အခန်း (၄၃၄)
Vol. 31 Ch. 434
ကောင်းကင်တာအိုနှင့် ဝိညာဉ်စွမ်းအားကြောင့် မိစ္ဆာတစ်သောင်းတံဆိပ်သည် လောကကို ဖိနှိပ်နိုင်သည်။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး မိစ္ဆာတစ်သောင်းတံဆိပ်ကို ရှန့်လင်းရွှမ်းဆီသို့ ပစ်ပေးသည်။
“ငါပြောတာကို မှတ်မိလား”
“အခု စည်းကမ်းချမှတ်ဖို့ မင်းအပေါ်မှာပဲ မူတည်တယ်”
သန်မာသူကသာ စည်းကမ်းချမှတ်နိုင်သည်။
ဆင်ကလန်၏ သွေးမျိုးဆက်စွမ်းအားနှင့် မိစ္ဆာတစ်သောင်းတံဆိပ်ကို ရရှိထားသောကြောင့် လက်တွင်သွေးမစွန်းချင်သော ရှန့်လင်းရွှမ်းက စည်းကမ်းချမှတ်နိုင်သည်။
ရှန့်လင်းရွှမ်းက မိစ္ဆာတစ်သောင်းတံဆိပ်ကို ယူလိုက်ပြီး ဟန်မူယဲ့ကို မော့ကြည့်သည်။
သူက ဆင်ကလန်၏ အတွေ့အကြုံမရှိသော ပါရမီရှင်လေးတစ်ယောက် မဟုတ်တော့ပေ။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေ၏ အဆုံးမရှိသောသတ်ဖြတ်မှုများ၊ ကမ္ဘာပျက်စီးသွားနိုင်သည့် အန္တရာယ်များ၊ ကမ္ဘာကို အစွမ်းကုန်ထောက်ပံ့ထားသော အကူအညီမဲ့မှုများ ....
ဆင်ကလန်၊ မိစ္ဆာကလန်၊ ကောင်းကင်နှင့်မြေကြီး။ အမြင်ကျယ်လာလျှင် အဝေးကို ပိုမြင်နိုင်သည်။ ရှန့်လင်းရွှမ်းက အရာအားလုံးကိုပြောင်းလဲရန်အတွက် စွမ်းအားမဲ့နေသည်ဟု ခံစားရသည်။
သူ့အစီအစဉ်အတိုင်း ဖြစ်နေမည်ဆိုလျှင် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် မိစ္ဆာများသည် မတိုက်ခိုက်တော့ဘဲ ကိုယ်ပိုင်ဘဝတွင် ရှင်သန်နေလိမ့်မည်။ နှစ်သောင်းချီကြာလာသောအခါတွင် မိစ္ဆာများက တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားပြီး ကျင့်ကြံခြင်းကိုလည်း မေ့လျော့သွားလိမ့်မည်။
ထိုအချိန်သို့ ရောက်လာလျှင် သူတို့သည် သားရဲရိုင်းများ ဖြစ်သွားလိမ့်မည်။
ရှန့်လင်းရွှမ်း၏ ပြောင်းလဲနေသောမျက်နှာထားကို မြင်ရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံသန်းထွက်သွားသည်။
သူက ရှန့်လင်းရွှမ်း၏ရွေးချယ်မှုကို မစိုးရိမ်ပေ။
အဆုံးတွင် ဤကမ္ဘာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ပေါင်းစပ်သွားလိမ့်မည်။
သူက မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် ဝိညာဉ်စွမ်းအားကို ချန်ရစ်ခဲ့သောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ဦးတည်လာလိမ့်မည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် အရင်းအမြစ်များ အလွန်ကြွယ်ဝသည်။
ကမ္ဘာသစ်သည် ဆွဲဆောင်နိုင်စွမ်းရှိသော စားကောင်းသောက်ဖွယ်ဖြစ်သည်။
အာကာသထဲတွင် လွင့်မျောနေသောကမ္ဘာသစ်သည် မရေမတွက်နိုင်လောက်သောကျွမ်းကျင်သူများကို ဆွဲဆောင်လိမ့်မည်။
ဟန်မူယဲ့က ဝိညာဉ်ကိုအသုံးချပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် မပေါင်းစပ်လျှင်ပင် ကမ္ဘာသစ်သည် ဝါးမြိုခံရမည့်ကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။
ပျက်စီးခြင်းစကြဝဠာ ပြိုကွဲသွားသောအချိန်တွင် သူတို့၏ကံကြမ္မာကို သတ်မှတ်ခဲ့သည်။
သို့သော် ဤကမ္ဘာအသစ်တွင် ကျွမ်းကျင်သူအများအပြားရှိသည်။ မိစ္ဆာတစ်သောင်းတံဆိပ်ကိုကိုင်ထားသော ရှန့်လင်းရွှမ်းလည်း ရှိသေးသည်။ သာမန်ကျွမ်းကျင်သူများ တိုက်ခိုက်လာလျှင် သေဆုံးသွားရလိမ့်မည်။
ဤကမ္ဘာသစ်ကို ဝါးမြိုချင်လျှင် လုံလောက်စွာ သန်မာရမည်။
ဟန်မူယဲ့က နတ်ဘုရားသားရဲပါ့ရှား၏ကိုယ်ပေါ်သို့ ပျံသန်းသွားသည်။
သူက ပြုံးသည်။
သူ့အမြင်တွင် နတ်ဘုရားသားရဲပါ့ရှားသည် လျှို့ဝှက်နယ်မြေခရီးစဉ်တွင် အကြီးမားဆုံးဆုလာဘ်ဖြစ်သည်။
နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်သည် အကောင်းအတိုင်းရှိနေသည်။
မိစ္ဆာတစ်သောင်းနယ်မြေသည် ကမ္ဘာသစ်တစ်ခု ဖြစ်လာသည်။ နတ်ဘုရားသားရဲပါ့ရှားကို မလိုအပ်တော့ပေ။
ကမ္ဘာသစ်၏ကောင်းကင်တာအိုက မိုးကြိုးကပ်ဘေးကို ရင်ဆိုင်နေသောအချိန်တွင် ပါ့ရှား၏အလောင်းကို ဟန်မူယဲ့ဆီသို့ ပေးခဲ့သည်။
ထိုအရာကို လက်ဆောင်တစ်ခု၊ အပ်နှံခြင်းတစ်ခုအဖြစ် ယူဆနိုင်သည်။
နတ်ဘုရားသားရဲပါ့ရှား၏ခန္ဓာကိုယ်သည် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေကို နှစ်ပေါင်းမရေမတွက်နိုင်အောင် သယ်ဆောင်ခဲ့သည်။ ကမ္ဘာသစ်သည် နတ်ဘုရားသားရဲဝိညာဉ်များ၏ ထောက်ပံ့မှုကို မေ့လျော့သွားမည်မဟုတ်ပေ။
ပါ့ရှား၏ခန္ဓာကိုယ်ကို ဟန်မူယဲ့ဆီပေးလိုက်ခြင်းသည် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် သိမ်းဆည်းထားခြင်းထက် ပိုမိုလုံခြုံသည်။
ဝိညာဉ်မရှိသော နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်သည် ကျွမ်းကျင်သူများအတွက် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေထက် ပိုမိုအဖိုးတန်သည်။
ပါ့ရှား၏ခန္ဓာကိုယ် ဆက်ရှိနေလျှင် မရေမတွက်နိုင်သောကျွမ်းကျင်သူများကို ဆွဲဆောင်မိလိမ့်မည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်း၍ အာကာသထဲတွင် ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က ပါ့ရှား၏ကိုယ်ပေါ်တွင် ရှိနေသည်။ သူက ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။
သူ့ဝိညာဉ်စွမ်းအားသည် နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ထဲသို့ဝင်သွားပြီး ဖြည်းဖြည်းချင်းသန့်စင်နေသည်။
အာကာသထဲတွင် နတ်အာရုံများ ပေါ်ထွက်လာသည်။
အာကာသထဲတွင်နေထိုင်သော အားကောင်းသည့်သားရဲများသည် ကုန်းမြေတစ်ခုသဖွယ်ကြီးမားသော နတ်ဘုရားသားရဲ၏တည်ရှိမှုကို အာရုံခံမိပြီး တိတ်ဆိတ်စွာရောက်လာကြသည်။
“ဂါး ....”
ပါ့ရှားသည် ဟိန်းဟောက်လိုက်ပြီး နတ်အာရုံများကို ဖျက်ဆီးလိုက်သည်။
သားရဲများသည် ထိတ်လန့်စွာ ထွက်ပြေးသွားသည်။
ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။
သူက ပါ့ရှား၏ခန္ဓာကိုယ်ကို လျင်မြန်စွာသန့်စင်ရမည်။ ထိုသို့မဟုတ်လျှင် သူရင်မဆိုင်နိုင်သော အားကောင်းသည့်သားရဲများကို ဆွဲဆောင်မိလိမ့်မည်။
သူက မျက်လုံးကို ဖြည်းဖြည်းချင်းပိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် အောက်တွင်ရှိသော ပါ့ရှား၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့သည်။
....
ကောင်းကင်အံ့ဖွယ်ကမ္ဘာ ....
တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် စောစီးစွာပြီးဆုံးသွားခဲ့သည်။
တစ်နှစ်ကြာသော လျှို့ဝှက်နယ်မြေဖွင့်ပွဲသည် နှစ်လသာ ကြာမြင့်ခဲ့သည်။
အာကာသလမ်းကြောင်းထဲမှ ပုံရိပ်များပေါ်ထွက်လာသည်။
“ဟားဟား၊ ငါတို့ ခြင်္သေ့ကလန်ရဲ့ လက်ရွေးစင် ၇၀% ပြန်ရောက်လာတယ်”
ယဇ်ပလ္လင်၏ အပြင်ဘက်တွင်ရှိသော လေဟာနယ်ဂိတ်တံခါးတွင် ရွှေရောင်ဆံပင်နှင့် ခြင်္သေ့ကလန်အကြီးအကဲက ထွက်လာသောလူများကိုကြည့်လိုက်ပြီး ရယ်သည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် အလွန်အန္တရာယ်များသည်။ ယခင်က လက်ရွေးစင်များ တစ်ဝက်ခန့်ပြန်လာနိုင်လျှင် ကံကောင်းသည်ဟု ပြောနိုင်သည်။
အထူးသဖြင့် နှစ်ရာပေါင်းများစွာတွင် တစ်ကြိမ်ဖြစ်သော လျှို့ဝှက်နယ်မြေဖွင့်ပွဲဖြစ်သည်။ လျှို့ဝှက်နယ်မြေတွင် တခြားကမ္ဘာ၏ ကျွမ်းကျင်သူများလည်းရှိနေသောကြောင့် ၃၀%ခန့် ရှင်သန်နိုင်ရန်ပင် ခက်ခဲသည်။
လျှို့ဝှက်နယ်မြေမှ ပြန်လာနိုင်သော လက်ရွေးစင်များသည် ကျင့်ကြံခြင်းနှင့်တိုက်ခိုက်နိုင်စွမ်း တိုးတက်လာရုံတင်မကဘဲ အတွေ့အကြုံနှင့် စိတ်သဘောထားများလည်း ပြောင်းလဲသွားကြသည်။
ကံမကောင်းစွာဖြင့် လျှို့ဝှက်နယ်မြေမှပြန်လာသော လက်ရွေးစင်အများစုသည် အတွေ့အကြုံများကို လျှို့ဝှက်ထားသည်။ ထို့ကြောင့် မျိုးဆက်သစ်များက သိပ်မသိကြပေ။
ကလန်၏ အဆင့်မြင့်အကြီးအကဲများသည်လည်း စုံးစမ်းမှုမပြုလုပ်ပေ။
လူတိုင်းတွင် လျှို့ဝှက်ချက်များရှိသည်။
အမှန်အတိုင်းပြောရလျှင် အတွေ့အကြုံရှိသောလူများက ကလန်အမျိုးမျိုးသည် နတ်ဘုရားသားရဲသွေးမျိုးဆက်အတွက် အဆုံးမရှိတိုက်ခိုက်နေကြောင်း သိကြသည်။ သူတို့က ထိုအကြောင်းကို သိပ်မတွေးချင်ပေ။
ထို့အပြင် လက်ရွေးစင်များက လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားသောအခါတွင် ကလန်များသို့ ဝင်ရောက်ကြလိမ့်မည်။
ထိုအရာသည် ကိုယ်ပိုင်ကလန်ကို သစ္စာဖောက်ခြင်းနှင့် ဆင်တူသည်။ ထို့ကြောင့် ထိုအကြောင်းကို သိပ်မပြောချင်ကြပေ။
မည်သို့ပင်ဖြစ်စေ လက်ရွေးစင်များပြန်ရောက်လာသောအခါတွင် သူတို့က နှစ်တစ်ရာအတွင်း၌ ကလန်၏ထောက်တိုင်များ ဖြစ်လာကြသည်။
“ဟားဟား၊ ငါတို့ အစိမ်းရောင်ကျားသစ်ကလန်ရဲ့ တပည့်၈၀% အသက်ရှင်နေတုန်းပဲ”
တစ်ဖက်တွင် လူတစ်ယောက်က ကျယ်လောင်စွာအော်ဟစ်သည်။ သူ့အသံထဲတွင် ပျော်ရွှင်မှုကို ခံစားနိုင်သည်။
“ဝိညာဉ်သမင်ကလန်က သိပ်ပြီးမဆုံးရှုံးခဲ့ဘူး”
“လေဝံပုလွေကလန်ရဲ့ မျိုးဆက်သစ်တွေ ၉၀% ပြန်လာနိုင်တယ်”
....
တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာများတင်မကဘဲ အနောက်ဘက်နယ်စပ်ကုန်းမြေ၊ အရှေ့ပင်လယ်၊ အလယ်ပိုင်းကုန်းမြေ၏ မိစ္ဆာနှင့်လူသားများလည်း ပြန်ရောက်လာကြသည်။
ဓားကျင့်ကြံသူများသည် ဂိတ်ပေါက်ဝရှေ့တွင် လေးနက်စွာစုစည်းနေသည်။
အနက်ရောင်ချပ်ဝတ် အံ့ဖွယ်နေမင်းကိုယ်ရံတော်များသည် လေးနက်သောမျက်နှာထားဖြင့် တန်းစီနေသည်။
ဂိတ်ပေါက်ဝ၏အပြင်ဘက်တွင် ပျော်ရွှင်မှုများအပြင် သံသယများဝင်ရောက်လာသည်။
‘လက်ရွေးစင်တွေက လျှို့ဝှက်နယ်မြေကနေ မြန်မြန်ပြန်ထွက်လာတယ်။ အထိအခိုက်လည်း သိပ်မရှိဘူး။ သူတို့က ဘာမှသိပ်မရခဲ့တာလား’
‘လျှို့ဝှက်နယ်မြေမှာ သန်မာတဲ့ရန်သူနဲ့ ရင်ဆိုင်ရပြီး အကုန်လုံး မောင်းထုတ်ခံလိုက်ရတာလား’
လက်ရွေးစင်တပည့်များ ထွက်လာသောအခါ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများ ရှိနေသည်။ သူတို့က ကျရှုံးမှုနှင့် ကြုံခဲ့ရပုံပေါ်သည်။
“ထားလိုက်ပါတော့။ လျှို့ဝှက်နယ်မြေကနေ သိပ်ပြီး အကျိုးအမြတ်ရနိုင်မှာမဟုတ်ဘူး။ နောက်ကျရင် ငါက ....”
မိစ္ဆာအိုကြီးတစ်ယောက်က စကားကိုအဆုံးမသတ်နိုင်ဘဲ မျက်လုံးပြူးသွားသည်။
“ဘုန်း”
အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ရှေ့တွင် ချင်းရီမင်က ချီစွမ်းအင်အလင်းနှင့် သွေးစွမ်းအင်များကို ထုတ်လွှတ်နေပြီး ပေတစ်သောင်းမြင့်မားသောအလင်းတန်းကို ဖြစ်လာစေသည်။
ဝိညာဉ်ကိုယ်ခွဲ တစ်ဝက်အဆင့် ....
ဝိညာဉ်သူငယ်နဝမအဆင့်တွင် ချီစွမ်းအင်နှင့် သွေးစွမ်းအင်သည် လိုက်ဖက်ညီနေပြီး ဝိညာဉ်ကိုယ်ခွဲအဆင့်နှင့် ခြေတစ်လှမ်းသာကွာဝေးတော့သည်။
ချင်းရီမင်က လျှို့ဝှက်နယ်မြေထဲတွင် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့သည်။
တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများ၏မျက်နှာထား ပြောင်းလဲသွားသည်။
ချင်းရီမင်၏ကျင့်ကြံဆင့်နှင့်ဆိုလျှင် တောင်ပိုင်းကုန်းမြေတွင် မိစ္ဆာများအတွက် နေစရာမရှိတော့ပေ။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ကောင်းချန်ကုန်း၏ဘေးတွင်ရပ်နေသော ရှောင်ယွဲ့လီက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။
“ချင်းရီမင်က စစ်သားသုံးထောင်ကိုဦးဆောင်ပြီး လျှို့ဝှက်နယ်မြေထဲကို ဝင်သွားခဲ့တယ်။ ဒါပေမဲ့ သူက ကျင့်ကြံခြင်းဖိနှိပ်မှုကို ချိုးဖျက်ခဲ့တယ်လား”
“လျှို့ဝှက်နယ်မြေမှာ ကပ်ဘေးတစ်ခုနဲ့ ကြုံခဲ့ရတာလား”
ရှောင်ယွဲ့လီက ချင်းရီမင်နှင့် တခြားလက်ရွေးစင်များလိုချင်သောအရာကို နားလည်သည်။
ချင်းရီမင်က လျှို့ဝှက်နယ်မြေတွင် အဆင့်တက်လိုက်သောကြောင့် ပြီးပြည့်စုံစွာအဆင့်တက်နိုင်ရန် အခွင့်အရေးကို လက်လွှတ်ခဲ့သည်။
ထိုအရာသည် လုယန်နှင့်ယှဉ်ပြိုင်မှုတွင် အရှုံးပေးလိုက်ခြင်းဖြစ်သည်။
‘ချင်းရီမင်လိုလူတစ်ယောက်က အသက်အန္တရာယ်နဲ့ကြုံလာရင်တောင် အဆင့်တက်မှာမဟုတ်ဘူးလေ’
သူမက တွေးမိသည်။
“ဝီ”
တုန်ခါသံနှင့်အတူ မိုင်တစ်ထောင်ပတ်လည်တွင်ရှိသောတိမ်တိုက်များ ပြောင်းလဲသွားသည်။
အမြီးကိုးချောင်းမြေခွေးတစ်ကောင်၏ပုံရိပ် ပေါ်လာသည်။
“ကောင်းကင်မြေခွေး”
လူတစ်ယောက်က အော်ဟစ်သည်။
“အမြီးကိုးချောင်းကျွမ်းကျင်သူရှိနေတာက မြေခွေးကလန်မဟုတ်လား”
လူတစ်ယောက်က မျက်လုံးပြူးနေပြီး ရေရွတ်သည်။
အစိမ်းရောင်နှင့်ခရမ်းရောင်စပ်ထားသော ဝတ်စုံရှည်ဖြင့် ပိုင်ဝူဟန်သည် ဟွမ်ကျစ်ဟူကို လက်တွဲထားပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။
သူမ၏နောက်တွင် အမြီးကိုးချောင်းပုံရိပ် လှုပ်ရှားနေသည်။
အမြီးကိုးချောင်းကောင်းကင်မြေခွေးသည် ဝိညာဉ်ကိုယ်ခွဲအဆင့်ကျွမ်းကျင်သူနှင့်ယှဉ်နိုင်ပြီး ရှေးဟောင်းသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်။
အမြီးကိုးချောင်းမြေခွေးသည် ချင်းရီမင်နှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏တိုက်ခိုက်မှုကို ခုခံနိုင်ရုံတင်မကဘဲ တောင်ပိုင်းကုန်းမြေတစ်ခုလုံးကို စုစည်းနိုင်သည်။
တောင်ပိုင်းကုန်းမြေ၏ စိုးရိမ်နေသောမိစ္ဆာများသည် စိတ်သက်သာရာရသွားသည်။
အမြီးကိုးချောင်းမြေခွေးပုံရိပ် ပေါ်လာသောအခါတွင် မိစ္ဆာစွမ်းအင်အလင်းများ လှုပ်ရှားလာသည်။ လောကသည် တုန်ခါသွားသည်။
လက်ရွေးစင်များအားလုံးသည် ရွှေအမြုတေအဆင့်စွမ်းအားကို ထုတ်ဖော်နေသည်။
အသက်နှစ်ရာမတိုင်ခင် ရွှေအမြုတေအဆင့်သို့ရောက်လာသောလူများသည် ကလန်ကြီးများ၏ လက်ရွေးစင်များကြားမှ လက်ရွေးစင်ဖြစ်သည်။
ယခုအချိန်တွင် ရွှေအမြုတေအဆင့်အငွေ့အသက်များသည် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်။
ရွှေအမြုတေအဆင့်တင်မကဘဲ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများလည်း ရှိနေသည်။
ကျင့်ကြံခြင်းပြီးပြည့်စုံပြီး ကောင်းကင်အဆင့်သို့တက်ရောက်ရန် ခြေတစ်လှမ်းသာကွာဝေးသည့် ကျွမ်းကျင်သူများ တစ်ရာခန့်ရှိနေသည်။
“ဝီ”
“ဘုန်း”
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဆယ်ယောက်ကျော်၏ ထူးခြားသောအရှိန်အဝါကြောင့် တိမ်တိုက်များတုန်လှုပ်သွားပြီး ပတ်ဝန်းကျင်ရှိသဘာဝစွမ်းအားများကို တွန်းထုတ်လိုက်သည်။
ကောင်းကင်အဆင့် ....
ထိုမြင်ကွင်းကြောင့် မေးခွန်းထုတ်ရန်စောင့်ဆိုင်းနေသောလူများ ကြောင်အသွားသည်။
ယခင်က လျှို့ဝှက်နယ်မြေဖွင့်ပွဲများတွင် လက်ရွေးစင်များသည် ထိုသို့ တိုးတက်မလာခဲ့ပေ။
ကျွမ်းကျင်သူအများအပြား ပြန်ရောက်လာသောကြောင့် ကိုယ်ပိုင်ကလန်များကို နှစ်ပေါင်းရာချီအထိ ထောက်ပံ့နိုင်လိမ့်မည်။
“တကယ့်ကို တိုက်ပွဲကြီးတစ်ခုဖြစ်ခဲ့တာပဲ”
ဆံပင်ဖြူမိစ္ဆာအိုကြီးသည် တုန်ခါနေသောအသံဖြင့် ပြောသည်။
ခွန်အားအတွက်ရုန်းကန်ပြီး သန်မာသူများ ပေါ်ထွက်လာသည်။ လာမည့်ရာစုနှစ်များသည် ကလန်အသီးသီးမှ လက်ရွေးစင်များ၏ ခေတ်ဖြစ်သည်။
“ဟန်မူယဲ့က ဘယ်မှာလဲ”
ကောင်းချန်ကုန်း၏ဘေးတွင် ခေါင်းဆောင်တောက်ရင်က မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်သည်။
သူက ဟန်မူယဲ့ကို မမြင်ရပေ။
ဟန်မူယဲ့၏ခွန်အားနှင့်ဆိုလျှင် လျှို့ဝှက်နယ်မြေတွင် သေဆုံးမသွားနိုင်ပေ။
တခြားလူများသည် လျှို့ဝှက်နယ်မြေတွင် တိုးတက်လာကြသည်။ ဟန်မူယဲ့က မည်သည့်နေရာသို့ ရောက်သွားသနည်း။
တောက်ရင်တင်မကဘဲ ကောင်းချန်ကုန်းကလည်း မျက်မှောင်ကြုတ်သည်။
ရှောင်ယွဲ့လီက လှုပ်ရှားလိုက်ပြီး ဟွမ်ကျစ်ဟူ၏ရှေ့သို့ ရောက်လာသည်။
“ဟူဟူ၊ သမီးရဲ့မွေးစားအဖေက ဘယ်မှာလဲ”