ဒီဇိုင်းပုံစံ ၄ခု
Vol. 20 Ch. 291
အစိမ်းရောင်တောင်ကြားမြို့ရှိ အဖြစ်အပျက်ပြီးသည့် အချိန်ကတည်းက လူချိန်နဲ့ အလူမီရာတို့သည် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး မကောင်းကြပေ။ လူချိန်၏ Black Pine Colony သည် မြောက်မြားစွာသော တိုက်ခိုက်မှုများကို ခံခဲ့ရပြီး ပျက်စီးမှုအချို့ကို ခံစားခဲ့ရသည်။ အလူမီရာသည် ဟန်ရှောင်းနှင့် ပူးပေါင်းပြီးကတည်းက ဟန်ရှောင်းသည် လူချိန်အတွက် ဤပြဿနာကို ဖြေရှင်းလိုသောကြောင့် သူဖုန်းဆက်ခဲ့သည်။
"မင်းကိုး။" လူချိန်သည် ဖုန်းခေါ်ဆိုမှုအတွက် သတိထားနေခဲ့သည်။ ဟန်ရှောင်းသည် အလူမီရာမှလာကြောင်း သတင်းကိုလည်း သူရရှိခဲ့သောကြောင့် ၎င်းသည် သူ၏သတိဝင်မှုကို တိုးစေပြီး ယခင်က သူ့ကို ဆက်သွယ်ခဲ့သည့် ဟန်ရှောင်း၏ စိတ်ရင်းကို သံသယဖြစ်စေသည်။
"စိတ်မပူပါနဲ့၊ အလူမီရာက မင်းကို ပြဿနာ မရှာတော့ဘူး။" ဟန်ရှောင်းသည် တိုက်ရိုက်သာ ပြောပြီး သူ့သဘောထားကို ထုတ်ဖော်ပြလိုက်သည်။
လူချိန် နားမလည်ပေ။ "ဘာကိုဆိုလိုတာလဲ?"
“ငါက အလူမီရာဘက်က မဟုတ်ဘူး၊ အနည်းဆုံးတော့ ငါက မဟုတ်ခဲ့ပါဘူး။ အခု သူတို့နဲ့ပူးပေါင်းပြီး မင်းရဲ့ပဋိပက္ခကို ငါဖြေရှင်းပြီးပြီ။” ဟန်ရှောင်းရယ်မောလိုက်သည်။ "သူငယ်ချင်းတွေ အချင်းချင်း ကူညီကြရမယ်။"
“… ကောင်းပြီ။” လူချိန်၏ လေသံ အနည်းငယ် ပျော့သွားသည်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အရင်တွေးကြည့်တော့ ဟန်ရှောင်းက သူ့ကို လိမ်နေမှာမဟုတ်ဘူးလို့ ခံစားခဲ့ရပြီး သူကလည်း လိမ်ရန် မလိုအပ်ပေ။ သူသည် သေးငယ်သော စစ်ဘုရင်တစ်ဦးဖြစ်ပြီး ဟန်ရှောင်းသည် ယခုအခါ ဒဏ္ဍာရီဖြစ်လာသည်။
“စစ်ပွဲပြီးသွားတော့ နိုင်ငံ၆နိုင်ငံက တစ်ခုတည်းသော အဖွဲ့အစည်းကြီးဖြစ်ပြီး လှည့်လည်သွားလာသူတွေ နည်းပါးလာလိမ့်မယ်။ အနာဂတ်မှာ စစ်ဘုရင်တွေ သေချာပေါက် ရှင်းထုတ်ခံရလိမ့်မယ်…” ဟန်ရှောင်းသည် ရှောင်ကျင်း၏စကားကို ပြန်ပြောလိုက်သည်။ အခြေခံအားဖြင့်၊ သူဆိုလိုသည်မှာ - အခု မင်းလုပ်နေတဲ့ အလုပ်က အနာဂတ်မရှိဘူး၊ ငါ့ညီ။ မင်းအနာဂတ်မှာ အရာအားလုံးဆုံးရှုံးသွားမှာ သေချာပေမယ့် ငါ့လုပ်ငန်းမှာတော့ အလားအလာရှိတယ်။ မင်းကိုသတိမပေးခဲ့ဘူးလို့ မပြောနဲ့နော်။ အခု အခွင့်အရေးရှိနေပြီ၊ မင်းကို ငါလိုချင်တယ်။ ငါ့ရဲ့ ကြင်နာမှုကို အလဟဿ မဖြစ်စေနဲ့။
လူချိန်အနည်းငယ် ဆွဲဆောင်ခံလိုက်ရသည်။ “ငါစဉ်းစားပါရစေ။”
စီးပွားရေးကိစ္စများအကြောင်းပြောပြီးနောက် ဟန်ရှောင်းသည် လဲ့ကျန်းယုသည် ဘလက်ပိုင်း နေထိုင်စုတွင် ရှိနေသေးသလားဟုမေးရာ လူချိန်၏အဖြေမှာ သူထွက်သွားပြီးဖြစ်သည်။ ဟန်ရှောင်းမှာ အတွေးတစ်ချို့ရှိနေသည်။
လဲ့ကျန်းယုသည် PE-0 နာနို-လူလုပ်ဖိုင်ဘာကို တည်ဆောက်သည့် ယန္တရားပညာရှင်ဖြစ်ပြီး အဘိုးကြီးလူက လူချိန်ကို ကူညီရန် သူ့ကို အပ်နှင်းခဲ့သည်။ လဲ့ကျန်းယုထွက်သွားသည်နှင့် အဘိုးကြီးလူ ချန်ထားခဲ့သော ဒီဇိုင်းပုံစံ လေးခုကို ရရှိရန် အခွင့်အရေးပင်။ အဘိုးကြီးလူက လူချိန်ဆီကို မက်ဆေ့ချ်ပို့လိုက်မည်ဖြစ်ပြီး၊ လုချန်းက ဒီဇိုင်းပုံစံတွေကို ပြန်ယူဖို့အတွက် ကြယ်နဂါးနိုင်ငံမှာရှိသည့် ဝပ်ရှော့ကို တစ်ယောက်ယောက်ကို စေလွှတ်လိမ့်မည်။
သူတို့သားအဖ ဆက်ဆံရေးက အလွန်တင်းမာသော်လည်း အဘိုးကြီးလူသည် ဖခင်တစ်ယောက်အနေနဲ့ ချစ်ခြင်းမေတ္တာများစွာ ရှိနေဆဲပင်။ ဟန်ရှောင်းက ခေါင်းကို မသိမသာ ခါလိုက်သည်။ ဒါက သူ့အဖေကို သတိရစေ၏... အင်း၊ သူပြောနေတာ ရှောင်ကျင်းအကြောင်း မဟုတ်ပေ။
အဘိုးကြီးလူ၏ ဒီဇိုင်းပုံစံလေးခုသည် အလွန်ရှားပါးသောအရာများဖြစ်သည်။ ၎င်းတို့တွင် အလွန်ထူးခြားသောပုံစံများရှိပြီး ယန္တရားပညာရှင်၏ အစောပိုင်းအဆင့်များတွင် နတ်ဘုရားအဆင့် ကိရိယာအစုံအလင်ဟု ယူဆနိုင်သည်။ အသိပညာပေါင်းစပ်မှုမှတစ်ဆင့် ၎င်းတို့ကိုရရှိရန်အခွင့်အရေးမှာ အလွန်နည်းပါးသောကြောင့် ဟန်ရှောင်းသည် သွေးဆောင်ခံခဲ့ရသည်။ ယခု သူ့တွင် တိုက်ခိုက်ရေးပုံစံ ၃မျိုးရှိ၏။ အဝေးမှ တိုက်ခိုက်နိုင်သော Ghost စနိုက်ပါရိုင်ဖယ်နှင့် လျှပ်စစ်သံလိုက် လျပ်ပြေးဖိနပ်၊ ဘက်စုံအသုံးပြုနိုင်သော သူ၏ Amhiptere ယန္တရားဝတ်စုံ၊ တိုက်ခိုက်ရေးယန္တရားပညာရှင် ပုံစံအတွက် ပေါင်းစပ်ထားသော သံလိုက်ကွင်းဆက် ဓါးသွားများနှင့် အပူလှိုင်းလျပ်စစ် လက်အိတ်တို့ရှိသည်။ ဤပုံစံသုံးမျိုးသည် သူ၏ လက်ရှိတိုက်ခိုက်ရေးပုံစံကို ဖန်တီးထားသည်။
အခြားစက်ပစ္စည်းများဖြစ်သည့် 'Rush' စတိုင်ကဲ့သို့သော မျိုးဆက် ၂.၅ ရိန်းဂျားနှင့် ဘက္ထရီများဖြင့် သို့မဟုတ် သေနတ်အမြောက်အမြားပါရှိသည့် စစ်မှန်သော ယန္တရားတိုက်ခိုက်ရေးပုံစံတို့ကို သူ၏ပုံမှန်နည်းပရိယာယ်၏ အစိတ်အပိုင်းအဖြစ် မရေတွက်နိုင်ပေ။ ၎င်းတို့သည် အသုံးနည်းသောကြောင့်ဖြစ်သည်။ မြွေစီးရီး ယန္တရားဝတ်စုံများကို ဖန်တီးပြီးကတည်းက ဟန်ရှောင်းသည် ဒီဇိုင်းပုံစံအသစ်အတွက် လောင်းကစားလုပ်ခဲသည်။ ဒီဇိုင်းပုံစံများအတွက် လိုအပ်သော အသိပညာပေါင်းစပ်မှုကို သူသိသည်။ သူ့ကံကောင်းမှုကို ရံဖန်ရံခါကြိုးစားခြင်းမှလွဲ၍ လိုအပ်သောအခါတွင် တိကျသော ဒီဇိုင်းပုံစံများကို ပေါင်းစပ်ရန်သာ အတွေ့အကြုံအမှတ်ကို သုံးစွဲခဲ့သည်။
{TL Notes : ဟန်ရှောင်းက သူ့ရဲ့ဝတ်စုံတွေကို မြွေနာမည်တွေပဲ ပေးထားတာ သတိထားမိမယ် ထင်ပါတယ်။ ပထမဆုံး တစ်ခုက Viper - မြွေပေး၊ လက်ရှိသုံးနေတဲ့ ဒုတိယတစ်ခု Amhiptere - တောင်ပံပါတဲ့ မြွေနဂါး}
အဘိုးကြီးလူ၏ ဒီဇိုင်းပုံစံ လေးခုသည် သီးသန့်တိုက်ခိုက်ရေး ပုံစံအသစ်နှင့် သက်ဆိုင်သည်။ လွတ်လပ်ခြင်းနဲ့ အတူတူပင်။ ဟုတ်ပါသည်၊ ဟန်ရှောင်းက ဒါကို လက်လွတ်မခံနိုင်ပေ။
…
နေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းဆီသို့ ဖြည်းညှင်းစွာရွေ့လျားလာပြီး ကြယ်နဂါးနိုင်ငံ အနောက်ပိုင်းမြို့တော်ကို နေရောင်အောက်တွင် အရောင်ဆိုးထားသည်။ လမ်းမပေါ်ရှိလူများသည် ညက နတ်ဆိုးတစ်ကောင်လို ဖြစ်နေသကဲ့သို့ အလျင်လိုနေကြပြီး ညမရောက်မီ အိမ်ပြန်ချင်ကြသည်။
ဟန်ရှောင်းသည် လမ်းများပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လာသည်။ သူထွက်သွားတာ တစ်နှစ်နီးပါးရှိပြီ၊ အခု သူပြန်လာတော့ မြို့က သူ့ကိုပေးနေသည့် ခံစားချက်က အနည်းငယ်တော့ ကွာခြား၏။ တစ်ခုပြောရလျှင်၊ လူပိုများလာ၏။ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများမှ ပန်းချီကားများ၏ အကြွင်းအကျန်များကို နံရံထောင့်များတွင် မြင်တွေ့နေရဆဲဖြစ်ပြီး အဝေးက အဆောက်အအုံပေါ်ရှိ မျက်နှာပြင်ကြီးသည် စစ်ပွဲတွင် ၎င်းတို့၏အောင်ပွဲနှင့် လာမည့်ရာသီဥတု ယိုယွင်းမှုဆိုင်ရာ သတင်းများကို ပြသထားသည်။ မြို့တော်၏လေထုသည် မသက်မသာ ဖြစ်နေပြီး မြို့ခံများက အနာဂတ်တွင် ၎င်းတို့၏ ကံကြမ္မာကို ဆုံးရှုံးမည်ကို စိုးရိမ်နေကြသည်။
ဟန်ရှောင်းသည် အလင်းမျက်နှာဖုံးကို တပ်ဆင်ပြီး သိုးမွှေးကုတ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ဆောင်းရာသီရောက်နေပြီဖြစ်ပြီး၊ ဤအဝတ်အစားများသည် အလွန်နိမ့်ကျပြီး သာမန်သာဖြစ်သည်။
ဟိုးအရင်တုန်းက သူထွက်ခွါလာသော ဝပ်ရှော့ကို ပြန်သွားတော့ ဒီပုံစံအတိုင်းပဲ ရှိနေတုန်းပင်။ သူ့အလုပ်ရုံမှာတောင် ဆိုင်ဘေးမှာ ရှိနေ၏။ ဟန်ရှောင်းသည် ဆိုင်ထဲသို့ ဝင်လာပြီး အလုပ်ရုံမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ လူချမ်းသည် စက်ပစ္စည်းများ တပ်ဆင်ခြင်းကို အာရုံစိုက်နေသည်။ သူမတစ်ယောက်တည်း ဖြစ်၏ - တံခါးနားတွင် ထိုင်နေလေ့ရှိတဲ့ အဘိုးကြိးလူ ပျောက်ဆုံးနေသည်။
လူချမ်းလှည့်ကြည့်လိုက်သည်။ ဖောက်သည်တစ်ယောက်ရှိနေတာကိုမြင်တော့ သူမအလုပ်ကို အလျင်စလို ဘေးချကာ ပြုံးပြီး သူ့ဆီ ချဉ်းကပ်လာသည်။ "ဟယ်လို၊ ဘာလိုချင်ပါသလဲ"
လူချမ်းသည် နွေဦးလေညင်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး စူးစူးရှရှ ရင်းနှီးသောအကြည့်ရှိနေဆဲဖြစ်သည်။ ဟန်ရှောင်းက သူမကို အကဲခတ်လိုက်ပြီး သူ့အမူအရာ မပြောင်းလဲဘဲ "ပစ္စည်းအသေးလေးတစ်ခု စိတ်ကြိုက်လုပ်ချင်တယ်"
"ဘာကို စိတ်ကြိုက်လုပ်ချင်တာလဲ" လူချမ်းမျက်တောင်ခတ်လိုက်သည်။
ဟန်ရှောင်းသည် ဒီဇိုင်းပုံစံတစ်ခုကို ထုတ်ပြီး လူချမ်းသို့ ပေးလိုက်သည်။ ၎င်းသည် နည်းပညာပိုင်း သိပ်မပလသော်လည်း ဂဟေဆော်ရန်နှင့် ကြိတ်ရန် လိုအပ်သည့် သတ္တုအသေးစားရုပ်တုတစ်ခုဖြစ်သည်။ မည်သည့်စက်ပစ္စည်း တပ်ဆင်ရေးဆိုင်မဆို ပြီးမြောက်အောင် လုပ်နိုင်သည်။ လူချမ်းက အဲဒါကို ခဏလောက်ကြည့်ပြီး ခေါင်းညိတ်ပြရင်း ပြောလိုက်၏။ “ကိစ္စမရှိပါဘူး၊ မနက်ဖြန် လာယူလို့ရတယ်။”
ဟန်ရှောင်းခေါင်းခါလိုက်သည်။ “မနက်ဖြန် ငါ မြို့က ထွက်သွားမယ်။ ငါဒီည ရဖို့လိုအပ်တယ်"
လူချမ်းက စိတ်ရှုပ်တဲ့အမူအရာနဲ့ “ဒီရုပ်တုကို လုပ်ဖို့ နှစ်နာရီလောက် ကြာတယ်၊ ငါက မှောင်လာတဲ့အခါ ဆိုင်ပိတ်တော့မှာ”
"ဒါဆို တခြားဆိုင် သွားရုံပဲ ရှိတော့တယ်" ဟန်ရှောင်းက စိတ်ဆိုးသလို ဟန်ဆောင်လိုက်ပြီး "ဒီမှာ ဘယ်ဆိုင်ကဒေါ်လာ ၃၀,၀၀၀ တန် အလုပ်ကို လိုချင်ပါလိမ့်"
လူချမ်း၏ မျက်လုံးများသည် ချက်ချင်းတောက်ပလာပြီး သူမတုံ့ပြန်မှုကို ချက်ချင်းပြောင်းလဲလိုက်သည်။ “ဒီနေ့ ဆိုင်ပိတ်ချိန် နောက်ကျတယ်။ ဆိုင်မှာစောင့်ပြီး ပစ္စည်းတွေ ပြီးတာနဲ့ လက်ခံလို့ရပါတယ်။”
ဟန်ရှောင်းမသိမသာ ရယ်မောလိုက်သည်။ သူက လူချမ်းကို ကောင်းကောင်းသိသည်။ ဒီနည်းလမ်းက အချိန်တိုင်း အလုပ်ဖြစ်၏။
ဆိုင်တွင်စောင့်နေမှသာ အဘိုးကြီးလူ၏ သေတ္တာကို ရှာတွေ့ရန် အခွင့်အရေးရှိသည်။ သေချာသည်မှာ လူချမ်းကို တိုက်ရိုက်မေး၍ မရပေ၊ သူမ သတိထားရမိသွားလိမ့်မည်။
ထိုအချိန်တွင် ဆံပင်တိုတိုနှင့် ဖောက်သည်အသစ်တစ်ဦးဝင်လာပြီး “ကျွန်တော် အိမ်သုံးစက်ပစ္စည်းအချို့ ဝယ်ချင်ပါတယ်၊ မင်းမှာရှိလား?"
“ဟုတ်ကဲ့။” လူချမ်းသည် ဘေးဘက်ရှိ သတ္တုစင်ဆီသို့ ညွှန်ပြပြီး “အဲဒီမှာ အားလုံးရှိပါတယ်။ တောင်းပန်ပါတယ်၊ လောလောဆယ် လုပ်စရာတစ်ခုရှိနေတယ်ဆိုတော့ ထုတ်ကုန်တွေကို ကိုယ်တိုင်ကြည့်လို့ရပါတယ်။"
ဟန်ရှောင်းက ပုံမှန်အတိုင်းပင် ကုလားထိုင်ကိုဆွဲကာ ထိုင်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ဘေးကို လှမ်းကြည့်လိုက်၏။ ဝင်လာသောဖောက်သည်သည် စင်ပေါ်ရှိ ပစ္စည်းများကိုကြည့်ရင်း သူ့ကို စောင့်ကြည့်နေသည်ကို သူတွေ့လိုက်ရသည်။ အဘိုးကြီးလူ၏ အနေအထားမှာ ထူးခြားသောကြောင့် သူမထွက်ခွာမီ လူချမ်းကို စောင့်ရှောက်ရန် ဌာန၁၃ကို အပ်ထားခဲ့သည်။ လူချမ်းကို ဘယ်သူမှ မထိခိုက်စေရန် အနီးအနားတွင် စောင့်ကြည့်နေသော တစ်စုံတစ်ယောက် အမြဲရှိနေသည်။ ဤဖောက်သည်အသစ်သည် ပုံမှန်အေးဂျင့်များထဲမှ တစ်ဦးဖြစ်ပြီး၊ သူသည် ဟန်ရှောင်းကို လေ့လာရန် ရောက်လာခဲ့သည်။
"ဌာန၁၃ရဲ့လူ?" အဆင့် ၇၀ တွင် ဟန်ရှောင်း၏ အာရုံများသည် အလွန်ထက်မြက်သောကြောင့် ဤလူ၏ ခြေလှမ်းများသည် စစ်တပ်တွင် လေ့ကျင့်သင်ကြားထားသည့် ထူးခြားသောလက္ခဏာများ ပြသသည်ကို သူသတိပြုမိသည်။ အနည်းငယ်မျှသာ တွေးရုံဖြင့် အလွယ်တကူ ခန့်မှန်းနိုင်သည်။ သူ့အမူအရာက မပြောင်းလဲဘဲ တိတ်ဆိတ်စွာ ကြည့်နေ၏။ မျက်နှာအသွင်အပြင်ကို ပြောင်းထားပြီးဖြစ်၍ သူ့ကိုမှတ်မိသွားမှာကို မကြောက်ပေ။
အချိန်က တဖြည်းဖြည်း မှောင်ကျသွားပြီး လူချမ်းက အာရုံစိုက်နေသည်။ ဟန်ရှောင်းသည် တစ်ဖက်တွင်ထိုင်နေပြီး ထိုလူက စင်ကိုကြည့်ရင်း သူ့ကို စောင့်ကြည့်နေသေးသည်။
ဟန်ရှောင်၏ မျက်ခုံးများ ပင့်လိုက်သည်။ စောင့်ကြည့်မှုအောက်တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခြင်း မရှိပေ။ သူ့ခြေထောက်ကို ခါယမ်းလိုက်ပြီး ပင့်ကူအသေးစား ထောက်လှမ်းကိရိယာက သူ့အိတ်ကပ်ထဲက တွားသွားကာ အရိပ်ထဲမှ တိတ်တဆိတ် ရွေ့လျားနေ၏။ ဟန်ရှောင်းသည် တစ်ဖက်လူ၏ အမြင်ကို သူ့ခန္ဓာကိုယ်ဖြင့် ပိတ်ဆို့ထားပြီး သူ့လက်ပ်တော့ကို ထုတ်လိုက်သည်။ သူ အောက်ကိုငုံ့ကြည့်လိုက်ပြီး ပင့်ကူရှာဖွေကိရိယာအတွက် ထိန်းချုပ်မှုအကွက်ကို ဖွင့်ပြီးနောက် ၎င်းကို ကိုယ်တိုင်ထိန်းချုပ်မှုသို့ ပြောင်းလိုက်သည်။
စခရင်၏အောက်ခြေညာဘက်တွင် မြေနှင့်နီးကပ်စွာရွေ့လျားနေသော ပင့်ကူအသေးစားကိရိယာ၏ အမြင်အာရုံပုံရိပ်ကို ပြသထားသည်။ ထောက်လှမ်းကိရိယာတွင် သတ္တုရှာဖွေရေးကိရိယာတစ်ခု တပ်ဆင်ထားပြီး၊ နံရံများနှင့် မြေပြင်အောက်တွင် ဝှက်ထားသော ပိုက်များအားလုံးကို ရောင်ပြန်ဟပ်နေပါသည်။ အဘိုးကြီးလူ၏ သေတ္တာသည် သတ္တုဖြစ်ကြောင်း သတိရမိသောကြောင့် သတ္တုရှာဖွေခြင်းကို အသုံးပြုနေ၏။
နာရီဝက်အကြာတွင် ပင့်ကူထောက်လှမ်းသည့်ကိရိယာသည် ဒုတိယထပ်ရှိ လူချမ်း၏ အခန်းတွင် ပစ်မှတ်ကို တွေ့ရှိသွားသည်။ ခရီးဆောင်သေတ္တာပုံစံသည် ကုတင်အောက်တွင်ရှိနေ၏။ ဟန်ရှောင်း၏ မျက်လုံးများ ဝေ့ကြည့်လိုက်သည်။ ချက်ချင်း ထရပ်ပြီး “ဒီမှာ အိမ်သာရှိလား”
လူချမ်းက မော့ကြည့်လိုက်ပြီး ချွေးတွေကို သုတ်လိုက်သည်။ “အပေါ်ထပ်မှာ။ ငါမင်းကို လိုက်ပို့မယ်။"
“မလိုပါဘူး၊ မင်းလုပ်စရာရှိတာလုပ်။ ငါ့ဖာသာ သွားနိုင်တယ်။" ဟန်ရှောင်းက သူမကို ငြင်းပယ်လိုက်ပြီး အပေါ်ထပ်သို့ တက်လာသည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အိမ်သာသွားလိုသည့် အကြောင်းပြချက်ဖြင့် ထိုအေးဂျင့် နောက်မှ လိုက်သွားသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
ဟန်ရှောင်းအနည်းငယ် စိတ်ရှုပ်သွားသည်။ တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းကို ခံရသောအခါ လှုပ်ရှားရန် မလွယ်ကူပေ။ ရုတ်တရက် သူ့မှာ အကြံအစည်ဆိုးတစ်ခုရှိလာ၏။ ဒုတိယထပ်က အိမ်သာကို ရောက်တဲ့အခါ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အေးဂျင့်၏ မျက်နှာကို လက်သီးနဲ့ ထိုးချလိုက်သည်။ အေးဂျင့်မှာ လုံးဝတုံ့ပြန်ရန် အချိန်မရှိသည့်အပြင် သူ၏အမြင်အာရုံမှာ မှုန်ဝါးလာပြီး နှာခေါင်းသည် အလွန်အမင်း နာကျင်နေသည်ဟုသာ ခံစားလိုက်ရ၏။ ထို့နောက် မေ့လဲသွားသည်။
ဟန်ရှောင်းက သူ့ကို ကိုင်လိုက်ပြီး မြေပြင်ပေါ် ဖြည်းညှင်းစွာ ချထလိုက်သည်။ သူက လူချမ်း၏ အခန်းထဲသို့ ဝင်သွားကာ ကုတင်အောက်မှ သေတ္တာကို ဆွဲထုတ်ပြိး သူမှတ်မိသော စကားဝှက်ကို နှိပ်လိုက်သည်။
ကလစ်
အဖုံးပွင့်သွား၏။ ဟန်ရှောင်းက ၎င်းကို စကင်န်ဖတ်ပြီး ရှားပါးဒီဇိုင်းပုံစံလေးခုကို လက်ခံရရှိထားကြောင်း အင်တာဖေ့စ်မှ အသိပေးသောကြောင့် အတည်ပြုနိုင်သွားသည်။ ဝမ်းသာအားရဖြင့် ဒီဇိုင်းပုံစံများကို လိပ်ကာ လွယ်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူ့နောက်ကျောမှ အစားထိုးပစ္စည်းများကို ထုတ်ယူပြီး သေတ္တာထဲသို့ ထည့်ကာ သူ့နေရာတွင် ပြန်ထားလိုက်၏။
အစားထိုးပစ္စည်းများသည် စက်ယန္တရား ဒီဇိုင်းပုံစံများဖြစ်ပြီး ၎င်းတို့သည် သာမန်ဒီဇိုင်းပုံစံများသာဖြစ်သည်။ အနာဂတ်တွင် ဤမစ်ရှင်ကိုပြီးမြောက်ရန် မရေမတွက်နိုင်သော အခက်အခဲများကို ကျော်ဖြတ်ရမည့် ကစားသမားများ ရှိလိမ့်မည်။ ထို့ကြောင့်၊ အထဲမှာ တစ်ခုခုထည့်ထားခြင်းဖြင့်၊ မစ်ရှင်ပြီးမြောက်သော ကစားသမားသည် အနည်းဆုံး တစ်ခုခုတော့ ရလိမ့်မည်။ ဟန်ရှောင်းက သူ့မှာ ကြင်နာတတ်တဲ့ နှလုံးသားရှိပြီး 'Galaxy' တစ်ခုလုံးကို ရွေ့လျားသွားစေနိုင်သည်ဟု ခံစားလိုက်ရသည်။
သူသည် အေးဂျင့်ကို အောက်သို့ သယ်ဆောင်သွား၏။ လူချမ်းအံ့သြသွားပြီး "သူ ဘာဖြစ်သွားတာလဲ?"
ဟန်ရှောင်းသည် ရွံရှာဖွယ် မျက်နှာထားဖြင့် “ဒီကောင် ငါနဲ့ အတူ အိမ်သာသုံးချင်နေတာ။ ဒါက ရွံစရာကောင်းလို့ သူ့ကို မေ့အောင် လုပ်လိုက်တာ”
လူချမ်း၏ အမူအရာမှာ ထူးဆန်းလာသည်။ အေးဂျင့်ရဲ့ကိုယ်ကို ပတ်ကြည့်ရင်း သူ့မျက်လုံးတွေက “အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်…”
ဟန်ရှောင်းက ငြိမ်သက်စွာထိုင်လိုက်သည်။ ဌာန၁၃မှ လူတစ်ဦးကို ဖယ်ထုတ်ပြီးနောက် သူ မထိတ်လန့်ခဲ့ပေ။ ဒါက သူ့ရဲ့ ခွန်အားကြောင့်ဖြစ်သည်။ ထို့အပြင် လူချမ်းနှင့် သူသည် အချိန်အတော်ကြာကတည်းက တစ်ယောက်နှင့်တစ်ယောက် သိနေသောကြောင့် ရုတ်တရတ် ပျောက်ကွယ်သွားပြီး လူချမ်းကို ကြောက်လန့်အောင် မလုပ်ချင်ပေ။
တိတ်ဆိတ်မှုကို ပြေပျောက်စေရန် လူချမ်းနှင့် စကားစမြည်ပြောနေ၏။
…
"C156 အကြောင်းပြန်ပါ... C156 အကြောင်းပြန်ပါ!"
မီတာရာဂဏန်းအကွာရှိ အဆောက်အအုံကြီးတစ်ခု၏ အခန်းကျယ်တစ်ခုတွင် လူချမ်းကို ကာကွယ်ရန် အေးဂျင့်အဖွဲ့တစ်ဖွဲ့က အသင့်စောင့်နေသည်။ ကပ္ပတိန်သည် ပြင်ဆိုင်ရှိ အေးဂျင့်ထံ ဆက်သွယ်ရန် ထပ်ခါတလဲလဲ ကြိုးစားနေသည်။
တုံ့ပြန်မှု လုံးဝမရရှိပြီးနောက်တွင် သူတို့၏ မျက်နှာများသည် လေးနက်လာသည်။
“မဟုတ်သေးဘူး၊ သူ အဆက်အသွယ် ပြတ်သွားပြီ။ ဆိုင်မှာ မတော်တဆ ဖြစ်နေတာဖြစ်မယ်။ အခုပဲ သွားရအောင်!"
ကပ္ပတိန်သည် ချက်ချင်းထရပ်ကာ ကျည်ကာအင်္ကျီလဲလိုက်ပြီး ကျည်ခါးပတ်ကို ယူဆောင်၍ အသင်းနှင့်အတူ တံခါးမှ ထွက်လာတော့သည်။