ လျှို့ဝှက်မြေကြီး အထွတ်အထိပ် အဆင့် ဆေးရည်မှာ အလွန်ပင် စျေးကြီးကာ အနည်းဆုံး ၎င်းထက် ဆယ်ဆမျှ ပိုမို များပြားသည်။
ထာဝရ ကြယ်တာရာ နယ်မြေ၊ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တို့နှင့် ယှဥ်လျှင်... အဂ္ဂိရတ် ထုတ်ကုန်များမှာ အဇူရာ မူလ ကြယ်စင်စုတွင် အလွန် စျေးနှုန်းမြင့်မားသည်ဟု ဆိုနိုင်ပေသည်။ ကွဲပြားမှု အချို့ ရှိလိမ့်မည်ဟု မျှော်လင့်ထားပြီး ဖြစ်သည့်တိုင် ထိုမျှ ကွာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ချေ။
ဝေ့ဝူယင် ကုသနေမှုကို အဆုံးသတ်ကာ နောက်ထပ် နှစ်ယောက်ဆီသို့ ပြောင်းလဲ လိုက်၏။ သူ့ အတွေးများကတော့ ဆက်လက် လည်ပတ်နေဆဲ ဖြစ်ကာ စစ်ဝိညာဥ်များဆီသို့ ရောက်ရှိနေသည်။ သူ့ စိတ်ထဲ၌ အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့၏။ စစ်မြေပြင်၏ စည်းကမ်းများ အရ ဆိုလျှင် သူ့ကို လာရာ နေရာကို ပြန်ပို့လိမ့််မည် ဖြစ်သည်။ စစ်ဝိညာဥ်များကိုတော့ အဇူရာ မူလ ကြယ်စင်စု ဇုန်မှ အင်အားစုနှင့် ဂိုဏ်းများထံတွင် လဲလှယ်ရလိမ့်မည် ဖြစ်သည်။ သို့ဖြစ်လေရာ ထိုအင်အားစုများထံမှ သူ အကျိုးအမြတ် ရရှိနိုင်တော့မည် မဟုတ်ချေ။ သူ ရရှိနိုင်သည့် တစ်ခုတည်းသော အကျိုးအမြတ်က စစ်ဝိညာဥ်မှ ကမ်းလှမ်းသည့် လဲလှယ်မှုများ ဖြစ်သည်။ ထိုအထဲတွင် အဂ္ဂိရတ် တာအိုနှင့် ပတ်သက်သည့် တစ်စုံတစ်ရာမှ မပါဝင်ချေ။
သို့ဖြစ်လေရာ... မည်သည့် ဆေးဖော်စပ်ခြင်း နည်းလမ်းနှင့် အဂ္ဂိရတ် ထုတ်ကုန်များကိုမှ သူ ရရှိနိုင်တော့မည် မဟုတ်ချေ။ ကြည့်ရသည်က အဂ္ဂိရတ် တာအိုနှင့် ပတ်သက်သည့် ဗဟုသုတများ ပိုမို ကျယ်ပြန့်ရန် မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရှိ အဂ္ဂိရတ် အဖွဲ့အစည်းများထံ အလည်အပတ် သွားရတော့မည့် ပုံပင်။
ကျင်းကျူး၏ မှတ်ဉာဏ်များထဲမှ ရှာဖွေရန်လား... ထိုစစ်ပွဲ ကောင်းချီးခံမှာ အဂ္ဂိရတ် တာအိုနှင့် ပတ်သက်၍ နားကန်း တစ်လုံးမှ မသိ နားမလည်သူ ဖြစ်သည်။ အဂ္ဂိရတ် တာအိုနှင့် ပတ်သက်သည့် မည်သည့် အကူအညီကိုမှ သူ့ထံမှ မရရှိခဲ့ချေ။
မည်သို့ပင် ဆိုစေ... စစ်ဝိညာဥ်မှာလည်း အံဖွယ် ရတနာများကို ကမ်းလှမ်းနိုင်စွမ်း ရှိလေရာ ၎င်းက မဆိုးဟု ပြော၍ ရပေသည်။
စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် အပြုံးတစ်ခုမှာ ဝေ့ဝူယင်၏ မျက်နှာထက်၌ ဖြစ်ပေါ်လာခဲ့၏။ ကျင်းကျူး၏ လက်စွပ်ပင်ထဲတွင် တန်ဖိုးရှိသည့် ကျပန်း အရာများစွာကို သူ တွေ့မြင်ခဲ့ရသလို ချိုက်လျှို့ယန်၏ လက်စွပ်မှာလည်း အဖိုးတန် လျှို့ဝှက် ကျောက်တုံးများ၊ လျှို့ဝှက် အဆင့် ရတနာများ၊ ဆေးလုံးများနှင့် ပြည့်နှက်နေပေသည်။ ထိုဟင်းလင်းပြင် လက်စွပ် ကိုယ်တိုင်ကပင် လျှို့ဝှက် အဆင့် ဖြစ်သည်။ လျှို့ဝှက် အဆင့် ဟင်းလင်းပြင် လက်စွပ်များသာလျှင် လျှို့ဝှက် အဆင့် ရတနာများကို ထည့်သွင်း ထားနိုင်သည်။
လက်စွပ်ထဲ၌ တာရာ လျှို့ဝှက် မိုင်းတွင်း တစ်ခုကိုပင် ဝေ့ဝူယင် တွေ့ရသည်။ သေမျိုး အဆင့်ထက် ကျော်လွန်သည့် ထူးဆန်းသော အင်အား တစ်ခုက ၎င်းကို ဝန်းရံထားပေသည်။ ကျင်းကျူးသည်လည်း အလားတူ လက်စွပ်တစ်ကွင်းကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ၎င်းက ချိုက်လျှို့ယန်၏ သုံးပုံတစ်ပုံမျှသာ အရွယ်အစား ရှိပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ကြယ်တာရာ သခင် တစ်ပါး အနေဖြင့် ထိုကဲ့သို့ ပိုင်ဆိုင်မှုက အလွန်ပင် ဂုဏ်ယူစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
ရရှိခဲ့သမျှ အကျိုးအမြတ်များက ဝေ့ဝူယင် အတွက် လုံလောက်သည်ထက်ပင် ပိုနေပေသည်။ ချိုက်လျှို့ယန်၏ လက်စွပ် မဆိုထားနှင့်... ကျင်းကျူး၏ လက်စွပ် ပင်လျှင် သူ ရှာဖွေ တွေ့ရှိထားသည့် လျှို့ဝှက် တာရာ မိုင်းတွင်းကို ထည့်သွင်းရန် လုံလောက်ပေသည်။
မကြာခင်မှာပင် ဝေ့ဝူယင်မှာ ကျိဖူ အပါအဝင် ခရုပတ် တိုက်တန် တပ်ရင်း တစ်ခုလုံးမှ စစ်သည်များ အတွက် အကူအညီများ ပေးအပ် ပြီးစီးသွားသည်။ ကျိဖူမှာ သံမဏိ ခေါင်းစွပ်အောက်မှ နေ၍ ဝေ့ဝူယင်ကို တစ်ချိန်လုံး လိုက်ကြည့် နေခဲ့သည်။ သူမ၏ အတွေးများက အလွန်ပင် ရှုပ်ထွေးနေ၏။ မည်ကဲ့သို့ တွေးတောရမည်မှန်းပင် သူမ မသိတော့ချေ။ ၎င်းက ပုံမှန် ကျင့်ကြံသူ တစ်ယောက် စွမ်းဆောင်နိုင်သည့် လုပ်နိုင်စွမ်းထက် အဆပေါင်း များစွာ သာလွန်နေပေသည်။ သူမ စိတ်ထဲ၌ မေးခွန်းများမှာ အဆုံးမဲ့စွာ မြင့်တက်နေ၏။
ကျိဖူ ရှုပ်ထွေးသော အတွေးများကို မေးခွန်း တစ်ခု အဖြစ် ပြောင်းလဲရန် အားယူ နေစဥ်မှာပင် မိုးကြိုး ထစ်ခြိမ်းသံ တစ်ခုက စစ်မြေပြင်တွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
“ခရုပတ် တိုက်တန် တပ်ရင်းက စစ်သည်တွေ နောက်ဆုတ်ကြ...”
“ဘုန်း...”
အသံနှင့် အတူ အလင်းတိုင် တစ်ခုမှာ ကောင်းကင်မှ နေ၍ ပြုတ်ကျလာ၏။ ထိုအလင်းတိုင် အတွင်းတွင်တော့ ခရုပတ် တိုက်တန် တပ်ရင်း၏ ပြိုင်စံရှား သင်္ကေတ ပုံရိပ် ထင်ပေါ် နေခဲ့သည်။
“နတ်ဆိုးရင်းမြစ် တပ်ရင်းက စစ်သည်တွေ နောက်ဆုတ်ကြ...”
“ဓားနှစ်လက် တပ်ရင်းက စစ်သည်တွေ နောက်ဆုတ်ကြ...”
“ဘုန်း...”
“ဘုန်း...”
ဆက်တိုက် အမိန့်ပေးသံများနှင့် အတူ အလင်းတိုင်ကြီးများမှာ တစ်ခုပြီး တစ်ခု ကောင်းကင်မှ ကျဆင်း လာခဲ့ကြ၏။
မရေမတွက်နိုင်သော စစ်သည်များမှာ ထိုအမိန့်များကြောင့် နိုးကြားလာခဲ့ကြ၏။ ပုံမှန်ဆိုလျှင်... ထိုအမိန့်များမှာ အနည်းဆုံး ခြောက်နာရီ ကြာမှ တစ်ခါ ဖြစ်ပေါ်တတ်ခြင်း ဖြစ်သည်။ ၎င်းက စစ်မြေပြင်၏ လက္ခဏာ တစ်ခု ဖြစ်ကာ ပထမ နိဂုံး ချုပ်သွားပြီဟု ဆိုလိုပေသည်။ ယခု... လျှို့ဝှက် အာဏာရှင် အဆင့်များမှာ သူတို့ကို ကာကွယ် ပေးလိမ့်မည် ဖြစ်ကာ စစ်ဝိညာဥ်များ ရရှိသည့် အဆုံးသတ်ထိ အသက်ရှင်လိမ့်မည် ဖြစ်သည်။ စစ်ဝိညာဥ်များကို လုံလုံလောက်လောက် ရရှိပြီးပါက သူတို့ လွတ်လွတ်လပ်လပ်ပင် အနားယူနိုင်ကာ အိမ်များကို ပြန်နိုင်ကြလိမ့်မည် ဖြစ်သည်။
မဟုတ်ပါက... ဒုတိယမြောက် စစ်ပွဲမှာ သူတို့ကို စောင့်ကြို နေလိမ့်မည် ဖြစ်သည်။ ထိုအခိုက်၌ အချို့မှာ ပျော်ရွှင် နေကြကာ အချို့ကတော့ အနည်းငယ် သုန်မှုန် နေကြ၏။
ဝေ့ဝူယင် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထူးဆန်းသော ခံစားချက် တစ်ခုက သူ့စိတ်နှင့် ခန္ဓာ နှစ်ခု စလုံးကို ဖြတ်သန်း၍ ဖြစ်ပေါ်လာကာ လက်မောင်းဆီ၌ အဆုံးသတ်သွားသည်။ ဝေ့ဝူယင် ထိုခံစားချက်နှင့် ရင်းနှီးကာ သူနှင့် ကမ္မ ရေစက်ချင်း ချည်နှောင်နေသည့် တစ်စုံတစ်ယောက်မှာ သူ့ကမ္မတန်ဖိုးမှ နေ၍ အကျိုးအမြတ်များကို လက်ခံ ရရှိလိုက်ဟန် ရသည်။
ကမ္မတန်ဖိုး... ၄၄၀၅၂.၄
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ညေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၁၆ နှစ်
...
ကမ္မတန်ဖိုး... ၄၃၈၀၉.၆
ပထမ ကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ညေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၁၆ နှစ်
....
“၂၄၂.၈ တောင်လား...”