အခန်း (၄၂၆)
Vol. 31 Ch. 426
“ရှေးခေတ်မဟာမိစ္ဆာတွေက နိုးမလာနိုင်ဘူး” ဟယ်ထျန်းကျန်း၏စကားများကြောင့် ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။
“ငါက သူတို့နဲ့မတူဘူး။ ဒီနေရာကို မတော်တဆရောက်လာပြီး သွမ်ကျိုးရှောင်ရဲ့ဖိနှိပ်မှုကို ခံခဲ့ရတာ”
“ရှေးခေတ်မိစ္ဆာတွေက နိုးထလာရင်တောင် ဒီကမ္ဘာကို စွမ်းအားတွေထောက်ပံ့ပေးနေရတဲ့အတွက် ခွန်အား တစ်ရာပုံတစ်ပုံပဲ ထုတ်သုံးနိုင်မယ်။ သူတို့က သာမန်ဝိညာဉ်သူငယ်မိစ္ဆာတွေလောက်ပဲ သန်မာနိုင်တယ်”
ဟယ်ထျန်းကျန်းက ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။
“သူတို့ရဲ့ ရုပ်ခန္ဓစွမ်းအားက သန်မာနေတုန်းဖြစ်နိုင်တယ်။ ဒါပေမဲ့ မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို နှစ်ပေါင်းများစွာကြာအောင် အားဖြည့်ပေးနေရတဲ့အတွက် သေလုမျောပါးဖြစ်နေလောက်ပြီ”
သူတို့က လျှို့ဝှက်နယ်မြေကို ကိုယ်ပိုင်စွမ်းအားဖြင့်ထောက်ပံ့မပေးလျှင် နိုးထနိုင်လိမ့်မည်။
သို့သော် သူတို့မှာ ဝိညာဉ်သံချပ်ကာမိစ္ဆာများကို တားဆီးရန်အတွက် လုံလောက်သောခွန်အား မရှိနိုင်ပေ။
ဟန်မူယဲ့က ထိုလျှို့ဝှက်ချက်မျိုးရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူက ရှေးခေတ်မိစ္ဆာများကို မနှိုးနိုင်လျှင် ဝိညာဉ်သံချပ်ကာမိစ္ဆာများနှင့် မည်သို့ရင်ဆိုင်ရမည်နည်း။
ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ထွက်ပြေးနေသောယန်းယန်ကို ကြည့်သည်။
သူ့ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော နတ်အာရုံများရှိနေသည်။
ရှေ့တွင် လေထုသည် စိုစွတ်နေသည်။
ပျက်သုဉ်းခြင်းပင်လယ် ....
“ခွေဦးချိုကရော”
ဟန်မူယဲ့က တီးတိုးပြောသည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ဟယ်ထျန်းကျန်း၏မျက်လုံးများ တောက်ပသွားသည်။
“သူက အတော်လေးသန်မာတယ်”
“ငါသူ့ကို မျှားခေါ်လိုက်မယ်” ထိုသို့ပြောလိုက်ပြီး သူက ကြောက်ရွံ့နေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကိုကြည့်သည်။
“မင်းက သူ့ရဲ့မိုးကြိုးတွေကို တောင့်ခံနိုင်လား”
ဟန်မူယဲ့က သိပ်မသေချာပေ။
သူ့လက်ထဲတွင် ခွေသားရေရှိသည်။
ခွေဦးချို၏မိုးကြိုးကို ခွေသားရေက ခုခံနိုင်မည်လား။
ဒိုင်းကာကိုအသုံးပြု၍ လှံကိုတားဆီးမည်။
သားရေချပ်သည် အသုံးဝင်နိုင်သည်။
ဟန်မူယဲ့က အဝေးတွင်ရှိသောတောင်တန်းများကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
ခွေဦးချိုကို နှိုးလိုက်ခြင်းသည် တိုက်ရိုက်အကျဆုံးနည်းလမ်းဖြစ်လိမ့်မည်။
‘ကောင်းတယ်”
ဟယ်ထျန်းကျန်းက ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။
ခဏအကြာတွင် အဝေးတစ်နေရာမှ အော်ဟစ်သံထွက်ပေါ်လာသည်။
ဟယ်ထျန်းကျန်း၏ ဧရာမကြိုးကြာသည် ပေဒါဇင်ချီရှည်လျားသော နွားတစ်ကောင်ကိုဖမ်းယူပြီး ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်သည်။
ပျက်စီးခြင်းနွားသိုးကလန်၏ သွေးမျိုးဆက်ပုံရိပ်ဖြစ်သည်။
“နွားနက်ကြီး၊ ငါသေရည်သောက်ချင်တယ်။ မင်းရဲ့ ကျိုးပဲ့နေတဲ့ဦးချိုထဲမှာ သေရည်ရှိသေးလား”
“နွားပေါက်တစ်ကောင်ကိုကင်ပြီး အနက်ရောင်ဦးချိုထဲမှာ သေရည်တွေဖြည့်လိုက်ရင် တကယ်ပျော်စရာကောင်းမှာပဲ”
ဟယ်ထျန်းကျန်းက ကျယ်လောင်စွာအော်ပြောလိုက်ပြီး ချက်ချင်းထွက်ပြေးလာသည်။
“ကောင်လေး၊ မင်းမှာ မိုးကြိုးတွေကိုတားဖို့ နည်းလမ်းရှိလား။ မြန်မြန်သုံးလိုက်”
“နွားနက်ကြီး ထွက်လာနေပြီ”
‘အဲဒါက ဟယ်ထျန်းကျန်းပြောခဲ့တဲ့ ခွေဦးချိုကို မျှားထုတ်နည်းလား’
ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး မလှုပ်ရှားကြောင်း မြင်လိုက်ရသောအခါတွင် ဟယ်ထျန်းကျန်းက အော်ပြောသည်။
“သွမ်ကျိုးရှောင်က နွားသိုးဦးချိုကို သေရည်ထည့်ဖို့သုံးခဲ့တယ်။ အဲဒါက နွားနက်ကြီးရဲ့ဘဝတစ်လျှောက်လုံးမှာ အရှက်ရစရာအကောင်းဆုံးဖြစ်ရပ်ပဲ”
‘အဲဒီလိုလား’
‘အတော်လေးရှက်စရာကောင်းမှာပဲ’
ဟန်မူယဲ့က ခေါင်းညိတ်သည်။ သူက တောင်ပံဖြန့်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားသည်။
သူက ပျက်သုဉ်းခြင်းပင်လယ်သို့ရောက်သွားသော ယန်းယန်ကို လိုက်ဖမ်းသည်။
ဟယ်ထျန်းကျန်းက ပျောက်ကွယ်သွားသောဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်လုံးပြူးနေသည်။
“သေစမ်း”
သူက ကျိန်ဆဲလိုက်ပြီး နောက်မှလိုက်သွားသည်။
“ဘုန်း”
ကောင်းကင်နှင့်မြေကြီးကြားတွင် တုန်ခါသံများကို ကြားနိုင်သည်။
တောင်တစ်လုံးနှင့်တူသောလျှပ်စီးကြောင်းသည် ဟယ်ထျန်းကျန်း၏ဦးခေါင်းကို ပစ်ချသည်။
မိုးကြိုးသည် အလွန်သန်မာပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံးကို နှစ်ခြမ်းခွဲပစ်နိုင်ပုံပေါ်သည်။
မိုးကြိုး၏စွမ်းအားသည် မိုင်တစ်ရာကျော်ပတ်လည်တွင်ရှိသော တောင်နှင့်မြစ်များကို အပြည့်အဝ ဖျက်ဆီးနိုင်သည်။
“ခွေဦးချိုပဲ”
“သူက တခြားလူတွေကို ဂရုမစိုက်တော့ဘူးလား”
ပတ်ဝန်းကျင်တွင် အာမေဍိတ်သံများဖြင့် ပြည့်သွားသည်။ လျှို့ဝှက်နယ်မြေ၏မိစ္ဆာများက နတ်အာရုံကို လျင်မြန်စွာရုတ်သိမ်းသည်။
မိုးကြိုးစွမ်းအားသည် ဝိညာဉ်ကို အများဆုံးထိခိုက်စေသည်။ မိုးကြိုးစွမ်းအား၏သက်ရောက်မှုကို ခံရလျှင် ဝိညာဉ်တွင် ဒဏ်ရာပြင်းထန်စွာရသွားလိမ့်မည်။
ဝိညာဉ်မှတစ်ဆင့် ခန္ဓာကိုယ်ကို ဆက်လက်ထိခိုက်သွားလျှင် ပြန်လည်ကောင်းမွန်လာရန်အတွက် နှစ်ပေါင်းသုံးဆယ်မှ ငါးဆယ်ခန့်အထိ ကြာနိုင်သည်။
“နွားနက်ကြီး၊ ဒါက နားလည်မှုလွဲတာပါ”
ဟန်ထျန်းကျန်းက အော်ဟစ်လိုက်ပြီး ပြေးလွှားနေသည်။
“ကောင်လေး၊ မင်းက မရိုးသားဘူးပဲ”
သူက အံတင်းတင်းကြိတ်ထားပြီး ကောင်းကင်ကြိုးကြာတောင်ပံဖြင့် လွယ်ကူစွာပျံသန်းနေသော ဟန်မူယဲ့ကို ကြည့်သည်။
ဤတစ်ကြိမ်တွင် သူက လှည့်စားခံလိုက်ရသည်။
ဟန်မူယဲ့က ပင်လယ်နှင့်ကောင်းကင် ထိစပ်သွားသောနေရာတွင် ရပ်လိုက်သည်။
ယန်းယန်က ပျက်သုဉ်းခြင်းပင်လယ်၏ ပေတစ်သောင်းအမြင့်တွင် ရှိနေပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။
သူက အနက်ရောင်ပင်လယ်မှထွက်ပေါ်လာသော ရေခိုးရေငွေ့များကို ခံစားမိသည်။ ပင်လယ်၏စွမ်းအားသည် သွေးမျိုးဆက်စွမ်းအားဖိနှိပ်မှုကို တားဆီးထားသည်။ သူ့နတ်အာရုံကိုလည်း အစွမ်းကုန်ဖြန့်မထုတ်နိုင်ပေ။
ပင်လယ်ရေမျက်နှာပြင်ထက်တွင် ရပ်နေလျှင် သူ့ကိုဖိနှိပ်မည့် ဟန်မူယဲ့၏သွေးမျိုးဆက်စွမ်းအားကို ကြောက်နေရန်မလိုတော့ပေ။
သွေးမျိုးဆက်ဖိနှိပ်မှုမရှိလျှင် သူက ဟန်မူယဲ့ ဆယ်ယောက်၊ အယောက်တစ်ရာ ရှိနေလျှင်ပင် ကြောက်ရွံ့လိမ့်မည်မဟုတ်ပေ။
ဟန်မူယဲ့၏ လိုက်လံဖမ်းဆီးမှုကြောင့် လျှို့ဝှက်နယ်မြေတွင် ခွေးတစ်ကောင်ကဲ့သို့ ပြေးလွှားခဲ့ရပြီး သနားစရာကောင်းသောသူ့ပုံစံကို ကလန်ကြီးများက မြင်သွားခဲ့သည်။ ထိုအကြောင်းကို တွေးမိသောအခါတွင် ယန်းယန်က ဒေါပွလာသည်။
“ကောင်လေး၊ လာစမ်းပါ”
ယန်းယန်က အံတင်းတင်းကြိတ်ထားပြီး ဒေါသတကြီးအော်ဟစ်သည်။
ဟန်မူယဲ့က ပျက်သုဉ်းခြင်းပင်လယ်သို့ ဝင်လာရဲလျှင် သူက ဟန်မူယဲ့ကိုသတ်ဖြတ်ပြီး သွေးမျိုးဆက်စွမ်းအားကို ပြန်လည်ထုတ်ယူနိုင်လိမ့်မည်။
“လာစမ်းပါတဲ့လား”
ဟန်မူယဲ့က ယန်းယန်ကိုကြည့်လိုက်ပြီး ပြုံးသည်။
“အဲဒီစကားကို ကြိုက်သွားပြီ”
ဟန်မူယဲ့က ခြေတစ်လှမ်းတိုးသည်။ သူ့ခေါင်းပေါ်တွင် ဓားအလင်းများ မြင့်တက်လာသည်။
ထို့နောက် သူက လက်မြှောက်လိုက်ပြီး ခေါင်းပေါ်တွင် အနက်ရောင်သားရေချပ်တစ်ခုကို တင်ထားလိုက်သည်။
ဟယ်ထျန်းကျန်းက သူ့ဘေးသို့ ရောက်လာသည်။
“ကျစ်ကျစ်၊ မင်းက ငါ့ထက်ပိုပြီး ရက်စက်တာပဲ ....”
ခေါင်းပေါ်တွင်ရှိသော အနက်ရောင်သားရေချပ်ကိုကြည့်လိုက်ပြီး ဟယ်ထျန်းကျန်း၏ဒေါသများ ပျောက်ကွယ်သွားသည်။ သူက ပြုံးသည်။
“မင်းက နွားနက်ကြီးအရေခွံခွာတာကို ခံရတော့မှာပဲ”
ဟန်မူယဲ့က သူ့ကို လျစ်လျူရှုထားသည်။
ယခုအချိန်တွင် သူက မအားပေ။
သူ့ခေါင်းပေါ်တွင် တောင်နှင့်တူသောလျှပ်စီးကြောင်းသည် ကျဆင်းလာခဲ့သည်။
“ဘုန်း”
ဓားအလင်းများသည် လျှပ်စီးကြောင်းနှင့်ထိတွေ့သွားပြီး မိုင်ထောင်ချီတုန်ခါသွားစေသော ပေါက်ကွဲသံတစ်ခု ဖြစ်လာသည်။
ထို့နောက် ဓားအလင်းများသည် ပေါက်ကွဲပြီး အဆုံးမရှိသောလျှပ်စီးကြောင်းများနှင့်အတူ ပြန့်ကျဲသွားသည်။
“ဝိညာဉ်တစ်ဝက်အဆင့်လက်နက်တွေလား”
“လက်နက်သုံးထောင်မဟုတ်လား”
ဟယ်ထျန်းကျန်းက မျက်လုံးပြူးသွားသည်။
ဝိညာဉ်တစ်ဝက်အဆင့်လက်နက်သုံးထောင်သည် တိုက်ခိုက်မှုတစ်ခုကြောင့် ပျက်စီးသွားခဲ့သည်။ ထိုလက်နက်များကို ဝိညာဉ်ကျောက်တုံးအဖြစ် ပြောင်းလဲနိုင်လျှင် ဝိညာဉ်ကျောက်တုံးတောင်တန်းများ ဖြစ်ပေါ်လာလိမ့်မည်။
‘ဒီကလေးက တကယ့်ကိုရက်စက်တာပဲ’
သူတွေးသည်။
‘သူက အရမ်းလည်းချမ်းသာတယ်’
မိုးကြိုးသည် မိုင်တစ်ရာပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသည်။
ဟန်မူယဲ့နှင့် ဟယ်ထျန်းကျန်း၏ခေါင်းပေါ်တွင်ရှိသော သားရေချပ်မှလွဲ၍ ကျန်နေရာများအားလုံးတွင် သွယ်ယှက်နေသော လျှပ်စီးကြောင်းများရှိသည်။
ယန်းယန်က အစွမ်းကုန်သုံး၍ လျှပ်စီးကြောင်းများကို ခုခံနေသည်။ သူ့ခန္ဓာကိုယ်သည် မြွေနှင့်တူသော လျှပ်စီးကြောင်းများကြောင့် ထိခိုက်သွားပြီး အနက်ရောင်ပင်လယ်ထဲသို့ ပြုတ်ကျလာသည်။
သူနှင့်အတူ ဓားသုံးထောင်သည်လည်း ကျဆင်းလာခဲ့သည်။
ဓားရှည်များသည် ပင်လယ်ထဲသို့ လျင်မြန်စွာတိုးဝင်သွားသည်။
“ဘုန်း”
ဓားရှည်များတွင်ပါဝင်နေသော မိုးကြိုးစွမ်းအားကြောင့် ပျက်သုဉ်းခြင်းပင်လယ်၏ မိုင်သုံးရာပတ်ပတ်လည်သည် ချက်ချင်းပေါက်ကွဲသွားခဲ့သည်။
ထိုအချိန်တွင် အာရုံစိုက်ကြည့်နေကြသော မိစ္ဆာများအားလုံးက မျက်လုံးပြူးသွားသည်။
ဟယ်ထျန်းကျန်းက အသံပြုမိသည်။
ပင်လယ်ထဲသို့ပြုတ်ကျသွားသော ယန်းယန်သည် လျှပ်စီးကြောင်းများ၏လွှမ်းခြုံမှုကို ခံထားရသော်လည်း ကျောရိုးတစ်လျှောက် အေးစက်သွားခဲ့သည်။
ဝိညာဉ်သံချပ်ကာငါးမိစ္ဆာများ ....
မရေမတွက်နိုင်သော ငါးမိစ္ဆာများ ....
မိုးကြိုးကျဆင်းလာသောအခါတွင် ပင်လယ်ရေမိုင်သုံးရာပတ်ဝန်းကျင်သည် ပေါက်ကွဲသွားပြီး အောက်တွင် အစုလိုက်အပြုံလိုက်ရှိနေသော ငါးမိစ္ဆာများကို ဖော်ပြခဲ့သည်။
မိုးကြိုးစွမ်းအား၏သက်ရောက်မှုကြောင့် တစ်ကိုယ်လုံးထုံထိုင်းပြီး တုန်ခါနေသောငါးမိစ္ဆာများ ပေါ်လာခဲ့သည်။
ပင်လယ်ရေမျက်နှာပြင်သည် ကြေးခွံများဖြင့် အရောင်လက်သွားသည်။
“ကောင်းကင်ဘုံ၊ ပျက်သုဉ်းခြင်းပင်လယ်မှာ ဝိညာဉ်သံချပ်ကာငါးမိစ္ဆာတွေ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
အဝေးတစ်နေရာတွင် မဟာမိစ္ဆာကြီးတစ်ယောက်က ကြောင်အစွာရေရွတ်သည်။
“ကျားငါးမန်းကလန်က ဘယ်မှာလဲ။ ပျက်သုဉ်းခြင်းပင်လယ်ရဲ့ အုပ်စိုးသူတွေက ဘယ်ရောက်သွားတာလဲ”
ပျက်သုဉ်းခြင်းပင်လယ်တွင် ဝိညာဉ်သံချပ်ကာငါးမိစ္ဆာများ ရှိမနေသင့်ပေ။
ပေထောင်ချီရှည်လျားသော ကောင်းကင်အဆင့်ငါးမိစ္ဆာများသည် မိုးကြိုးစွမ်းအား၏သက်ရောက်မှုမှ လွတ်မြောက်လာပြီး ယန်းယန်ဆီသို့ ပြေးဝင်လာသည်။
တစ်ကောင်တည်းမဟုတ်ပေ။
ဒါဇင်ချီနေသည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအပြင် ဝိညာဉ်စွမ်းအားကိုပါ ဖိနှိပ်ထားနိုင်သော ပျက်သုဉ်းခြင်းပင်လယ်တွင် ဝိညာဉ်သူငယ်နဝမအဆင့်သို့ရောက်နေသော ယန်းယန်က ခန္ဓာကိုယ်ကြံ့ခိုင်သော ငါးမိစ္ဆာများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။
သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားပြီး ဝိညာဉ်သူငယ်သည် ဝါးမြိုခံရလိမ့်မည်။
သို့သော် သူ့ကို လျှပ်စီးကြောင်းများက ချုပ်နှောင်ထားသည်။ သူက ထွက်မပြေးနိုင်ပေ။
ရှေ့တွင်ရှိသော ဝိညာဉ်သံချပ်ကာငါးမိစ္ဆာများကို ကြည့်လိုက်ပြီး ယန်းယန်က သက်ပြင်းချ၍ မျက်လုံးမှိတ်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းက လွှမ်းခြုံသွားပြီး ဆွဲယူလိုက်သည်။
သူက ခုခံမှုကို လက်လျော့ပြီး မိခင်ဆီသို့ တိုးဝင်သွားသော ကလေးတစ်ယောက်ကဲ့သို့ သွေးမျိုးဆက်စွမ်းအားကို လက်ခံခဲ့သည်။
ယန်းယန်က မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ တိမ်တိုက်များပေါ်တွင် ရောက်နေသည်။ သူ့ဘေးတွင် အမြီးလေးချောင်း ခရမ်းရောင်ကျားသစ်တစ်ကောင် ရှိနေသည်။
သူ့မျက်လုံးထဲတွင် ကြမ်းတမ်းမှုနှင့် မုန်းတီးမှုများ မရှိတော့ဘဲ ဟန်မူယဲ့ကို ကြည့်သည်။
သွေးမျိုးဆက်စွမ်းအား၏ အမွေအနှစ်နှင့် မှတ်ဉာဏ်များကို လက်ခံလိုက်သောအခါတွင် ယန်းယန်သည် ဟန်မူယဲ့ကို မမုန်းတီးနိုင်တော့ပေ။
ထိုအရာသည် သွေးမျိုးဆက်တွင် နက်ရှိုင်းစွာရှိနေသော နာခံလိုစိတ်ဖြစ်သည်။
“သခင်” ယန်းယန်က ဟန်မူယဲ့ကို ဦးညွှတ်သည်။
ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ညင်သာစွာခေါင်းညိတ်သည်။
ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူကို ထိန်းချုပ်နိုင်ခဲ့သည်။
“ခရမ်းရောင်ကျားသစ်ကလန်က အညံ့ခံလိုက်ပြီလား”
အံ့အားသင့်နေသောမိစ္ဆာများက ထပ်မံထုံထိုင်းသွားသည်။
ခရမ်းရောင်ကျားသစ်ကလန်၏ အားကောင်းသော ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူသည် အညံ့ခံလိုက်သည်။
“ဟန်မူယဲ့ရဲ့ကျင့်ကြံဆင့်က ဘယ်လောက်လဲ”
“မျိုးဆက်သစ် ဟုတ်လား”
“ပေါက်ကရတွေ”
“ဘယ်မျိုးဆက်သစ်က အဲ့ဒီလိုစွမ်းရည်မျိုးရှိမှာလဲ”
“အသက်ကိုးခုကြောင်ကလန်နဲ့ အစိမ်းရောင်မြေခွေးကလန်က မဟာမိတ်ဖွဲ့ထားတယ်တဲ့။ သူတို့ရဲ့စကားတွေကို ယုံလို့မရဘူး”
“အစိမ်းရောင်မြေခွေးကလန်မှာ ကောင်းကင်မြေခွေးမိစ္ဆာရှိတယ်။ ကောင်းကင်မြေခွေးနဲ့ဆက်သွယ်ဖို့ အရမ်းဉာဏ်များမှရမယ်။ ငါတို့က ကောလဟာလတွေကို ယုံခဲ့တာပဲ။ တုံးလိုက်တာ”
မိစ္ဆာကျွမ်းကျင်သူတစ်ယောက်က ဟန်မူယဲ့၏ဘေးတွင်ရှိသော ဟယ်ထျန်းကျန်းနှင့် ယန်းယန်ကို ကြည့်လိုက်ပြီး ခိုင်မာစွာပြောသည်။
ဟန်မူယဲ့သည် အလွန်သန်မာသော ကျင့်ကြံသူတစ်ယောက်ဖြစ်လိမ့်မည်ဟု သူတို့အားလုံး ယုံကြည်သွားခဲ့သည်။
သို့မဟုတ် သူသည် အချိန်ကြာမြင့်စွာအသက်ရှင်လာသော ရှေးခေတ်မိစ္ဆာကြီး ဖြစ်နိုင်သည်။
ထိုဖြစ်ရပ်များ ရှိဖူးသည်။
ဟန်မူယဲ့က မိစ္ဆာများ၏အတွေးကို လျစ်လျူရှုထားပြီး ပင်လယ်ကို ကြည့်သည်။
ပင်လယ်နက်တွင် လှိုင်းထန်နေသည်။
လျှပ်စီးကြောင်းများသည် ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ ငါးမိစ္ဆာများသည် ခန္ဓာကိုယ်ကို ညင်သာစွာလှုပ်ရှားလာသည်။
သို့သော် ငါးမိစ္ဆာအများစုသည် မိုးကြိုးပစ်ချက်၏အောက်တွင် ဝိညာဉ်များပျက်စီးသွားခဲ့သည်။
ဟယ်ထျန်းကျန်းကိုယ်တိုင်ပင် ထွက်ပြေးလာရသောမိုးကြိုးသည် ဓားသုံးထောင်ကြောင့် အားနည်းသွားသော်လည်း အလွန်အားကောင်းနေဆဲဖြစ်သည်။
ရွှေအမြုတေအဆင့် ငါးမိစ္ဆာများသည် ဒဏ်ရာအပြင်းအထန်ရနေပြီး အသက်မျော့မျော့သာ ကျန်ရစ်သည်။