ဝမ်မိသားစု ပျက်စီးခြင်း
Vol. 21 Ch. 301
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ အတူတူရှိနေချိန်တွင် စုရှောင်းယွီက လှည့်ထွက်သွားဖို့ ရွေးချယ်ခဲ့သည်။
ဒီတစ်ခေါက်တော့ သူမ တကယ် ထွက်သွားတော့မည်။
“ဆရာ၊ နင်ငါ့ကို ဆုံးရှုံးသွားရင် နောက်ထပ် ထပ်မတွေ့ရလောက်တော့ဘူး” စုရှောင်းယွီက အထီးကျန်နောက်ကျောဖြင့် ကျောခိုင်းကာ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။
သူမ ထွက်သွားဖို့ ပြင်လိုက်စဉ် ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ခွင်ထဲမှ ရုန်းထွက်လာ၏။
သူမ စုရှောင်းယွီကို မြင်သွားသည်။
စုရှောင်းယွီ ငိုနေတာကိုလည်း မြင်သွား၏။
ဆက်ဆံရေးအရ စုရှောင်းယွီက သူမနဲ့ အနီးစပ်ဆုံးလူဖြစ်သည်။
သူမနဲ့ သူမအမေတို့၏ ဆက်ဆံရေးက မကောင်းဘဲ သူမ အဖေနဲ့ ဆက်ဆံရေးကလည်း သာမန်မျှသာ ရှိသည်။
အနုပညာလောကထဲ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စုရှောင်းယွီကသာ သူမကို ကာကွယ်ပေးခဲ့သည်။
ထို့အပြင် ရှောင်းယွီက သူမ၏ ညီမလေး ဖြစ်သည်။
“ရှောင်းယွီ~” ရှားဝမ်ချွေ့က စုရှောင်းယွီဘေးကို အပြေးသွားပြီး လက်မောင်းကို ဆွဲထားလိုက်ပါသည်။
“ဘာလို့ မျက်လုံးတွေနီနေတာလဲ” လင်းဖန်လည်း လျှောက်လာပြီး မေးလိုက်ပါသည်။
“ဘာမှ မဖြစ်ပါဘူး။ မျက်လုံးထဲ တစ်ခုခု ဝင်သွားလို့လေ” စုရှောင်းယွီက ချိုမြိန်စွာ ပြုံးပြီး လင်းဖန်ကို ကြည့်လိုက်သည်။
“နင်ကောင်းကောင်း အနားယူရမယ်နော် နားလည်လား” ရှားဝမ်ချွေ့က စုရှောင်းယွီကို လူနာခန်းထဲ ပြန်ဆွဲခေါ်သွားပြီး ပြောလိုက်ပါသည်။
“လင်းဖန် ရှောင်းယွီနဲ့ စကားပြောနှင့်ဦး။ ငါအဖေ့ကို ဖုန်းဆက်ပြီး နင်ဘေးကင်းတဲ့အကြောင်း ပြောလိုက်ဦးမယ်” ရှားဝမ်ချွေ့က လင်းဖန်ရှေ့တွင် တောက်ပစွာ ပြုံးလိုက်ပြီး လူနာခန်းတံခါးကို ငြင်သာစွာ ပိတ်လိုက်ပါသည်။
“အင်း” လင်းဖန် ခေါင်းငြိမ့်လိုက်၏။
ရှားဝမ်ချွေ့ ထွက်သွားပြီးနောက် လင်းဖန် စုရှောင်းယွီကို ကြည့်လိုက်ပါသည်။
စုရှောင်းယွီ သူ့အပေါ်ထားသည့် ခံစားချက်များကို သူသိကောင်းသိလိမ့်မည်။
သို့သော် စုရှောင်းယွီက သူ့ကို တစ်ခါမှ ထုတ်မပြောဖူးပါ။
စုရှောင်းယွီသာ သူ့ကို မပြောလျှင် သူလည်း မသိချင်ဆောင်သာ ဆောင်နေလိုက်ပါမည်။
စုရှောင်းယွီကို သူမနာကျင်စေချင်သော်လည်း လုပ်ရပ်တိုင်းက သူမကို နာကျင်စေသည်။
သူ့ဘဝသာ ဝတ္ထုတစ်ပုဒ်ဖြစ်ပါက စာရေးဆရာ ခေါင်းကွဲသွားသည့်အထိ သေချာပေါက် ရိုက်ပစ်လောက်သည်။ အမြဲတမ်း စုရှောင်းယွီကို အနိုင်ကျင့်နေ၏။ ခွေးမလေးက အဲ့လောက်အနိုင်ကျင့်ဖို့လွယ်တယ်လို့ ထင်လို့လား။
စုရှောင်းယွီ၏ ကုတင်ဘေးတွင် ထိုင်ကာ ဒီလို မိန်းမလှလေးကို ကြည့်ပြီး လင်းဖန် တိတ်ဆိတ်သွားရပါသည်။
ထို့နောက် လင်းဖန် စုရှောင်းယွီကို မော်ကြည့်လိုက်ပြီး အတည်ပေါက် ပြောလိုက်ပါသည်။ “ရှောင်းယွီ ကျေးဇူးပါ။ ငါ့အသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နင့်အကူအညီကြောင့်သာ မဟုတ်ရင် ငါသေသွားလောက်ပြီ”
နေဝင်ဆည်းဆာ အလင်းတန်တစ်ခုက ဆေးရုံကုတင်ပေါ်သို့ ကျရောက်လာပြီး စုရှောင်းယွီ၏ လှပသည့် မျက်နှာလေးပေါ်ကို တောက်ပသွားစေ၏။ သူမ ဘာတွေ စဉ်းစားနေသလဲဆိုတာကို ခန့်မှန်းဖို့ မလွယ်တော့ပေ။
“ဆရာ နင်ပြောတာ အကုန်လုံးကို ငါနားထောင်နေပါတယ်” စုရှောင်းယွီက လင်းဖန်ကို ကြည့်လိုက်၏။
“ရှောင်းယွီ နင်က ငါ့အသက်ကို ကယ်ခဲ့တာလေ။ နင့်ကို ဘယ်လို ကျေးဇူးပြန်ဆပ်ရမလဲ မသိတော့ဘူး”
“နင်က ငွေတွေ ဂုဏ်ဒြပ်တွေ မလိုဘူး။ ဘာမှ မလိုအပ်ဘူး။ ဒါပေမယ့် နင်ဘာပဲလိုချင်ချင် နင့်အတွက် ဖြည့်ဆည်းပေးမယ်။ ဒီဘဝမှာ ဆုတောင်း နှစ်ခုပဲ ရှိရင်တောင် ငါနင့်အတွက် ဖြည့်ဆည်းပေးမယ်” လင်းဖန်က ပြောလိုက်ပါသည်။
သူ အလွန် လေးနက်စွာ ပြောနေခြင်း ဖြစ်သည်။
အစကတည်းက စုရှောင်းယွီမှာ သူ့ရဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်သည်။
စုရှောင်းယွီရဲ့ အဖေပြောတာလည်း မှန်ပါသည်။ သူမ လင်းဖန်ကို အကြောင်းရင်း မရှိဘဲ ကယ်တင်မှာ မဟုတ်ပါ။
အားလုံးမှာ စစ်မှန်သည့် နှလုံးသားတစ်ခုတော့ ရှိကြသည်။
အဘွားအိုများကို လမ်းဖြတ်ကူးဖို့ ကူညီခြင်း၊ ဆင်းရဲသည့် ကလေးများကို ကူညီပေးခြင်း စသည်ဖြင့် အားလုံးတွင် စေတနာကောင်းသည့် နှလုံးသား ရှိတတ်ပြီး သူများကို ကူညီဖို့ အကောင်းဆုံး ကြိုးစားတတ်ကြသည်။
သို့သော်လည်း သူများအသက်ကိုကယ်ဖို့ ကိုယ့်အသက်ကို ပေးရမည်ဟု သိလိုက်ရပါက ဘယ်သူက ပေးချင်ပါ့မလဲ။
ဒီမေးခွန်းကို လူတော်တော်များများက မဖြေချင်ကြပါ။
သို့သော်လည်း စုရှောင်းယွီက မသိစိတ်ဖြင့် ဖြေခဲ့သည်။
သူမ ကံသာ ဆိုးသွားပါက ကုန်တင်ကားကြောင့် သေသွားနိုင်၏။
လင်းဖန် ဘာမှ မလုပ်နိုင်ခဲ့ပေ။ သူ့ခန္ဓာကိုယ်နဲ့ သူမကို ကျေးဇူးပြန်ဆပ်မည်ဟုတော့ ပြောလို့ ဖြစ်ပါ့မလား။
ရယ်စရာ ကောင်းလွန်းသွားပါလိမ့်မည်။ လင်းဖန် သူမကို အခွင့်အရေးယူနေတာပဲ မဟုတ်လား။
“ဆန္ဒ ၂ ခု ဟုတ်လား” စုရှောင်းယွီ မျက်တောင် ခတ်လိုက်ပါသည်။
“ဆရာ ငါမှတ်ထားမှာနော်”
“ငါ့ဆန္ဒ ၂ ခုကိုကောင်းကောင်း အသုံးချမှာ” စုရှောင်းယွီက လင်းဖန်ကို ပျော်ရွှင်စွာ ကြည့်ပြီး ပြောလိုက်ပါသည်။
လင်းဖန်က စုရှောင်းယွီ၏ ခေါင်းကို ပုတ်ပေးကာ လူနာခန်းထဲမှ ထွက်လာခဲ့ပါသည်။
သူ အများကြီး လိပ်ပြာမလုံသလို ခံစားနေရ၏။
ဒါက ခွေးမလေးကြောင့် ဖြစ်နိုင်သည်။
သူမ ဘယ်လောက်ပဲ နာကျင်နေပါစေ လင်းဖန်က သူမကို သက်သာသွားအောင် ကူညီပေးချင်စိတ်ရှိပါက သူမ အလွန်ပျော်ရွှင်ပါလိမ့်မည်။
နောက်ထပ် လဝက်လောက်အထိ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ စုရှောင်းယွီနဲ့ စုမူချင်းတို့ကို ဂရုစိုက်ပေးခဲ့ပါသည်။
ဒီလဝက်အတွင်း ဘဝရဲ့ပျော်ရွှင်မှု Season 2 ကလည်း အလွန်ရေပန်းစားလာပြီး သုံးသပ်ချက်ကောင်းများဖြင့် အင်တာနက် တစ်ခွင်လုံး ပြည့်နှက်နေပါသည်။
ထို့ပြင် ကုမ္ပဏီကြီး ၂ ခုက ဝမ်မိသားစုကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့၏။
တစ်ခုက Alibaba ဖြစ်ပြီး နောက်တစ်ခုက စုမိသားစု ကော်ပိုရေးရှင်း ဖြစ်သည်။
ဒီလဝက်အတွင်း ဝမ်မိသားစု ရိုက်ချက်ပြင်းပြင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
ဝမ်အဖွဲ့အစည်း၏ စီအီးအိုဖြစ်သူ ဝမ်ယွန်က ဝမ်ချင်းကို ကြောက်ရွံ့မှုများ ပြည့်နှက်နေသည့် မျက်နှာမျိုးဖြင့် ကြည့်လိုက်သည်။
“ဝမ်ချင်း မင်း ဘယ်လိုလူမျိုးကို သွားစော်ကားခဲ့တာလဲ”
“ဒီအချိန်တောအတွင်း ငါတို့ ဝမ်အဖွဲ့အစည်း ဘယ်လောက်တောင် တိုက်ခိုက်ခံနေရလဲဆိုတာ မင်းသိရဲ့လား။ အကျော်အမော်တွေ ဘယ်လောက်တောင် အကွက်ရွှေ့နေပြီး ငါတို့ ဝမ်အဖွဲ့အစည်းကို ဖိနှိပ်နေကြလဲဆိုတာ မင်း သိရဲ့လားကွ”
“ငါတို့ ဝမ်အဖွဲ့အစည်းရဲ့ စတော့စျေးကွက်လည်း ၃၀ ရာခိုင်နှုန်းအောက် ကျသွားပြီ။ ဝမ်မိသားစုတော့… လုံးဝ ပွဲသိမ်းသွားပြီထင်တယ်” ဝမ်ယွန်က ဝမ်ချင်းကို ကြည့်လိုက်ပါသည်။
“အဖေ ကျွန်တော် Estee Lauder ရဲ့ စီအီးအို လင်းဖန်ကို သွားတိုက်ခိုက်လိုက်မိတာ။ ကျွန်တော် သူ့ကို သတ်ချင်ခဲ့တယ်” ဝမ်ချင်းက ပြောလိုက်သည်။
ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။
“အဖေ ဘယ်ကုမ္ပဏီတွေက ကျွန်တော်တို့ကို လာတိုက်ခိုက်နေတာမို့လို့လဲ။ သူတို့ကို ကြောက်မနေနဲ့။ သူတို့ ဘယ်လောက်ပဲ အားကောင်းကြပါစေ ဘယ်လောက်ထိ အားကောင်းနိုင်မှာလဲ”
ဝမ်ယွန်က ဝမ်ချင်းကို ကြည့်လိုက်ပြီး သူ့ကို ဒီ့ထက်ပိုတော်လိမ့်မည်ဟု ထင်ခဲ့မိသည်။ “ဝမ်ချင်း မင်းဘယ်လိုလူမျိုးကို တိုက်ခိုက်ခဲ့တာလဲ သိရဲ့လား။ Estee Lauder ရဲ့ အများဆုံး ရှယ်ယာဝင် လင်းဖန်ကွ”
“Estee Lauder ရဲ့ အများဆုံးရှယ်ယာဝင်ဆိုတာ ဘယ်လိုလူမျိုးမှ ဖြစ်လာနိုင်တာလဲ မင်းမသိဘူးလား။ လင်းဖန်ရဲ့ နောက်ကြောင်းရာဇဝင်နဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲဆိုတာကိုကော မင်းမသိဘူးလား”
“ငါပြောပြမယ်။ လင်းဖန်က LV ရဲ့ ဒုတိယ အများဆုံးရှယ်ယာဝင်ဖြစ်ပြီး Alibaba ရဲ့ ဒုဥက္ကဌကြီးလည်း ဖြစ်တယ်”
“ဒီရက်ပိုင်းအတွင်း Alibaba က ငါတို့ကို တိုက်ခိုက်ပြီးသွားပြီ။ စီအီးအိုမာကိုယ်တိုင် လှုပ်ရှားခဲ့တာ။ ထရီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခု တိုက်ခိုက်နေတာကို ငါတို့ဝမ်မိသားစုက ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိမှာလဲ’
“စီအီးအိုမာအပြင် စီအီးအိုစုကလည်း ငါတို့ကို လာတိုက်ခိုက်သေးတယ်။ သူက ကမ္ဘာ့နံပါတ် ၁ မှာ ရပ်တည်နေတဲ့ စုချန်းချမ့်ပဲ”
“သက်ညှာပေးဖို့ သွားတောင်းပန်တော့ လင်းဖန်က သူ့သားမက်လို့ စုချန်းချမ့်က ပြောလိုက်တယ်။ ပြီးတော့ ငါမောင်းထုတ်ခံလိုက်ရတယ်။ စုရှောင်းယွီက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူရဲ့ သမီးပဲ”
“ရှားဝမ်ချွေ့ရဲ့ သရုပ်မှန်ကိုကော မင်းမသိဘူးလား။ ရှားဝမ်ချွေ့ရဲ့ အဖေကုမ္ပဏီက ဘီလီယံ ဆယ်ဂဏန်းလောက်ပဲ တန်တယ်ဆိုပေမယ့် ရှားဝမ်ချွေ့အမေကို မင်းသိတယ်မလား။ သူ့ရဲ့ နောက်ကြောင်းရာဇဝင်က စုချန်းချမ့်ထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးတယ်”
ဝမ်မိသားစု ကပ်ဆိုက်လေပြီ။
ဝမ်ချင်း၏ နှုတ်ခမ်းများ စိမ်းသွားရသည်။ “လင်းဖန်က ရှားဝမ်ချွေ့ရည်းစား မဟုတ်ဘူးလား။ ဘယ်ကနေ ဘယ်လို စုရှောင်းယွီက ပါလာတာလဲ”
ဝမ်ယွန် ပေါက်ကွဲသွား၏။ “မင်းသိတာ ဘာရှိလဲ။ စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့အမေက တစ်ယောက်တည်းပဲ။ သူတို့နှစ်ယောက်က အရမ်းလည်း နီးစပ်ကြတယ်။ သူ ကောင်မလေး ဘယ်နှယောက် ထားချင် ထားချင် ထားလို့ ရတယ်ကွ”
ဝမ်ချင်းက ဝမ်ယွန်ကို ကြည့်ကာ မေးလိုက်ပါသည်။ “အဖေ့မှာ တခြားနည်းလမ်း မရှိတော့ဘူးလား…”
ဝမ်ယွန် စားပွဲကို ထုရိုက်လိုက်လေသည်။ “ငါတို့ ဝမ်အဖွဲ့အစည်းက ဒေဝါလီခံရတော့မှာကွ။ ဝမ်အဖွဲ့အစည်း လုံးဝ ပျက်စီးသွားပြီ”
“မင်း လင်းဖန်ကို ထပ်ပြီး သွားမထိဖို့ ငါသတိပေးမယ်နော်။ မဟုတ်ရင် နောက်တစ်ခါ အဖွဲ့အစည်း ပျက်စီးသွားတာလောက် မရိုးရှင်းနိုင်ဘူး”
“လင်းဖန် ဒါမှမဟုတ် စုရှောင်းယွီ တစ်ခုခု ဖြစ်သွားရင် ငါတို့မိသားစုဝင်တွေ… အသက်တောင် ရှင်နိုင်မှာ မဟုတ်ဘူး”
“ပြီးတော့ ရှန်ဟိုင်းမြို့ရဲ့ အကြီးမားဆုံး မိသားစုကြီး ၄ စုထဲက စုမိသားစုကတောင် ငါတို့ကို လာတိုက်ခိုက်တာ မင်းသိလား” ဝမ်ယွန်က မေးလိုက်၏။
“ဘာလို့လဲ။ ကျွန်တော်တို့မှ သူတို့ကို မတိုက်ခိုက်တာ” ဝမ်ချင်း ကြောင်သွားသည်။
“သူတို့ကို မတိုက်ခိုက်ပေမယ့် လင်းဖန်ရဲ့ လက်ထောက်က စုမူချင်း။ သူက စုမိသားစုရဲ့ ဒုတိယသမီးပဲ” ဝမ်ယွန်က ပြောလိုက်ပါသည်။
ဝမ်ချင်း ချက်ချင်းဆိုသလို ကြက်သေသေသွား၏။ သူ့မျက်လုံးများတွင် နောင်တများ၊ နာကျင်မှုများဖြင့် ပြည့်နှက်သွားခဲ့ပါသည်။
သူ့နတ်သမီးလေးကို သူ သတ်မိတော့မလို ဖြစ်ခဲ့သည်။
ဒါ့ကြောင့် လင်းဖန်ရဲ့ လက်ထောက်က ဒီလောက် လှပနေတာကိုး။ သူက စုမိသားစုရဲ့ ဒုတိယသမီး ဖြစ်နေတာကိုး။
ရှန်ဟိုင်းမြို့၏ စုမိသားစုက အဓိက မိသားစုကြီး ၄ စုတွင် အဆင့် ၂ နေရာတွင် ရှိနေသည်။
ဒီလို ကုမ္ပဏီပေါင်းများစွာ၏ ပစ်မှတ်ထားခြင်းကို ခံရသည့် ဝမ်အဖွဲ့အစည်းကတော့ လုံးဝ ဒေဝါလီခံသွားရပါပြီ။
ဝမ်မိသားစု ပိုင်ဆိုင်မှုအားလုံး ပြန်လည်သိမ်းပိုက်ခံလိုက်ရသည်။
ဒီကိစ္စကြီး ပြီးသွားပြီဟု ဝမ်မိသားစု ထင်မိစဉ်မှာပင် ဝမ်ချင်း အဖမ်းခံလိုက်ရသည်။
ဝမ်ချင်းလုပ်ခဲ့သည့်အရာက လူသတ်ရန် ကြံစည်ခြင်း ရာဇဝတ်မှုဖြစ်သည်။ သူ့ကြိုးစားမှုက မအောင်မြင်သော်လည်း အဖမ်းခံရပြီး ထောင်ချခံရဆဲ ဖြစ်ပါသည်။
တစ်ချိန်က ကြီးစိုးခဲ့သည့် ဝမ်မိသားစုတော့ လုံးဝ ပြိုလဲသွားခဲ့ချေပြီ။