ရုပ်ပုံကမ္ဘာကြီး
Vol. 78 Ch. 1075
ထို စကားသံကြီး ထွက်ပေါ်လာသည်နှင့် တင်ပျဉ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်၏။
သူသည် ချန်ဟန်းဆီ၌ အတိတ်ဘဝများ ရှိနေပါသော်လည်း သူ့ဆီတွင် မရှိတော့သည့် အကြောင်းရင်းကို သိချင်နေသည်။ ယခုတွင် အဋ္ဌမဘဝ စတင်တော့မည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးပတ်ပတ်လည်ရှိ မြူခိုးများ စတင် လှုပ်ရှားလာပြီး သူ၏ အသိစိတ် တဖြည်းဖြည်းနှင့် အောက်သို့ နစ်ဝင်သွားနေသည်ကို ခံစားလိုက်ရတော့သည်။
" ဒီတစ်ခေါက်တော့ အရင်ခေါက်တွေတုန်းကလို ဘာမှမရှိတဲ့ နေရာကို မရောက်သွားပါစေနဲ့... " ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ သူ၏ အသိစိတ်အား အောက်သို့နစ်ဝင်သွားနေသည့် ခံစားချက်ကြီးထဲ၌ စီးမျောသွားစေလိုက်၏။
ထို့နောက်... သူ ရင်းရင်းနှီးနှီး ခံစားဖူးနေသည့် အအေးဓာတ်များ ပေါ်ပေါက်လာတော့သည်။
ထို အအေးဓာတ်များကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားရ၏။ သူ၏ အသိစိတ်မှာ ပျောက်ကွယ်သွားခြင်းမရှိသေးသောကြောင့် သူသည် ပို၍ပင် စိတ်ဓာတ်ကျလာရတော့သည်။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအာရုံဖြင့် ဘေးဘီဝဲယာအား အကဲခတ်ကြည့်လိုက်သောအခါ အမှောင်ထုများကိုသာ မြင်လိုက်ရသဖြင့် သက်ပြင်းချမိသွား၏။
" ဘာမှ မရှိသေးပါလား " သို့သော် ဝမ်ပေါင်လဲ့မှာ လက်လျှော့ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် သူ၏ နတ်ဘုရားအာရုံအား ပို၍ပင် ဖြန့်ကြက်လိုက်၏။ သို့သော်လည်း သူ မည်မျှပင် ကြိုးစားစေကာမူ အချည်းနှီးပင်။
အအေးဓာတ်များ၊ အမှောင်ထုများနှင့် အထီးကျန်ဆန်ခြင်းများသာ ရှိနေ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားရ၏။ ထို့နောက် သူ စိတ်ပျက်လက်ပျက်နှင့် လက်လျှော့ရန် ပြင်လိုက်စဉ်မှာပင် သူ၏ အသိစိတ်မှာ ရုတ်တရက်ဆိုသလို အပြင်းအထန် တုန်ရီလာတော့သည်။ ထိုတုန်ရီမှုများနှင့်အတူ အောက်သို့နစ်ဝင်နေသည့် ခံစားချက်ကြီးမှာလည်း ပြန်လည်ပေါ်ပေါက်လာ၏။
" ဒီ ခံစားချက်ကြီးက... "
ဝမ်ပေါင်လဲ့တစ်ယောက် တုံ့ပြန်ချိန် မရလိုက်ခင်မှာပင် သူ၏ အသိစိတ်ထဲ၌ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်နှင့် သူ၏ အသိစိတ်မှာလည်း လွင့်ပါးပျောက်ကွယ်သွားတော့သည်။
အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးပြီးသွားသောအခါမှ ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ အတူတကွ ပြန်လည်စုစည်းသွား၏။ သူသည် သူ၏ နာမည် အပါအဝင် အရာအားလုံးကို မေ့သွားပြီဖြစ်သလို သူ၏ အတိတ်ဘဝအား နားလည်အောင် လုပ်နေပြီဖြစ်သည်။
သူသည် မျက်လုံးများ မဖွင့်နိုင်သလို သူ၏ ခန္ဓာကိုယ်ကိုလည်း လှုပ်ရှားနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထို့အပြင် သူသည် သူ မည်သည့်နေရာသို့ ရောက်နေမှန်းမသိသလို မည်သည့်နေရာမှ ရောက်လာခြင်းဖြစ်ကြောင်းကိုလည်း မသိပေ။ သူ၏ ပတ်ပတ်လည်ရှိ အရာအားလုံး အေးစက်နေသည်ကိုသာ အာရုံခံမိနေ၏။ ၎င်းမှာ ခန္ဓာကိုယ်ထဲအထိ ထိုးဖောက်ကာ ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သည့် အအေးဓာတ်တစ်မျိုး ဖြစ်သည်။ သူသည် မျက်စိတစ်ဆုံး အမှောင်ထုများကိုသာ မြင်နေရ၏။
ထို့အပြင်... ထို အရာများ အားလုံးထက် ပို၍ ပြင်းထန်သည့် ခံစားချက်တစ်မျိုး ရှိနေသေးသည်။ ၎င်းမှာ... နာကျင်မှုဖြစ်ပေသည်။
သူသည် ထိုနာကျင်မှုများကြောင့် အသွားထက် ဓားတစ်လက် သူ၏ အသိစိတ်အား ထပ်တလဲလဲ မွှန်းနေသည့်အလား ခံစားနေရသည်။ ထို့အပြင် သူသည် အသံကုန်အော်ဟစ်ကာ ရုန်းကန်ချင်ပါသော်လည်း မစွမ်းနိုင်ပဲ ဖြစ်နေရ၏။ ထိုမျှသာမက သူသည် သတိလစ်သွားခြင်း မရှိသဖြင့် ထိုနာကျင်မှုများကို မေ့ပျောက်နိုင်စွမ်းမရှိဘဲ ဖြစ်နေရတော့သည်။
သူသည် အအေးဓာတ်များပြည့်နှက်နေသည့် အမှောင်ထုကြီးထဲ၌ ထို နာကျင်မှုတစ်ခုတည်းကိုသာ ခံစားနေရသဖြင့် သူ၏ အသိစိတ်မှာ တုန်ရီနေရ၏။ အချိန်မည်မျှမှန်းမသိ ကုန်ဆုံးသွားပြီးနောက် ထို နာကျင်မှုများ၏ နှိပ်စက်ညှဉ်းပန်းခြင်းအား ခံနေခဲ့ရသည့် ဝမ်ပေါင်လဲ့မှာ စိတ်ရောကိုယ်ပါ ပင်ပန်းလာရပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် ထို နာကျင်မှုဝေဒနာများ ရုတ်တရက်ဆိုသလို လျော့နည်းသွားသည်ကို ခံစားမိလိုက်၏။ ၎င်းမှာ အတုအယောင် ခံစားချက်တစ်ခုမဟုတ်ပေ။ ထို နာကျင်မှုဝေဒနာများမှာ အမှန်တကယ် လျော့နည်းသွားနေခြင်း ဖြစ်သည်။
သို့သော် သူ၏ အသိစိတ်မှာလည်း အားပျော့နေပြီ ဖြစ်သည်။ ထို နာကျင်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် သူ၏ အသိစိတ်ထဲ၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်သည့် ဆန္ဒတစ်ခု ပေါ်ပေါက်လာတော့သည်။
ထိုသို့ဖြင့် သူ၏ အသိစိတ်မှာ တဖြည်းဖြည်းနှင့် အိပ်မောကျသွား၏။ အရာအားလုံး ပြီးဆုံးသွားသည့်ပုံပင်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာမူ ကံကြမ္မာဂြိုဟ်ပေါ်ရှိ မြူခိုးများထဲ၌ တင်ပျဥ်ခွေထိုင်နေ၏။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ရီသွားပြီး သူသည် မျက်လုံးများပွင့်လာတော့သည်။
ယခုအကြိမ်တွင်မူ သူ၏ မျက်ဝန်းများမှာ ရီဝေဝေဖြစ်နေခြင်း မရှိဘဲ ဝင်းလက်တောက်ပနေသည်။ ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် မလှုပ်မယှက် ထိုင်နေလိုက်ပြီးနောက် အသက်ရှူသံများ လေးလံလာ၏။ သူသည် အောက်သို့နစ်ဝင်သွားသကဲ့သို့ ခံစားလိုက်ရတုန်းက သူ၏ အသိစိတ် ပျောက်ကွယ်သွားခဲ့သည်ဖြစ်ကြောင်း သေချာနေသည်။ ထိုဖြစ်စဉ်မှာ သူ၏ ပထမ အတိတ်ဘဝငါးခုထဲသို့ ရောက်သွားခဲ့စဉ်တုန်းက အတိုင်းပင်။
" အဲတာဆိုရင်... ငါ ငါ့ရဲ့ အဋ္ဌမဘဝကို တကယ် နားလည်သွားခဲ့တာပဲ "
" ဒါပေမဲ့ ငါ့ရဲ့ အဋ္ဌမအတိတ်ဘဝက နည်းနည်း ထူးခြားနေတာ... " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွား၏။ သူသည် သူခံစားခဲ့ရသည့် နာကျင်မှုများကို ပြန်တွေးမိလိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီသွားရသည်။ တစ်ချိန်ထဲမှာပင် သူ၏ အဋ္ဌမဘဝထဲမှ ထူးခြားသော အတွေ့အကြုံများကြောင့် သူ၏ နှလုံးသားထဲ၌ ခန့်မှန်းချက်တစ်ခု ပေါ်ပေါက်လာတော့သည်။
" ငါ့ဆီမှာ ဆဋ္ဌမဘဝနဲ့ သတ္တမဘဝ မရှိခဲ့တာမဟုတ်ဘူး။ ဘာအကြောင်းကြောင့်မှန်း မသိပေမဲ့ အဲဒီ ဘဝနှစ်ခုထဲမှာ ငါ အိပ်ပျော်သွားခဲ့တာ...စိတ်နဲ့ကိုယ်နဲ့ မကပ်လောက်အောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တာ။ အဲတာကြောင့်မလို့လဲ.. ငါ အအေးဓာတ်နဲ့ အမှောင်ထုတွေကလွဲပြီး တခြား ဘယ်အရာကိုမှ အာရုံမခံမိခဲ့တာပဲ "
" အဲဒီ ဘဝနှစ်ခုထဲမှာ အိပ်မောကျနေပြီး သတိလစ်သွားခဲ့ရတဲ့ အကြောင်းရင်းက... ငါ့ရဲ့ အဋ္ဌမဘဝထဲမှာ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကြောင့်ပဲ... အဲဒီ နာကျင်မှုက ဒဏ်ရာတစ်မျိုးများဖြစ်နေမလား။ ငါ သတိလစ်သွားခဲ့တာက အဲဒီ ဒဏ်ရာကို ကုသဖို့များလား။ အဲဒီ ဒဏ်ရာ ပျောက်ကင်းသက်သာသွားတဲ့ အချိန်မှပဲ ငါ့ရဲ့ ပဉ္စမဘဝထဲမှာ သမင်ဖြူလေး ဖြစ်လာခဲ့တာများလား " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် သူ၏ နဖူးအား လက်ဖြင့် ပွတ်လိုက်သည်။ သူသည် သူ၏ အတိတ်ဘဝ၊ သူ လက်ရှိ နေထိုင်နေသည့် ကမ္ဘာကြီး၊ သူ၏ မမလေး ဝမ်ရီရီနှင့် အခြား ပဟေဠိပေါင်း မြောက်မြားစွာမှာ အဖြေပေါ်လာခြင်းမရှိဘဲ ပို၍ပင် ရှုပ်ထွေးလာသည်ဟု ခံစားနေရ၏။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ခေါင်းမော့လာပြီး ချန်ဟန်းအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ထိုအခါ အမှောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး ထိုနေရာကြီးတစ်ခုလုံးအား လွမ်းခြုံသွား၏။ သူတို့၏ ဝိညာဉ်များမှာလည်း ချိတ်ဆက်သွားသဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ယခင်အကြိမ်များတုန်းကထက်ပင် ပို၍ပင် ယုံကြည်နိုင်ဖွယ်ရာမရှိသော ကမ္ဘာကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ကောင်းကင်ကြီးမှာ အဝေးကြီးတွင်ရှိနေ၏။ ၎င်းမှာ ဝေးလွန်းနေသောကြောင့် သူသည် ၎င်းအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူသည် ၎င်း၏ အရောင်မှာ သစ်သားရောင် ဖြစ်နေသည်ကိုသာ မြင်ရသည်။ ထိုအရောင်ထဲတွင်မူ နွေးထွေးမှုအငွေ့အသက်တစ်မျိုး ကိန်းအောင်နေသည့်ပုံပင်။ သို့ဖြစ်ရာ ၎င်းအား မြင်လိုက်ရသည့်လူတိုင်းမှာ နှလုံးသားထဲ၌ နွေးသွားရမည် ဖြစ်သည်။
နေမင်းကြီးမှာလည်း အဝေးကြီးတွင်ရှိနေ၏။ ၎င်းမှာ မှုန်ဝါးဝါး ဖြစ်နေသောကြောင့် သူသည် ၎င်းအား ရှင်းလင်းပြတ်သားစွာ မမြင်ရဘဲ ကမ္ဘာကြီးတစ်ခုလုံးအား လွှမ်းခြုံထားသည့် အလင်းရောင်များနှင့် အပူဓာတ်များကို ထုတ်လွှတ်နေသော အလင်းရင်းမြစ်တစ်ခုကိုသာ မြင်နေရသည်။ မြေပြင်ကြီးမှာမူ... မျက်စိတစ်ဆုံး ဖြူဆွတ်နေ၏။
ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူနှင့် အလွန်အင်မတန်မှ ဝေးကွာသည့် ဟင်းလင်းပြင်ကြီးများထဲတွင် ဧရာမ အဆောက်အဦများနှင့် ပုံရိပ်ကြီးများကိုလည်း မသဲမကွဲ မြင်နေရသေးသည်။ ထို့အပြင် သူသည် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကိုလည်း အာရုံခံမိနေ၏။
သူသည် ၎င်းတို့အား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိသည့်တိုင်အောင် မည်သည့်အကြောင်းကြောင့်မှန်းမသိ အရာအားလုံးမှာ သူနှင့် ရင်းနှီးနေသည်ဟု ခံစားနေရ၏။ တစ်ချိန်ထဲမှာပင် သူသည် သူ၏ သက်တမ်းတစ်လျှောက်လုံး၌ ၎င်းတို့အား လုံးဝမမြင်ဖူးသည့်အလား ခံစားနေရသေးသည်။
" ပြီးခဲ့တဲ့ အတိတ်ဘဝနှစ်ခုထဲမှာ ပြင်ပကမ္ဘာကြီးက ဝမ်ရီရီရဲ့ အိပ်ခန်း ဖြစ်နေခဲ့တာ။ ဒီတစ်ခေါက်... ဘာများဖြစ်နေမလဲ " ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုနေသလို တစ်ချိန်ထဲမှာပင် ချန်ဟန်းအား လိုက်လံရှာဖွေနေ၏။
သို့သော်လည်း သူသည် ချန်ဟန်းအား လုံးဝရှာမတွေ့ခဲ့ပေ။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်နေရ၏။ သို့သော် သူ မည်မျှပင် ကြိုးစားရှာဖွေစေကာမူ ဤ ထူးဆန်းသော ကမ္ဘာကြီးထဲ၌ ချန်ဟန်း၏ အရိပ်အယောင်တစ်ခုကိုမှ ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် ချန်ဟန်းမှာ ဤကမ္ဘာကြီးထဲ၌ လုံးဝမရှိသည့်အလားပင်။ ထို့အပြင် ဤကမ္ဘာကြီးတစ်ခုလုံးမှာ မှုန်ဝါးဝါး ဖြစ်နေသောကြောင့် ဝမ်ပေါင်လဲ့မှာ နေမထိထိုင်မသာဖြစ်လာရ၏။
ခြုံလွှာတစ်ခုဖြင့် လွှမ်းခြုံခံထားရသကဲ့သို့ ဖြစ်နေသည့် ခံစားချက်ကြီးကြောင့် ဝမ်ပေါင်လဲ့မှာ မည်မျှပင်ကြိုးစားစေကာမူ ကမ္ဘာကြီးအား ရှင်းလင်းပြတ်သားစွာမြင်နိုင်စွမ်းမရှိပေ။ သို့ဖြစ်ရာ အဝေးမှုန်နေသည့်လူတစ်ယောက် မျက်မှန်ချွတ်လိုက်သဖြင့် မည်သည့်အရာကိုမှ ကောင်းကောင်းမမြင်ရတော့သည့် အတိုင်းပင်။
ထိုသို့ဖြင့် အချိန်အကြာကြီး ကုန်ဆုံးသွား၏။ တစ်ရက်တွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ပေါ်မှ ဧရာမ တိုင်လုံးကြီးတစ်လုံး ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ ထို တိုင်လုံးကြီး အနီးသို့ ရောက်ရှိလာသောအခါမှသာ ၎င်းမှာ စုတ်တံတစ်ချောင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ရိပ်မိသွား၏။
ထိုစုတ်တံအား မင်ရည်များပင် သုတ်ထားသေးသည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ကိုင်ထားသည့်လက်ကို မြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သွား၏။ ၎င်းမှာ ကလေးငယ်တစ်ယောက်၏ လက်တစ်ဖက်ဖြစ်ပြီး ဝမ်ပေါင်လဲ့ ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ခင်မှာပင် ထို စုတ်တံကြီးမှာ အဖြူရောင် မြေပြင်ပေါ်သို့ ဆင်းသက်လာတော့သည်။ ထို့နောက် ထို လက်ကြီးမှာ ကတုန်ကယင်နှင့် ကိုးရိုးကားရား ဖြစ်နေသည့် ရုပ်ပုံတစ်ခုအား ရေးဆွဲလိုက်၏။
ထို ရုပ်ပုံကြီးအား ရေးဆွဲနေစဉ် ကောင်းကင်ကြီးထဲမှ တခစ်ခစ် ရယ်မောသံများ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ထိုရုပ်ပုံကြီးမှာ အသက်ဝင်လာသည့်အလား မြေကြီးထဲမှ ထွက်ပေါ်လာ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် အံ့သြတုန်လှုပ်သွားရစဉ် စုတ်တံကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ဆင်းသက်လာပြန်သည်။ ထိုသို့ဖြင့် ခဏအကြာတွင် ရုပ်ပုံအသစ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ၏။ စုတ်တံကြီးအား ကိုင်ထားသည့်သူမှာ ထိုကဲ့သို့ ပုံဆွဲနေရသဖြင့် ပျော်ရွှင်နေသည့်ပုံပင်။ ထို့ကြောင့် နောက်နေ့များတွင်လည်း ရုပ်ပုံများထပ်၍ ပေါ်ပေါက်လာသည့်သာဖြစ်သည်။ တစ်ရက်တွင် ဝမ်ပေါင်လဲ့မှာ ထို စုတ်တံကြီး မတော်တဆမှုတစ်ခုကြောင့် ဆတ်ခနဲ တုန်ရီသွားသဖြင့် ၎င်း ရေးဆွဲနေသည့် ရုပ်ပုံကြီး ပုံပျက်ဆင်းပျက် ဖြစ်သွားရသည်ကို မြင်လိုက်ရတော့သည်။
၎င်းမှာ တစ်ဖက်ရှည် တစ်ဖက်တို ဖြစ်နေသည့် ခြေထောက်နှစ်ဖက်အား ပိုင်ဆိုင်ထားသော ရုပ်ပုံတစ်ခုဖြစ်သည်။ ထိုရုပ်ပုံကြီးအား ရေးဆွဲနေချိန်တွင် ဝမ်ပေါင်လဲ့မှာ ချန်ဟန်း၏ အငွေ့အသက်များ ပေါ်ပေါက်လာသည်ကို အာရုံခံမိလိုက်၏။ ထို ရုပ်ပုံကြီး မြေကြီးထဲမှ မတ်တပ်ထလာသည်နှင့် ဝမ်ပေါင်လဲ့၏ အမြင်အာရုံမှာလည်း ရုတ်တရက်ဆိုသလို ကြည်လင်ပြတ်သားလာတော့သည်။
သူသည် ကောင်းကင်ကြီး သစ်သားရောင်ဖြစ်နေရခြင်းမှာ မျက်နှာကြက်အရောင်ကြောင့် ဖြစ်ကြောင်း သိလိုက်ရ၏။ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးများထဲရှိ ဧရာမ အဆောက်အဦများနှင့် ပုံရိပ်ကြီးများ အားလုံးမှာမူ ကစားစရာ အရုပ်များသာ ဖြစ်ကြသည်။ နေမင်းကြီးမှာမူ အခန်းတစ်ခန်းလုံးအား အလင်းပေးထားသည့် သလင်းကျောက်တစ်မျိုး ဖြစ်နေ၏။
စုတ်တံကြီးအား ကိုင်ထားသည့်လက်၏ ပိုင်ရှင်မှာ... အသက်သုံးနှစ်ပင် မပြည့်သေးသည့် ကလေးမလေးတစ်ယောက် ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားအာရုံအား ဖြန့်ကြက်လိုက်ပါသော်လည်း သူ၏ ဘေးဘီဝဲယာအား တစ်ခဏမျှသာ အကဲခတ်နိုင်ခဲ့၏။ သို့သော် သူသည် စုတ်တံအပေါ် အာရုံရောက်နေသောကြောင့် သူ၏ ဘေးပတ်ဝန်းကျင်အား အသေးစိတ် အကဲခတ်ကြည့်ရှုနိုင်စွမ်းမရှိပေ။ စုတ်တံကြီး ချန်ဟန်းအား ရေးဆွဲကာ သူ့အား အသက်သွင်းပေးလိုက်ချိန်တွင် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ ရုတ်တရက်ဆိုသလို အပြင်သို့ ခုန်ထွက်သွား၏။ ထို့နောက် ၎င်းမှာ ချန်ဟန်းဆီမှ စုတ်တံပေါ်ရှိ မင်ရည်များထဲသို့ ရောက်ရှိသွားတော့သည်။
ထို စုတ်တံကြီး အပေါ်သို့ တဖြည်းဖြည်း မြောက်တက်သွားသည်နှင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာလည်း အပြင်းအထန် တုန်ရီလာ၏။ နောက်ဆုံးတွင် ထို စုတ်တံကြီးမှာ မြေပြင်ပေါ်မှ ထွက်ခွာသွားပြီး သူ့အား ထိုကမ္ဘာကြီးထဲမှ ဆွဲခေါ်သွားတော့သည်။
" အပြင်ဘက်ကိုရောက်ပြီဟေ့ " ထိုအခါ ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ ဆတ်ခနဲ တုန်ရီသွား၏။ ထို့နောက် သူ၏ နှလုံးသားထဲ၌ မျှော်လင့်စောင့်စားချက်များများဖြင့် ပြည့်နှက်သွားတော့သည်။