အခန်း (၄၂၁)
Vol. 31 Ch. 421
ရှေးခေတ်မဟာမိစ္ဆာများ ....
သူတို့၏ခွန်အားသည် စိတ်ကူးမယဉ်နိုင်လောက်ပေ။
“ဟန်မူယဲ့၊ ငါတို့နှစ်ယောက်လုံးက ကောင်းကင်အံ့ဖွယ်ကမ္ဘာကပဲ။ အပြင်ဘက်မှာ ငါတို့ယှဉ်ပြိုင်နိုင်ပေမဲ့ လျှို့ဝှက်နယ်မြေထဲမှာ ငါတို့ ပူးပေါင်းသင့်တယ်”
ချင်းရီမင်က အောက်တွင် သတ်ဖြတ်ခံနေရသော ကျောက်တုံးရေအိုင်ကြံ့ကလန်သားများကို ကြည့်သည်။
“ကျောက်တုံးရေအိုင်ကြံ့ကလန်ကို မင်းဆီပေးလိုက်မယ်။ ငါ့ရဲ့စိတ်ရင်းကို ပြသဖို့ မင်းအတွက် ပြဿနာတစ်ခုဖြေရှင်းပေးမယ်”
“တိမ်တိုက်ကမ်းပါးရဲ့ မိုးပြာရောင်ခြင်္သေ့ကလန်လား”
ဟန်မူယဲ့က ချင်းရီမင်ကို ကြည့်သည်။
“မင်းရဲ့ အသက်ကိုးခုကြောင်ကလန်က နေရာတိုင်းကို စုံစမ်းနိုင်တာပဲ။ ဒီလိုကိစ္စမျိုးကိုတောင် သိနိုင်တယ်”
ချင်းရီမင်က ရယ်လိုက်ပြီး အနောက်ဘက်သို့ကြည့်သည်။
“ငါက တိမ်တိုက်ကမ်းပါးရဲ့ မိုးပြာရောင်ခြင်္သေ့ကလန်ကို တားပေးမယ်။ မင်းက ကျောက်တုံးရေအိုင်ကြံ့ကလန့်ကို ယူနိုင်တယ်။ နောက်ကျရင် ငါတို့က အလဲအလှယ်လုပ်နိုင်မှာပါ”
မိုးပြာရောင်ခြင်္သေ့ကလန်သည် မိုင်တစ်သိန်းပတ်ဝန်းကျင်ကို လွှမ်းမိုးထားပြီး ကျောက်တုံးရေအိုင်ကြံ့ကလန်ကို ဂရုစိုက်ပုံမပေါ်ပေ။ သို့သော် မိုးပြာရောင်ခြင်္သေ့ကလန်က ကျောက်တုံးရေအိုင်ကြံ့ကလန်ကို လျှို့ဝှက်စွာထိန်းချုပ်ထားခဲ့သည်။
နောက်ကွယ်တွင် ကလန်ကြီးတစ်ခု ရှိနေသောကြောင့် ကျောက်တုံးရေအိုင်ကြံ့ကလန်သည် ဆင်ကလန်ကိုကျွန်ပြုပြီး သောင်းကျန်းနေခဲ့သည်။
အကယ်၍ ချင်းရီမင်နှင့်ဟန်မူယဲ့က ကျောက်တုံးရေအိုင်ကြံ့ကလန်ကို လိုချင်လျှင် မိုးပြာရောင်ခြင်္သေ့ကလန်ကို ရင်ဆိုင်ရလိမ့်မည်။
မိုးပြာရောင်ခြင်္သေ့ကလန်၏ခွန်အားသည် အလွန်နက်ရှိုင်းသည်။
ဟန်မူယဲ့သိထားသော အချက်အလက်များအရ မိုးပြာရောင်ခြင်္သေ့ကလန်မှာ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ဆယ်ယောက်ကျော်ရှိသည်။ မိစ္ဆာတစ်သောင်းတံဆိပ်အတွက် ယခင်ပြိုင်ပွဲတွင် သူတို့ဆီမှ ဝိညာဉ်သူငယ်ဆဌမအဆင့်ကို ကျော်လွန်နေသော ကျွမ်းကျင်သူများ ထွက်ပေါ်လာခဲ့သည်။
ထိုမဟာမိစ္ဆာမျိုးသည် ဝိညာဉ်သူငယ် သတ္တမအဆင့် သို့မဟုတ် အဌမအဆင့်တွင် ရှိနေလိမ့်မည်။
ထိုခွန်အားသည် အကြီးမားဆုံးအမှီအခိုဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်အတွက် မည်သည့်နေရာတွင်ရှိနေပါစေ တိုက်ခိုက်နိုင်စွမ်းကိုသာ မှီခိုရသည်။
ချင်းရီမင်က သူ့ကိုကူညီပြီး မိုးပြာရောင်ခြင်္သေ့ကလန်အား တားဆီးပေးမည်ဆိုလျှင် သူက ပျော်ရွှင်သင့်သည်။
အနာဂတ်အတွက် လူတိုင်းသည် မိစ္ဆာတစ်သောင်းတံဆိပ်ကို ဆယ်နှစ်ကြာသည်အထိ တိုက်ခိုက်ယူရန် စီစဉ်ထားကြသည်။
သို့သော် ဟန်မူယဲ့က သူတို့ကို အချိန်လုံလောက်စွာပေးမည်မဟုတ်ပေ။
အများဆုံး သုံးနှစ်ဖြစ်သည်။
သူက ချိုတစ်ချောင်းကြံ့၏နောက်ကျောပေါ်တွင်ရှိသော ဟွမ်ကျစ်ဟူကို လှည့်ကြည့်သည်။
လျှို့ဝှက်နယ်မြေမှ သုံးနှစ်အကြာတွင်ထွက်လာခဲ့လျှင် သမင်ဖြူတောင်တန်းသို့ သွားရောက်ရမည်ဖြစ်သော ဟွမ်ကျစ်ဟူ၏ခရီးစဉ်ကို နှောင့်နှေးစေမည်မဟုတ်ပေ။
ဟန်မူယဲ့က သဘောတူလိုက်သောအခါတွင် ချင်းရီမင်က ရယ်မောလိုက်ပြီး ပျံတက်သွားသည်။
“သွားကြစို့”
သူ့နှင့်အတူပါလာသော ကျွမ်းကျင်သူများကလည်း ပျံသန်းသွားသည်။
အစမှအဆုံးအထိ ယွင်တိနှင့်ဟန်မူယဲ့သတ်ဖြတ်လိုက်သော လုပ်ကြံသတ်ဖြတ်သူကို ဂရုမစိုက်ကြပေ။
ချင်းရီမင်မှာ လုပ်ကြံသတ်ဖြတ်မှုတွင်ကျွမ်းကျင်သော ကျင့်ကြံသူများ ထပ်ရှိနေခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် ဂရုမစိုက်ခြင်းဖြစ်လိမ့်မည်။
သို့သော် အဓိကအကြောင်းအရင်းသည် ဟန်မူယဲ့၏ခွန်အားကြောင့် ချင်းရီမင်က တုံ့ဆိုင်းသွားပြီး မတိုက်ခိုက်လိုခြင်းဖြစ်သည်။
“ဘုန်း”
ကောင်းကင်ဘုံအဆင့် အစိမ်းရောင်မြေခွေးမိစ္ဆာနှစ်ယောက်က ဓားဖြင့်ခုတ်ချလိုက်သောကြောင့် ကောင်းကင်ဘုံအဆင့် ကြံ့မိစ္ဆာကျွမ်းကျင်သူသည် ကျောက်တုံးများကြားသို့ ပြုတ်ကျသွားသည်။
သူက ကြံ့တစ်ကောင်ဖြစ်ပြီး ခုခံနိုင်စွမ်းသန်မာသည်။ ထို့ကြောင့် ဓားအလင်းနှစ်ခုသည် ခန္ဓာကိုယ်ပေါ်တွင် သွေးစွန်းဒဏ်ရာများကိုသာ ဖြစ်စေခဲ့သည်။
ကောင်းကင်အဆင့်မိစ္ဆာက ဟိန်းဟောက်လိုက်ပြီး ပေတစ်ရာမြင့်မားသော ကြံ့တစ်ကောင်အဖြစ်ပြောင်းသည်။ ကြံ့၏ဦးချိုသည် အစိမ်းရောင်အလင်းများဖြင့် တောက်ပနေပြီး ကောင်းကင်ထက်တွင်ရှိသော ပိုင်ဝူဟန်ဆီသို့ ပြေးဝင်လာသည်။
ပိုင်ဝူဟန်က တခစ်ခစ်ရယ်လိုက်ပြီး မျက်လုံးထဲတွင် အေးစက်သောအလင်းများ ဖြတ်ပြေးသွားသည်။
ဟန်မူယဲ့၏တိုက်ကွက်သည် ချင်းရီမင်ကို သင်ခန်းစာပေးလိုက်ပုံပေါ်သော်လည်း သူက အာဏာတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကို တစ်ချက်တည်းသတ်ဖြတ်လိုက်ပြီး ချင်းရီမင်ကို သတိပေးခဲ့သည်။ ထို့အပြင် ပိုင်ဝူဟန်နှင့် အစိမ်းရောင်မြေခွေးကလန်ကိုလည်း သူ့ခွန်အားအကြောင်း နားလည်သွားစေသည်။
သူက အစိမ်းရောင်မြေခွေးကလန်၏ သစ္စာဖောက်မှုကို စိုးရိမ်နေခြင်းမဟုတ်ပေ။ အစိမ်းရောင်မြေခွေးကလန်သည် လုံလောက်သောခွန်အားမရှိလျှင် သူ့အတွက် ဖြည်းဖြည်းချင်း အသုံးမဝင်ဖြစ်လာလိမ့်မည်ဟု နားလည်စေချင်သည်။
ထိုအကြောင်းအရာကို ပိုင်ဝူဟန်တစ်ယောက်သာမဟုတ်ဘဲ အစိမ်းရောင်မြေခွေးကလန်၏ ကျွမ်းကျင်သူများကလည်း နားလည်ခဲ့သည်။
ထို့ကြောင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ယောက်က အစွမ်းကုန်ထုတ်သုံး၍ ကြံ့မိစ္ဆာကို လဲကျသွားစေခဲ့သည်။
“ခလွမ် ....”
လေထုထဲတွင် ဓားများပျံသန်းလာသည်။
ဝိညာဉ်လိပ်ပြာဓားခုနစ်လက်သည် ကြံ့မိစ္ဆာကို ဝိုင်းရံထားသည်။
အလင်းနှင့်အမှောင်ရိပ်များ ဖြတ်သန်းသွားပြီး ချီစွမ်းအင်အလင်းများ တုန်ခါနေသည်။ ပတ်ဝန်းကျင်လေထုကို ဖျက်ဆီးလိုက်ပြီး အရိပ်များ ချန်ထားခဲ့သည်။
ဓားအလင်းများ ပျောက်ကွယ်သွားသောအခါတွင် ပေတစ်ရာမြင့်မားသောကြံ့တစ်ကောင်က မျက်လုံးထဲတွင် အလင်းရောင်များမရှိတော့ဘဲ ကျန်ရစ်ခဲ့သည်။
သူ့ခန္ဓာကိုယ်သည် အကောင်းအတိုင်းရှိနေသော်လည်း ဝိညာဉ်သည် ပျက်စီးသွားခဲ့သည်။
ထိုကြံ့၏ပုံစံသည် ဟွမ်ကျစ်ဟူ၏ကြံ့နှင့် ဆင်တူနေသည်။
သို့သော် ကောင်းကင်ဘုံအဆင့်ကြံ့မိစ္ဆာဖြစ်သည်။
ပိုင်ဝူဟန်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ကြံ့၏ကျောပေါ်တွင် ထိုင်သည်။ သူမက ဟွမ်ကျစ်ဟူကိုလှည့်ကြည့်ပြီး ပြုံးပြသည်။
“ဟူဟူ၊ အစ်မနဲ့လာထိုင်လေ”
ဟွမ်ကျစ်ဟူက ခေါင်းညိတ်သည်။ ယွင်တိက သူမ၏လက်ကို ကိုင်လိုက်သည်။ သူတို့က ဖျတ်ခနဲပျောက်ကွယ်သွားပြီး ကောင်းကင်အဆင့်ကြံ့မိစ္ဆာပေါ်သို့ ရောက်သွားသည်။
ပိုင်ဝူဟန်က ဝိညာဉ်လိပ်ပြာဓားများ၏ခွန်အားကို ထုတ်ပြခဲ့ပြီး ဟွမ်ကျစ်ဟူနှင့် နီးကပ်ကြောင်း ဖော်ပြခဲ့သည်။
ဟန်မူယဲ့၏အမြင်တွင် ပိုင်ဝူဟန်က အမှန်တကယ် ကောင်းကင်မြေခွေးတစ်ကောင်ဖြစ်သည်။ သူမ၏အပြုအမူများသည် တည်ငြိမ်ပြီး ဟန်ဆောင်မှုကင်းမဲ့နေသည်။
“ဘုန်း”
အောက်တွင် ရှန့်လင်းရွှမ်း၏ အစွယ်ရှည်နှစ်ချောင်းက ကြံ့မိစ္ဆာ၏ခန္ဓာကိုယ်ကို တစ်ပိုင်းတစ်စစီဖြစ်အောင် ရိုက်ချလိုက်သည်။
တခြာကြံ့မိစ္ဆာများက တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ထွက်ပြေးသွားကြသည်။
သူတို့၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူသည် ဖိနှိပ်ခံလိုက်ရသောကြောင့် မှီခိုစရာမရှိတော့ပေ။
ကြံ့မိစ္ဆာများက ထွက်ပြေးသွားကြသည်။ အစိမ်းရောင်မြေခွေးများက ဟိန်းဟောက်လိုက်ပြီး နောက်မှလိုက်လာသည်။
ကောင်းကင်အဆင့်မိစ္ဆာနှစ်ယောက်ကလည်း နောက်မှလိုက်သွားသည်။
ရှန့်လင်းရွှမ်းက လက်နှစ်ဖက်နှင့် အစွယ်နှစ်ချောင်းကို ကိုင်ထားသည်။ သူ့တစ်ကိုယ်လုံးက တုန်ခါပြီး ပြင်းထန်စွာအသက်ရှူနေရသည်။
ဟန်မူယဲ့နှင့် ပိုင်ဝူဟန်တို့က လှုပ်ရှားလိုက်ပြီး ရှန့်လင်းရွှမ်း၏ရှေ့သို့ ရောက်လာသည်။
“အစ်ကိုဟန်၊ အစ်မဝူဟန် ....”
ရှန့်လင်းရွှမ်း၏လက်ထဲတွင်ရှိသော အစွယ်ရှည်နှစ်ချောင်းသည် အောက်သို့ပြုတ်ကျသွားသည်။ သူက နောက်လှည့်ပြီး သတ်ဖြတ်ခံလိုက်ရသော ဆင်ကလန်သားများကို ကြည့်သည်။
“အစ်မဝူဟန်က ဉာဏ်အကောင်းဆုံးပဲ။ ကျွန်တော်တို့ဆင်ကလန်က တခြားလူတွေနဲ့ မယှဉ်ပြိုင်ပေမဲ့လည်း ဘာဖြစ်လို့ ဒီလိုမျိုးခံစားနေရတာလဲ။ ကျွန်တော့်ကို ပြောပြပါအုံး”
ပိုင်ဝူဟန်က ခေါင်းခါလိုက်ပြီး နောက်တွင်ရှိသောဟန်မူယဲ့ကို လှည့်ကြည့်သည်။
“အစ်ကိုဟန်က တာအိုနဲ့ပတ်သတ်ပြီး ပိုနားလည်လိမ့်မယ်”
“ဆင်ဖြူကလန်ရဲ့မေးခွန်းကို အစ်ကိုဟန်က ဖြေပေးနိုင်မလား”
ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေသည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြောလိုက်သည်။
“မိစ္ဆာတစ်သောင်းတံဆိပ်ကိုရပြီး လျှို့ဝှက်နယ်မြေထဲမှာရှိတဲ့ မိစ္ဆာတစ်သောင်းကို ထိန်းချုပ်နိုင်မယ်ဆိုရင် မင်းက သူတို့အားလုံးကို မြက်စားခိုင်းရင်တောင် ငြင်းရဲမှာမဟုတ်ဘူး”
“သန်မာတဲ့လူကပဲ စည်းကမ်းချမှတ်နိုင်တယ်”
“မင်းတို့ကဆင်ကလန်က အားကောင်းပြီး တခြားလူတွေနဲ့မယှဉ်ပြိုင်ချင်ဘူးလို့ မင်းထင်နေတယ်။ တကယ်တော့ မင်းတို့က အားနည်းနေတာပဲ”
ရှန့်လင်းရွှမ်းက ဟန်မူယဲ့ကို မော့ကြည့်သည်။
“မင်းတို့က သန်မာပြီး တိုက်ခိုက်နိုင်စွမ်းမကောင်းဘူး။ လျင်မြန်တဲ့လူတွေ၊ အားကောင်းတဲ့မန္တန်တွေ၊ အားကောင်းတဲ့သွေးမျိုးဆက်ကို ပိုင်ထားတဲ့လူတွေက မင်းတို့ဆင်ကလန်ကို အနိုင်ယူနိုင်တယ်”
“မင်းတို့က မျိုးပွားနှုန်းမကောင်းဘူး။ မင်းတို့ကလန်က သေးငယ်ပြီး တိုးတက်နှုန်းကလည်း နှေးကွေးတယ်”
“အဲဒီအားနည်းချက်တွေရှိနေတာကြောင့် ဆင်ကလန်က အနိုင်ကျင့်မှုတွေကိုသည်းခံပြီး ရှင်သန်ရုံပဲတတ်နိုင်တယ်”
“မင်းက ဉာဏ်ကောင်းတယ်လို့ ထင်နေတာလား။ မင်းတို့ကလန်ရဲ့ ဘိုးဘေးတွေကရော ဒီလိုမျိုးပဲ လုပ်ခဲ့တာလား”
ဟန်မူယဲ့၏စကားများသည် အေးစက်နေသော်လည်း အမှန်ပင်ဖြစ်သည်။
ရှန့်လင်းရွှမ်း၏မျက်နှာထားက ပြောင်းလဲသွားသည်။ သို့သော် သူက မငြင်းဆန်နိုင်ပေ။
အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီး သူက ပြုတ်ကျသွားသော အစွယ်ရှည်နှစ်ချောင်းကို ကောက်ယူသည်။
“အစ်ကိုဟန်၊ ကျွန်တော့်ကို ဓားနည်းစနစ်သင်ပေးပါ”
“ဆင်ကလန်အတွက် ကျွန်တော်က အကောင်းဆုံးကြိုးစားချင်တယ်”
သူက အဝေးသို့ကြည့်သည်။
“ဆင်နားရွက်တောင်ကို ကျွန်တော်သွားမယ်”
ဆင်နားရွက်တောင်သည် ဆင်ကလန်၏ဘိုးဘေးများ အိပ်စက်ရာဖြစ်သည်။
ထိုနေရာတွင် ဆင်ကလန်၏ အားကောင်းသော သွေးမျိုးဆက်အမွေအနှစ် ရှိနိုင်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။ “ကောင်းပြီ။ ငါက မင်းကို ဓားနှစ်လက်နည်းစနစ် သင်ပေးမယ်”
....
ကျောက်တုံးရေအိုင်ကြံ့ကလန်တွင် လူတစ်သောင်းကျော်ရှိပြီး ကောင်းကင်အဆင့်ကျွမ်းကျင်သူနှစ်ဦး ထပ်ရှိနေသည်။
ကျောက်တုံးပြာကမ်းခြေ၏ မိုင်တစ်ရာအတွင်း၌ မီးပြင်းဖိုများရှိသည်။
ကြံ့မိစ္ဆာများသည် ဒေါသထွက်လွယ်သော်လည်း ပန်းပဲပညာအမွေအနှစ်သည် အတော်လေးကောင်းမွန်သည်။
“ဝူး ....”
“ဝူး ....”
ခရာသံပေါ်ထွက်လာသည်။ ကြံ့မိစ္ဆာများသည် အလုပ်များကိုရပ်တန့်လိုက်ပြီး ကျောက်တုံးအိမ်များထဲမှ ဆေဘာဓားရှည်များကိုင်၍ ထွက်လာသည်။
ဒါဇင်ချီနေသော ကြံ့မိစ္ဆာများ ထိတ်လန့်စွာပြေးဝင်လာကြသည်။
သူတို့၏နောက်တွင် အစိမ်းရောင်မြေခွေးကလန်၏ ကောင်းကင်အဆင့်ကျွမ်းကျင်သူနှစ်ဦးက ကျွမ်းကျင်သူများကိုဦးဆောင်၍ လိုက်လာသည်။
သူတို့၏နောက်တွင် ရှန့်လင်းရွှမ်းက အစွယ်ရှည်နှစ်ချောင်းကိုင်ထားပြီး ခြေလှမ်းကျဲကြီးများနှင့် လျှောက်လာသည်။
ဟန်မူယဲ့နှင့် ဟွမ်ကျစ်ဟူက ချိုတစ်ချောင်းကြံ့ပေါ်တွင် ထိုင်နေသည်။ ပိုင်ဝူဟန်က ဝိညာဉ်ပျောက်ဆုံးသွားသော ကောင်းကင်အဆင့်ကြံ့ကို စီးနင်းထားပြီး ပေရာချီအကွာအဝေးကို ခြေတစ်လှမ်းဖြင့် ဖြတ်ကျော်လာသည်။ ကြံ့၏ခြေလှမ်းကြောင့် မြေပြင်သည် တုန်ခါနေသည်။
“သတ်”
“မင်းတို့က သေချင်နေတာပဲ”
ကြံ့ကလန်ထဲမှ အသံနှစ်သံထွက်လာပြီး ဗလတောင့်သော ကောင်းကင်အဆင့်မိစ္ဆာနှစ်ဦး ပြေးထွက်လာသည်။
သူတို့၏လက်ထဲတွင်ရှိသော ဆေဘာဓားရှည်များကို လွှဲခုတ်လိုက်သောကြောင့် ချီစွမ်းအင်အလင်းသည် လေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူတို့က ဟိန်းဟောက်လိုက်ပြီး အစိမ်းရောင်မြေခွေးကလန်၏ ကျွမ်းကျင်သူများဆီသို့ ပြေးဝင်လာသည်။
ကောင်းကင်အဆင့် မြေခွေးမိစ္ဆာနှစ်ယောက်က ပျံတက်သွားပြီး လေနဂါးကို ခုခံလိုက်သည်။
သူတို့က လေအမျိုးအစားဖြစ်သောကြောင့် လေနဂါးကို ဖိနှိပ်ထားနိုင်သည်။
“ဘုန်း”
ဓားအလင်းလေနဂါးသည် ပျက်စီးသွားခဲ့သည်။
ကောင်းကင်အဆင့်ကြံ့မိစ္ဆာနှစ်ယောက်က ဟိန်းဟောက်လိုက်ပြီး ဆင်းသက်လာသည်။
သူတို့ကိုင်ထားသော ဆေဘာဓားများသည် ထက်မြိနေပြီး ကောင်းကင်ထက်တွင်ရှိသောတိမ်တိုက်များကို လှုပ်ရှားသွားစေသည်။
ကောင်းကင်အဆင့်သည် ကောင်းကင်နှင့်မြေကြီး၏တာအိုဖြင့် ပေါင်းစပ်နိုင်သည်။
ကောင်းကင်အဆင့်အောက်တွင်ရှိသောလူများသည် ထိုစွမ်းအားကို တောင့်မခံနိုင်ပေ။
အစိမ်းရောင်မြေခွေးကလန်၏ ကောင်းကင်အဆင့်အောက်ကျွမ်းကျင်သူများသည် နောက်ဆုတ်ပေးလိုက်ရသည်။
ကောင်းကင်အဆင့်မြေခွေးမိစ္ဆာများ၏ သွေးမျိုးဆက်တွင် တိမ်တိုက်ကျားသစ်ကလန်နှင့် မြွေပါကလန်တို့၏အမြန်နှုန်းဖြင့် ပေါင်းစပ်ထားသည်။
သူတို့က ကြံ့မိစ္ဆာနှစ်ယောက်နှင့် ထိပ်တိုက်ရင်မဆိုင်ခဲ့ပေ။ အမြန်နှုန်းကို အစွမ်းကုန်အသုံးချပြီး ဓားဖြင့် မကြာခဏ ထိုးသွင်းနေသည်။
ကြံ့မိစ္ဆာများက ခုခံမှုကောင်းမွန်သောကြောင့် သွက်လက်သောဓားအလင်းများကို ခုခံနိုင်ခြင်းဖြစ်သည်။
“ဂါး ....”
ကောင်းကင်အဆင့်မြေခွေးမိစ္ဆာနှစ်ယောက်ကို ထိခိုက်အောင်မလုပ်နိုင်သောကြောင့် ကြံ့မိစ္ဆာနှစ်ယောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူတို့၏နောက်တွင် ကျောက်တုံးရေအိုင့်ကြံ့ကလန်အတွင်း၌ ခမ်းနားသောမီးတောက်များ ပေါ်ထွက်လာသည်။
သူတို့က သွေးမျိုးဆက်စွမ်းအားကိုအသုံးပြုပြီး မျိုးနွယ်စုတစ်ခုလုံး၏စွမ်းအားကို စုစည်းခဲ့သည်။