၁.၅ ဘီလီယံတန် အန်ဒိုစာ
Vol. 21 Ch. 313
“အဲ့လောက်ပါပဲ” လင်းချမ့်ဝေက ခေါင်းငြိမ့်သည်။
“နင်ပင်ပန်းသွားပြီ။ ဒါဆိုရင် ငါ ဒီအန်ဒိုစာတွေကို လက်ခံရမှာပေါ့။ စုစုပေါင် ၁.၂ ဘီလီယံတောင်ပါလား” လင်းဖန်က တောက်ပစွာ ပြုံးလိုက်ပါသည်။
၁.၂ ဘီလီယံဆိုတဲ့ ဂဏန်းနဲ့ ရင်ဆိုင်ရသည့်အခါ မမက်မောမယ့်လူမျိုး မရှိလောက်ပါ။
သူသာ ဒီ ၁.၂ ဘီလီယံယွမ်ကို ရရှိသွားပါက လင်းဖန်ကို တကယ့်သူဌေးတစ်ယောက်အဖြစ် သတ်မှတ်လို့ ရနိုင်ပါပြီ။
သူက အခု မွဲတေလွန်းနေ၏။ ကုမ္ပဏီများစွာ၏ ရှယ်ယာဝင်ဖြစ်ပြီး လင်းဖန်ထက် မွဲတဲ့သူ သိပ်မရှိနိုင်ပါ။
လင်းဖန်ရဲ့ ဘဏ်အကောင့်က ယွမ် ၂ သန်းသာ ရှိခဲ့သည့် နေ့ရက်များကို ပြန်ရောက်သွားပါပြီ။
ကျန်ငွေတွေက ဖျော်ဖြေရေး ကုမ္ပဏီဆီ ရောက်သွား၏။
စုငွေ ယွမ် ၂ သန်းလောက်သာ ရှိသဖြင့် လင်းဖန် သက်ပြင်းချလိုက်ပါသည်။
သူအလုပ်မကြိုးစားပါက တစ်နေ့ကျရင် ငတ်သေသွားနိုင်ပါသည်။
“ချမ့်ဝေ နင်တော်တယ်။ ငါနင့်ကို လစာ တိုးပေးမယ်” လင်းချမ့်ဝေက ပြုံးလိုက်သည်။
“ပြီးတော့ ခုတလော နင်အရမ်းအလုပ်များတယ်နော်။ စုမူချင်းက နင်နဲ့အတူ ငါ့ရဲ့မန်နေဂျာအသစ် ဖြစ်လာလိမ့်မယ်။ နင်တို့ နှစ်ယောက် အလုပ်တူတူ လုပ်လို့ရတာပေါ့။” လင်းဖန် ပြောလိုက်၏။
“ကောင်းပါပြီ” လင်းချမ့်ဝေ ခေါင်းငြိမ့်လိုက်ပါသည်။
လစာတိုးသွားသဖြင့် လင်းချမ့်ဝေလည်း အလွန်ပျော်ရွှင်သွားပါသည်။
သူမ ဘော့စ်က အလွန်ရက်ရော၏။
လင်းဖန်က ထိုအန်ဒိုစာ ကုမ္ပဏီများ၏ အချက်အလက်များကို ရရှိသွားပြီး တစ်ခုပြီး တစ်ခု ဆက်သွယ်လိုက်ပါသည်။
အန်ဒိုစာ ကုမ္ပဏီတိုင်းအတွက် လင်းဖန် အပြင်မှာ စစ်ဆေးကြည့်ရှုနိုင်ဖို့ ကိုယ်တိုင် သွားရောက်ခဲ့သည်။
ထို့အပြင် လင်းဖန်က ၎င်းတို့ရဲ့ မူရင်း ကမ်းလှမ်းချက်ထက် စျေးကို ပိုတောင်းခဲ့ပါသည်။
၁.၂ ဘီလီယံ မှ ၁.၅ ဘီလီယံအထိ တက်သွား၏။
ဘာပြဿနာမှ မရှိတော့မှန်း လင်းဖန် အတည်ပြုလိုက်ပြီးနောက် အန်ဒိုစာ ၁၁၅ ခုစလုံးကို လက်ခံလိုက်ပါတော့သည်။
ထို ကုမ္ပဏီ ၁၁၅ ခုနဲ့ လင်းဖန် အန်ဒိုစာ စာချုပ်များ ချုပ်ဆိုခဲ့ပါသည်။
ဒီလောက် အန်ဒိုစာများစွာကို အကြီးအကျယ် စာချုပ်ချုပ်ဆိုဖူးတာ လင်းဖန်အတွက် ပထမဆုံးအကြိမ် ဖြစ်ပါသည်။
ဒီသတင်းက ယွဲ့ဟွာဖျော်ဖြေရေးမှာ ပွက်လော ရိုက်သွားခဲ့ပါသည်။
လင်းဖန် အန်ဒိုစာများစွာကို တစ်ပြိုင်တည်း စာချုပ်ချုပ်ဆိုလိုက်သည်ဟု ဆယ်လီတွေ ကြားမိတော့ ပို၍ပင် တုန်လှုပ်သွားကြလေသည်။
အန်ဒိုစာ ၁ ခု ၂ ခုမဟုတ်ဘဲ ၁၁၅ ခုတောင် ဖြစ်သည်။
နယ်ပယ်ကလည်း စုံလင်၏။ အလှကုန်ပစ္စည်းများ၊ ရေမွှေးများ၊ နေ့စဉ် အသုံးအဆောင်များ အစရှိသဖြင့် စုံလင်လှသည်။ စျေးသက်သာသည့် ကုန်ပစ္စည်းပေါင်းစုံ ပါဝင်ပါသည်။
ကုန်ပစ္စည်းတွေကို ဆယ်လီတွေ ပရိုမိုးရှင်း ဆင်းပေးသည့်အခါ စျေးသက်သာတဲ့ ပစ္စည်းတွေမှာ သက်ရောက်မှု အသိသာဆုံး ဖြစ်သည်။
သာမန်လူတွေများစွာက စျေးကြီးကြီး ပစ္စည်းတွေကို တတ်နိုင်ကြမှာ မဟုတ်ပါ။ သို့သော် ထိုစျေးသက်သာသည့် ပစ္စည်းများကို ကြော်ငြာပေးဖို့ ဆယ်လီတွေကို ငှားရမ်းလိုက်ပါက သေချာပေါက် အကျိုးအမြတ်ကောင်း ပြန်ရနိုင်ပါသည်။
“လခွမ်း လင်းဖန်က တော်လိုက်တာ”
“အန်ဒိုစာ စာချုပ် ၁၁၅ ခုကို တစ်ပြိုင်တည်း ချုပ်ပစ်လိုက်တာနော်။ ဒါ… ဒါကြီးက… သူ့ကို ဘယ်သူ ယှဉ်နိုင်တော့မှာလဲ”
“လင်းဖန် ဘယ်လိုများ လုပ်လိုက်တာလဲ။ သူ့ကို လာကမ်းလှမ်းတဲ့ ကုမ္ပဏီတွေ အဲ့လောက်တောင် များတာလား”
“၁၁၅ ခုပဲ မဟုတ်ဘူး။ ငါလင်းချမ့်ဝေကို မေးကြည့်ပြီးပြီ။ တကယ်တော့ လင်းဖန်ကို အန်ဒိုစာ ကမ်းလှမ်းတဲ့ ကုမ္ပဏီက ၃၀၀ ကျော်ရှိတာ။ ဒါပေမယ့် လင်းဖန်က ၁၁၅ ခုကိုပဲ ရွေးခဲ့တာလေ”
“ပြီးတော့ လင်းဖန်နဲ့ သူ့နားက လူတွေ အန်ဒိုစာတွေ အများကြီး စာချုပ်ချုပ်နိုင်ခဲ့ကြတယ်။ လင်းဖန် ကိုယ်တိုင်လည်း ပါမလားမသိဘူး။ ဘာပဲဖြစ်ဖြစ်ပါ လင်းဖန်က တော်လွန်းတယ်။ ဒီလောက်ကောင်းတဲ့ ရုပ်သံဒရမ်မာကို ရိုက်ကူးထားတာကိုး”
“ဟုတ်တယ် ငါတို့တော့ သူ့ကို သွားယှဉ်လို့ မရဘူး။ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကအခု အရမ်း ရေပန်းစားနေပြီ။ လင်းဖန်က အနုပညာ လောကထဲမှာ လုံးဝ နာမည်ကြီးသွားပြီ”
“အစ်ကိုဖန် ငါ့ကိုကော အန်ဒိုစာ တစ်ခုလောက် ပေးနိုင်မလားမသိဘူး။ အစ်ကိုဖန်နဲ့ ငါနဲ့က ရင်းနှီးပြီးသားလေ”
“ဟုတ်တယ်။ အစ်ကိုဖန်က ငါတို့ ယွဲ့ဟွာ ဖျော်ဖြေရေးရဲ့ မန်ဘာတစ်ယောက်ပဲလေ။ သူက အန်ဒိုစာတွေ အများကြီး စာချုပ်ချုပ်ထားတော့ ငါတို့ကို နည်းနည်း ပေးလောက်မှာပါ”
ထိုသတင်းကို ကြားသောအခါ လင်းကျင်းကျင်း ညင်သာစွာ ခေါင်းခါလိုက်ပါသည်။
လင်းဖန်က ယွဲ့ဟွာဖျော်ဖြေရေးက မဟုတ်မှန်း သူမ သိပါသည်။
လင်းဖန်က ဘယ်တုန်းကမှ ယွဲ့ဟွာဖျော်ဖြေရေးရဲ့ ဝန်ထမ်း မဟုတ်ခဲ့ပါ။
လင်းဖန်က ယွဲ့ဟွာဖျော်ဖြေရေးရဲ့ ဇာတ်ညွှန်းရေးဆရာတောင် မဟုတ်ပါ။ သူက အမည်ခံ ဇာတ်ညွှန်းရေးဆရာပဲ ဖြစ်သည်။
တကယ်တော့ လင်းဖန်က ယွဲ့ဟွာဖျော်ဖြေရေးနဲ့ လုံးဝ ဆက်နွယ်မှု မရှိပေ။
လင်းဖန် အန်ဒိုစာတွေ အများကြီး စာချုပ်ချုပ်ဆိုပြီးနောက် ယွဲ့ဟွာဖျော်ဖြေရေးရဲ့ ဆယ်လီတွေကို ခွဲပေးပါ့မလား။
လုံးဝ မဖြစ်နိုင်ပါ။
ရုံးခန်းထဲတွင် စုရှောင်းယွီ၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်းတို့အားလုံး အတူတူရှိနေကြ၏။
လင်းဖန် ကောင်မလေး ၃ ယောက်ကို မြင်သည့်အခါ တောက်ပစွာ ပြုံးလိုက်ပါသည်။
“ငါ အန်ဒိုစာ ၁၁၅ ခု စာချုပ်ချုပ်ထားတယ်။ စုစုပေါင်း ၁.၅ ဘီလီယံလောက် ရလိမ့်မယ်။ ဆိုလိုတာက အန်ဒိုစာတိုင်းအတွက် နင်တို့ ပျမ်းမျှ ၁၀ သန်းကျော် ရကြလိမ့်မယ်”
“ငါတို့ ၄ ယောက်အတူတူ အဲ့ဒီ ကုမ္ပဏီ ၁၁၅ ခုအတွက် အန်ဒိုစာ သွားရိုက်ပေးကြမယ်။ ဒီလောက်ငွေတွေ အများကြီး မယူဘူးဆိုရင် နှမြောစရာကြီးလေ” လင်းဖန်က ပြုံးလိုက်၏။
၁.၅ ဘီလီယံဟု လင်းဖန်ရဲ့ ပြောလိုက်သံကို ကြားသောအခါ စုရှောင်းယွီ၊ ရှားဝမ်ချွေ့၊ လင်းခဲ့ရှင်းတို့အားလုံး တုန်လှုပ်သွားကြသည်။
၁.၅ ဘီလီယံတောင်။
လင်းဖန် ၁.၅ ဘီလီယံတန် စာချုပ်ကို ချုပ်ဆိုလိုက်ခြင်းနဲ့ ညီမျှသည်။
ရှားဝမ်ချွေ့လို ကြယ်ပွင့်တစ်ယောက်တောင် ဒီလောက်ငွေတွေ အမျာကြီးကို တစ်ပြိုင်တည်း မရနိုင်လောက်ပါ။
ထို့အပြင် အန်ဒိုစာ ၁၁၅ ခုက များလွန်းပါသည်။
သူတို့ တစ်ရက်ကို ၃ ခုစီ ရိုက်ကူးရင်တောင် ရက် ၄၀ ကြာလိမ့်မည်။
ကြားထဲမှာလည်း မြို့ပေါင်းစုံကို ခရီးသွားရပြီး လေယာဉ်ပေါင်းစုံလည်း စီးရလိမ့်မည်။ အလွန် ပင်ပန်းရပြီး နားဖို့ အချိန် မရှိသလောက် ရှားပါသည်။
တစ်ရက်ကို အန်ဒိုစာ ၃ ခုရိုက်ကူးဖို့ဆိုတာလည်း တော်တော်လေး လက်တွေ့မဆန်ပါ.
“ဝမ်ချွေ့က အန်ဒိုစာ ၂၅ ခု လက်ခံရမယ်။ ရှောင်းယွီက ၂၅ ခု၊ ငါက အခု ၃၀။ လင်းခဲ့ရှင်းက အန်ဒိုစာ ၃၅ ခုလက်ခံနိုင်မလား” လင်းဖန် မေးလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် လင်းခဲ့ရှင်းက လင်းဖန် လက်အောက်က အနုပညာရှင်ဖြစ်ကာ သူမအတွက် စာချုပ်လျော်ကြေး သန်း ၂၀၀ ကိုလည်း လင်းဖန် ကူညီပေးခဲ့ရသည် မဟုတ်ပါလား။
အခုက လင်းခဲ့ရှင်း အလုပ်ကြိုးစားဖို့ အချိန်ရောက်ပါပြီ။
လင်းခဲ့ရှင်း သူမကိုယ်သူမ သက်သေပြနိုင်မည့် အခွင့်အရေးလည်း ဖြစ်ပါသည်။
အရင်တစ်ခေါက် ဟွာစဲပစ်ချားမှာ အကြီးအကျယ် ပြဿနာတက်ပြီးနောက် လင်းခဲ့ရှင်းရဲ့ အန်ဒိုစာအားလုံး ဖျက်သိမ်း ခံလိုက်ရပြီး သူမရဲ့ ပရိတ်သတ်နဲ့ ရေပန်းစားမှုတွေလည်း အများကြီး လျော့နည်းသွားပါသည်။
လင်းဖန်က လင်းခဲ့ရှင်းကို အန်ဒိုစာ အများကြီး ပေးလိုက်ရခြင်းမှာ ငွေရဖို့အတွက်ပဲ မဟုတ်ဘဲ သူမကို ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်ပါသည်။
လင်းဖန်က ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို အန်ဒိုစာ ၂၅ ခုစီသာ ပေးရခြင်းက သူတို့ကို အရမ်း မပင်ပန်းစေချင်သောကြောင့် ဖြစ်၏။
စုရှောင်းယွီက အစကတည်းက ငွေရှားသူ မဟုတ်ပေ။ သူမ အန်ဒိုစာကို လက်မခံရင်တောင် ဘာမှ မဖြစ်ပါ။
ရှားဝမ်ချွေ့က သူမ အလုပ်ကို နှစ်သက်သော်လည်း လင်းဖန် ကောင်မလေး ဖြစ်နေပါသည်။
လင်းဖန်က ရှားဝမ်ချွေ့ကို အလုပ်တွေ ပင်ပင်ပန်းပန်း မလုပ်ခိုင်းရက်ပေ။
သူပဲ အန်ဒိုစာ အခု ၃၀ လောက် လက်ခံလိုက်ပါမည်။
“ဟုတ်ကဲ့ လက်ခံနိုင်ပတယ်” လင်းခဲ့ရှင်းက ခေါင်းငြိမ့်ကာ လင်းဖန်ကို ကြည့်လိုက်သည်။
လင်းဖန် သူမကို အန်ဒိုစာတွေ အများကြီး ပေးခြင်းက သူမကို အသိအမှတ်ပြုတာကြောင့် ဖြစ်သည်။
တခြားသူသာဆို ဘယ်လိုလုပ် ဒီလောက် အန်ဒိုစာတွေ အများကြီး ရနိုင်မည်နည်း။
လင်းဖန် သူမကို ပေးထားသည့် ရင်းမြစ်များက ဟွာစဲပစ်ချားက ပေးသည့် ရင်းမြစ်များအားလုံးပေါင်းထက်တောင် ပိုများသွားပါပြီ။
ပိုခက်ခဲပြီး ပိုပင်ပန်းရမယ် ဆိုရင်တောင် အကုန်လုံးကို လက်ခံချင်ပါသည်။
“ငါကောပဲ~” ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်ပါသည်။ သူမ လင်းဖန်ကို လှလှပပ မျက်လုံးလေးများဖြင့် ကြည့်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။
“ဝုတ်~ ငါလည်း နားထောင်မယ်” စုရှောင်းယွီက ရှားဝမ်ချွေ့ရဲ့ လက်မောင်းကို ကိုင်ကာ လင်းဖန်ကို ကြည့်လိုက်သည်။
“အင်း နင်တို့ အချိန်စာရင်းတွေကို အကုန် စာရင်းပြုစုထားပြီးသား။ မနက်ဖြန်တော့ နားလိုက်ကြဦး။ သန်ဘက်ခါကျရင် အလုပ်စလို့ရပြီ”
“ဒီလတော့ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီး မတွေ့ကြရလောက်တော့ဘူး။ နောက်တစ်လနေမှ နင့်အတွက် အများကြီး ချက်ပြုတ်ကျွေးမယ်” လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့လက်ကို ကိုင်ထားလိုက်ပါသည်။ သူအနည်းငယ် တွန့်ဆုတ်နေပါသည်။
သူ့မိန်းမနဲ့ လှလှပပဘဝမျိုးကို နေထိုင်ခဲ့ပြီးပါပြီ။ အခုတော့ ငွေရှာဖို့ တစ်လလောက် အပြင်မှာ အလုပ်ထွက်လုပ်ရပါတော့မည်။
“ရပါတယ်~” ရှားဝမ်ချွေ့က လင်းဖန်ကို လှလှပပ မျက်လုံးလေးများဖြင့် ကြည့်ကာ ပြုံးလိုက်ပါသည်။
သူ့ရှေ့က ချစ်စရာ ကောင်မလေးကို ကြည့်ရင်း လင်းဖန် ပျော်ရွှင်သွားပါသည်။
ရှားဝမ်ချွေ့အတွက်ပဲ လင်းဖန် ပိုအလုပ် ကြိုးစားရမှာ ဖြစ်သည်။
၃ လကြာသည့်အခါ ရှားဝမ်ချွေ့အဖေရဲ့ အသိအမှတ်ပြုမှုကို သူရမှ ဖြစ်ပါမည်။
ထိုအချိန်ရောက်လာပါက… သူမကို လက်ထပ်နိုင်ပြီ ဖြစ်ပြီး အိမ်မှာ တကယ် ခေါ်ထားနိုင်ပါပြီ။