← Chapters

ပြန်လည် ရရှိခြင်း

Vol. 53 Ch. 742

ပြန်လည် ရရှိခြင်း

Vol. 53 Ch. 742

အသက်ရှင် ကျန်ရစ်သည့် တိုက်တန် စစ်သည်တော်များနှင့် အတူ ဝေ့ဝူယင်မှာ တပ်ရင်း ကွန်မန်ဒါများ၏ အမိန့်အတိုင်း တပ်ပြန်ဆုပ် လာခဲ့၏။ အရပ် ခြောက်ပေကျော် ရှည်လျားသည့်တိုင် ဧရာမ လူ့ဘီလူးကြီးများ အကြားတွင်တော့ သူ၏ ခန္ဓာကိုယ်က လူပုလေး တစ်ယောက်လို ဖြစ်နေခဲ့သည်။ သို့သော်လည်း ကြည်လင် ချောမောသည့် မျက်နှာနှင့် သွက်လက် ဖျတ်လတ်သည့် လှုပ်ရှားမှုတို့ကြောင့် သူ၏ ဖြစ်တည်မှုက အားလုံးကြားတွင် ထင်းထွက်နေကာ ရှေ့ဆုံးမှ ချီတက်နေခြင်းက ခေါင်းဆောင် တစ်ယောက်၏ လက္ခဏာရပ်များကို ထင်ဟပ်စေသည်။

သူတို့ အားလုံးမှာ မီးလောင်ပြင်ကြီး တစ်လျှောက် ဖြတ်လျှောက် လာခဲ့ကြကာ မရေမတွက်နိုင်သော အလောင်းများကို တွေ့မြင်ကြရ၏။ အများစုက ပုံပျက် ပန်းပျက်ပင် သေဆုံး နေကြကာ သူတို့၏ မျက်နှာ အမူအရာများက မသေဆုံးခင် ကြီးစွာသော နာကျင်မှုများကို ခံစားခဲ့ကြရကြောင်း ထင်ဟပ် ဖော်ပြနေသည်။ အချို့ဆိုလျှင် မီးသွေးတုံးများပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“...”

ထိုက်ဟိုနှင့် အခြားလူများမှာ စစ်၏ ကြောက်မက်ဖွယ် ကောင်းလွန်းသည့် အနိဋ္ဌာရုံ မြင်ကွင်းများကို ကြည့်ကာ တိတ်ဆိတ် ငြိမ်သက် နေကြ၏။ သူတို့၏ နားများထဲတွင်တော့ ကြောက်မက်ဖွယ် အော်ဟစ်သံများ၊ ညီးတွားသံများက ထင်ဟပ်နေသည်။

ထိုက်ဟို သက်ပြင်းချလိုက်၏။ စစ်မြေပြင်တွင် ကရုဏာ မရှိသလို ခွင့်လွှတ်ခြင်းလည်း မရှိ...။ ထိုစကားကို စစ်မြေပြင်မှ ပြန်လည် ရောက်ရှိလာသည့် လူတိုင်း ပြောခဲ့ကြဖူးသည်။ ယခုတွင်တော့ သူ ထိုအရာကို လက်တွေ့ ကြုံခဲ့ရပြီ ဖြစ်သည်။

ဘယ်လိုပဲ ဖြစ်ဖြစ်... စစ်မြေပြင်မှာ သူတို့ အားလုံး အတွက် စိတ်ကူးယဥ် အိပ်မက်များထံကို လျှောက်လှမ်းရန် လှေကားထစ်များ ဖြစ်နေဆဲ...။ စိတ်ကူးများကို အကောင်အထည်ဖော်ရန် အကောင်းမွန်ဆုံးသော အခွင့်အရေး တစ်ရပ် ဖြစ်နေဆဲပင်။

ပိုမို ကြွယ်ဝရန်၊ ပိုမို အသက်ရှည်ရန်၊ ပိုမို ကျော်ကြားရန်၊ ပိုမို အစွမ်းထက်ရန်...

အထိုထိုသော မျှော်လင့်ချက်များ အတွက် နောက်ထပ် နောက်ထပ် မရေမတွက်နိုင်သော ပုဂ္ဂိုလ်များမှာလည်း သူတို့ ကဲ့သို့ပင် စစ်မြေပြင်ကို ထပ်မံ ဝင်ရောက်ကြလိမ့်ဦးမည် ဖြစ်သည်။ ကောင်းကင်တာအို၏ ကောင်းချီးပေးမှုနှင့် အတူ ရွှေဇွန်းကိုက်ကာ မွေးဖွားခွင့် မရခဲ့သည့် ကျင့်ကြံသူများစွာမှာ သူတို့၏ အသက်များကို အလောင်းအစား ပြုလုပ်ကာ ကိုယ်ပိုင်လက်များနှင့် အတူ အခွင့်အရေး အတွက် တိုက်ပွဲဝင်ကြရဦးမည် ဖြစ်လေသည်။

ဝေ့ဝူယင်မှာ ကျင်းကျူး၏ မှတ်ဉာဏ်များကို မြင်တွေ့ခွင့် ရခဲ့ရာ အားလုံးထက်ပင် ပိုမို၍ နားလည်ပေသည်။ စစ်မြေပြင်မှာ ကျင်းကျူးတို့ ကဲ့သို့ ကောင်းကင်တာအို၏ ကောင်းချီးပေး ခံထားရသော ပါရမီရှင်များ အတွက်တော့ တကယ့်ကို အခွင့်အရေးကြီး ဖြစ်သည်။ အခြားလူများ အတွက်တော့ အလောင်းအစား တစ်ခုသာ ဖြစ်ပေသည်။ အခွင့်အရေးကို ဆုပ်ကိုင်နိုင်သည့် အလောင်းအစား တစ်ခု။

ဝေ့ဝူယင် သေဆုံး သွားသည့် လူများကို မသနားမိချေ။ သို့သော်လည်း သူတို့က ကံကြမ္မာကို လက်မခံပဲ အခွင့်အရေး အတွက် အသက်ကိုပင် ရင်းနှီးကာ သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့ကြသည့် အတွက် သူ လေးစားမိသည်။ သူ ကိုယ်တိုင်လည်း စတင် ကျင့်ကြံခဲ့သည့် နေ့ရက်မှ စ၍ သေဆုံးခြင်းနှင့် ရင်ဆိုင်ရန် အမြဲတစေ အသင့် ပြင်ထားခဲ့သည်။

အသက် နှစ်ဆယ့်ခြောက်နှစ် အရွယ်... လုံချန်၏ ဓားချက် အောက်တွင် ခေါင်းပြတ် သေဆုံးသွားခဲ့သည့် သူ့ကိုယ်သူ ကြည့်ရင်း ပထမဆုံး အကြိမ် အဖြစ် ဝေ့ဝူယင် သေခြင်းတရားကို ထိတွေ့ ခံစားခဲ့သည်။ ငရဲ၏ ဒုတိယမြောက် ကပ်ဘေးကို ရင်ဆိုင်ရပြီး နောက်တွင် သူ နောင်တတရားနှင့် အားနည်းမှုတို့၏ အန္တရာယ်ကို သိရှိလာခဲ့သည်။ နောက်နောင်တွင်လည်း ကံကြမ္မာကို လက်ခံရန် ငြင်းဆို တိုက်ပွဲဝင်သူတိုင်းကို သူ လေးစား နေဦးမည် ဖြစ်သည်။

နာရီဝက်မျှ ကြာအောင် ချီတက်ပြီးနောက် မကြာခင်မှာပင် ခရုပတ် တိုက်တန် တပ်ရင်း၏ အခြား အဖွဲ့ဝင်များကို သူတို့ တွေ့မြင်လာရ၏။ သူတို့က ခြားနားသည့် တပ်ပေါင်းစုများမှ ဖြစ်ကာ မတူကွဲပြားသည့် လျှို့ဝှက် အာဏာရှင် အဆင့်များက ဦးဆောင်နေသည်။ ဝေ့ဝူယင်တို့ တပ်ပေါင်းစုတွင် မူလက ကျွင်းတိုဂျား မပါ ၁၂၅ ယောက် ရှိခဲ့သည့် အနက် ၄၃ ယောက် အသက်ရှင် ကျန်ရစ်နေသည်။

သို့သော်လည်း... အသက်ရှင် ကျန်ရစ်သည့် တပ်စိတ် ခေါင်းဆောင်များ၊ လျှို့ဝှက် အာဏာရှင် အဆင့် ဒုတိယ ဗိုလ်မှူးကြီးများနှင့် အတူ တပ်ရင်း တစ်ခုလုံး ပြန်လည် ပေါင်းစည်းပြီး နောက်တွင် ကျွင်းတိုဂျားကို ဘယ်နေရာမှာမှ မတွေ့ရတော့ကြောင်း ဝေ့ဝူယင် သတိထားမိသွားသည်။ ကြည့်ရသည်က စစ်မြေပြင်တွင် သူ အသက်ကို စွန့်လွှတ် ခဲ့ရဟန် ရသည်။

ဝေ့ဝူယင် ကျွင်းတိုဂျားကို ကောင်းကောင်း မသိသည့်တိုင် ဘယ်လိုပဲ ဖြစ်ဖြစ် ထိုတိုက်တန်ကြီးမှာ သူ့ကို တပ်စိတ် ခေါင်းဆောင် နေရာ ပေးခဲ့သူ ဖြစ်သည်။ ကျွင်းတိုဂျား၏ လက်အောက်တွင် တစ်ခဏတာမျှသာ အမှုထမ်း ခဲ့ရသည့်တိုင် သူ သေဆုံးသွားခြင်းက ဝေ့ဝူယင်ကို ရှုပ်ထွေးသည့် စိတ်ခံစားချက် အချို့ ဖြစ်ပေါ်စေသည်။ သို့သော်လည်း... ထိုအရာက တစ်ခဏသာ ဖြစ်ကာ လျှင်မြန်စွာပင် မှေးမှိန်ကာ ပြန်လည် ပျောက်ကွယ် သွားသည်။

နောက်ထပ် တစ်နာရီမျှ ကြာပြီးနောက် ဝေ့ဝူယင်တို့မှာ နောက်ထပ် ပုဂ္ဂိုလ်များနှင့် ထပ်မံ ဆုံတွေ့လာရ၏။ အချို့က ဝေ့ဝူယင်ကို ထူးဆန်းသော အကြည့်များဖြင့် လှမ်း၍ ကြည့်ကြသော်လည်း ဘာမှတော့ မမေးကြချေ။ ခရုပတ် တိုက်တန် တပ်ရင်းတွင်ပင် တပ်စိတ် ၄၀ မှ ၅၀ အထိ အဖွဲ့ဝင်များသာလျှင် ဝေ့ဝူယင်မှာ အသစ် ဝင်ရောက်လာသည့် စစ်သည်တော် တစ်ယောက် ဖြစ်ကြောင်းကို သိရှိကြပေသည်။ အချို့မှာ သူ့ အစစ်အမှန် နဂါး အသွင်ကို မြင်ဖူးကြသည့်တိုင် အလွန် လျှင်မြန်လွန်းသည့် အပြင် ရုပ်ဆင်း အင်္ဂါပိုင်းတွင်လည်း ခြားနားမှု ရှိရာ သိပ် မမှတ်မိကြချေ။

ချိုက်လျှို့ယန်နှင့် တိုက်ပွဲကို တွေ့မြင်လိုက်ရသည့် လျှို့ဝှက် အာဏာရှင် အဆင့်များ သာလျှင် သူ့ကို သေချာ မြင်ဖူးကြပေသည်။ သူတို့က တည်ငြိမ်သည့် အမူအရာများကို ဆင်မြန်းထားကြသည့်တိုင် မကြာခဏ ဆိုသလို စိတ်လှုပ်ရှားသည့် မျက်လုံးများနှင့် ဝေ့ဝူယင်ကို လှမ်းကြည့် နေကြ၏။

ဘယ်လိုပဲ ဖြစ်ဖြစ်... ဝေ့ဝူယင်မှာ စစ်မြေပြင် တစ်ခုလုံး၏ ချိန်ခွင်လျှာကို ပြောင်းလဲ ပစ်လိုက်သူ ဖြစ်သည်။ သူက သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ကို သတ်ဖြတ်လိုက်သည့် အပြင် လျှို့ဝှက် အာဏာရှင် အဆင့် အားလုံး နီးပါးကိုပါ ဒုက္ခိတ တစ်ပိုင်း ဖြစ်စေခဲ့သည်။ အကယ်၍ သူသာ မရှိပါက တိုက်ပွဲများက ဆက်လက် ပြင်းထန် နေဦးမည် ဖြစ်ကာ မည်သူ သေမည် ရှင်မည်ကိုပင် ကျိန်းသေ အာမ မခံနိုင်သည့် အခြေအနေမျိုး ဖြစ်ပေသည်။

ဝေ့ဝူယင်တို့မှာ အခြားလူများနှင့် ပူးပေါင်းကာ မကြာခင်မှာပင် ခရုပတ် တိုက်တန် တပ်ရင်း အခြေစိုက်ရာ နေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာ၌ များစွာသော တိုက်တန် မျိုးနွယ်ဝင်များ ရှိနေကြကာ ခရုတ်ပတ် အလံများကို တလူလူ လွှင့်တင်ထားကြ၏။

စစ်သည် အားလုံး၏ အလယ်ဗဟိုတွင်တော့ အရပ် ခုနစ်မီတာ ရှိသည့် ဘီလူးကြီး တစ်ယောက် ရပ်နေခဲ့သည်။ သူက စစ်ဗိုလ်ချုပ် တစ်ယောက်၏ ချပ်ဝတ် တန်ဆာများကို အပြည့်အစုံပင် ဝတ်ဆင်ထားကာ ခန့်ညားထည်ဝါသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။ ထိုပုဂ္ဂိုလ်ကြီးမှာ ခရုပတ် တိုက်တန် တပ်ရင်း ကွန်မန်ဒါ ဘောရက်မှ တစ်ပါး မည်သူ ဖြစ်နိုင်ပါမည်နည်း။

ထိုအခိုက်၌ ဘောရက်မှာ ခရုပတ် တိုက်တန် တပ်ရင်းမှ အခြား အဆင့်မြင့် စစ်သည်များနှင့် စကားပြော နေခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်ကို ရောက်ရှိလာသည်ကို လှမ်းမြင်သည်နှင့် သူ၏ အမူအရာက တဒင်္ဂမျှ အေးခဲ သွားသည်။ သူက သံမဏိ ခမောက်ကို ချွတ်လိုက်၏။ သူ၏ မျက်လုံးများက ထက်ရှ နက်မှောင်နေကာ စိတ်ရှုပ်ထွေးခြင်းများနှင့် ပြည့်နှက်နေသည်။ သူက ရုပ်မဆိုးသလို ချောမောခြင်းလည်း မရှိသည့်တိုင် လွယ်လွယ် မှတ်မိနိုင်သည့် ရုပ်ရည်မျိုး ဖြစ်သည်။

“မင်း ဘယ်လို အ သက်ရှင် နေသေးတာလဲ...”

ဘောရက်က သရဲတစ္ဆေ တစ်ကောင်ကို တွေ့မြင်နေရသလို လေသံမျိုးဖြင့် မေးလိုက်၏။ ထိုအရာက သူ့ဘဝ တစ်လျှောက်လုံးတွင် ပထမဆုံး အကြိမ် သေမျိုး တစ်ယောက်ကြောင့် ထိတ်လန့် တုန်လှုပ်မိခြင်း ဖြစ်သည်။

အခြား လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ဘောရက်၏ အမူအရာကို သတိထားမိရာ လှမ်းကြည့် လိုက်မိကြ၏။ ထိတ်လန့် ခြောက်ချားခြင်းများက တူညီစွာပင် သူတို့၏ အားလုံး၏ မျက်လုံးများထဲတွင် နေရာယူ လာသည်။

ဝေ့ဝူယင် သေဆုံးသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ သူ၏ လည်ပင်းက တစ်ပတ်လောက်ထိကို လည်သွားခဲ့ကာ လျှို့ဝှက် စွမ်းအားမှာလည်း သူ့အသိစိတ် ပင်လယ် တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ ဝိညာဥ်အာရုံ ထုတ်လွှတ်ထားခြင်း မရှိသည့်တိုင် မည်သည့် အရာများ ဖြစ်ပျက်သွားသည်ကို သူတို့ ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။

“...”

တပ်ရင်း တစ်ခုလုံးမှာ ရုတ်ချည်း တိတ်ဆိတ် သွား၏။ ဝေ့ဝူယင် အပြုံးဖြင့် တပ်ရင်း ကွန်မန်ဒါ ဘောရက်ကို မျက်နှာချင်း ဆိုင်လိုက်သည်။ ကျွင်းတိုဂျား၏ မှတ်ချက်စကားနှင့် ဘောရက် သူ့အား လှည့်စားခဲ့ပုံကို ဝေ့ဝူယင် နားလည် သွားခဲ့ပြီ ဖြစ်သည်။

စစ်မြေပြင် အတွက် ဝင်ခွင့် လက်ဆောင်က စစ်မျိုးစေ့ မဟုတ်ချေ။ တန်ဖိုးရှိသည့် အရာ တစ်ခုခု ဖြစ်ရုံဖြင့်ပင် လုံလောက်ပေသည်။

သို့သော်လည်း ဝင်္ကပါအး အသက်သွင်းရန် အတွက် အဓိက သေ့ချက်မှာ စစ်အမှတ်အသား တစ်ခု ရှိရန်နှင့် စစ်မျိုးစေ့ တစ်ခုကို ပိုင်ဆိုင်ထားရန် ဖြစ်သည်။ ကျင်းကျူး၏ မှတ်ဉာဏ်များ အရဆိုလျှင် စစ်မျိုးစေ့မှာ ဥပဒေသ ဟု ခေါ်သည့် တစ်စုံတစ်ရာ၏ အခြေတည် အဆင့်တစ်ခု ဖြစ်သည်။

ဥပဒေသ မျိုးစေ့ တစ်ခု၏ တန်ကြေးက အလွန်တရာပင် မြင့်မားလှသည်။ ကျင်းကျူး၏ အဆိုအရ ဆိုလျှင် စစ်မျိုးစေ့ တစ်ခုကို နည်းလမ်း အမျိုးမျိုးဖြင့် အသုံးပြုနိုင်သည်။ ၎င်းကို ဝင်္ကပါများ ထိန်းချုပ်ရာ၌ အသုံးပြုနိုင်သလို အစစ်အမှန် ဥပဒေသ တစ်ခု မွေးဖွား လာအောင် ကူညီရာ၌လည်း အသုံးပြုနိုင်ပေသည်။

အကယ်၍ အစစ်အမှန် ဥပဒေသ တစ်ခုကို မွေးဖွားနိုင်ပါက ကျင့်ကြံသူ တစ်ယောက်မှာ ကောင်းကင်ရှန်ထို့ အဆင့်ကိုပင် တက်လှမ်းနိုင်သည်ဟု ဆိုသည်။ သို့သော်လည်း... ထိုအရာနှင့် ပတ်သက်၍ ကျင်းကျူး ကိုယ်တိုင်လည်း သိပ်မသေချာပါချေ။

ထို့အပြင် စစ်မျိုးစေ့ကို သန့်စင်ကာ အဆင့်အတန်း မြင့်မားသည့် ရည်ရွယ်ချက်များအား ဆုပ်ကိုင်ရန် အတွက် သုံးနိုင်သေးသည်။ မှန်ကန်သည့် နည်းလမ်းဖြင့် အသုံးပြုပါက ၎င်းက လျှို့ဝှက် အဆင့် ရည်ရွယ်ချက် တစ်ခု သို့မဟုတ်... လောကနှလုံးသားကိုပင် နားလည် စေနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် ၎င်းမှာ သေမျိုးတစ်ပိုင်း အဆင့် အရှင်များ အတွက်တော့ နတ်ဘုရား ဆေးတစ်လုံး သဖွယ်ပင် ဖြစ်သည်။

ထို့အပြင်... ဝေ့ဝူယင် ကမ်းလှမ်းခဲ့သော မျိုးစေ့မှာ စစ်ဝိညာဥ်မှ ရရှိသည့် ဖန်တီးထားသည့် စစ်မျိုးစေ့ တစ်ခု မဟုတ်ချေ။ အစစ်အမှန် ပါရမီရှင် တစ်ယောက်က မြင့်မားသည့် နားလည်မှုဖြင့် ဖန်တီးထားသော မျိုးစေ့ တစ်ခု ဖြစ်ပေသည်။ ၎င်းက အတုအယောင် စစ်မျိုးစေ့များထက် ဆယ်ဆ မကပင် ပိုမို အစွမ်းထက်ပေသည်။

ဘောရက်၏ လောဘတကြီး လုပ်ရပ် အတွက် ဝေ့ဝူယင် အပြစ်မတင်မိပါချေ။ သူ ကိုယ်တိုင်လည်း ထိုကဲ့သို့ အခွင့်အရေး တစ်ခု ရရှိပါက ယူဆောင်မိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... သူက သည်အတိုင်း လွယ်လွယ်ကူကူ လက်လွှတ်လိမ့်မည်တော့ မဟုတ်ချေ။

ဝေ့ဝူယင် လူ့ဘီလူးကြီး အနားသို့ သွားကာ မော့ကြည့်လိုက်၏။ ဘောရက်က နားမလည်နိုင်စွာဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူ့ မျက်လုံးထဲ၌ ကြောက်ရွံ့မှု အနည်းငယ် ဖြစ်ပေါ်နေခဲ့၏။ အလွန် ပြင်းထန်သည့် ပေါက်ကွဲမှုဖြင့် ချိုက်လျှို့ယန်ကို သတ်ဖြတ်ပြီးနောက်တွင် ထိုလူသား ကိုယ်တိုင် အသက်ရှင် ကျန်ရစ်လိမ့်မည် မဟုတ် ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ လူသား စစ်စခန်း ဘက်သို့ ကူးပြောင်းကာ အလားတူ နည်းလမ်းဖြင့် သူ့ကို သတ်ဖြတ်ခဲ့လျှင်ရော...။

“အတည်မပြုရသေးခင် ကျုပ်ရဲ့ လက်ဆောင်ကို ပြန်ပြောင်းချင်တယ်”

ဝေ့ဝူယင်က လူ့ဘီလူးကြီးနှင့် သုံးမီတာခန့် အကွာတွင် ရပ်ရင်း ပြောလိုက်၏။ သူ၏ ပုံစံက မာန ထောင်လွှားခြင်း မရှိသလို နှိမ့်ချခြင်းလည်း မရှိပါချေ။

ဘောရက်၏ ခန္ဓာကိုယ်က အနည်းငယ် တောင့်တင်းသွား၏။ အခြား တိုက်တန် စစ်သည်များမှာ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း နားမလည်နိုင်ရာ ကြောင်အစွာ ကြည့်နေမိကြသည်။ လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ အချိန် ပိုမို၍ ကြာမြင့်လေလေ ဝေ့ဝူယင်မှာ ပိုမို ထူးဆန်းလေလေဟု ခံစားနေရ၏။

စက္ကန့်အနည်းငယ် ကြာမျှ တိတ်ဆိတ်ပြီးနောက် ဘောရက်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ဝေ့ဝူယင်၏ လက်ဆောင်ကို ထည့်မတွက်လျှင်ပင် ဤစစ်ပွဲတွင် သူ လုံလောက်စွာ ရရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။ ထို့အပြင်... သူ ရရှိထားသည့် စစ်ဝိညာဥ်များနှင့် စစ်မျိုးစေ့ တစ်ခုကို လဲလှယ်နိုင်ပေသေးသည်။ အနည်းငယ်မျှ တွက်ချက်ပြီးနောက် သူက ခေါင်းညိတ်လိုက်၏။

“စစ်ဝိညာဥ်ရဲ့ ဝိညာဥ် ပူဇော်ပွဲ အခမ်းအနားပြီးတဲ့ အခါကျ ပြန်ပေးမယ်”

သို့သော်လည်း ခေါင်းခါလိုက်၏။

“အဲဒီအခါကျရင် အခွင့်အရေး မရှိမှာ ကျုပ် စိုးရိမ်မိတယ်... အခု ပေးလို့ ရမလား”

ဘောရက်၏ အမူအရာက ပြောင်းလဲ သွား၏။ တင်းမာသည့် အငွေ့အသက် အချို့က သူ့ မျက်လုံးများထဲတွင် ရစ်ဝဲနေသော်လည်း အဆုံးသတ်တွင်တော့ သူက သက်ပြင်းတစ်ချက်သာ ချလိုက်သည်။

“ကောင်းပြီလေ...”

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လျှို့ဝှက် စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုနေ့၌ ကျော်ကြား ထင်ရှားသော သေမျိုးတစ်ပိုင်း အဆင့် တပ်ရင်း ကွန်မန်ဒါကြီးမှာ သေမျိုး တစ်ယောက်သာ ဖြစ်သည့် ဝေ့ဝူယင်၏ ပိုင်ဆိုင်မှုကို ပြန်လည် ပေးအပ်ခဲ့ပေသည်။

All Chapters