← Chapters

အခန်း (၄၂၅)

Vol. 31 Ch. 425

အခန်း (၄၂၅)

Vol. 31 Ch. 425

ကလန်များကိုစုစည်း၍ မိုးပြာရောင်ခြင်္သေ့ကလန်နှင့် တိုက်ခိုက်နေသော ချင်းရီမင်က ကောင်းကင်ထက်တွင်ရှိသော ပြောင်းလဲမှုကို အာရုံခံမိသောအခါ အံ့အားသင့်သွားခဲ့သည်။

‘ယန်းယန်က ဘယ်လောက်တောင်သန်မာလိုက်သလဲ’

‘ဝိညာဉ်သူငယ်နဝမအဆင့် ကျွမ်းကျင်သူကြီးလေ’

သူ ချင်းရီမင်က ကိုယ်ပိုင်ခွန်အားနှင့် လျှို့ဝှက်ရတနာများကို အားကိုး၍ ဝိညာဉ်သူငယ်သတ္တမအဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်ရဲသည်။

ဝိညာဉ်သူငယ်နဝမအဆင့်ဆိုလျှင် သေတွင်းတူးနေခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင် ဟန်မူယဲ့က ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူကို လိုက်ဖမ်းနေသည်။

‘ဟန်မူယဲ့က ဘယ်လောက်အထိသန်မာတာလဲ’

“အမ်၊ ခေါင်းဆောင်ချင်းလား”

ဟန်မူယဲ့က ရပ်တန့်လိုက်ပြီး အောက်သို့ငုံ့ကြည့်သည်။

“မင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရတာပဲ။ ငါကူညီပေးရမလား”

သူ့စကားကို ကြားရသောအခါတွင် မိုးပြာရောင်ခြင်္သေ့ကလန်၏ ကောင်းကင်အဆင့်နှင့် ကောင်းကင်တစ်ဝက်အဆင့်ကျွမ်းကျင်သူများက မိစ္ဆာစွမ်းအင်အလင်းထဲတွင် အေးခဲသွားပြီး သတိထား၍ ဟန်မူယဲ့ကို စောင့်ကြည့်နေသည်။

ချင်းရီမင်၏နှုတ်ခမ်းထောင့်များက တွန့်သွားပြီး ခေါင်းခါသည်။ “ညီအစ်ကိုဟန်၊ ကိုယ့်ကိစ္စကိုယ်သာ လုပ်လိုက်ပါ”

အကယ်၍ ဟန်မူယဲ့တိုက်ခိုက်လာလျှင် ရန်သူများနှင့်အတူ သူလည်း သေဆုံးသွားလိမ့်မည်။

ဟန်မူယဲ့က ထိုသို့လုပ်နိုင်ကြောင်း သူသိထားသည်။

ဟန်မူယဲ့က နောင်တရသောမျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး ဓားအလင်းအဖြစ်ပြောင်း၍ ဆက်လက်ပျံသန်းသွားသည်။

ကောင်းကင်မြေခွေး၏စွမ်းအားကိုအသုံးပြု၍ ဓားအလင်းအဖြစ် အသွင်ပြောင်းထားသောကြောင့် ဟန်မူယဲ့က ကိုယ်ပိုင်စွမ်းအားထက် ပိုမိုသန်မာနေပုံပေါ်သည်။

ကံမကောင်းစွာဖြင့် တခြားလူများသည် ထိုအရာကို ဖြတ်မမြင်နိုင်ပေ။

ဟန်မူယဲ့နှင့် ယန်းယန်က ဆင်နားရွက်တောင်ကို ဖြတ်ပြေးသွားသောအခါတွင် ရှန့်လင်းရွှမ်းက ခေါင်းမော့ကြည့်သည်။

“ဘိုးဘေး၊ အဲဒါက အစ်ကိုဟန်ပါ”

သူက ရှေ့တွင်ရှိသောကျောက်နံရံကို တီးတိုးပြောသည်။

ကျောက်နံရံက တုံ့ပြန်မှုပေးလိုက်သည့်အလား တုန်ခါသွားသည်။

“သူ့မှာ မိစ္ဆာတစ်သောင်းတံဆိပ်ကို ထိန်းချုပ်နိုင်မဲ့အခွင့်အရေး ရှိနေလား”

ရှန့်လင်းရွှမ်းက တောက်ပနေသောမျက်လုံးများဖြင့် တီးတိုးပြောသည်။

“အဲဒီလိုဆိုရင်တော့ သူ့နောက်ကိုလိုက်တာက ရွေးချယ်မှုကောင်းတစ်ခုပဲ”

....

စိမ်းလန်းနေသောတောင်တန်းတွင် လှုပ်ရှားနေသော ကျောက်စိမ်းဖြူပုံရိပ်က ရုတ်တရက် ရပ်တန့်သွားသည်။

“ဝိညာဉ်သူငယ်နဝမအဆင့် မဟာမိစ္ဆာက ထွက်ပြေးနေရတာလား”

“လိုက်ဖမ်းနေတဲ့လူက ဟန်မူယဲ့လား”

လက်နှစ်ဖက်မရှိသော ဟယ်ထျန်းကျန်း၏မျက်လုံးများ တောက်ပသွားသည်။

“ပျော်စရာပဲ”

သူက လှုပ်ရှားလိုက်ပြီး တောင်ပံမရှိသော ဧရာမကြိုးကြာတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။

“ကျီ ....”

ရှည်လျားသောအော်သံနှင့်အတူ လောကသည် အရောင်ပြောင်းသွားခဲ့သည်။

ရှေးခေတ်မဟာမိစ္ဆာ ....

ကောင်းကင်ကြိုးကြာ၏ အစစ်အမှန်ပုံစံဖြစ်သည်။

ရှေးခေတ်မိစ္ဆာသည် လမ်းပိတ်ထားခဲ့သည်။

ယန်းယန်၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ဦးတည်ချက်ပြောင်းပြီး ထွက်ပြေးသွားသည်။

ဟန်မူယဲ့က အောက်သို့ဆင်းသက်လာပြီး ကောင်းကင်ကြိုးကြာ၏ရှေ့တွင် ရပ်သည်။

“ဟားဟား၊ အဲဒီကောင်က မင်းကြောင့် လန့်နေတာ။ ငါက သူ့ကို တကယ်တားနိုင်မယ်လို့ ထင်နေတယ်”

ဟယ်ထျန်းကျန်းက ရယ်လိုက်ပြီး ခုန်ပေါက်သည်။

“အမှန်အတိုင်းပြောရရင် ငါ့ရဲ့ အစစ်အမှန်ခန္ဓာကိုယ်မှာ ခွန်အားသိပ်မရှိဘူး။ ငါက သူ့ကို မတားနိုင်ဘူး”

ဟယ်ထျန်းကျန်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး သိချင်စိတ်များနှင့်အတူ မေးသည်။

“ငါတို့နောက်ဆုံးတွေ့ခဲ့တာ ဘယ်လောက်ကြာပြီမလို့လဲ။ မင်းက ဝိညာဉ်သူငယ်နဝမအဆင့်ကို လိုက်ဖမ်းနိုင်အောင် သန်မာနေပြီလား”

ဟန်မူယဲ့က ဟယ်ထျန်းကျန်းကို ကြည့်သည်။

“ခင်ဗျားလိုမျိုး အပေါ်ယံပဲရှိတာပါ”

ဟယ်ထျန်းကျန်း၏မျက်နှာထားက ပြောင်းလဲသွားသည်။

‘အပေါ်ယံပဲ ဟုတ်လား’

‘အဲဒါဆိုရင် ငါက ဘာဖြစ်လို့ ဝိညာဉ်သူငယ်နဝမအဆင့် မဟာမိစ္ဆာကို တားနိုင်ခဲ့တာလဲ’

‘ငါက အဲဒီမိစ္ဆာနဲ့ တကယ်တိုက်ခိုက်မယ်ဆိုရင် ရလဒ်က ....’

“ဒါပေမဲ့ သူက ငါ ဟန်မူယဲ့ရဲ့ရှေ့မှာ လမ်းဘေးခွေးတစ်ကောင်လိုပဲ ထွက်ပြေးနေရမယ်”

ဟန်မူယဲ့က ခပ်အုပ်အုပ်အော်ဟစ်လိုက်ပြီး ကောင်းကင်ကြိုးကြာတောင်ပံများကိုလှုပ်ရှား၍ အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားသည်။

ဟယ်ထျန်းကျန်းက ရယ်လိုက်ပြီး နောက်မှ လိုက်သွားသည်။

‘စိတ်ဝင်စားစရာပဲ’

ရှေးခေတ်မိစ္ဆာတစ်ကောင်သည် လူသားဓားကျင့်ကြံသူနှင့်ပူးပေါင်းပြီး ခရမ်းရောင်ကျားသစ်ကလန်၏ ခေါင်းဆောင်ဖြစ်သော ယန်းယန်ကို လိုက်ဖမ်းနေသည်။

ဟယ်ထျန်းကျန်းက မိစ္ဆာစွမ်းအင်များကိုထုတ်လွှတ်၍ ဟန်မူယဲ့နှင့်အတူ လိုက်လာသောအခါတွင် လျှို့ဝှက်နယ်မြေတစ်ခုလုံး ဆူပွက်သွားသည်။

လျှို့ဝှက်နယ်မြေတွင် ရှေးခေတ်မိစ္ဆာတစ်ကောင် နိုးထလာခဲ့သော နောက်ဆုံးအချိန်သည် လွန်ခဲ့သော နှစ်တစ်သိန်းတွင်ဖြစ်သည်။

ထိုအချိန်တွင် မိစ္ဆာတစ်သောင်းတံဆိပ်၏ ပိုင်ရှင်ဖြစ်သော သွမ်ကျိုးရှောင်က ထွက်သွားခဲ့သည်။ ရှေးခေတ်မိစ္ဆာနှစ်ကောင် နိုးထလာပြီး ရှုပ်ထွေးနေသောအခြေအနေကို ဖိနှိပ်ခဲ့သည်။

နောက်ပိုင်းတွင် ထိုမိစ္ဆာနှစ်ကောင်သည် ပြန်အိပ်ပျော်သွားသည်။

“ရှေးခေတ်မိစ္ဆာတစ်ကောင်က ဘာဖြစ်လို့နိုးလာတာလဲ”

“အဲဒါက ကောင်းကင်ကြိုးကြာ ဟယ်ထျန်းကျန်းပဲ”

“အာကာသကို ဖြတ်သန်းသွားလာနိုင်တဲ့ ရှေးခေတ်မိစ္ဆာကြီး ဟယ်ထျန်းကျန်း။ လျှို့ဝှက်နယ်မြေကနေ သူထွက်သွားတာကို တားဆီးဖို့အတွက် သွမ်ကျိုးရှောင်က သူ့တောင်ပံတွေကို ဖြတ်ယူခဲ့တယ်”

ဟယ်ထျန်းကျန်းကို မှတ်မိနေသော မိစ္ဆာအချို့က ထိတ်လန့်စွာပြောသည်။

ဟန်မူယဲ့နှင့် ဟယ်ထျန်းကျန်းကို စစ်ဆေးရန်အတွက် နတ်အာရုံများ ရောက်လာခဲ့သည်။ သို့သော် ဟန်မူယဲ့၏ သမာဓိစွမ်းအားကြောင့် ပျက်စီးသွားကြသည်။

မဟာမိစ္ဆာများက ပိုမိုကြောက်ရွံ့သွားကြသည်။

သူတို့က မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေ၏ ထိပ်တန်းကျွမ်းကျင်သူများဖြစ်သည်။ သူတို့၏နတ်အာရုံက ဟန်မူယဲ့ကို မစစ်ဆေးနိုင်လျှင် ထိုဓားကျင့်ကြံသူ၏ခွန်အားသည် သူတို့နှင့်တူညီပြီး သူတို့ထက် မြင့်မားနေခြင်း ဖြစ်နိုင်သည်။

“လူသား၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေက ဓားအင်မော်တယ်”

“သူက ရှေးခေတ်ကျင့်ကြံသူကြီးတစ်ယောက်ရဲ့ တပည့်လို့ပြောကြတယ်။ သွမ်ကျိုးရှောင်နဲ့တောင် ဆက်စပ်နေတယ်တဲ့”

ဟန်မူယဲ့၏နာမည်သည် လျင်မြန်စွာပျံ့နှံ့သွားသည်။

ကောင်းကင်ထက်တွင် ပုံရိပ်သုံးခုပြေးလွှားနေသည်။ အသက်ကိုးခုကြောင်ကလန်နှင့် ဟန်မူယဲ့အကြောင်း အချက်အလက်အမျိုးမျိုး ပေါ်ထွက်လာသည်။

“မျိုးဆက်သစ်ကျင့်ကြံသူတစ်ယောက်က ယန်းယန်ကို သတ်ဖြတ်နိုင်မှာလား”

မိစ္ဆာအများစု မျက်မှောင်ကြုတ်သည်။

ဟန်မူယဲ့၏ နောက်ခံနှင့် အသက်အရွယ်အရ ဝိညာဉ်သူငယ်နဝမအဆင့်ကျင့်ကြံသူတစ်ဦးကို လိုက်ဖမ်းနိုင်စွမ်း မရှိသင့်ပေ။

‘သူ့မှာ လျှို့ဝှက်ချက်တစ်ခု ရှိနေတာလား။ ဒါမှမဟုတ် သူ့မှာ တကယ်ခွန်အားရှိတာလား’

မိစ္ဆာအများအပြားသည် နောက်မှ တိတ်ဆိတ်စွာလိုက်လာသည်။

“ဟန်လေး၊ မင်းက သူ့ကို ဘာဖြစ်လို့ လိုက်ဖမ်းနေတာလဲ”

လက်ပြတ်နေသောလူငယ်တစ်ယောက်အဖြစ် အသွင်ပြောင်းထားသောဟယ်ထျန်းကျန်းက ဟန်မူယဲ့ကိုကြည့်ပြီး တီးတိုးပြောသည်။

“ငါတို့နှစ်ယောက်လုံးက ဟန်ပြပဲရှိတယ်။ အဲဒီကျွမ်းကျင်သူတွေအားလုံးကို မတားနိုင်ဘူး”

ဟယ်ထျန်းကျန်း၏အမြင်တွင် သွမ်ကျိုးရှောင်ရွေးချယ်ထားသော အမွေဆက်ခံသူဖြစ်သည့်အတွက် ဟန်မူယဲ့က လျှို့ဝှက်နယ်မြေတွင် ခွန်အားစုဆောင်းပြီး ဖြည်းဖြည်းချင်း တိုးတက်လာသင့်သည်။

ဟန်မူယဲ့၏ပါရမီနှင့် ဓားတာအိုကျင့်ကြံခြင်းသည် ထိပ်တန်းအဆင့်တွင်ရှိသည်။ သူ့မှာ အချိန်ရှိလျှင် အမှန်တကယ်တိုးတက်လာလိမ့်မည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်လမ်းလျှောက်သူများသည် လျှို့ဝှက်နယ်မြေတွင် ဆယ်နှစ်နေနိုင်သည်။ ဟန်မူယဲ့က ဆယ်နှစ်အတွင်း၌ နယ်မြေတစ်ခုကိုဖိနှိပ်နိုင်သော ကျင့်ကြံသူကြီးတစ်ယောက် ဖြစ်လာလိမ့်မည်။

ထင်ပေါ်စွာဖြင့် ယန်းယန်ကိုလိုက်ဖမ်းနေခြင်းသည် မသင့်တော်ပေ။

ထိုအချက်သည် အလွန်ထူးဆန်းသည်။

ဟန်မူယဲ့က တုံးအသောလူတစ်ယောက် မဟုတ်ပေ။

ဟယ်ထျန်းကျန်း၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့၏မျက်နှာထားက ဖြည်းဖြည်းချင်းလေးနက်လာပြီး ခေါင်းခါသည်။

ခရမ်းရောင်ကျားသစ်ကလန်သည် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေ၏ ထိပ်တန်းကလန်တစ်ခုဖြစ်သည်။ ယန်းယန်သည် ဝိညာဉ်သူငယ်နဝမအဆင့်တွင် ရှိသည်။

အသက်ကိုးခုကြောင်ကလန်နှင့် အစိမ်းရောင်မြေခွေးကလန်တို့၏ခွန်အားအရ ခရမ်းရောင်ကျားသစ်ကလန်ကို စိန်မခေါ်နိုင်ပေ။

ဤတစ်ကြိမ်တွင် သူက ခရမ်းရောင်ကျားသစ်ကလန်၏ သွေးမျိုးဆက်စွမ်းအားကို ပေါင်းစပ်ပြီး အခြေအနေကို ပြောင်းလဲနိုင်ခဲ့သည်။ ဟန်မူယဲ့၏ အမျိုးမျိုးသောအစီအစဉ်များကြောင့် ထိုရလဒ်မျိုး ဖြစ်ပေါ်လာသော်လည်း အမှားအယွင်းရှိလာလျှင် အားလုံးပျက်စီးသွားလိမ့်မည်။

သူက ဟွမ်ကျစ်ဟူကို အပြင်သို့ စောစီးစွာခေါ်ထုတ်ချင်ရုံဖြင့် ထိုစွန့်စားမှုမျိုး ပြုလုပ်မည်မဟုတ်ပေ။

ကျားဖြူကလန်ကို ကူညီရန်အတွက်လည်း အားထုတ်ရန်မလိုပေ။

သူစွန့်စားခဲ့သော အဓိကအကြောင်းအရင်းသည် ဝိညာဉ်သံချပ်ကာမိစ္ဆာများကြောင့် ဖြစ်သည်။

မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသို့ ရောက်လာသောအခါတွင် ကြေးခွံနက်ငါးမိစ္ဆာများ ပျောက်ကွယ်သွားကြောင်း ချင်းရီမင်က သတိပေးခဲ့သည်။

အသက်ကိုးခုကြောင်ကလန်ကပင် ဝိညာဉ်သံချပ်ကာမိစ္ဆာများကို မရှာနိုင်ခဲ့ပေ။

အလွန်ထူးဆန်းသည်။

ဟန်မူယဲ့က ရှန်လင်းယွီကို ကိုယ်တိုင်ရှာဖွေရန် စေခိုင်းလိုက်သောအခါတွင် သဲလွန်စအချို့ တွေ့ခဲ့ရသည်။

လျှို့ဝှက်နယ်မြေ၏တောင်ပိုင်းတွင် ပျက်သုဉ်းခြင်းပင်လယ်ရှိသည်။

မည်းနက်နေသော ပင်လယ်တစ်စင်းဖြစ်သည်။ ပင်လယ်သည် အကန့်အသတ်မဲ့ကျယ်ပြောပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ဖိနှိပ်နိုင်သည်။ ထိုပင်လယ်၌ သူကိုယ်တိုင်ပင် ဝိညာဉ်စွမ်းအား ၁၀%ကိုသာ ထုတ်လွှတ်နိုင်သည်။

သွေးမျိုးဆက်နှင့် ရုပ်ခန္ဓာစွမ်းအားကိုသာ မှီခိုနိုင်သည်။

ထိုပင်လယ်တွင် အလွန်သန်မာသော ငါးမိစ္ဆာများနေထိုင်သည်။ ကျားငါးမန်းကလန်ဖြစ်သည်။

ကျားငါးမန်းမိစ္ဆာများ၏ခွန်အားသည် လွှမ်းမိုးနိုင်စွမ်းရှိသည်။ သူတို့က ပျက်သုဉ်းခြင်းပင်လယ်တွင် သောင်းကျန်းနေပြီး ပြိုင်ဘက်ကင်းသည်။

သို့သော် ထိုသို့ အားကောင်းသော ထိပ်တန်းကလန်ကြီးတစ်ခုသည် အပြင်းအထန်ထိခိုက်နေသည်။

ပျက်သုဉ်းခြင်းပင်လယ်ကမ်းခြေတွင် ရှန်လင်းယွီက အပြင်းအထန်ဒဏ်ရာရထားသော ကမ္ဘာမြေအဆင့် ကျားငါးမန်းမိစ္ဆာတစ်ယောက်ကို ပြန်သယ်လာခဲ့သည်။

ထိုကျားငါးမန်းမိစ္ဆာမှတစ်ဆင့် ပျက်သုဉ်းခြင်းပင်လယ်တွင် ဝိညာဉ်သံချပ်ကာငါးမိစ္ဆာများ ကြီးစိုးနေကြောင်း သိခဲ့ရသည်။

ကျားငါးမန်းကလန်၏ ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများနှင့် ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ ရောက်ရှိနေသော အဆင့်မြင့်အကြီးအကဲသည် ဝိုင်းရံသတ်ဖြတ်ခံလိုက်ရသည်။

ဝိညာဉ်သံချပ်ကာငါးမိစ္ဆာများတွင် ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ရောက်နေသော ကျွမ်းကျင်သူများ ရှိနေသည်။ သူတို့တွင် မရေမတွက်နိုင်သော ကလန်ခွဲများလည်း ရှိသည်။

ဝိညာဉ်သံချပ်ကာငါးမိစ္ဆာများသည် အုပ်စု၁၃ခုရှိသည်။ သူတို့က ပျက်သုဉ်းခြင်းပင်လယ်တွင် ကျန်ရှိနေသော ကျားငါးမန်းမိစ္ဆာများကို လိုက်လံသတ်ဖြတ်နေသည်။

အသက်ရှင်ကျန်ရစ်နေသော ကျားငါးမန်းမိစ္ဆာများသည် လျှို့ဝှက်နယ်မြေ၏ အတွင်းပိုင်းသို့ ပြောင်းရွှေ့လာရသည်။

ဟန်မူယဲ့၏အမြင်တွင် ထိုသို့အားကောင်းသော ဝိညာဉ်သံချပ်ကာငါးမိစ္ဆာအုပ်စုသည် ပျက်သုဉ်းခြင်းပင်လယ်တွင် ရပ်တန့်သွားလိမ့်မည်မဟုတ်ပေ။

ကျားငါးမန်းကလန်ကို ဖြေရှင်းပြီးလျှင် သူတို့က ကုန်းပေါ်သို့ သေချာပေါက် တက်လာလိမ့်မည်။

ကျားငါးမန်းကလန်ကို သတ်ဖြတ်နိုင်သော ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် မိစ္ဆာကလန်အများစုကို သိမ်းပိုက်နိုင်သည်။

ဝိညာဉ်သံချပ်ကာငါးမိစ္ဆာများ ကုန်းပေါ်သို့တက်လာလျှင် ပြင်ဆင်မှုမရှိသော ကလန်များအတွက် ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မည်။

လျှို့ဝှက်နယ်မြေအတွင်းရှိမိစ္ဆာများသည် ပျက်သုဉ်းခြင်းပင်လယ်၏ပြောင်းလဲမှုကို သတိမထားမိကြသေးပေ။

ထို့ကြောင့် ဟန်မူယဲ့က ယန်းယန်ကိုလိုက်ဖမ်း၍ ထိပ်တန်းမိစ္ဆာများ၏ အာရုံစိုက်မှုကို မသိမသာဆွဲယူပြီး ပျက်သုဉ်းခြင်းပင်လယ်ဆီသို့ ဦးတည်နေသည်။

“အကြီးအကဲကြိုးကြာ၊ ခင်ဗျားက ပြန်နိုးလာနိုင်တယ်ဆိုမှတော့ တခြားရှေးခေတ်မိစ္ဆာတွေလည်း နိုးလာနိုင်တယ်မဟုတ်လား”

“သူတို့ကို ဘယ်လိုနှိုးရမလဲ သိလား”

ဟန်မူယဲ့က ဟယ်ထျန်းကျန်း၏မေးခွန်းကို မဖြေဘဲ ပြန်မေးလိုက်သည်။

ရှေးခေတ်မိစ္ဆာများကို နှိုးချင်သည်။

မိစ္ဆာကလန်များ၏ခွန်အားကို ဟန်မူယဲ့နားလည်ထားသည်။ သူတို့၏ခွန်အားဖြင့် ဝိညာဉ်သံချပ်ကာငါးမိစ္ဆာကလန်ကို မတားနိုင်ပေ။

ရှေးခေတ်မိစ္ဆာ တစ်ယောက် နှစ်ယောက်ခန့်ကို နှိုးနိုင်လျှင် လျှို့ဝှက်နယ်မြေ၏အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်။

သို့သော် သူက နိုးထလာမည့်လူများကို အာရုံစိုက်ထားရန်လိုအပ်သည်။ သူနှင့်အဆင်မပြေသောမိစ္ဆာများ နိုးထလာလျှင် ပြဿနာတက်လိမ့်မည်။

“ရှေးခေတ်မိစ္ဆာတွေကို နှိုးချင်တာလား”

ဟယ်ထျန်းကျန်း၏မျက်နှာထားက ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

“လျှို့ဝှက်နယ်မြေမှာ တစ်ခုခုဖြစ်နေပြီလား”

ဟယ်ထျန်းကျန်းက ပါးနပ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်သံချပ်ကာငါးမိစ္ဆာကလန်၏အကြောင်းကို ပြောပြသည်။

“ကျားငါးမန်းကလန်က ပျက်စီးသွားတော့မှာလား”

ဟယ်ထျန်းကျန်းက မျက်လုံးပြူးသွားပြီး တီးတိုးပြောသည်။

“ရှမင်ထုံက အရမ်းသန်မာတယ်။ သူက ဘိုးဘေးတွေရဲ့အဆင့်အထိ သွေးမျိုးဆက်ကို မြှင့်တင်နိုင်ခဲ့တယ်”

ဟယ်ထျန်းကျန်းက ကျားငါးမန်းကလန်၏ခွန်အားကို နားလည်သည်။

ထိုကလန်မျိုးသည် ပျက်စီးလုနီးပါးအခြေအနေသို့ ရောက်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဝိညာဉ်သံချပ်ကာငါးမိစ္ဆာကလန်၏ ခွန်အားသည် သူစိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။

All Chapters