အခန်း (၄၂၂)
Vol. 31 Ch. 422
အလင်းများပေါ်ထွက်လာပြီး မိုင်တစ်ရာပတ်ဝန်းကျင်ကို ရွှံ့အိုင်တစ်ခုအဖြစ် ပြောင်းသွားစေသည်။
ကောင်းကင်အဆင့်မြေခွေးမိစ္ဆာနှစ်ယောက်သည် ခဏတာရပ်တန့်သွားပြီး လှုပ်ရှားမှုများ ဆယ်ဆခန့်နှေးကွေးလာသည်။
ပိုင်ဝူဟန်က မျက်လုံးများမှေးကျဉ်းလိုက်သည်။ သူမက ပျံထွက်သွားတော့မည့်အချိန်တွင် ဟန်မူယဲ့က မတ်တပ်ရပ်လိုက်သည်။
အဝေးတစ်နေရာတွင် အားကောင်းသောအငွေ့အသက်များ နီးကပ်လာသည်။ သူတို့က လျင်မြန်စွာ အဆုံးသတ်ရမည်။
ဟန်မူယဲ့၏ခေါင်းပေါ်တွင် ခရမ်းရောင်ဓားအလင်းသည် ပေတစ်ထောင်အထိ ပြောင်းလဲသွားသည်။
သူ့ချီပင်လယ်တွင်ရှိသော ဓားအလင်းသည် မရေမတွက်နိုင်သော ဓားဆန္ဒများ၏ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသည်။ ထို့နောက် အဆုံးမရှိသော လူသားဆန္ဒစွမ်းအားများဖြင့် ပေါင်းစပ်ထားသည်။ ထိုဓားသည် ကောင်းကင်အဆင့်ရှိလူများကို သတ်ဖြတ်နိုင်သည်။
ဟန်မူယဲ့၏ဒန်ထျန်ထဲတွင် နီရွှေရောင်တောက်နေသော ကြယ်နှလုံးသားက ဆက်တိုက်လှည့်ပတ်နေသည်။ ကြွယ်ဝသောချီစွမ်းအင်များ ပြေးထွက်လာပြီး ဓားထဲသို့ စီးဝင်သွားသည်။
ပုံရိပ်ယောင်ဓားသည် ချက်ချင်းသိပ်သည်းသွားသည်။
ကြယ်နှလုံးသားသည် ကြယ်တစ်စင်း၏စွမ်းအားကိုပင် သိမ်းဆည်းထားနိုင်သည်။
ဟန်မူယဲ့က စွမ်းအားများကို ဆက်တိုက်စုစည်းပြီး ကြယ်နှလုံးသားထဲတွင် ထည့်ထားခဲ့သည်။
အထဲတွင်ရှိနေသော စွမ်းအားများ၏ပမာဏကို သူပင် မခန့်မှန်းနိုင်ပေ။
“ရွှပ်”
ဓားရှည်သည် မရပ်တန့်ဘဲ ခုတ်ချသည်။
ဓားချက်တစ်ချက် ....
ဓားချက်ကျဆင်းလာသောအခါတွင် လောသည် မည်းမှောင်သွားခဲ့သည်။
ကြံ့မိစ္ဆာသုံးထောင်သည် ဓားချက်အောက်တွင် ပျောက်ဆုံးသွားခဲ့သည်။
ကောင်းကင်အဆင့်ကြံ့မိစ္ဆာနှစ်ကောင်သည် ဓားချက်ကြောင့် မြေပေါ်တွင်လဲနေပြီး ပြန်ထမလာနိုင်ပေ။
ဓားသည် မာန်ဟုန်တစ်ခုကို ဖွဲ့စည်းထားသည်။ ထိုမာန်ဟုန်သည် ကောင်းကင်ကိုပင် ပြောင်းလဲစေနိုင်သည်။
ဤနေရာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမဟုတ်ပေ။ ဤနေရာရှိ ကောင်းကင်တာအိုစွမ်းအားသည် ဟန်မူယဲ့နှင့် မသက်ဆိုင်ပေ။
သူက ကောင်းကင်တာအို၏မုန်းတီးမှုကို မကြောက်သောကြောင့် ကြောက်ရွံ့မှုကင်းမဲ့နေသည်။
ဓားချက်ကြောင့် တောင်နှင့်မြစ်များ တိတ်ဆိတ်သွားသည်။
ကြံ့မိစ္ဆာများအားလုံးသည် တစ်ကိုယ်လုံးတုန်ခါလျက် မြေပြင်ပေါ်တွင် ရှိနေသည်။
ဟန်မူယဲ့က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ကြံ့ကလန်၏ ယဇ်ပလ္လင်ရှေ့သို့ ရောက်သွားသည်။
သူ့ရှေ့တွင် မီးတောက်များကြား၌ ရွှေသွေးစက်တစ်စက် ရှိနေသည်။
အဝေးတစ်နေရာတွင် ဒေါသတကြီးဟိန်းဟောက်သံကို ကြားနိုင်သည်။
မိုးပြာရောင်ခြင်္သေ့ကလန်၏ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
သို့သော် ဟန်မူယဲ့က ဂရုမစိုက်ပေ။
ချင်းရီမင်က ကတိမတည်ဘဲ မိုးပြာရောင်ခြင်္သေ့ကလန်ကို မတားဆီးခဲ့လျှင် သူက တိုက်ခိုက်လိုက်ရုံသာရှိသည်။
ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး သွေးစက်ကို ယူလိုက်သည်။
ဤတစ်ကြိမ်တွင် သူက ကြင်နာမှုပြမနေဘဲ ဓားအလင်းနှင့်နတ်အာရုံကို သွေးစက်ထဲသို့ တိုက်ရိုက်ပို့လိုက်သည်။
သွေးစက်ထဲမှ ဝမ်းနည်းနေသောငိုကြွေးသံ ထွက်ပေါ်လာသည်။
ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
ကြံ့ကလန်၏ အမွေအနှစ်ဖြစ်သည်။
ဟန်မူယဲ့က အမွေအနှစ်ကိုလက်ခံရန် စိတ်မဝင်စားပေ။
သူက ကျောက်တုံးရေအိုင်ကြံ့ကလန်ကိုသာ ထိန်းချုပ်ချင်သည်။
ဓားအလင်းသည် ပုံရိပ်များအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
သူ့ဝိညာဉ်သည် သွေးစက်ထဲသို့ ဝင်ရောက်သွားသည်။
“ဂါး ....”
သူ့စိတ်နယ်ပယ်ထဲတွင် ပေတစ်ထောင်မြင့်မားသော ကြံ့တစ်ကောင်ပေါ်လာသည်။
ရှေးခေတ်ကြံ့ရိုင်းများ၏သွေးမျိုးဆက်သည် စိတ်ကူးမယဉ်နိုင်လောက်သောခွန်အားများကို ပိုင်ဆိုင်သည်။
ကြံ့ကလန်၏ ဒေါသသည် ရှေးခေတ်ကြံ့ရိုင်းသွေးမျိုးဆက်ကြောင့် ဖြစ်ပေါ်လာသည်။
ရှေးခေတ်ကြံ့ရိုင်းသည် ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး ရှေ့တွင်ရှိသောဟန်မူယဲ့ကို ဝင်တိုက်သည်။
ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေသည်။ သူက လက်မြှောက်လိုက်သောအခါတွင် ရွှေအလင်းတစ်ခု ဆင်းသက်လာသည်။
“ဘုန်း”
ဧရာမကြံ့ပုံရိပ်သည် နှစ်ပိုင်းပြတ်သွားခဲ့သည်။
နှစ်ပိုင်းပြတ်သွားသောပုံရိပ်သည် တုန်ခါလာပြီး ပြန်လည်ပေါင်းစပ်သွားသည်။
ဓားအလင်းသည် ထပ်မံကျဆင်းလာခဲ့သည်။
ဓားအလင်းတစ်ရာခန့် ဆက်တိုက်ခုတ်ပိုင်းပြီးသောအခါတွင် ဧရာမကြံ့ကြီးသည် ရပ်တန့်သွားပြီး ဒူးထောက်ထားခဲ့သည်။
စိတ်နယ်ပယ်ထဲတွင်ရှိသော ကြံ့ပုံရိပ်ပျောက်ဆုံးသွားသောအခါတွင် ဟန်မူယဲ့၏လက်ထဲတွင်ရှိသော သွေးစက်သည် ညင်သာစွာလည်ပတ်နေသည်။
ကလန်တွင်ရှိသော ကြံ့မိစ္ဆာများအားလုံးသည် ဒူးထောက်ထားခဲ့သည်။
သွေးမျိုးဆက်စွမ်းအား ဖိနှိပ်ခံလိုက်ရသောကြောင့် သူတို့က အညံ့ခံလိုက်ရုံသာ တတ်နိုင်သည်။
သွေးမျိုးဆက်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော သွေးပုလဲကိုကိုင်ထားပြီး ဟန်မူယဲ့က အဝေးတစ်နေရာသို့ကြည့်သည်။
မိုးပြာရောင်ခြင်္သေ့ကလန်၏ ကျွမ်းကျင်သူသည် ရပ်တန့်မသွားခဲ့ပေ။
သို့သော် သူက တားဆီးခံထားရပြီး ရှေ့ဆက်တိုးမလာနိုင်ပေ။
ချင်းရီမင်က တားဆီးထားခဲ့သည်။
ထိုတိုက်ပွဲသည် တစ်ရက်ကြာခဲ့ပြီး မိုးပြာရောင်ခြင်္သေ့ကလန်၏ ကျွမ်းကျင်သူသည် ပျောက်ကွယ်သွားခဲ့သည်။
အသက်ကိုးခုကြောင်ကလန်၏ သတင်းပို့ချက်အရ မိုးပြာရောင်ခြင်္သေ့ကလန်၏ကျွမ်းကျင်သူကို ချင်းရီမင်က အနိုင်ယူပြီး စီးတော်ယာဉ်အဖြစ် အသုံးပြုခဲ့သည်။
“ချင်းရီမင်က တောင်ပိုင်းကုန်းမြေကိုရှင်းထုတ်ပစ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သင့်ပါတယ်။ သူ့နည်းလမ်းတွေက တကယ်ထူးခြားတာပဲ”
ပိုင်စုကျန်းက ဟန်မူယဲ့ကိုကြည့်ပြီး တီးတိုးရေရွတ်သည်။
ထိုလူမျိုးသည် ဟန်မူယဲ့၏ရန်သူ ဖြစ်နိုင်လိမ့်မည်။
ဟန်မူယဲ့က ကျောက်တုံးရေအိုင်ကြံ့ကလန်ကို ထိန်းချုပ်လိုက်ပြီး သုံးရက်ကြာသည်အထိ နေထိုင်ခဲ့သည်။
ထိုသုံးရက်အတွင်း၌ သူက ရှန့်လင်းရွှမ်းကို ဓားနည်းစနစ်သင်ကြားပေးပြီး ကျောက်တုံးရေအိုင်ကြံ့ကလန်၏ ပန်းပဲပညာနည်းစနစ်များကို ပြုပြင်ပေးခဲ့သည်။
သူက အနုစိတ်ကျပြီး ပေါ့ပါးသောဓားတိုများကို လိုအပ်သည်။ ကျောက်တုံးရေအိုင်ကြံ့ကလန်၏ ပန်းပဲပညာနည်းစနစ်သည် အကြမ်းထည်ဆန်ပြီး ပြုပြင်ရန်လိုအပ်နေသည်။
ဟန်မူယဲ့က ကျောက်တုံးရေအိုင်ကြံ့ကလန်၏သွေးမျိုးဆက်ကို ထိန်းချုပ်ပြီး ပန်းပဲပညာရပ်များကို သင်ကြားပေးခဲ့သည်။ ကျောက်တုံးရေအိုင်ကြံ့ကလန်သည် သူလိုအပ်သောဓားများကို သုံးရက်အတွင်း သန့်စင်ပေးခဲ့သည်။
ထို့နောက် ရှန့်လင်းရွှမ်းက ဆင်ကလန်၏ဘိုးဘေးကို ရှာဖွေရန်အတွက် ဆင်နားရွက်တောင်သို့ ထွက်သွားခဲ့သည်။
ကြံ့ကလန်၏ နေရာရွှေ့ပြောင်းမှုသည် လဝက်ကြာခဲ့သည်။ သူတို့က မိုင်ထောင်ချီခရီးသွားပြီး အသက်ကိုးခုကြောင်ကလန်နှင့် အစိမ်းရောင်မြေခွေးကလန်ကြားတွင် နေရာချလိုက်သည်။
အနာဂတ်တွင် ကြံ့ကလန်သည် အသက်ကိုးခုကြောင်ကလန်နှင့် အစိမ်းရောင်မြေခွေးကလန်အတွက် လိုအပ်သောဓားများကို သန့်စင်ပေးရလိမ့်မည်။
ပိုလျှံသောဓားများရှိလျှင် ရောင်းချနိုင်သည်။
ကြံ့ကလန်တစ်ခုလုံး ရွှေ့ပြောင်းလာခဲ့ပြီး လမ်းတစ်လျှောက်တွင် ကလန်အများအပြားနှင့် ဆုံတွေ့ခဲ့ရသည်။
ဟန်မူယဲ့ပေါ်မလာလျှင် ပိုင်ဝူဟန်နှင့် အစိမ်းရောင်မြေခွေးကလန်၏ ကျွမ်းကျင်သူများက တခြားကလန်များနှင့် ဆက်သွယ်လိမ့်မည်။
ဟန်မူယဲ့က အသက်ကိုးခုကြောင်ကလန်သို့ ပြန်ရောက်လာသောအခါတွင် သီးသန့်ကျင့်ကြံနေခဲ့သည်။
ဤခရီးတွင် ဟန်မူယဲ့က ဓားမာန်ဟုန်ဖြင့် တိုက်ခိုက်ခဲ့ပြီး ဓားတာအိုနှင့်ပတ်သတ်၍ ပိုမိုနားလည်လာသည်။
ဆယ်ရက်အကြာတွင် သူက သီးသန့်ကျင့်ကြံရာမှ ထွက်လာခဲ့ပြီး ကျားဖြူကလန်၏ကျွမ်းကျင်သူများ ရောက်နေကြောင်း ရှန်လင်းယွီက သတင်းပို့ခဲ့သည်။
ထို့အပြင် အရှေ့ပင်လယ်ဓားကျင့်ကြံသူများကို ကလန်အများအပြားက တိုက်ခိုက်ခဲ့ပြီး အခြေအနေဆိုးနေသည်။
“သူတို့က အရှေ့ပင်လယ်ရဲ့ဓားကျင့်ကြံသူတွေဆိုမှတော့ ဖြစ်နိုင်ရင် ကူညီပေးလိုက်ပါ”
ဟန်မူယဲ့က ရှန်လင်းယွီကို ကြည့်သည်။
“သွားတော့”
ထိုသို့ဖြင့် သူက တဲအိမ်ထဲမှထွက်လာသည်။
ခေါင်းပေါ်တွင် ‘ဘုရင်’ဟူသော ရွှေရောင်စာလုံးများနှင့် အရပ်ရှည်သော လူငယ်နှစ်ယောက်သည် အပြင်ဘက်တွင် ရှိနေသည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အင်မော်တယ်ဟန်လား”
“လျှို့ဝှက်နယ်မြေမှာ ဒုက္ခရောက်နေရင် အင်မော်တယ်ဟန်ဆီကနေ အကူအညီတောင်းနိုင်တယ်လို့ ခေါင်းဆောင်က ပြောလိုက်တယ်”
ကျားဖြူကလန်၏ လက်ရွေးစင်နှစ်ယောက်သည် ဟန်မူယဲ့ကို ဦးညွှတ်လိုက်ပြီး တီးတိုးပြောသည်။
“ကျားဖြူကလန်ကို လွတ်မြောက်အောင်ကူညီပေးဖို့ အင်မော်တယ်ဟန်ကို တောင်းဆိုပါတယ်”
အသက်ကိုးခုကြောင်ကလန်မှ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူ၏ ဦးဆောင်မှုအောက်တွင် သူတို့နှစ်ယောက်က အစိမ်းရောင်ဖျံကလန် သန့်စင်ထားသော ကျောက်စိမ်းမြစ်ဆေးလုံးနှင့် တခြားဆေးလုံးများ၊ ကျောက်တုံးရေအိုင်ကြံ့ကလန်သန့်စင်ထားသော ဓားများကို မြင်ခဲ့ရသည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက်က ဆေးလုံးနှင့်လက်နက်များကို ရရှိခဲ့သည်။
ထိုပစ္စည်းများသည် အလွန်ကောင်းမွန်ပြီး သူတို့ကလန်၏တိုက်ခိုက်နိုင်စွမ်းကို လျင်မြန်စွာတိုးတက်စေလိမ့်မည်။
“သခင်၊ သူတို့ကို ပစ္စည်းတွေ အလကားပေးလိုက်တော့မှာလား”
အမြီးလေးချောင်းရှိနေသော ရှန်စန်းက ရတနာများအား ပျော်ရွှင်စွာယူသွားသော ကျားဖြူကလန်၏လက်ရွေးစင်နှစ်ဦးကို တိတ်ဆိတ်စွာကြည့်နေသည်။
ဟန်မူယဲ့က သူ့ကိုတစ်ချက်ကြည့်ပြီး တဲအိမ်ထဲသို့ ဝင်သွားသည်။
သိပ်မဝေးသောနေရာတွင် ဟွမ်ကျစ်ဟူက နည်းလမ်းတကျ စာသင်ကြားနေသည်။
ယခုအချိန်တွင် အသက်ကိုးခုကြောင်ကလန်၏ ကလန်သားအများစုသည် ကဗျာအချို့ကို ရွတ်ဆိုနိုင်ပြီဖြစ်သည်။
ငါးရက်အကြာတွင် ကျားဖြူကလန်၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတစ်ဦး ရောက်လာသည်။ သူက ကျားဖြူသွေးစက် သုံးစက်၊ ဝိညာဉ်ကျောက်တုံးသုံးသန်းနှင့် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်တစ်ခုကို ယူလာခဲ့သည်။
ထိုပစ္စည်းများ၏တန်ဖိုးသည် ဟန်မူယဲ့ပေးလိုက်သောပစ္စည်းများထက် အဆပေါင်းများစွာအဖိုးတန်သည်။
“သခင်က တကယ့်ကိုအမြင်ကျယ်တာပဲ”
ရှန်စန်းက ထိုပစ္စည်းများကိုကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားခဲ့သည်။
ဟန်မူယဲ့က ထိုပစ္စည်းများကို ယူထားလိုက်သည်။ ကျားဖြူကလန်၏ကျွမ်းကျင်သူ ထွက်သွားသောအခါတွင် ဟန်မူယဲ့က အစိမ်းရောင်မြေခွေးကလန်သို့ စာပို့သည်။ ထို့နောက် အသက်ကိုးခုကြောင်ကလန်သား ၃၆,၀၀၀ကို စုစည်းလိုက်ပြီး တိတ်ဆိတ်စွာထွက်သွားခဲ့သည်။
ခရမ်းရောင်ကျားသစ်ကလန်သည် ကြောင်ကလန်နှင့် သွေးမျိုးဆက်တူသည်။
ဟန်မူယဲ့က သွေးမျိုးဆက်များအကြောင်းကို လေ့လာနေသောအချိန်တွင် ထိုကလန်၏အကြောင်းကို တွေးခဲ့သည်။
လျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် ခရမ်းရောင်ကျားသစ်ကလန်သည် ထိပ်တန်းအဆင့်နှင့်နီးကပ်နေသော အလွန်ကြီးမားသည့်ကလန်တစ်ခု ဖြစ်သည်။
သူတို့ကလန်တွင် ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများရှိသည်။
အသက်ကိုးခုကြောင်ကလန်နှင့် အစိမ်းရောင်မြေခွေးကလန်သည် ထိုကလန်မျိုးကို မည်သို့အနိုင်ရမည်နည်း။
....
ထုံထျန်းကမ်းပါး၊ ခရမ်းရောင်ကျားသစ်ကလန် ....
ခရမ်းရောင်ကျားသစ်ကလန်၏ခေါင်းဆောင် ယန်းယန်နှင့် မဟာအကြီးအကဲ ယန်ဟမ်တို့၏မျက်နှာထားသည် မည်းမှောင်နေသည်။
သူတို့အောက်တွင်ရှိသော ကျွမ်းကျင်သူများ၏မျက်နှာထားသည် လေးနက်နေသည်။
“ကျားဖြူကလန်ကိုတိုက်ခိုက်ဖို့ အရေးကြီးနေတယ်။ ငါဆင့်ခေါ်လိုက်တဲ့အချိန်မှာ ကလန်သုံးခုက ရောက်မလာခဲ့ဘူး။ ငါ့စကားကို ဟာသလို့ထင်နေကြတာလား”
ယန်းယန်၏မျက်နှာထားက မည်းမှောင်နေပြီး အေးစက်စွာပြောသည်။
ယန်းယန်က ဝိညာဉ်သူငယ်နဝမအဆင့်သို့ ရောက်နေသောကြောင့် သူ့အငွေ့အသက်သည် ချောက်နက်တစ်ခုကဲ့သို့ နက်ရှိုင်းလှသည်။ သူ့ဒေါသသည် ပေါက်ကွဲထွက်လာသောချော်ရည်များနှင့်တူပြီး နေရာတစ်ခုလုံးကို လောင်ကျွမ်းနေသည်။
ဝိညာဉ်သူငယ်နဝမအဆင့်သည် ဝိညာဉ်ကိုယ်ခွဲအဆင့်နှင့် ခြေလှမ်းတစ်ဝက်သာကွာတော့သည်။ သူ့ဝိညာဉ်စွမ်းအားသည် ကိုယ်ပွားတစ်ခုအဖြစ် စုစည်းနိုင်သည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတစ်ခုလုံးတွင် ယန်းယန်၏ခွန်အားသည် ထိပ်တန်းအဆင့်ဖြစ်သည်။
ထို့ကြောင့် ခရမ်းရောင်ကျားသစ်ကလန်က ခြင်္သေ့ဝါကလန်နှင့်ပူးပေါင်းပြီး ကျားဖြူကလန်ကို တိုက်ခိုက်ခဲ့သည်။
“ခေါင်းဆောင် ပင်းယန်ကလန်နဲ့ ခယ့်ယန်ကလန်က လေးစားမှုရှိပါတယ်။ သူတို့က မလာဘဲနေမှာမဟုတ်ပါဘူး”
သံချပ်ကာဝတ်ထားသော ခန္ဓာကိုယ်တောင့်တင်းသည့် ခရမ်းရောင်ကျားသစ်အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့ သတင်းပေးလိုက်တဲ့အခါမှာ သူတို့က မြန်မြန်လူစုလိုက်မယ်လို့ ပြောခဲ့ပါတယ်”
နောက်ထပ်အကြီးအကဲတစ်ယောက်က ပြောသည်။
တဲအိမ်ထဲတွင် တခြားလူများက ခေါင်းညိတ်လိုက်သည်။
ပုံမှန်အတိုင်းဆိုလျှင် ထိုကလန်များသည် အမိန့်ကို လိုက်နာလိမ့်မည်။
“အဲဒါဆိုရင် ကျားဖြူကလန်က အရင်ဆုံးတိုက်ခိုက်လာတာလား” ယန်းယန်က မျက်မှောင်ကြုတ်လိုက်ပြီး မဟာအကြီးအကဲကို လှည့်ကြည့်သည်။
မဟာအကြီးအကဲယန်းဟမ်သည် ကလန်အတွင်း၌ ဒုတိယမြောက်အသန်မာဆုံး ကျွမ်းကျင်သူဖြစ်သည်။ သူ့ကျင့်ကြံခြင်းသည် ဝိညာဉ်သူငယ် သတ္တမအဆင့်၏ ထိပ်ဆုံးသို့ ရောက်နေသည်။
“ခေါင်းဆောင်က စစ်တပ်ကိုဦးဆောင်ပြီး အရင်ဆုံးချီတက်နှင့်ပါ။ ငါက ပင်းယန်ကလန်ကို သွားကြည့်လိုက်ပါ့မယ်”
ယန်းဟမ်က မတ်တပ်ရပ်လိုက်ပြီး ရှင်းလင်းသောအသံဖြင့် ပြောသည်။
ပင်းယန်ကလန်သည် အနီးဆုံးဖြစ်သည်။ ထိုကလန်၏အခြေအနေကို စစ်ဆေးနိုင်လျှင် တခြားကလန်နှစ်ခု၏အခြေအနေကိုလည်း နားလည်နိုင်မည်။
ယန်းယန်က စဉ်းစားလိုက်ပြီး ခေါင်းညိတ်သည်။
ခြင်္သေ့ဝါကလန်သည် ခရမ်းရောင်ကျားသစ်ကလန်ထက် သန်မာသော်လည်း ကျားဖြူကလန်သည် အစစ်အမှန်ခြိမ်းခြောက်မှုဖြစ်သည်။