မွေးဖွားလာသောကွန်မန်ဒါတစ်ယောက်
Vol. 89 Ch. 1232
ထန်ရှုက အိပ်ရာပေါ်ရှိ ဖြူဖတ်ဖြူရော်နှင့် အလွန်အမင်းအားနည်းနေသောကောင်လေးအား တည်ငြိမ်စွာ လေ့လာလိုက်သည်။ ကောင်လေး၏မျက်နှာက နီရဲနေပြီး အစိမ်းရောင်သွေးကြောများက နဖူးပြင်ပေါ်တွင် ပြူးထွက်နေသည်၊ သူ့ဆံပင်က ချွေးများနှင့် ရွှဲရွှဲစိုနေသည်။ သို့သော် သူ့မျက်လုံးများက မုန်တိုင်းတိုက်လျှင်ပင် လှိုင်းဂယက်မထသည့် ရေကန်တစ်ခုပမာ အလွန်တည်ငြိမ်အေးချမ်းလှ၏။
ဒါက သူ့ရဲ့ဉာဏ်ရည်ကြောင့်လား။
ထန်ရှုက စီးကရက်တစ်လိပ်ထုတ်လိုက်သည်။ မီးခြစ်ခြစ်သံကို ကြားလိုက်ရပြီး အာလန်က သူ့ထံ အာရုံပြောင်းလာ၏။ ထန်ရှု၏အကြည့်အောက်တွင် ကောင်လေးက မှင်တက်ပြီးနောက် တုံ့ဆိုင်းသွားလေသည်၊ ထို့နောက် ဝမ်ဟူ၏အကူအညီနှင့်အတူ အိပ်ရာပေါ်တွင် ခက်ခက်ခဲခဲထိုင်၏။ အိပ်ရာအစွန်းတွင် ထိုင်ကာ သူ့အဝတ်အစားများအား ပြင်ပြီးနောက် သူက ဖိနပ်ဝတ်ကာ ထန်ရှုထံ လျှောက်လှမ်းလာသည်။
“ငါ သင့်ကို နတ်ဆေးဆရာထန်လို့ခေါ်ရမလား ဒါမှမဟုတ် သူဌေးထန်လို့ခေါ်ရမလား”
အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်သွားကာ သူက မေးလိုက်၏ “ဒါဆို မင်းက ငါ့ကို ဘယ်လိုခေါ်ချင်လဲ”
အာလန်က တစ်ချက်စဉ်းစားပြီးနောက် ပြန်ဖြေ၏ “ငါ့အတွက်ကတော့ ခေါ်ဖို့ အသင့်တော်ဆုံးက နတ်ဆေးဆရာထန်ပေါ့၊ ငါ့ညီအကိုတွေကတော့ သူဌေးထန်လို့ ခေါ်ရင် သင့်လျော်လိမ့်မယ်”
“အကြောင်းပြချက်ကို ငါ့ကို ဝေမျှပေးနိုင်မလား”ထန်ရှု၏မျက်နှာပေါ်ရှိအပြုံးက ပိုထူထဲလာသည်။
အာလန်က ပါးစပ်ကို လက်ဖြင့် အုပ်ကာ ချောင်းထပ်ဆိုးလိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်းရှင်းပြ၏ “ငါက နေမကောင်းဘူး၊ သင်က ကျော်ကြားတဲ့နတ်ဆေးဆရာထန်။ သင်က ငါ့ရဲ့ရောဂါကို ကုသပေးနိုင်တယ်၊ ဒါကြောင့် ငါ့အတွက် ခေါ်ဖို့ အသင့်တော်ဆုံးက နတ်ဆေးဆရာထန်ပဲ။ ဒါပေမယ့် ငါ့ရဲ့ညီအကိုတွေက သနားစရာကောင်းစွာ အသက်ရှင်သန်နေရတယ်။ လက်ရှိအချိန်မှာ အဆောက်အအုံ၊ အစားအစာနဲ့ အဝတ်အစားတွေက ပြဿနာတစ်ခုဖြစ်လိမ့်မှာမဟုတ်ဘူး၊ ဒါပေမယ့် သင်ကြားရေးနှောင့်နှေးမှုကြောင့် သူတို့ရဲ့အနာဂတ်ကို အကြီးအကျယ်ထိခိုက်စေလိမ့်မယ်။ သင်က ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးကြီးပဲ။ သင်က သူတို့ကို ကူညီဖို့ လက်တစ်ချက်လှမ်းလိုက်မယ်ဆိုရင် သူတို့က တောက်ပသောအနာဂတ်တစ်ခုရှိလာလိမ့်မယ်၊ ဒါကြောင့် သူတို့အနေနဲ့ သင့်ကို ခေါ်ဖို့ အသင့်တော်ဆုံးက သူဌေးထန်ပေါ့”
ထန်ရှုက ခေါင်းညိတ်ပြလျက် ပြန်ပြော၏ “ဒါဆို ငါ့ကို ခေါ်ဖို့ မင်းက ဘာကို ရွေးချယ်မှာလဲ”
အာလန်က ခဏစဉ်းစားပြီးနောက် ပြန်ဖြေသည် “နတ်ဆေးဆရာထန်”
ထန်ရှု၏မျက်နှာပေါ်ရှိ အပြုံးက ပိုထူထဲသွားသည်။ ဤကောင်လေးက သူ့အား နတ်ဆေးဆရာထန်ဟု ခေါ်လျှင် သူက သူ့အား မြင့်မြင့်မားမားရိုသေလေးစားသည်ဟု ဆိုလိုသည်၊ သူဌေးထန်ဟု ခေါ်ဆိုခြင်းက သူက သူ့ညီအကိုများအား တန်ဖိုးထားသည်ဟု ဆိုလို၏။
ထို့ပြင် ဤနေရာတွင် အဓိပ္ပါယ်တစ်ခုလည်း ရှိသည်။
စီးကရက်တစ်ဖွာရှိုက်ပြီးနောက် ထန်ရှုက ထပ်မေး၏ “အသေးစိတ်ပြောကြည့်”
“ငါ့ညီအကိုတွေ သေသွားခဲ့လို့ ငါက ဒုက္ခဖြစ်မှာကို မကြောက်ပါဘူး။ ဒါပေမယ့် ငါက လက်ရှိမှာ အချန်မရွေးသေသွားနိုင်တယ်၊ သူတို့ကို ချန်ထားခဲ့ဖို့က ငါ့အတွက် သေဖို့ နောင်တရစေတယ်၊ ဆန္ဒမရှိဖြစ်စေတယ်။ အခြားတစ်ဖက်မှာ သင်က ငါ့ကို ကုသနိုင်ရင် ငါ့ညီအကိုတွေကို တောက်ပတဲ့အနာဂတ်တစ်ခု ငါ ပေးနိုင်တယ်။ သူတို့ကို အခြားသူတွေကို ပေးတာထက် ငါ့လက်အောက်မှာ ထားတာ ပိုကောင်းတယ်”
ထန်ရှုက စီးကရက်တစ်လိပ်ယူထုတ်လိုက်သည်။ ထို့နောက် သူက ဆက်မေး၏ “နောက်ဆုံးမေးခွန်းပဲ။ မင်းက အဲဒါကို ဖြေနိုင်မယ်ဆိုရင်၊ မင်းရဲ့အဖြေက ငါ့ကို ကျေနပ်စေမယ်ဆိုရင် ငါ မင်းကို အလကားကုသပေးမယ်။ မင်းနဲ့မင်းရဲ့ညီအကိုတွေကိုလဲ ကြီးမားတဲ့အခွင့်အလမ်းတစ်ခု ငါ ပေးမယ်”
အာလန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွား၏ “ကျေးဇူးပြုပြီး ပြောပါ၊ နတ်ဆေးဆရာထန်”
“မင်းက အစိုးရဌာနတစ်ခုမှာ အရာရှိတစ်ယောက်ဖြစ်လာပြီး မင်းရဲ့ဆုံးဖြတ်ချက်က လူမရေမတွက်များစွာရဲ့သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာနဲ့မြင့်မားတဲ့နေရာတစ်ခုကို ကိုင်ဆွဲထားတယ်ဆိုပါစို့”ထန်ရှုက စတင်ပြော၏ “တစ်ဖက်မှာ မင်းရဲ့တိုင်းပြည်ကို ရန်သူတွေက ကျူးကျော်နေတယ်၊ မင်းနဲ့အတူ မီးပင်လယ်ကို ဖြတ်သန်းလာခဲ့တဲ့ မင်းရဲ့ညီအကိုတွေကို ရန်သူတွေက လိုက်ဖမ်းနေပြီး သူတို့က အချိန်မရွေးသေသွားနိုင်တယ်။ ဒီလိုအနေအထားတစ်ခုမှာ မင်းက ပြည်ပရန်သူတွေကို ဆန့်ကျင်ခုခံနေအုံးမှာလား၊ ဒါမှမဟုတ် မင်းရဲ့ညီအကိုတွေကို ကယ်ဖို့ သွားမှာလား”
အာလန်က မျက်ခုံးတွန့်လိုက်သည်။ ဒါက သူ တစ်ခါမှ မတွေးခဲ့ဖူးသည့် ပြဿနာတစ်ခုဖြစ်ပြီး ယခု ရွေးချယ်မှုတစ်ခုအား ရုတ်တရက် ရင်ဆိုင်နေရသည်။ သူက ၎င်းအား အလေးအနက်ထားစဉ်းစားရန် လိုအပ်သည်။
အချိန်က ကုန်လွန်လာပြီး မိနစ်နှစ်ဆယ်ကျော်သွား၏။ ထိုမိနစ်နှစ်ဆယ်အတွင်း မတူညီသောအတွေးများက သူ့စိတ်ထဲ၌ ထိပ်တိုက်တွေ့နေသည်။ သူက လက်ရှိအနေအထားတိုင်းသာဆိုလျှင် သူတို့က ကမ္ဘာတွင် သူ၏အရင်းနှီးဆုံးလူများဖြစ်သောကြောင့် သူ့ညီအကိုများအား ရွေးချယ်ပါလိမ့်မည်။ သို့သော် သူ့ကိုယ်သူအား ထန်ရှုပြောခဲ့သည့်နေရာ၌ ထားလိုက်သောအခါ ရွေးချယ်မှုနှစ်ခုကြား ထိပ်တိုက်တွေ့မှုက ပိုတောင် ပြင်းထန်လာ၏။
ဗွက်…
အာလန်၏ခန္ဓာကိုယ်ထဲရှိ အပူချိန်က မြင့်တက်လာပြီး နောက်ဆုံးတွင် သူက သွေးတစ်ပွက်အန်လိုက်သည်။ ဝမ်ဟူက သူ့အား အမြန်မဖမ်းဆွဲခဲ့လျှင် သူက ကြမ်းပြင်ပေါ်သို့ ကျသွားလောက်ပြီ။
ထန်ရှုက စိတ်အနှောင့်အယှက်မဖြစ်ဘဲ အာလန်၏မျက်နှာပေါ်ရှိ အမူအရာကို အဆက်မပြတ်လေ့လာနေသည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “ငါက မင်းရဲ့အဖြေကို စောင့်နေတုန်းပဲ”
အာလန်က ခက်ခက်ခဲခဲနှင့် ခေါင်းမော့လိုက်သည်။ သူ့မျက်လုံးများက ထန်ရှုကိုသာ စိုက်ကြည့်နေပြီး သူက အက်ကွဲသောအသံနှင့် ပြောလိုက်၏ “တစ်ယောက်ယောက်က အဲနေရာမှာဆိုရင် သူ ကြိုးပမ်းရမှာက သူ့ရဲ့တိုင်းပြည်အတွက်ပဲ။ တိုင်းပြည်ကို ကာကွယ်ဖို့က ငါ့ရဲ့တာဝန်ဖြစ်တာကြောင့် အဲမှာ နေထိုင်တဲ့ လူပေါင်းမရေမတွက်များစွာရဲ့အသက်ကို ငါ ကာကွယ်ရမယ်။ သူတို့က အန္တရာယ်ဖြစ်နေတာကြောင့် ငါ့ရဲ့ညီအကိုတွေကို ကယ်ချင်ပေမယ့် ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်မှုအတွက် ငါ့ရဲ့ညီအကိုတွေကို ကယ်ဖို့အတွက်နဲ့ တိုင်းပြည်ရဲ့ကံကြမ္မာကို ဘယ်တော့မှ မဖျက်ဆီးဘူး။ ငါ့ညီအကိုတွေက တိုက်ပွဲမှာ သေသွားမယ်ဆိုရင် သူတို့အတွက် ငါကိုယ်တိုင် လက်စားချေပေးမယ်။ သူတို့က သေသွားရင်တောင် ငါ့ကို နားလည်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”
ပီတိပြုံးတစ်ခုက ထန်ရှု၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူက ရှေ့နှစ်လှမ်းတက်လိုက်ပြီး အာလန်၏လက်ကောက်ဝတ်အား ကိုင်ကာ အတွင်းပိုင်းအခြေအနေအား အာရုံခံလိုက်သည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏ “မင်းရဲ့ပစ္စည်းတွေကို ထုတ်ပိုးလိုက်တော့။ မင်း ငါနဲ့အတူ ထွက်သွားလို့ရတယ်…တပ်သားထောင်ချီကို ရဖို့ လွယ်ပေမယ့် သူတို့ကို ဉီးဆောင်မယ့်ခေါင်းဆောင်တစ်ယောက်မရှိရင် သူတို့က ဘယ်တော့မှ ကြမ်းတမ်းတဲ့ခြင်္သေ့တွေဖြစ်လာမှာ မဟုတ်ဘူး။ ထန်ရှုက မင်းလိုလူကို လိုအပ်တယ်…”
အာလန်က ထန်ရှုအား စိုက်ကြည့်ကာ မေးလိုက်၏ “မင်းက အတိအကျ ငါ့ကို ဘာလုပ်စေချင်တာလဲ”
ထန်ရှု၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး လေးနက်မှုက မျက်နှာပေါ်တွင် အစားထိုးလာ၏ “ငါ မင်းကို စစ်တပ်ကို ဉီးဆောင်စေချင်တယ်၊ လူသန်းချီရဲ့လေးစားမှုနဲ့ထိုက်တန်တဲ့ကွန်မန်ဒါတစ်ယောက်ဖြစ်လာရမယ်။ မင်းက ငါ့ရဲ့စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ပြီး ငါ့ရဲ့ကျေနပ်မှုကို ရရှိတာနဲ့ ကြွယ်ဝမှု၊ ဂုဏ်သတင်းကျော်စော်မှုနဲ့ရာထူးအဆင့်တွေက အသေးအဖွဲ့မျှပဲ။ ပြိုင်ဘက်ကင်းတဲ့စွမ်းအားလား၊ အဆုံးမရှိတဲ့အသက်လား၊ ငါ့ရဲ့စွမ်းဆောင်ရည်အတွင်းမှာ ရှိနေသရွေ့ အရာအားလုံးကို ငါ ပေးမယ်”
“မင်းက ငါ့ကို ကျီစာနေတာလား”အာလန်က ထူးဆန်းသောအမူအရာနှင့် မေးလိုက်၏။
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံး၏၊ သူ့စွမ်းအားကို ထုတ်လွှတ်ကာ ဝမ်ဟူ၏ခန္ဓာကိုယ်အား လွှမ်းခြုံစေပြီးနောက် အပြင်ဘက်သို့ ရုတ်ချည်း ပစ်ထုတ်လိုက်သည်။ များမကြာမီ အခန်းထဲရှိ ပြတင်းပေါက်နှင့်တံခါးအားလုံးက ပိတ်သွား၏။ ထို့နောက် သူက သိုလှောင်လက်စွပ်မှ သန့်စင်ဒဏ်ရာပျောက်ဆေးတစ်လုံးထုတ်လိုက်ပြီး သူ့မူလဖရိုဖရဲစွမ်းအားဖြင့် အာလန်၏ခန္ဓာကိုယ်အား လွှမ်းခြုံလိုက်သည်။ သူက သန့်စင်ဒဏ်ရာပျောက်ဆေးလုံးအနည်းငယ်အား ကောင်လေး၏ပါးစပ်ထဲသို့ ထည့်လိုက်ပြီး သူ့စွမ်းအားကို အသုံးပြုကာ ကောင်လေး၏ရုပ်ပိုင်းဆိုင်ရာအား ပြုပြင်လိုက်၏။
ဒါက အကောင်းဆုံးဆေးဝါးများကို သုံးလျက် တစ်စုံတစ်ယောက်အား ပြုပြင်ခြင်းဖြစ်စဉ်ဖြစ်၏။
သူ့စွမ်းအားအကြီးအကျယ်တိုးလာသည်နှင့်အတူ တစ်စုံတစ်ယောက်၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အား ပြောင်းလဲရန် ထန်ရှုအတွက် လွယ်ကူသည်။ အာလန်၏အခြေအနေက သူ့ဉီးနှောက်အား အလုပ်ပေးမှုများလွန်းသောကြောင့်ဖြစ်ပြီး သူ့စိတ်စွမ်းအားလည်း လျော့ကျခဲ့ရခြင်းကြောင့်ပင်။
“ဒါကို တောင့်ခံပါ။ မင်းက စွမ်းအားရှိတဲ့လူတစ်ယောက်ဖြစ်ချင်ရင် နာကျင်မှုဆိုတာက မင်းရဲ့သူငယ်ချင်းပဲ”
ထန်ရှု၏အသံက အာလန်၏နှလုံးသားအနက်ရှိုင်းဆုံးထဲထိတိုင် တိုက်ရိုက်ကူးပြောင်းသွား၏။ ကောင်လေး၏န္ဓာကိုယ်က လေထဲတွင် လွင့်မျောနေပြီး ပြင်းပြင်းထန်ထန်တုန်ယင်နေသော်လည်း ထန်ရှု၏မျက်လုံးထဲတွင် သနားခြင်းအလျဉ်းမရှိပေ။
အချိန်ကုန်လွန်လာပြီး နှစ်နာရီကျော်ကြာသွား၏။ ထန်ရှု၏မျက်လုံးများက တလက်လက်ဖြစ်နေသည်။ အာလန်၏အော်ညည်းသံများအလယ်တွင် ထန်ရှုက သူ့လက်အား ပြန်ရုတ်သိမ်းလိုက်ပြီး စွမ်းအင်ထုတ်ခြင်းကို ရပ်တန့်ကာ ကောင်လေးအား အိပ်ရာပေါ်သို့ ပြန်ချပေးလိုက်၏။
အသံတစ်သံမှ မထွက်ဘဲ တစ်ခဏတာ ကုန်ဆုံးသွား၏။
စက္ကန့်သုံးဆယ်ကြာပြီးနောက် အာလန်က အိပ်ရာမှ ရီဝေဝေဖြစ်လျက် ထလာသည်။ သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းအားလုံးမှ လိမ့်တက်လာနေသောစွမ်းအားကို သူက ခံစားနိုင်ပြီး သူ့ခန္ဓာကိုယ်အပူချိန်က အဆက်မပြတ်တိုးလာသောကြောင့် သူက ထိတ်လန့်သွား၏။ တဖြည်းဖြည်းနှင့် သူက အိပ်ရာမှ ထကာ လက်သီးဆုပ်လျက် လေသို့ ထိုး၏၊ ကန်ကျောက်၏။ ထို့နောက် သူက မယုံကြည်နိုင်စွာနှင့် ထန်ရှုထံ အကြည့်ပြောင်းကာ ရေရွတ်လိုက်သည် “ငါ့ခန္ဓာကိုယ်က မတူတော့သလိုပဲ”
ပြုံးလျက် ထန်ရှုက ပြန်ဖြေလိုက်သည် “မတူဘူးလို့ မင်း ခံစားရတာ သဘာဝပဲ။ မင်းက တူနေရင် ငါက သနားစရာကောင်းသွားမှာ။ သန့်စင်ဒဏ်ရာပျောက်ဆေး၊ သားရဲတစ်ကောင်ရဲ့သွေးအဆီအနှစ်တစ်စက်၊ ခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်တစ်စက်နဲ့ မြွေနဂါးသစ်ခွဆေးပင်ရဲ့ရိုးတံတစ်ချောင်း။ ဒီပစ္စည်းတွေအားလုံးကို သုံးပြီးရင် ဘယ်ကျွမ်းကျင်သူမဆို သူတို့ရဲ့ခွန်အားကို အဆင့်တစ်ခု တိုးမြှင့်နိုင်လိမ့်မယ်”
အာလန်က ပြီးခဲ့သောမြင်ကွင်းများအား ရုတ်တရက် သတိရလိုက်ကာ သတိထားလျက် နောက်သို့ ကမန်းကတန်းဆုတ်လိုက်သည်။ ထို့နောက် သူက လေးလံသောအသံနှင့် မေး၏ “မင်းက အတိအကျဘယ်သူလဲ”
“မင်း ဘာပြောခဲ့တာကို မေ့နေပြီလား”ထန်ရှုက ရယ်ကာ ပြောလိုက်၏ “မင်းက ငါ့ကို နတ်ဆေးဆရာထန်လို့ ခေါ်ခဲ့တယ်မလား”
အာလန်က ခေါင်းခါယမ်းကာ ပြန်ပြောသည် “မဟုတ်ဘူး။ မင်းက နတ်ဆေးဆရာတစ်ယောက်မျှပဲဆိုရင် ဒီလိုစတန့်တွေကို လုပ်နိုင်စရာအကြောင်းမရှိဘူး”
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြန်ပြောသည် “ငါ့ရဲ့စမ်းသပ်ချက်ကို အခုဖြေပါ၊ မင်း ဖြတ်ကျော်နိုင်ရင် ငါ မင်းကို ပြောပြမယ်။ ဒါပေမယ့် ကျရှုံးရင် မင်းက ငါ့ရဲ့သရုပ်မှန်ကို သိဖို့ အရည်အချင်းမမှီဘူး”
“ဘယ်လိုစမ်းသပ်ချက်မျိုးလဲ”အာလန်က ခဏတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ ပြန်ပြောသည် “ကျုပ် လက်ခံတယ်…”
ထန်ရှုက သူ့သိုလှောင်လက်စွပ်မှ စာအုပ်တစ်အုပ်ယူထုတ်ကာ ကောင်လေးထံ ပစ်ပေးလိုက်သည် “မင်းက ဒါကို ဖတ်နိုင်ရမယ်။ ဒီကျမ်းစာအုပ်က ကျင့်ကြံခြင်းနည်းစနစ်မှတ်တမ်းတစ်ခုပဲ။ ငါ့ရဲ့တောင်းဆိုချက်က အရမ်းရိုးရှင်းတယ်။ အထဲမှာ ရေးထားတဲ့ အက္ခရာအရေအတွက်၄၇၈၆ရှိတယ်။ နာရီဝက်အတွင်းနဲ့ မင်းက သူတို့အားလုံးကို မှတ်မိပြီး အလွတ်ရွတ်ပြနိုင်ရင် မင်းက ငါ့ရဲ့ပထမဆုံးစမ်းသပ်ချက်အသေးစားကို ဖြတ်ကျော်ပြီလို့ စဉ်းစားနိုင်တယ်”
“အဆင်ပြေတယ်”အာလန်က ခေါင်းညိတ်ကာ ကျင့်ကြံခြင်းနည်းစနစ်စာအုပ်အား လက်ခံလိုက်သည်။ သူက အဖုံးပေါ်ရှိ “ဝိညာဉ်၊ နှလုံးသားနှင့် စိတ်ဝိညာဉ်ပညာရပ်”ခေါင်းစဉ်အား ဖတ်လိုက်သည်။ သို့သော် ဖွင့်ကာ ပထမစာမျက်နှာအား ဖတ်ပြီးနောက် သူက အလွန်အံ့အားသင့်သွား၏။
“အခု…စတော့”ထန်ရှုက ပြော၏။
“ငါ ဒါကို လုပ်နိုင်မယ်လို့ ငါ မထင်ဘူး”အာလန်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါကို ပုံမှန်ဘာသာစကားနဲ့ ရေးထားမယ်ဆိုရင် ဖိအားများမှာမဟုတ်ဘူး၊ ငါ ဒါကို အားထုတ်မှုအနည်းငယ်နဲ့ ပြုလုပ်နိုင်တယ်။ ဒါပေမယ့် ဒါကို ရှေးဟောင်းတရုတ်ဘာသာစကားနဲ့ ရေးသားထားပြီး အချို့က ရှေးကျတယ်။ ငါ ဒါကို မလုပ်နိုင်ဘူး”
ထန်ရှု၏အမူအရာက အေးစက်သွားပြီး သူက လေးလံသောအသံနှင့် ပြောလိုက်၏ “အခုကစပြီး မင်း တစ်ခုမှတ်ထားရင် ပိုကောင်းတယ်။ မင်းက ယောကျ်ားတစ်ယောက်၊ မလုပ်နိုင်ဘူးဆိုတဲ့စကားကို ယောကျ်ားတစ်ယောက်က ဘယ်တော့မှ မပြောဘူး။ အဲဒါက ဘယ်လောက်ပဲ ခက်ခဲပါစေ၊ မင်း ကြိုးစားကြည့်ရမယ်…”
အာလန်က ထန်ရှုအား စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ဒူးထောက်ကာ ခေါင်းမော့လျက် ပြောလိုက်သည် “ငါ သူတို့ကို မှတ်မိနိုင်ရင် မင်းက ငါ့ကို မင်းရဲ့ကျောင်းသားအဖြစ်လက်ခံနိုင်လား”
ထန်ရှုက ညင်သာစွာ လက်ဝှေ့ယမ်းလိုက်ပြီး စွမ်းအင်စီးကြောင်းတစ်ခုက အာလန်အား ကြမ်းပြင်မှ ဆွဲထူလိုက်သည်။ ထို့နောက် သူက ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “မင်းက ဒီစမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်ရင် ငါ မင်းကို ကျောင်းသားတစ်ယောက်အဖြစ် လက်ခံမှာ မဟုတ်ဘူး၊ ဒါပေမယ့် ငါ မင်းကို ငါ့ရဲ့တပည့်အဖြစ် လက်ခံလိမ့်မယ်။ ဆရာတစ်ယောက်မှာ ကျောင်းသားအများကြီး ရှိနိုင်ပေမယ့် ဆရာသခင်တစ်ယောက်မှာ တပည့်အနည်းငယ်ပဲ ရှိတယ်”