အခန်း (၄၃၃)
Vol. 31 Ch. 433
“မင်းက ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံမှာလား။ ဒါမှမဟုတ် သူတော်စင်နေရာအတွက် ငါနဲ့တိုက်ခိုက်မှာလား”
ဝမ်မော့ရှန်၏အကြည့်ကို ခံစားလိုက်ရသောအခါတွင် ဟန်မူယဲ့က တုန်ခါသွားသည်။ သူ့စိတ်နယ်ပယ်တွင်ရှိသော ဝိညာဉ်လိပ်ပြာဓားသည် ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။
သူက ချီပင်လယ်၏ဓားဆန္ဒများကိုလည်း မသုံးနိုင်တော့ပေ။
မဟာတာအို၏ ဖိနှိပ်မှု ....
သန့်စင်သော မဟာတာအို၏စွမ်းအားသည် လူတစ်ယောက်ကို စွမ်းအားကင်းမဲ့သွားစေသည်။
ဘေးတွင်ရှိနေသော ဓားဘုရင်ယွမ်ထျန်းက မျက်မှောင်ကြုတ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဓားအလင်းများ ပေါ်ထွက်လာသည်။
သို့သော် သူမတိုက်ခိုက်နိုင်ခင် ဟန်မူယဲ့၏ ဝိညာဉ်လိပ်ပြာဓားသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး စုတ်တံအဖြစ် ပြောင်းလဲသွားသည်။
ဓားကို စုတ်တံအဖြစ်အသုံးပြု၍ ရွှေရောင်စာလုံးများ လွင့်မျောလာသည်။
“မိုင်တစ်ထောင်ရေခဲနဲ့ မိုင်တစ်သောင်းနှင်းပွင့်များ”
အာကာသထဲတွင် ကောင်းကင်တာအိုမရှိပေ။ ဝိညာဉ်စွမ်းအားသည် မဟာတာအိုအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို တုန်ခါနေစေသည်။ မိုင်သောင်းချီပတ်ဝန်းကျင်သည် အေးခဲသွားသည်။
မိုးကြိုးများပင် အေးခဲသွားပုံရပြီး အဆပေါင်းများစွာ နှေးကွေးလာသည်။
ဓားဘုရင်ယွမ်ထျန်းက ဟန်မူယဲ့ကို ထူးဆန်းစွာကြည့်သည်။
တစ်ဖက်တွင် ဝမ်မော့ရှန်က မျက်ခုံးပင့်လိုက်ပြီး လက်ထဲတွင်ရှိသောစုတ်တံကို လှုပ်ရှားသည်။
“လေပြင်းတွေကြားမှာ တောင်တန်းက ငွေရောင်မြွေတစ်ကောင်လိုမျိုး တွန့်လိမ်နေတယ်။ လွင်ပြင်မှာ တောင်ကုန်းတွေက ဆင်ဖြူတွေလိုမျိုး အဆက်မပြတ်ရှိနေတယ်”
အာကာသထဲတွင် အရာအားလုံးလှုပ်ရှားလာပြီး မြွေနဂါးများ ပေါ်ထွက်လာသည်။
ကောင်းကင်တွင်ပြည့်နှက်နေသော မိုးကြိုးများကို ဆွဲယူလိုက်ပြီး စိတ်ရှုပ်နေသောမိစ္ဆာနှစ်ယောက်ဆီသို့ ပို့လိုက်သည်။ မိစ္ဆာနှစ်ယောက်၏ခန္ဓာကိုယ်က ပျက်စီးသွားခဲ့သည်။
“ကောင်းကင်ဘုံရဲ့သခင်နဲ့ ယှဉ်ပြိုင်ကြည့်ပါရစေ ....”
ဟန်မူယဲ့က ရေရွတ်သည်။ သူ့နောက်တွင်ရှိသောဓားအလင်းသည် ပေါက်ကွဲသွားပြီး အနက်ရောင်မက်မွန်ပွင့်များကို ခါထုတ်လိုက်သည်။
“အနီရောင်ပါးပြင်နဲ့ အထူးတလည် ဆွဲဆောင်နိုင်တယ်”
ထိုစာသားပေါ်လာသောအခါ ဝမ်မော့ရှန်၏ရှေ့တွင်ရှိသော မက်မွန်ပွင့်များသည် သွေးနီရောင်တောက်လာသည်။
“ချင်းယွီ ....”
ဝမ်မော့ရှန်၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများပေါ်လာသည်။ ထို့နောက် ပြတ်သားခြင်းအဖြစ် ပြောင်းသွားသည်။ သူက လက်မြှောက်ပြီး စုတ်တံကို လှုပ်ရှား၍ မက်မွန်ပွင့်များကို ပြန့်ကျဲသွားစေသည်။
မက်မွန်ပွင့်များ စုစည်းမလာခင် ဟန်မူယဲ့က နောက်ထပ်စာသားကို ရေးသားလိုက်သည်။
“လောကမှာရှိတဲ့ အလှလေးတွေက မရေမတွက်နိုင်တဲ့သူရဲကောင်းတွေကို ဦးညွှတ်လာအောင် ဆွဲဆောင်နိုင်တယ် ....”
ဝမ်မော့ရှန်၏လက်ထဲတွင်ရှိသော စုတ်တံသည် ပေါက်ကွဲသွားခဲ့သည်။ ဓားဘုရင်ယွမ်ထျန်း၏ကိုယ်ပေါ်တွင် ဓားအလင်းရောင်မြင့်တက်လာပြီး ကောင်းကင်တစ်ဝက်ကို လွှမ်းခြုံထားသည်။
လောကတစ်ခုလုံးသည် တောင်နှင့်မြစ်၏စွမ်းအားများအဖြစ် ပြောင်းလဲသွားသည်။
အာကာသထဲတွင် ပုံရိပ်ယောင်တောင်တန်းနှင့်မြစ်များ ပေါ်လာသည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေ၏ ကောင်းကင်တာအိုသည် ပျော်ရွှင်စွာအသံပြုသည်။
ကောင်းကင်တာအိုသည် ကမ္ဘာအတွင်းသို့ အရှိန်အဟုန်ကို လမ်းညွှန်ပေးလိုက်ပြီး မရေမတွက်နိုင်လောက်သောနှင်းပွင့်များ ကျဆင်းလာသည်။
ထိုနှင်းပွင့်များသည် သဘာဝစွမ်းအင်ကို သယ်ဆောင်ထားပြီး ငွေဖြူရောင်သန်းနေသည်။
မိုးကြိုးများ ပျောက်ကွယ်သွားသည်။ နောက်မှလိုက်လာသော ငါးမိစ္ဆာများလည်း ပျောက်ကွယ်သွားခဲ့သည်။
ဝမ်မော့ရှန်က ကျိုးပဲ့သွားသောစုတ်တံကို ကိုင်ထားပြီး တီးတိုးရေရွတ်သည်။ ဓားဘုရင်ယွမ်ထျန်း၏မျက်လုံးထဲတွင် တိုက်ခိုက်လိိုစတ်များရှိနေသည်။
ဟန်မူယဲ့၏ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဝိညာည်စွမ်းအားများသည် ဖြည်းဖြည်းချင်း စုစည်းလာသည်။
“အဲဒါပြီးတော့ ဘာတဲ့လဲ”
ဝမ်မော့ရှန်က ခေါင်းမော့လိုက်သည်။ သူ့အသံက အနည်းငယ်အက်ကွဲနေသည်။
ဟန်မူယဲ့က ခေါင်းခါသည်။
ဝမ်မော့ရှန်က ကျယ်လောင်စွာရယ်လိုက်ပြီး အောက်တွင်ရှိသော မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို ကြည့်သည်။
“ကောင်းပြီ။ ဒီကမ္ဘာက ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ ပေါင်းစပ်သွားရင် မင်းရဲ့ကဗျာကို ငါစောင့်နေမယ်”
ထို့နောက် သူက ဓားဘုရင်ယွမ်ထျန်းကို ကြည့်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး အစိမ်းရောင်အလင်းတစ်ခုအဖြစ်ပြောင်း၍ ပျောက်ကွယ်သွားသည်။
ဝမ်မော့ရှန် ထွက်သွားသောအခါတွင် ဓားဘုရင်ယွမ်ထျန်း၏တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်သွားပြီး တစ်ဖက်သို့ လှည့်ကြည့်သည်။
“ကောင်လေး၊ မင်းက အာကာသထဲမှာ ဒီကမ္ဘာနဲ့ လျှောက်သွားနေမှာလား။ ဒါမှမဟုတ် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်သွားမှာလား”
ထို့နာက် သူက ရပ်လိုက်ပြီး မေးသည်။
“ငါနဲ့အတူ အင်မော်တယ်ရင်းမြစ်ကမ္ဘာကို လိုက်ခဲ့ပါ့လား”
‘အင်မော်တယ်ရင်းမြစ်ကမ္ဘာကို လိုက်ရမှာလား’
‘အာကာသထဲမှာ လျှောက်သွားနေမှာလား’
ဟန်မူယဲ့က ပြောသည်။
“အကြီးအကဲ၊ ကျွန်တော်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်သွားတာပဲ ကောင်းပါလိမ့်မယ်”
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၊ အနောက်ဘက်နယ်စပ်ကုန်းမြေ၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ....
ယခုအချိန်တွင် ဟန်မူယဲ့က ဓားစံအိမ်၏ ငြိမ်းချမ်းသောဘဝကို တမ်းတမိသည်။
ကျင့်ကြံဆင့်မြင့်မားလာလျှင် လွတ်လပ်မှုများ လျော့နည်းသွားသည်။
ဓားထိန်းတစ်ယောက်ဖြစ်နေခြင်းသည် ပိုကောင်း၏။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်မှာလား”
ဓားဘုရင်ယွမ်ထျန်းက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“မင်းရဲ့ဝိညာဉ်စွမ်းအားက ထူးခြားပေမဲ့ မင်းရဲ့ကျင့်ကြံဆင့်နဲ့ ရုပ်ခန္ဓာက လိုအပ်နေသေးတယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ တိုးတက်လာအောင်လုပ်နေရင်လည်း ကောင်းတာပဲ”
“ဒါပေမဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကောင်းကင်တာအိုက ဝမ်မော့ရှန်နဲ့ ဆက်သွယ်နေပြီ။ သူက သူတော်စင်တစ်ယောက်ဖြစ်နေပြီ။ မင်းအတွက် အခွင့်အရေးမရှိတော့ဘူး”
“မင်းက သူနဲ့ တိုက်ခိုက်ချင်တာလား”
‘တိုက်ခိုက်ရမှာလား’
‘သူတော်စင်တစ်ယောက်ဖြစ်လာပြီး ကမ္ဘာတစ်ခုမှာ ပိတ်မိနေမှာလား’
ဟန်မူယဲ့က သူတော်စင်တစ်ယောက်ဖြစ်ချင်လျှင် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေ၏ ကောင်းကင်တာအိုနှင့် ပေါင်းစပ်နိုင်သည်။
“လောကကြီးက ကျယ်ပြန့်ပါတယ်။ အကြီးအကဲလိုမျိုး ခရီးသွားမနေသင့်ဘူးလား”
ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်းကိုကြည့်လိုက်ပြီး ပြုံးသည်။
ဓားဘုရင်ယွမ်ထျန်းက ရယ်လိုက်ပြီး မျက်နှာထားလေးနက်သွားသည်။
“အဲဒါဆိုရင် မင်းရဲ့ကွန်ဖြူးရှပ်တာအိုစွမ်းအားကို ဖိနှိပ်ဖို့အတွက် နည်းလမ်းရှာသင့်တယ်။ မဟုတ်ရင် ဝမ်မော့ရှန်နဲ့ အလိုလျောက်ယှဉ်ပြိုင်မိလိမ့်မယ်”
ထို့နောက် သူက အောက်တွင်ရှိသော မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို ကြည့်သည်။
“ဒီကမ္ဘာပေါ်မှာ ငါ့အကူအညီကို လိုသေးလား”
သူက ကူညီလိုက်လျှင် ကံကြမ္မာ၏သက်ရောက်မှုကို ခံရလိမ့်မည်။
ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများသည် အနာဂတ်တွင် ကံကြွေးကို ပြန်လည်ပေးဆပ်ရသည်။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး အောက်သို့ဆင်းသွားသည်။
သူက ကုန်းမြေတွင် ခြေချလိုက်သောအခါ သူ့ဝိညာဉ်သည် မြေပြင်ကိုထိုးဖောက်၍ ပါ့ရှား၏ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်။
“ဂါး ....”
တိတ်ဆိတ်ပြီး လှုပ်ရှားမှုကင်းမဲ့နေသော နတ်ဘုရားသားရဲပါ့ရှားသည် ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာဟိန်းဟောက်သည်။ ခြေလေးဖက်သည် ဖြည်းဖြည်းချင်း လှုပ်ရှားလာသည်။
ဟန်မူယဲ့၏ဝိညာဉ်သည် ပါ့ရှား၏ခန္ဓာကိုယ်ထဲသို့ ရောက်သွားပြီး ကမ္ဘာတစ်ခုလုံးကို သယ်ဆောင်လိုက်သည်။
ဓားဘုရင်ယွမ်ထျန်းသည် အာကာသထဲတွင်ရပ်နေပြီး အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသော ပါ့ရှားကိုကြည့်သည်။
“လူကောင်းလေးပဲ။ စိတ်ဝင်စားစရာကောင်းတယ်”
“မင်းကို အင်မော်တယ်ရင်းမြစ်ကမ္ဘာမှာ စောင့်နေမယ်”
ဓားဘုရင်ယွမ်ထျန်းက စကားပြောလိုက်ပြီး လက်မြှောက်၍ အာကာသကို ထိုးခွဲသည်။ ထို့နောက် အက်ကွဲကြောင်းထဲသို့ ဝင်သွားသည်။
အက်ကွဲကြောင်း၏နောက်ကွယ်တွင် ကောင်းကင်နှင့်မြေကြီး၏ ဘုံကိုးဆင့်ကို မြင်နိုင်သည်။ ဘုံကိုးဆင့်သည် အလွန်ခမ်းနားပြီး အင်မော်တယ်ချီများ ရစ်ဝဲနေသည်။
ထိုကမ္ဘာတွင် အကန့်အသတ်မရှိသောစွမ်းအားများ လှုပ်ရှားနေပြီး အာကာသကို ဖျက်ဆီးပစ်နိုင်ပုံပေါ်သည်။
ထိုကမ္ဘာသည် အလွန်အားကောင်းသောကြောင့် အာကာသကို သက်ရောက်နိုင်သည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် ကျင့်ကြံသူများအလိုရှိသော ကမ္ဘာတစ်ခုဖြစ်သည်။
လေဟာနယ်အက်ကွဲကြောင်းထဲသို့ တိုးဝင်သွားသောပါ့ရှားသည် ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်သည်။ သူက ဘုံကိုးဆင့်ကိုကြည့်လိုက်ပြီး နက်ရှိုင်းစွာအသံပြုသည်။
ကမ္ဘာအသစ်တွင် ဟန်မူယဲ့က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသော လေဟာနယ်အက်ကွဲကြောင်းကို ကြည့်နေသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာကို သူ့လက်ရှိခွန်အားဖြင့် မသွားနိုင်ပေ။
လုံလောက်သောစွမ်းအားမရှိလျှင် သူက တခြားလူတစ်ယောက်၏ ကံကောင်းခြင်းဖြစ်သွားလိမ့်မည်။
နတ်ဘုရားသားရဲပါ့ရှားသည် ကမ္ဘာတစ်ခုကိုသယ်ထားပြီး အကန့်အသတ်မရှိသော အာကာသထဲသို့ ရောက်လာသည်။
နေရာအသစ်သို့ ရောက်လာသောအခါတွင် ပါ့ရှားသည် ဖိအားများပျောက်ဆုံးသွားကြောင်း ခံစားလိုက်ရသည်။
ကမ္ဘာအသစ်သည် ကိုယ်ပိုင်အသိစိတ်ရှိနေပုံပေါ်ပြီး ပါ့ရှား၏ကျောပေါ်မှ ထွက်လာခဲ့သည်။
နတ်ဘုရားသားရဲ၏ကိုယ်ပေါ်တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင်ရှိခဲ့သော ဖိအားသည် အဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။
ကမ္ဘာအသစ် ပျံသန်းသွားသောအချိန်တွင် နတ်ဘုရားသားရဲပါ့ရှားသည် ရပ်တန့်လိုက်ပြီး ခေါင်းမော့၍ ဟိန်းဟောက်သည်။
ဟန်မူယဲ့၏ဝိညာဉ် ထိန်းချုပ်ထားသောကြောင့် ဟိန်းဟောက်ခြင်းမဟုတ်ပေ။ မရေမတွက်နိုင်သော နတ်ဘုရားသားရဲများ၏ ဝိညာဉ်အကြွင်းအကျန်များက အလိုလျောက် ဟိန်းဟောက်ခြင်းဖြစ်သည်။
ပျက်သုဉ်းခြင်းပင်လယ်တွင် နှစ်ပေါင်းများစွာကြာအောင် လွင့်မျောနေခဲ့ပြီး သူတို့က နောက်ဆုံးတွင် လွတ်လပ်သွားခဲ့သည်။
နတ်ဘုရားသားရဲ၏ ခေါင်းပေါ်တွင် ပုံရိပ်များပေါ်လာသည်။
သူတို့သယ်ဆောင်ထားခဲ့သောကမ္ဘာ၏ ပြန်လည်မွေးဖွားမှုကို မြင်လိုက်ရသောအခါါတွင် နတ်ဘုရားသားရဲများ၏ ဝိညာဉ်အကြွင်းအကျန်သည် ကျယ်လောင်စွာရယ်မောမိသည်။
သေဆုံးခြင်း၏တံခါးဝတွင် ဂုဏ်ကျက်သရေနှင့် ယုံကြည်မှု ရှိနေသည်။
ဟန်မူယဲ့က ပုံရိပ်ယောင်ဆန်သော ဝိညာဉ်အကြွင်းအကျန်များကိုကြည့်လိုက်ပြီး လက်မြှောက်သည်။ သံပြားတစ်ခု မြင့်တက်လာပြီး ထိုဝိညာဉ်များကို သိမ်းဆည်းလိုက်သည်။
မိစ္ဆာတစ်သောင်းတံဆိပ်သည် ပျက်စီးခြင်းခေါင်းလောင်၏ အပိုင်းအစဖြစ်ပြီး မိစ္ဆာသွေးမျိုးဆက်ကို ပျိုးထောင်ပေးနိုင်သည်။
နတ်ဘုရားသားရဲများ၏ ဝိညာဉ်အကြွင်းအကျန်သည် မိစ္ဆာတစ်သောင်းတံဆိပ်ထဲတွင် ရှိနေသည်။ တစ်နေ့တွင် သူက မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင်အိပ်စက်နေသော သူတို့၏ခန္ဓာကိုယ်များကို နိုးထစေနိုင်လိမ့်မည်။
ပျက်သုဉ်းခြင်းပင်လယ်၏ဖိအား ပျောက်ကွယ်သွားသောကြောင့် အာကာသထဲတွင်ရှိနေသော မိစ္ဆာကျွမ်းကျင်သူများသည် ပေါ့ပါးမှုကို ခံစားလိုက်ရသည်။
သူတို့က ပျော်ရွှင်မှုများနှင့်ပြည့်နေသော မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။
ကမ္ဘာအသစ်တွင် ထောင်ချီသောမိစ္ဆာများ ရှင်သန်နေသည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် ဟန်မူယဲ့၏ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
သူ့ဘေးတွင် ကောင်းကင်တာအိုစွမ်းအားများ ရစ်ဝဲနေသည်။
မရေမတွက်နိုင်လောက်သောမိစ္ဆာများက သူ့ကို မော့ကြည့်သည်။
ကောင်းကင်အဆင့်သို့ရောက်နေသောမိစ္ဆာများက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
ဤကမ္ဘာ၏ ကောင်းကင်တာအိုသည် ဟန်မူယဲ့၏ ဝိညာဉ်စွမ်းအားကြောင့် နိုးထလာသည်။ ဤကမ္ဘာသည် ဟန်မူယဲ့အပေါ်တွင် အကြွေးတင်နေပြီး ကောင်းကင်တာအိုသည် ဟန်မူယဲ့ကို ထွက်မသွားရန် တောင်းဆိုနေသည်။
အကယ်၍ ဟန်မူယဲ့က ဤကမ္ဘာတွင် နေထိုင်ခဲ့လျှင် ကောင်းကင်တာအိုနှင့်ပေါင်းစပ်ပြီး သူတော်စင်တစ်ယောက် ဖြစ်လာလိမ့်မည်။ သူက ကမ္ဘာတစ်ခုလုံးကို ဖိနှိပ်နိုင်ပြီး ထာဝရရှင်သန်နိုင်မည်။
အနာဂတ်တွင် ဤကမ္ဘာအတွက် အားကောင်းသောအစောင့်တစ်ယောက် ရလာလိမ့်မည်။
သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဝမ်မော့ရှန်ကဲ့သို့ ဖြစ်လာမည်။
ဟန်မူယဲ့က ဤကမ္ဘာမှ ထွက်သွားလျှင် ကောင်းကင်တာအိုသည် ပြီးပြည့်စုံခြင်းမရှိဘဲ ခွန်အားလျော့နည်းသွားလိမ့်မည်။
ကောင်းကင်တာအိုစွမ်းအား လျော့နည်းနေသောကြောင့် အာကာသထဲတွင် လွင့်မျောနေလျှင် အလွန်အန္တရာယ်များသည်။
အားကောင်းသောရန်သူများနှင့် ရင်ဆိုင်ရနိုင်သည်။
“ကျီ ....”
အောက်တွင် ဧရာမဆင်သားရဲသည် အော်ဟစ်လိုက်သည်။
ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး နောက်ကျောတွင် ဓားကွေးနှစ်လက်ဖြင့် လူသားအဖြစ်အသွင်ပြောင်းထားသော ရှန့်လင်းရွှမ်းသည် ဟန်မူယဲ့၏ရှေ့တွင် ဒူးတစ်ဖက်ထောက်ထားသည်။
သူ့ဘေးတွင် ဧရာမဆင်သားရဲတစ်ကောင်၏ပုံရိပ် လွင့်မျောနေသည်။
ဆင်ကလန်၏ ဦးညွှတ်ခြင်းဖြစ်သည်။
ရှန့်လင်းရွှမ်းသည် ဆင်ကလန်၏ နတ်ဘုရားသွေးမျိုးဆက်အမွေအနှစ်ကို ရရှိခဲ့သည်။ ဆင်နတ်ဘုရားသားရဲ၏ အစစ်အမှန်ခန္ဓာကိုယ်ကိုလည်း ရရှိထားသည်။
သူက အစစ်အမှန်ခန္ဓာကိုယ်၏ခွန်အားကို အပြည့်အဝထုတ်မသုံးနိုင်လျှင်ပင် ကောင်းကင်အဆင့်မိစ္ဆာများကို အနိုင်ယူနိုင်လိမ့်မည်။
ကျားဖြူကလန်၊ ခရမ်းရောင်ကျားသစ်ကလန်၊ အစိမ်းရောင်မြေခွေးကလန်၊ အသက်ကိုးခုကြောင်ကလန် ....
သူတို့က တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လိုက်သည်။
လေထုထဲတွင် ဟန်မူယဲ့က ခဏတာတိတ်ဆိတ်နေပြီး လက်မြှောက်သည်။
သူ့လက်ဝါးထဲတွင် မိစ္ဆာတစ်သောင်းတံဆိပ် ရှိနေသည်။
မိစ္ဆာတစ်သောင်းတံဆိပ်ပေါ်တွင် ဝိညာဉ်အမှတ်အသားတစ်ခု ကျဆင်းသွားသည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် ဝိညာဉ်စွမ်းအားချန်ထားခဲ့လျှင် ကမ္ဘာအသစ်သည် ပြီးပြည့်စုံနေလိမ့်မည်။
ကောင်းကင်တာအို၏စွမ်းအားသည် လေပြင်းအဖြစ်အသွင်ပြောင်းပြီး မိစ္ဆာတစ်သောင်းတံဆိပ်ကို ရစ်ပတ်လိုက်သည်။