ချမ်းသာပြီး တဇွတ်ထိုးဆန်သည်
Vol. 21 Ch. 309
“အရမ်းလှတယ်”
“စုမူချင်း နင်က ငါ့လက်ထောက်နော်။ ယုတ္တိရှိရှိ ပြောရရင် ငါက နင့်ကို အလုပ်တွေ စီစဉ်ပေးရမယ့်လူ ဟုတ်တယ်မလား” လင်းဖန် မေးလိုက်၏။
“ဟုတ်ပါတယ်” စုမူချင်းက ခေါင်းငြိမ့်လိုက်၏။
“နောက်ပိုင်း ငါ့လက်ထောက်အနေနဲ့ ဆက်လုပ်ရမယ့်အပြင် ငါနဲ့ စာချုပ်တစ်ခု လာချုပ်လိုက်ပါ”
“ငါ့ရဲ့ အနာဂတ်ကုမ္ပဏီမှာ နင်အနုပညာရှင် ဖြစ်လာမယ်ဆိုရင် စာချုပ်က စုစုပေါင်း ၅ နှစ် သက်တမ်းရှိမယ်။ အမြတ်အစွန်းကို အခွန်နှုတ်ပြီး ၂၀/၈၀ အချိုးနဲ့ ခွဲပေးသွားမယ်။ နင်အလုပ်လုပ်တာ တော်ရင် ဒီ့ထက် ပိုမြင့်နိုင်တယ်။ ကုမ္ပဏီက နင့်ကို ရင်းမြစ်တွေ အများကြီးလည်း ပေးမယ်” လင်းဖန် ပြောလိုက်လေသည်။
“ဘော့စ်လင်း ကျွန်မမှာ သရုပ်ဆောင် အတွေ့အကြုံမှ မရှိတာ။ ကျွန်မမှာ ဘာမှ မရှိဘူး” စုမူချင်းက ခေါင်းကို ညင်သာစွာ ခါလိုက်ရင်း ပြောလိုက်ပါသည်။
“သရုပ်ဆောင် အတွေ့အကြုံ ဘာမှ ရှိဖို့ မလိုဘူး။ လှဖို့ပဲ လိုတယ်”
“ကျန်တာ ငါ့တာဝန်သာ ထားလိုက်” လင်းဖန်က ပြုံးကာ စုမူချင်းကို ကြည့်လိုက်ပါသည်။
ထိုအပြုံးကိုပဲ စုမူချင်း မလွန်ဆန်နိုင်ခြင်း ဖြစ်၏။
သူမကလည်း မိန်းကလေး တစ်ယောက် ဖြစ်သည်။ လင်းဖန်က သူမရဲ့ အိုင်ဒေါ အမြဲတမ်း ဖြစ်ခဲ့ပါသည်။
ယခု လင်းဖန်က သူမကို စာချုပ်ချုပ်ဖို့ ဖိတ်ကြားသဖြင့် သူမ လွန်ဆန်နိုင်ပါ့မလား။
ယောက်ျားလေးတွေပဲ မိန်းကလေးတွေကို အမြဲတမ်း မလွန်ဆန်နိုင်တာ မဟုတ်ပါ။
လက်တွေ့ဘဝမှာပဲဖြစ်ဖြစ် အိပ်ယာထဲမှာပဲ ဖြစ်ဖြစ် မိန်ကလေးတွေကသာ ယောက်ျားလေးတွေကို မလွန်ဆန်နိုင်သူတွေ ဖြစ်ပါသည်။ – လုရွှန်း
“နင်သဘောတူလား” လင်းဖန် ပြုံးကာ မေးလိုက်၏။
“ဟုတ်ကဲံ…” စုမူချင်း ခေါင်းငြိမ့်လိုက်ပြီး လင်းဖန်ကို ပျော်ရွှင်စွာ ကြည့်လိုက်ပါသည်။
စုမူချင်း လင်းဖန်ရဲ့ လက်ထောက် ဖြစ်လာရခြင်း အဓိက အကြောင်းအရင်းက စီးပွားရေးမှာ အများကြီး လေ့လာသင်ယူနိုင်ပြီး အိမ်ပြန်ကာ မိသားစု စီးပွားရေးကို စီမံနိုင်ဖို့ ဖြစ်ပါသည်။
အခုတော့ မိသားစု စီးပွားရေးကို စီမံဖို့ဆိုတာ မရှိတော့ပေ။
သူမ လင်းဖန်ရဲ့ အနုပညာရှင် ဖြစ်သွားပါပြီ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ လင်းဖန်မှာ စာချုပ်စာတမ်းရှိနေပြီး အနီးဆုံး မောလ်မှာ ပရင့်ထုတ်ခဲ့ပါသည်။
လင်းဖန်က နာမည်ရေးထိုးလိုက််ပြီး တံဆိပ်ခေါင်း ရေးထိုးလိုက်ပါသည်။
ထို့နောက် စုမူချင်းလည်း နာမည်ရေးထိုးကာ လက်ဗွေနှိပ်လိုက်ပါသည်။
အခုဆို စုမူချင်းက လင်းဖန်ရဲ့ အနာဂတ် ကုမ္ပဏီအတွက် စတုတ္ထမြောက် အနုပညာရှင် ဖြစ်သွားပါပြီ။
စုမူချင်းမှာ ဘာပရိတ်သတ်မှ မရှိသေးတာကိုလည်း မေ့ထားလို့မရပေ။
စုမူချင်းကို လက်ရှိ အာရုံစိုက်နေတဲ့ ပရိတ်သတ်ဆိုတာ မရှိပါ။
စုမူချင်းက လင်းဖန်ရဲ့ လက်ထောက်သာ ဖြစ်ခဲ့သည်။
ယခုတော့ ပြောင်းလဲသွားပါပြီ။ သူမ လင်းဖန် လက်အောက်က အနုပညာရှင် ဖြစ်လာခဲ့ပါပြီ။
“ဘော့စ်လင်း အနာဂတ်ကျရင် ကျွန်မက ရှင့်ရဲ့ လက်ထောက်ကော အနုပညာရှင်ကော ဖြစ်လာတော့မှာနော််။ ကျွန်မလုပ်ငန်းတွေ အားလုံး ရှင့်ဆီပဲ အပ်ထားပါတော့မယ်” စုမူချင်းက ချိုမြိန်စွာ ပြုံးလိုက်၏။ သူမ အပြုံးက အများကြီး ပိုတက်ကြွလာပါသည်။
စုမိသားစုထဲမှာဆို သူမဒီလို ပျော်ရွှင်မှုမျိုး မခံစားရဖူးပါ။
သူမ အိမ်မှာ အသိအမှတ်လည်း အပြုမခံရပေ။ ထို့ကြောင့် မိသားစုက သူမကို အပြင်ထွက်ပြီး လေ့ကျင့်စေခဲ့ခြင်း ဖြစ်၏။ သူမသာ အောင်မြင်ပါက အိမ်ပြန်ပြီး မိသားစု စီးပွားရေးကို ဆက်ခံကာ နေရာတစ်ခုခု ယူနိုင်ပါလိမ့်မည်။
လေ့ကျင့်ရေးသာ မအောင်မြင်ပါက သူမကို သူမ မိသားစု အထင်ကြီးပါဦးမလား။
သူမမိသားစုကသာ စုမူချင်းကို လေ့ကျင့်စေချင်လျှင် မိသားစုကုမ္ပဏီထဲမှာ လေ့ကျင့်ခိုင်းလည်း ရပါသည်။
စုမိသားစုက စုမူချင်းကို လင်းဖန်၏ လက်ထောက် လုပ်ခိုင်းဖို့သာ ရွေးချယ်ခဲ့၏။
ယဉ်ယဉ်ကျေးကျေးပြောရလျှင် သူမ အပြင်လောကမှာ သင်ယူနေခြင်း ဖြစ်၏။
မယဉ်မကျေး ပြောရပါက စုမိသားစုက စုမူချင်းကို အသုံးချပြီး လင်းဖန်ကို ဖြားယောင်းချင်ခြင်း ဖြစ်ပါသည်။
စုမူချင်းသာ လင်းဖန်ရဲ့ လက်ထောက်ဖြစ်သွားရင် ဇာတ်လမ်းတွေ ရှုပ်မလာနိုင်ဘူးလား။
ဥပမာအားဖြင့် လင်းဖန်က စုမူချင်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်နိုင်သည်။ ဒါဆို စုမိသားစုက လင်းဖန်နဲ့ နီးစပ်သွားနိုင်ပါပြီ။
စုမူချင်းကလည်း ဒီ့အတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။
သူမ သိသလောက်တော့ သူဌေးတွေမှာ မိန်းမ တစ်ယောက်တည်းပဲရှိတာ ရှားပါသည်။
သူဌေးတွေမှာ အပေါဆုံးက မိန်းမတွေပဲ ဖြစ်၏။
သို့သော်လည်း စုမူချင်းအံ့အားသင့်ရလောက်အောင် လင်းဖန်က သူမကို အခွင့်အရေး တစ်ခါမှ မယူခဲ့ပါ။
ထို့အစား သူမအတွက် အလုပ်တွေ အများကြီး စီစဉ်ပေးခဲ့၏။ ယခုတော့ သူမကို သူ့ရဲ့ အနုပညာရှင် ဖြစ်လာဖို့တောင် စာချုပ်ချုပ်ပေးခဲ့ပါသည်။
“ငါ့အနာဂတ်ကုမ္ပဏီအတွက် နင်က အနုပညာရှင် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် နင်က ကုမ္ပဏီထဲမှာ ငါ့လက်ထောက် ဖြစ်နေတုန်းပဲ ဆိုတာကိုတော့ သိရမယ်နော်။ ကုမ္ပဏီ အလုပ်တချို့ကိုလည်း နင်တာဝန်ယူရဦးမယ်”
“ဖျော်ဖြေရေးကုမ္ပဏီထဲမှာ နင်က ငါ့လက်ထောက်လည်း ဖြစ်ပြီး အလုပ်တချို့အတွက် တာဝန်ယူရမယ်။ တစ်ချိန်တည်းမှာပဲ နင်က ငါ့မန်နေဂျာ ဖြစ်လိမ့်မယ်။ အလုပ်တွေ အကုန်လုံးကို လင်းချမ့်ဝေ တစ်ယောက်တည်း မနိုင်ဘူး”
“အဲ့တာကြောင့် နင်ဒီ့ထက် အလုပ်ပိုကြိုးစား ရနိုင်တယ်။ ဒါပေမယ့် နင် အရှုံး မရှိစေရပါဘူး” လင်းဖန်က ပြုံးလိုက်၏။
“ဟုတ်ကဲ့ပါ ဘော့စ်လင်း အလုပ်က ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ကျွန်မ ဘယ်လောက်ပဲ အလုပ်တွေများလာပါစေ ကျွန်မအလုပ်ကို ကျွန်မ ပြီးမြောက်အောင် ဆောင်ရွက်ပါ့မယ်” စုမူချင်း အတည်ပေါက် ပြောလိုက်ပါသည်။
သူမ ကြည်နူးမိဆုံးအရာက သူမရဲ့ အစွမ်းအစတွေကို လင်းဖန် အသိအမှတ်ပြုခြင်း ဖြစ်သည်။
သူမရဲ့ အစွမ်းအစတွေကို သူသာ အသိအမှတ် မပြုပါက ရာထူးတွေ ဒီလောက်အများကြီးကို တစ်ပြိုင်တည်း ပေးအပ်ပါ့မလား။
အလုပ်များပြီး နည်းနည်း ပင်ပန်းရမှာကလွဲလို့ ကျန်တာ အားလုံး အဆင်ပြေပါသ်ည။
သူမ ဒီဝန်တွေနဲ့ နေထိုင်နိုင်သည်။
သူမရဲ့ ပန်းတိုင်က စုမိသားစုကို သူမရဲ့ အစွမ်းအစတွေ ရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ပြသဖို့ ဖြစ်သည်။
သူမက သူ့မအစ်မ စုဝမ်အာအောက် မနိမ့်ပါ။
“ဒါပေမယ့် လောလောဆယ်တော့ နင် တီဗီရှိုးတွေ၊ အန်ဒိုစာတွေမှာ မပါရသေးဘူး။ ငါ Kung Fu Hustle ဆိုတဲ့ ရုပ်ရှင်တစ်ကား ရိုက်ဖို့ စီစဉ်ထားတယ်။ အဲ့ဒီထဲမှာ နင်နဲ့ လိုက်မယ့် ဇာတ်ကောင်တစ်ကောင်ပါတယ်။ နင့်မှာ သရုပ်ဆောင်ပါရမီမရှိသေးရင် ဖြည်းဖြည်းချင်း လေ့ကျင့်ယူလို့ရတယ်။ အဲ့ဒီဇာတ်ကောင်ကလည်း စကားမပြောတတ်တဲ့ မိန်းကလေးဆိုတော့ တစ်ချိန်လုံး စကားပြောရမှာ မဟုတ်ဘူး။ နင်ကောင်းကောင်း သရုပ်ဆောင်နိုင်မှာ သေချာပါတယ်”
“ဒါဆို ဆုံးဖြတ်လိုက်ပြီနော်။ နင်က အဲ့ဒီ ရုပ်ရှင်အတွက် အသင့်တော်ဆုံး ခေါင်းဆောင် မင်းသမီးပဲ။ နင့်သရုပ်ဆောင်စွမ်းရည်တွေကို ကောင်းကောင်းလေ့ကျင့်ထား။ ငါတို့ ၂ လလောက်နေရင် စကြမယ်။” လင်းဖန် ပြုံးလိုက်ပါသည်။
လင်းဖန် သူ့အနုပညာရှင်တွေအပေါ် ဒီလောက်ကောင်းမှန်း သူများတွေသာ သိပါက ရူးသွပ်သွားကြပါလိမ့်မည်။
ဒါက လင်းဖန် ရိုက်ကူးဖို့ စီစဉ်ထားသည့် ပထမဆုံး ရုပ်ရှင် ဖြစ်သည်။
ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသမီးနေရာအတွက် ရှားဝမ်ချွေ့ကိုတောင် သူမရွေးခဲ့ပါ။ စုမူချင်းကိုသာ ရွေးလိုက်ပါသည်။
ပရော်ဖက်ရှင်နယ် ရှုထောင့်ကကြည့်ပြီး စုမူချင်းက ဒီ Role နဲ့ လိုက်ဖက်ညီမှုရှိသည်ဟု လင်းဖန် ခံစားမိပါသည်။
စုမူချင်းက သူသိသမျှထဲမှာ အဖြူစင်ဆုံးပုံစံနဲ့ ကောင်မလေး ဖြစ်သည်။
ထို့အပြင် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကလည်း ဓားနှင့် နတ်သမီးဒဏ္ဍာရီ Season 3 ကို ရိုက်ကူးရဦးမည်။ ဒီရုပ်ရှင်ကို ရိုက်ကူးဖို့ အချိန်မရှိပါ။
“ကျေးဇူးတင်ပါတယ် ဘော့စ်လင်း” စုမူချင်းက အများကြီး မပြောပါ။ သို့သော် သူမ အလွန် ကျေးဇူးတင်နေပါသည်။
“နင်က အခု ငါ့အနုပညာရှင် ဖြစ်သွားပြီဆိုတော့ ဒီအဝတ်အစားတွေ ယူထားလိုက်တော့။ နင့်ကို အဝတ်အစားတွေ ကူဝယ်ပေးမယ်။ ဒီမှာ လှလှပပ အဝတ်အစားတွေ အများကြီးရှိတာကို ဒီလောက်နည်းနည်းလေး ဝယ်လို့ ဖြစ်ပါ့မလား”
“အဝတ်အစားတွေ ဝယ်မှာသာဝယ်။ ငါ့အတွက် ငွေကို ချွေတာမနေနဲ့။ နင်ဝယ်ချင်တာသာ ဝယ်” လင်းဖန်က ပြုံးကာ အရောင်းဝန်ထမ်းကို ကြည့်လိုက်သည်။
“အမ်… ဒီအတန်းက အဝတ်အစားတွေ အကုန် ထုပ်ပိုးလိုက်”
စုမူချင်း “…”
အရောင်းဝန်ထမ်း ကြောင်သွားသည်။
စုမူချင်း အဝတ်အစားဝယ်တုန်းက သူမ ပိုက်ဆံနဲ့သူမ ဝယ်တာ မဟုတ်သော်လည်း လင်းဖန်ရဲ့ ပိုက်ဆံကို အများကြီး မသုံးမိအောင် ချွေတာခဲ့ပါသည်။
နောက်ဆုံးမှာတော့ လင်းဖန်ရောက်လာပြီး အဝတ်အစား တစ်တန်းလုံးကို ဝယ်သွား၏။
“ပြီးတော့ ထုပ်ပိုးတဲ့အခါ ဒီအဝတ်အစား စတိုင်တွေကို စုမူချင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ကိုက်ညီမယ့်ဟာတွေနဲ့ လဲလိုက်နော်” လင်းဖန်က စုမူချင်းအတွက် အဝတ်အစားများစွာကို တန်းဝယ်ပေးရင်း ပြောလိုက်ပါသည်။
လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ ပြန်ထွက်လာသည့် အခါတွင်လည်း သူတို့နှစ်ယောက် အဝတ်အစား နည်းနည်းလေးသာ ရွေးလာကြပါသည်။
ဒီကောင်မလေးများက ချွေတာလွန်း၏။
တခြား သိုက်တူးသမားတွေသာဆို တစ်ခါတည်း အဝတ်အစားပေါင်းစုံ ဝယ်ပစ်ကြလိမ့်မည်။
သို့သော်လည်း လင်းဖန်ဘေးနားက ကောင်မလေးတွေမှာ လုံးဝ ခြားနားသည့် စိတ်ဓာတ်မျိုး ရှိပါသည်။
သူ့နားက ကောင်မလေးတွေက ဘာလို့ ဒီလောက် အရမ်းသိတတ်ရတာလဲ။
လင်းဖန်မှာ တကယ် ငွေမရှားသောကြောင့် ဖြစ်သည်။
သူက နတ်သမီးလေးများ ဝန်းရံတာကို ခံထားရပြီး ငွေတွေအများကြီးလည်း ရနိုင်သည်။
“ပြီးတော့ ဒီအတန်းနဲ့ ဒီကလေးဝတ်တွေကိုပါ ထုပ်ပိုးလိုက်” လင်းဖန်က လက်ရမ်းပြလိုက်ပြီး လှလှပပ အဝတ်အစားများစွာကို တစ်ခါတည်း ဝယ်လိုက်ပါသည်။
လင်းဖန် ဘယ်လောက်ရက်ရောသလဲဆိုတာကို မြင်ပြီး အရောင်းဝန်ထမ်း ပိုတက်ကြွလာပါသည်။
ပိုတက်ကြွလာသည့်အပြင် ကြည်နူးသွားမိသည်။
လင်းဖန်လို သဘောကောင်းတဲ့ ချစ်သူမျိုး ရထားတဲ့ ရှားဝမ်ချွေ့ကိုတောင် အနည်းငယ် မနာလို ဖြစ်လာမိပါသည်။
လင်းဖန်က ခုနက ဖုန်းပြောနေသော်လည်း စုမူချင်း၊ လင်းခဲ့ရှင်နဲ့ ထန်ရှင်းရန်တို့ကို အကဲခတ်နေခဲ့သည်။
ထိုကောင်မလေး ၃ ယောက် အဝတ်အစားများ ဝယ်သည့်အခါ အဝတ်အစား အများကြီးကို အကြာကြီး ကြည့်နေကြသည်။ အကြာကြီး တွန့်ဆုတ်ပြီးမှ မဝယ်ကြပါ။
သူတို့ လင်းဖန်အတွက် ငွေချွေတာ ပေးချင်သောကြောင့် ဖြစ်ပါသည်။
ဒီကောင်မလေးတွေမှာ စုရှောင်းယွီလို အရည်အသွေး မရှိပါ။
စုရှောင်းယွီ အဝတ်အစားဝယ်တဲ့အခါ ဒီလိုမျိုး လုပ်နေမှာ မဟုတ်ပေ။ သူမ လိုချင်တာမှန်သမျှ အကုန်ဝယ်ပါလိမ့်မည်။ အဓိကက သူမမှာ ပိုက်ဆံမရှားသောကြောင့် ဖြစ်သည်။
လင်းဖန် ဝယ်လိုက်သည့် အဝတ်အစားများ အားလုံးက စုမူချင်း၊ လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ ကြိုက်နှစ်သက်သည့် အဝတ်အစားများသာ ဖြစ်ကြသည်။
အောင်မြင်တဲ့ ဘော့စ်တစ်ယောက်ဆိုတာ အသေးစိတ်တိုင်းကို တိကျမှန်ကန်နေရမည်။
“ဘော့စ်လင်း အဲ့လောက်အများကြီးဝယ်ဖို့ တကယ်မလိုပါဘူး” စုမူချင်းက ပြောလိုက်သည်။
“ကျွန်မကောပဲ” လင်းခဲ့ရှင်းက ခေါင်းငြိမ့်၏။
“အကုန်လုံး ယူကြ။ ငါက နင်တို့ဘော့စ်နော်။ သူဌေးတွေက တဇွတ်ထိုးဆန်တယ်” လင်းဖန် ရယ်မောလိုက်ပြီး ဘာမှ ရှင်းပြမနေတော့ပါ။
ကောင်မလေးများကို အဝတ်အစား ကူထုပ်ပိုးပေးပြီးနောက် လင်းဖန် အဝတ်အစား တချို့ကို သေသေချာချာ ရွေးလိုက်ပါသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့အတွက် ဝယ်ပေးသည့် အဝတ်အစားများကို လင်းဖန်ကိုယ်တိုင် သေသေချာချာ ရွေးပေးထားခြင်း ဖြစ်သည်။
ဒါက သူ့ဇနီးအတွက် အထူးအခွင့်အရေး တစ်ခုလိုပင်။
အဝတ်အစားများကိုရွေးချယ်ပြီး အားလုံးကို ဝယ်ယူပြီးနောက် လင်းဖန ၁.၃၂ သန်းသာ သုံးလိုက်ရသည်။
ငွေအများကြီး ကုန်လိမ့်မည်ဟု ထင်ခဲ့သော်လည်း မကုန်ပေ။
နောက်ထပ် သူလုပ်ဖို့ လိုတာဆိုလို့ အိမ်ပြန်ပြီး ရှားဝမ်ချွေ့ ဒီအဝတ်အစားတွေနဲ့ ဘယ်လောက်လှလဲဆိုတာကို ကြည့်ဖို့ ဖြစ်ပါသည်။
လင်းဖန် ပြန်သွားပြီးနောက် အရောင်းဝန်ထမ်းတွေနဲ့ မန်နေဂျာတို့ လင်းဖန်ကို မနာလို ဖြစ်သွားကြသည်။
“လင်းဖန်မှာ ရှားဝမ်ချွေ့လို အရမ်းလှတဲ့ ကောင်မလေးလည်း ရှိတယ်။ သူ့ဘေးမှာ ကောင်မလေးတွေလည်း အများကြီး ရှိတယ်။ နည်းနည်း မနာလိုတောင် ဖြစ်တယ်ကွာ”
“လင်းဖန်က ချမ်းသာတာကိုး။ လင်းဖန် ခုနက အဝတ်အစား ရွေးနေတုန်းက လက်ရမ်းပြပြီး ဟိုအတန််းဝယ်လိုက် ဒီအတန်းဝယ်လိုက်နဲ့ မင်းတို့ မတွေ့ဘူးလား”
“အဲ့တာကြောင့် ချမ်းသာရင် တဇွတ်ထိုး နိုင်ကြတယ်လို့ ပြောကြတာကိုး”