← Chapters

တစ်ချက်ပဲ ကြည့်ရမှာနော်

Vol. 78 Ch. 1076

တစ်ချက်ပဲ ကြည့်ရမှာနော်

Vol. 78 Ch. 1076

ဝမ်ပေါင်လဲ့မှာ စာရွက်ကမ္ဘာကြီးထဲမှ ထွက်ခွာလာသည်နှင့် စိတ်ထဲ၌ လွတ်လပ်ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ ထို ခံစားချက်ကြီးမှာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အချုပ်အနှောင်များ ပြတ်တောက်သွားခြင်း သို့မဟုတ် သူ၏ ဝိညာဉ်ပေါ်၌ ပိနေသည့် တောင်ကြီးတစ်လုံး ဖယ်ရှားခံလိုက်ရခြင်းနှင့် ဆင်တူပေသည်။

ထိုကဲ့သို့သော လွတ်လပ်မှုမျိုးနှင့် ပေါ့ပါးမှုမျိုးကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွားရ၏။

" အခုမှ အသက်ရှူချောင်သွားတော့တယ်... "

ဝမ်ပေါင်လဲ့တစ်ယောက် ထိုကဲ့သို့ ခံစားနေရစဉ် စည်းမျဉ်းဥပဒေသ စွမ်းအားများ၏ တုန်ခါမှုလှိုင်းများမှာ ရုတ်တရက်ဆိုသလို အရှိန်အဟုန်ဖြင့် ဆင်းသက်လာတော့သည်။

ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ အပြင်းအထန် တုန်ရီသွားရ၏။ ထို့နောက် သူနှင့်အတူ ထပ်တူကျနေခဲ့သည့် စည်းမျဉ်းဥပဒေသများမှာ ဖျောက်ဖျက်ခံနေရသည့်အလား မတည်မငြိမ်ဖြစ်လာတော့သည်။

သို့ဖြစ်ရာ စာရွက်ကမ္ဘာကြီးထဲရှိ သဘာဝ စည်းမျဉ်းဥပဒေသများမှာ ပြင်ပကမ္ဘာကြီးထဲရှိ သဘာဝ စည်းမျဉ်းဥပဒေသများနှင့် မတူသည့်ပုံပင်။ သို့မဟုတ် ပြင်ပကမ္ဘာကြီးထဲရှိ သဘာဝ စည်းမျဉ်းဥပဒေသများမှာ ပို၍ ပြီးပြည့်စုံနေခြင်းဖြစ်သည်ဟု ဆိုခြင်းမှာ ပို၍ တိကျပေမည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ် အပြင်ဘက်သို့ ခုန်ထွက်လာသည်နှင့် သူ၏ အသိစိတ်ထဲရှိ သဘာဝ စည်းမျဉ်းဥပဒေသများမှာ အပြင်းအထန် ရိုက်နှက်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

ထို ရိုက်နှက်ချက်များကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ မိုးခြိမ်းသံတစ်သံ ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ပင်။ ထို့ကြောင့် သူ၏ အသိစိတ်မှာ လွင့်ပါးပျောက်ကွယ်သွားတော့မည်လား ဖြစ်သွား၏။ ကံကောင်းသည့်အချက်မှာ သူသည် ရှေးဟောင်းဂြိုဟ်ကိုးလုံးနှင့် တာအိုဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်ထားခြင်းပင်။ ထို့ကြောင့် ထို ရိုက်နှက်ချက်များမှာ အားပြင်းလွန်းနေသည့်တိုင်အောင် သူသည် ၎င်းတို့အား အနည်းငယ် အရှိန်လျော့ကျသွားအောင် လုပ်နိုင်ခဲ့၏။ သို့သော်လည်း သူသည် ထိုကဲ့သို့သော သဘာဝ စည်းမျဉ်းဥပဒေသများ၏ ရိုက်နှက်ချက်များကို အချိန်အကြာကြီး တောင့်ခံနိုင်မည်မဟုတ်ကြောင်း သိထားသည်။

ထို့ကြောင့် သူသည် ၎င်းတို့ တစ်ခဏမျှ အရှိန်လျော့ကျသွားသည့်အချက်ကို အခွင့်ကောင်းယူကာ ဘေးဘီဝဲယာအား အလျင်အမြန် ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူသည် မကြာသေးမီတုန်းက သူ၏ ဘေးပတ်ဝန်းကျင်အား အကဲခတ်ခဲ့ပြီးဖြစ်ရာ ၎င်းမှာ အခန်းတစ်ခန်းဖြစ်နေကြောင်း သိထားသည်။ ထို့အပြင် သူနှင့် ရင်းနှီးနေသည်ဟု ခံစားနေခဲ့ရသည့် အငွေ့အသက်များမှာလည်း ဤအခန်းကြီးထဲမှ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ ပို၍ တိတိကျကျဆိုရပါက လွန်ခဲ့သည့် အတိတ်ဘဝနှစ်ခုထဲတွင် သူသည် ချန်ဟန်း၏ အမြင်အာရုံမှတစ်ဆင့် ထိုအခန်းအား မြင်ဖူးခဲ့ပြီးသားဖြစ်သည်။

၎င်းမှာ... ဝမ်ရီရီ၏ အိပ်ခန်း ဖြစ်ပေသည်။

ထို အခန်းထဲရှိ ပရိဘောဂများမှာ ဝမ်ပေါင်လဲ့ လွန်ခဲ့သည့် အတိတ်ဘဝနှစ်ခုထဲ၌ မြင်ခဲ့ရသည့် ပရိဘောဂများနှင့် အနည်းငယ် ကွဲလွဲနေပါသော်လည်း အများကြီး ပြောင်းလွဲသွားခဲ့ခြင်းတော့ မရှိပေ။ သို့သော် ယခုအကြိမ်တွင်မူ သူသည် သူ စတင်ပေါ်ပေါက်လာခဲ့သည့် ကမ္ဘာကြီးထဲတွင် ရှိမနေတော့ပေ။ ထို့ကြောင့်လည်း သူသည် သူ၏ နတ်ဘုရားအာရုံအား ဖြန့်ကြက်လိုက်သည်နှင့် သူ၏ ဘေးပတ်ဝန်းကျင်အား ပို၍ပင် ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းရှိသွားတော့သည်။

သူသည် နေ့စဉ်အသုံးအဆောင်ပစ္စည်းများနှင့် ကစားစရာ အရုပ်များသာမက အရွယ်အစား အမျိုးမျိုးရှိသည့် ပုလဲလုံးများဖြင့် ပြည့်နှက်နေသော စင်များကိုလည်း မြင်လိုက်ရ၏။ သူသည် ထို ပုလဲလုံးများ၏ အသုံးဝင်ပုံကို အတိအကျ မသိပါသော်လည်း ၎င်းတို့မှာ ခပ်မှိန်မှိန် အလင်းရောင်များ ထုတ်လွှတ်နေကြသည်။

၎င်းတို့အပြင်... ဆေးပုလင်းအချို့လည်း ရှိနေသေးသည်။ ထို ဆေးပုလင်းများကြောင့်လားတော့ မသိပေ။ အခန်းတစ်ခန်းလုံးထဲ၌ ဆေးရနံ့များဖြင့် ပြည့်နှက်နေ၏။ နံရံများပေါ်တွင် ပြတင်းပေါက် တစ်ပေါက်မှ မရှိသောကြောင့် အခန်းအပြင်ဘက်ရှိ အရာများကို မမြင်ရပေ။ ထို အခန်းထဲရှိ တစ်ခုတည်းသော ထွက်ပေါက်မှာ လုံအောင်ပိတ်ထားသည့် တံခါးပေါက်တစ်ပေါက် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအရာများကို မြင်လိုက်ရသည်နှင့် သူ၏ နတ်ဘုရားအာရုံဖြင့် ထိုအခန်းအား ထိုးဖောက်ကာ ပြင်ပကမ္ဘာကြီးအား ကြည့်ရှုနိုင်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ထို အခန်းထဲ၌ အချုပ်အနှောင်တစ်မျိုး ရှိနေသည့်ပုံပင်။ ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံများမှာ ထို အချုပ်အနှောင်အား ထိသွားသည်နှင့် ချက်ချင်း လွင့်ပါးပျောက်ကွယ်သွားရသည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားရ၏။ သို့သော် သူသည် လွန်ခဲ့သည့် အတိတ်ဘဝနှစ်ခုထဲ၌ ကြုံခဲ့ရသည့် ဖြစ်ရပ်များနှင့် ထပ်၍ကြုံရမည်ကို စိုးရိမ်သောကြောင့် ဆက်၍ မကြိုးစားရဲတော့ပေ။ ထို့ကြောင့် သူသည် ခေါင်းငုံ့ကာ သူ ထွက်ခွာလာခဲ့သည် အဖြူရောင် စာရွက်ကမ္ဘာကြီးအား လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် ကြမ်းပြင်ပေါ်၌ စာအုပ်တစ်အုပ် ရှိနေသည်ကို မြင်လိုက်ရသည်။

ယခုတွင် ထိုစာအုပ်ထဲရှိ စာရွက်ပေါ်၌ အလွန်အင်မတန်မှ အရွယ်အစားသေးငယ်သည့် လူများစွာ ရှိနေကြသည်။ ထို စာရွက်မှာ... သူ ထွက်ခွာလာခဲ့သည့် ကမ္ဘာကြီးဖြစ်ပေသည်။

" ဒါ ဟိုစာအုပ်ပဲလား... " ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ တုန်ရီသွားရ၏။ သူ ၎င်းအား အနီးကပ် ကြည့်ရှုစစ်ဆေးရန် ပြင်လိုက်စဉ်မှာပင် သူ၏ဘေး၌ စကားသံတစ်သံ ထွက်ပေါ်လာသည်။

" နင် ဘာလို့ အပြင်ဘက်ကို ထွက်လာတာလဲ "

ထို စကားသံကြီး ထွက်ပေါ်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏ဘေးသို့ လှည့်ကြည့်လိုက်သဖြင့် စုတ်တံတစ်ချောင်း ကိုင်ထားသည့် ဝမ်ရီရီအား မြင်လိုက်ရ၏။ သူမသည် ဝမ်ပေါင်လဲ့ ယခင် အတိတ်ဘဝထဲ၌ မြင်ခဲ့ရစဉ်တုန်းကထက်ပင် ပို၍ အသက်ငယ်နေသည်။ သူမသည် မလှုပ်မယှက် ထိုင်ကာ စုတ်တံထိပ်အား အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။

သူမသည် စုတ်တံထိပ်အား ကြည့်နေခြင်းဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဝမ်ရီရီသည် သူ့အား စိုက်ကြည့်နေခြင်းဖြစ်ကြောင်း အာရုံခံမိနေသည်။ ထိုအခိုက်အတန့်တွင် သူတို့နှစ်ယောက်မှာ အကြည့်ချင်းဆုံသွားကြသည့်အလားပင်။

ဝမ်ရီရီ၏ စိုက်ကြည့်ခြင်းကို ခံနေရသဖြင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ ရပ်တန့်သွားရ၏။ သူ၏ နှလုံးသားထဲတွင်မူ ခံစားချက်မျိုးစုံ ရှုပ်ထွေးနေပြီဖြစ်သည်။ သူသည် စကားပြောချင်ပါသော်လည်း မည်ကဲ့သို့ စကားစရမှန်းမသိ ဖြစ်နေ၏။

" နင် ဘာလို့ စကားတစ်ခွန်းမှ မပြောတာလဲ။ နင် အခုလို အပြင်ဘက်ကို ထွက်လာနိုင်တာ တော်တော်လေးကို ထူးဆန်းတယ်... နင့်နာမည်က ဘာလဲ။ နင် ရီရီနဲ့ ကစားချင်လို့ အပြင်ထွက်လာတာလား " ထို ကလေးမလေး၏ အထူးအဆန်းဖြစ်နေသည့် မျက်ဝန်းများထဲ၌ ကလေးငယ်တစ်ယောက်၏ ရိုးသားဖြူစင်မှုနှင့် မျှော်လင့်စောင့်စားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် လေတံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏ " ငါ... အပြင်ဘက်မှာ ဘာတွေရှိလဲ ကြည့်ချင်လို့ ထွက်လာတာပါ "

" အပြင်ဘက် ဟုတ်လား။ ဒီအပြင်ဘက်ကို ပြောတာလား။ ဒါမှမဟုတ် ဟို အပြင်ဘက်ကို ပြောတာလား " ကလေးမလေးမှာ အံ့သြတုန်လှုပ်သွားသည့် အမူအရာဖြင့် တံခါးပေါက်အား လက်ညှိုးထိုးကာ ထပ်မေးလိုက်သည်။

" ဟို အပြင်ဘက်ကိုပြောတာပါ... " ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း ဝမ်ရီရီအား စိုက်ကြည့်ကာ သူ၏ နတ်ဘုရားအာရုံဖြင့် တံခါးပေါက်ရှိနေသည့်နေရာအား ညွှန်ပြလိုက်၏။

" ဒါပေမဲ့.... အဲဒီ အပြင်ဘက်မှာ ကလေးတွေကို စားတဲ့ မကောင်းဆိုးဝါးတွေ ရှိတယ်လို့ မေမေ ပြောထားတယ်။ နင်က တော်တော်လေးကို အားနည်းနေတာဆိုတော့ အပြင်ဘက်ရောက်သွားရင် အထဲကို ပြန်လာနိုင်မှာ မဟုတ်လောက်ဘူး " ကလေးမလေးမှာမူ တည်ကြည်လေးနက်မှုအပြည့်ရှိသော လေသံဖြင့် ပြန်ပြောလိုက်၏။ ထို့နောက် သူမသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုကာ မျောက်ရုပ်တစ်ရုပ်ကို ထုတ်ယူလိုက်သည်။

" နင် အပြင်မသွားပါနဲ့လား။ ငါ နင့်ကို ဒီအရုပ်လေးပေးမယ်လေ။ နင် အဲဒီအရုပ်နဲ့ ဆော့လို့ရတယ် "

ဝမ်ပေါင်လဲ့မှာ ထို မျောက်ရုပ်လေးအား ကြည့်ရင်း ၎င်းအား ရင်းရင်းနှီးနှီး မြင်ဖူးနေသလို ခံစားလိုက်ရ၏။ ထို့နောက် သူသည် ၎င်းမှာ သူ၏ ယခင် အတိတ်ဘဝထဲ၌ မြင်ခဲ့ရသည့် လူဝံအိုကြီးနှင့် ဆင်တူနေကြောင်း ရုတ်တရက်ဆိုသလို သတိထားမိသွားတော့သည်။

သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ သူသည် အချိန်အကြာကြီး ဆက်၍ တောင့်ခံထားနိုင်တော့မည် မဟုတ်ကြောင်း ခံစားလိုက်သည့်ပုံပင်။ ထို့ကြောင့် သူသည် သူ၏ အကြည့်အား ချက်ချင်း ပြန်လည်ရုပ်သိမ်းကာ သူ၏ နတ်ဘုရားအာရုံအား အသုံးပြု၍ ပြန်ပြောလိုက်၏။

" ငါ အပြင်ဘက်ကိုထွက်ပြီးတော့... ဒီကမ္ဘာကြီးကို ကြည့်ချင်နေတုန်းပဲ "

" တကယ်ပြောနေတာလား... " ထို ကလေးမလေးမှာ အလွန်အင်မတန်မှ စိတ်သောကရောက်သွားသည့်ပုံပင်။ ထို့နောက် သူမသည် တံခါးပေါက်အား လှမ်းကြည့်ကာ သူမ၏ လက်ထဲမှ စုတ်တံအား ချီတုံချတုံဖြစ်နေသည့် မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်၏။

" တစ်ချက်ပဲ ကြည့်ရမှာနော် "

" တစ်ချက်ပဲ ကြည့်မှာပါ "

" လိမ်တဲ့သူ ခွေးဖြစ် " ကလေးမလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် မတ်တတ်ထလာ၏။ ထို့နောက် သူမသည် စုတ်တံလေးအား လက်ထဲ၌ ကိုင်ကာ တံခါးပေါက်ဆီသို့ ဒယိမ်းဒယိုင်နှင့် လျှောက်လှမ်းသွားသည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်လှုပ်တရှား ဖြစ်နေစဉ်မှာပင် ထို ကလေးမလေးမှာ တံခါးပေါက်ဆီသို့ ရောက်ရှိသွား၏။ သို့သော် သူမသည် ထို တံခါးအား တွန်းဖွင့်ရန် ကြိုးစားလိုက်ချိန်တွင် ဟန်ချက်ပျက်သွားပြီး အောက်သို့လဲကျသွားသည်။ ထိုအခါ သူမသည် ဘေးနားတွင်ရှိနေသည့် စင်တစ်ခုအား ဝင်တိုက်မိသွားသဖြင့် ထိုစင်ပေါ်၌ တင်ထားသည့် မြေခွေးရုပ်လေးတစ်ရုပ်မှာ အောက်သို့ ပြုတ်ကျလာတော့သည်။

ထို အရုပ်လေးမှာ ကလေးမလေး၏ ဦးခေါင်းပေါ်သို့ ကျလာပြီးမှ မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။

ဝမ်ပေါင်လဲ့မှာမူ ထို မြေခွေးရုပ်လေးအား စိုက်ကြည့်ရင်း နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြန်သည်။ သူ ၎င်းအား သေသေချာချာ မကြည့်ရှုနိုင်ခင်မှာပင် ကလေးမလေးမှာ ၎င်းအား ကောက်ယူလိုက်၏။

" မြေခွေးလေး။ နင် တော်တော် ဆိုးတာပဲ။ ငါ့ပေါ်ကို ပြုတ်ကျလာရတယ်လို့... ဒါပေမဲ့ ငါက နင့်ကို ချစ်နေတုန်းပါပဲ " ကလေးမလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ထို အရုပ်လေးအား သူမ၏ မျက်နှာနားသို့ ကပ်ကာ နမ်းလိုက်၏။ သူမသည် တခစ်ခစ် ရယ်မောနေပြီ အလွန်အင်မတန်မှ ပျော်ရွှင်နေသောကြောင့် တံခါးဖွင့်ကာ ဝမ်ပေါင်လဲ့အား အပြင်ဘက်သို့ ခေါ်သွားပေးရမည်ကို မေ့သွားသည့်ပုံပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရတော့သည်။ ထို့နောက် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင်...

တံခါးပေါက်၏ အပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏ နူးညံ့သိမ်မွေ့မှု အပြည့်ရှိသော စကားသံတစ်သံ ထွက်ပေါ်လာသည်။

" ရီရီ။ သမီး ဘာတွေ သဘောကျနေတာလဲ။ မေမေ့ကို ပြောပြပါဦး "

ထို စကားသံထွက်ပေါ်လာသည်နှင့် အလုံပိတ်ထားသည့် တံခါးမှာလည်း ပွင့်သွား၏။ ထို့ကြောင့် နေရောင်ခြည်အလင်းတန်းများ အခန်းထဲသို့ ဝင်ရောက်လာတော့သည်။ ထို့နောက် အပြာရောင်ဝတ်စုံတစ်ခုအား ဆင်မြန်ထားသည့် ချောမောလှပသော သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်မှာ ကလေးမလေး၏ ရှေ့တွင် နူးညံ့သိမ်မွေ့မှု အပြည့်ရှိသော အမူအရာဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်၏။ သူမသည် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ကလေးမလေး၏ ဦးခေါင်းအား အသာအယာ ပွတ်သပ်ပေးနေသည်။

" မေမေ။ ဒီ မြေခွေးရုပ်လေးက မလိမ္မာပဲ ဆိုးနေလို့။ သူက သမီးရဲ့ ခေါင်းပေါ် ပြုတ်ကျလာတာလေ။ ဒါပေမဲ့ သမီး သူ့ကို သင်ခန်းစာပေးပြီးသွားပါပြီ။ ဒါနဲ့ မေမေ။ သမီး အပြင်ဘက်ကို ခဏထွက်လို့ရမလား " ကလေးမလေးမှာ အသနားခံနေသည့် မျက်နှာဖြင့် ပြုံးကာ တောင်းဆိုလိုက်၏။

ထိုအမျိုးသမီးမှာ ချောမောလှပရုံသာမက သူ့အား မြင်လိုက်ရသည့်လူတိုင်း စိတ်တည်ငြိမ်အေးချမ်းသွားစေနိုင်သည့် မျက်နှာတစ်ခုကို ပိုင်ဆိုင်ထားသေးသည်။ သို့သော် ယခုတွင်မူ သူမသည် ကလေးမလေး တောင်းဆိုချက်ကို ကြားလိုက်ရသဖြင့် မျက်ဝန်းများထဲ၌ ဝမ်းနည်းမှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ထို့အပြင် ကလေးမလေး၏ ဦးခေါင်းအား ပွတ်သပ်ပေးနေသည့် သူမ၏ လက်မှာလည်း ပို၍ နူးညံ့သိမ်မွေ့သွားသည်။

ကလေးမလေးမှာ ထို ဝမ်းနည်းမှု အရိပ်အယောင်များကို မမြင်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ အာရုံခံမိလိုက်၏။ သို့သော် သူသည် ထိုအကြောင်းများ တွေးနေရန်အချိန်မရှိပေ။ ယခုတွင် သူသည် ပြင်ပကမ္ဘာကြီးအပေါ် အာရုံအပြည့် ရောက်နေ၏။

ထိုအမျိုးသမီး တံခါးဖွင့်ကာ ကလေးမလေး၏ ရှေ့၌ ဆောင့်ကြောင့်ထိုင်ချလိုက်စဉ်ကတည်းက ဝမ်ပေါင်လဲ့မှာ တံခါးပေါက်၏ အပြင်ဘက်ရှိ ပြင်ပကမ္ဘာကြီးအား လှမ်းမြင်နေခဲ့ရခြင်း ဖြစ်သည်။

၎င်းမှာ မြက်ခင်းပြင်ကြီးတစ်ခု ဖြစ်၏။ ကောင်းကင်ကြီးမှာ အပြာရောင်ဖြစ်နေပြီး နေမင်းကြီးမှာလည်း ဝင်းလက်တောက်ပနေသည်။ ကမ္ဘာကြီးတစ်ခုလုံးမှာလည်း ကျက်သရေအပေါင်းနှင့် ခညောင်းနေသလို စွဲမက်ဖွယ်ရာ အငွေ့အသက်တစ်မျိုးကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ တုန်ရီသွားရပြီး သူ၏ နှလုံးသားထဲ၌ ပြင်းပြသော ဆန္ဒတစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် သူ၏ အသိစိတ်မှာ ရှေ့သို့ ခုန်ထွက်သွားတော့သည်။

သူသည် တံခါးပေါက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေခြင်းဖြစ်၏။

သူသည် ထိုတံခါးပေါက်အား ကျော်ဖြတ်သွားသည်နှင့် ဘေးနားတွင်ရှိနေသည့် ဝမ်ရီရီ၏ မိခင်ဖြစ်သူ သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိလိုက်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့မှာ စိုးရိမ်ပူပန်နေရန် အချိန်မရှိပေ။ ထိုသို့ဖြင့် သူ၏ အသိစိတ်မှာ ရှေ့သို့ ခုန်ထွက်သွားကာ တံခါးပေါက်အား ဖြတ်ကျော်သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် ပြင်ပကမ္ဘာကြီးထဲ၌ ပေါ်ပေါက်လာတော့သည်။

သို့သော် သူ၏ အသိစိတ် ပြင်ပကမ္ဘာကြီးထဲသို့ ရောက်သွားသည်နှင့် သူ၏ ရှေ့တွင် ရှိနေသည့် မြက်ခင်းပြင်ကြီးမှာ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့၏။ ဝင်းလက်တောက်ပနေခဲ့သည့် နေရောင်ခြည်များမှာလည်း ပျောက်ကွယ်သွားသဖြင့် အရာအားလုံးမှာ အမှောင်ဖုံးသွားသည်။ အပြာရောင်ကောင်းကင်ကြီးမှာလည်း မီးခိုးရောင်ပြောင်းသွား၏။ ထို့ကြောင့် ကျက်သရေအပေါင်းနှင့် ခညောင်းကာ လှပသာယာနေခဲ့သည့် ကမ္ဘာကြီးတစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း အပျက်အစီးနယ်မြေကြီး တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

" ဒါ... ဒါ... " ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ တုန်ရီသွားရ၏။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့လှည့်ကာ သူ ထွက်လာခဲ့သည့် အခန်းအား ချက်ချင်း ပြန်လှည့်ကြည့်လိုက်သည်။ သို့သော် ထိုအချိန်တွင် သူမြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူသည် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် တုန်လှုပ်ချောက်ချားသွားရတော့သည်။

All Chapters