တစ်ယောက်ယောက်က စောင့်ကြည့်နေတယ်
Vol. 8 Ch. 20
ကျောင်းဖွင့်ရက်။
အီဗန်တို့ကို ဆရာမဟဲရိုးစာသင်နေတုန်း ပက်တီးအပြည့်နဲ့မက်ဒါနာက အခန်းထဲဝင်လာတယ်။ ဆရာမဟဲရိုးက မက်ဒါနာကို ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲက အတန်းသားတွေကိုကြည့်ကာ ပြောလိုက်လေရဲ့။
“အားလုံးပဲ၊ မင်းတို့အတန်းက ကျောင်းသားတချို့
ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာမလို့ ကျောင်းအုပ်က
မင်းတို့ကို အားပေးဖို့လာတာပဲ။ နောက်ဆရာမလာခင် သူ့စကားကို ငြိမ်ငြိမ်လေးနားထောင်ကြ။”
ဆရာမဟဲရိုးက အခုလိုပြောပြီး အခန်းထဲကနေ ထွက်သွားတယ်။ မက်ဒါနာကတော့ အခန်းရှေ့က စာသင်ခုံမှာ နေရာဝင်ယူလိုက်ပြီး ကျောင်းသားတွေကို ကြည့်လိုက်ပါတယ်။ အီဗန်က သူတို့ကျောင်းအုပ်ရဲ့ပြောင်းလဲသွားတဲ့ရုပ်သွင်ကြောင့် တော်တော်လေး အံ့ဩနေမိပါတယ်။ အများကြီး ပိုရင့်ကျက်သွားတဲ့အပြင် မျက်နှာပေါ်က အမာရွတ်ကြောင့် တိုက်ပွဲပေါင်းများစွာကို အသက်ရှင်လျက်ဖြတ်ကျော်နိုင်ခဲ့တဲ့လူတစ်ယောက်မှန်း သိနိုင်တယ်။ ဟီးရိုးတွေရဲ့လောကမှာ အမာရွတ်ဆိုတာက ဂုဏ်သရေတစ်ခုပါ။
နောက်ပြီးအခုလက်တလောမှာ အမာရွတ်တိုးလာတာမလို့ လက်တလောဖြစ်ပျက်သွားတဲ့ တိုက်ပွဲတွေနဲ့ သူတို့ကျောင်းအုပ်ကို ကျောင်းသားတွေဆက်စပ်မိကြပါတယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲက ဒုတိယဝါရှင်တန်တိုက်ပွဲဖြစ်ပြီး S rank ဟီးရိုးအများအပြားပါဝင်ခဲ့တယ်။ ဒါကြောင့် သူတို့ကျောင်းအုပ်က အဲဲဒီဖဲထဲက တစ်ယောက်ဖြစ်ဖို့များတယ်။ ကျောင်းအုပ်က နည်းပညာဟီးရိုးဖြစ်လို့ အဲဒီတိုက်ပွဲထဲမှာပါဝင်ခဲ့တဲ့ နည်းပညာတွေကို စာရင်းချုံကြည့်တော့ ငွေရောင်စစ်သည်၊ Archmegaနဲ့ အမည်မသိစစ်နတ်သမီး သုံးယောက်ပဲဖြစ်နေပြန်ရော။ အီဗန်က ဘာမှမသိပေမဲ့ နျူရေကတော့ အမည်မသိစစ်နတ်သမီးက သူတို့ကျောင်းအုပ်ဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချထားတယ်လေ။ ဘာလို့လဲဆိုပြီးမေးတော့ “ကျန်တဲ့နှစ်ယောက်ရဲ့ဝတ်စုံတွေက မိန်းကလေးတစ်ယောက်မယ့်ဟာတွေမှမဟုတ်တာ ငတုံးအီဗန်ရဲ့။” ဆိုပြီးပြန်ဖြေတယ်လေ။
“အားလုံးပဲ၊ မင်းတို့အတန်းက ကောင်လေးနှစ်ယောက်နဲ့ကောင်မလေးတစ်ယောက် ပြိုင်ပွဲပမာဏစစ်ဆေးမှုမှာ ရလဒ်ကောင်းတွေရထားတာတွေ့ရတယ်။”
မက်ဒါနာက အီဗန်၊ ဂိုးလ်နဲ့ ဘယ်လာတို့ကို ကြည့်ပြီး
ပြောလိုက်တာပါ။ ဒါပေမဲ့ သူ့ပုံစံက နည်းနည်းလေးမှ
ကျေနပ်တဲ့ပုံမပေါ်ဘူး။ “ဒါပေမဲ့ ငါတို့ကျောင်းက ခုနှစ် ချန်ပီယံဖြစ်မှကိုရမယ်။ ဒါပေမဲ့ မင်းတို့အတန်းက ဘယ်သူမှလက်ရှိအဆင့်မျိုးနဲ့ ချန်ပီယံဖြစ်မှာမဟုတ်ဘူး။”
မက်ဒါနာရဲ့စကားကြောင့် အီဗန်တစ်ယောက် ခေါင်းပေါ်ကို ရေခဲရေနဲ့လောင်းချခံလိုက်ရသလို အေးစက်
သွားပါတယ်။ သူတကယ်ပဲ ချန်ပီယံတစ်ယောက်ဖြစ်ချင်ပေမဲ့ ကျောင်းတွင်းမှာတောင် သူဟာပြိုင်ဖက်ကင်းမနေပါဘူး။ လီနာက ပမာဏစစ်ဆေးမှုမှာဝင်မပါခဲ့သလို လီဆာကလည်း ပျောက်နေခဲ့တယ်ဆိုပေမဲ့
မိရိုင်က သူ့ထက်အများကြီးသာလွန်တဲ့ စွမ်းအားကိုပြသခဲ့တယ်။ ပြီးတော့ အဲဒီစူပါအမေရိကကျောင်းရဲ့ကျောင်းသူကလည်း စွမ်းအားကြီးလွန်းတယ်။ ပြန်ပြီးတွေးကြည့်တော့ သူက သာမန်ကျောင်းသားတစ်ယောက်ပါပဲ။ ပြိုင်ပွဲနီးလာရင် သူအဆင့်တက်သွားမှာပါလိမ့် ရူးရူးမိုက်မိုက်တွေးခဲ့မိပေမဲ့ တစ်ပတ်နေရင် ပြိုင်ပွဲစတော့မှာဖြစ်ပေမဲ့ သူ့အဆင့်ကတက်မလာတော့ဘူး။ ဒီအတိုင်း B+ မှာပဲ ဆက်ရှိနေတုန်းပဲ။
မက်ဒါနာက ပြောစရာရှိတာ ပြောသွားပြီးတဲ့နောက် ပြန်ထွက်သွားတယ်။ နောက်စာသင်မယ့်ဆရာဖြစ်တဲ့
ဘရီစာက အထဲဝင်လာပြီ။ ဒါပေမဲ့ ဒီနေ့ဆရာမဘရီစာက လက်တွေ့တိုက်ပွဲအစား တိုက်ခိုက်နေတဲ့အချိန်မှာ သိထားသင့်တဲ့ တိုက်ပွဲသီအိုရီတွေကိုပဲ သင်သွားတယ်။ ကျောင်းဆင်းခေါင်းလောင်းထိုးတော့ အီဗန်တစ်ယောက် ကျောင်းကန့်တင်းဆီ လေးလံတဲ့ခြေလှမ်းတွေနဲ့ ချီတက်မိတယ်။
....
“ဘာရယ်၊ နင်က စမ်းတောင်မကြည့်ရသေးဘဲနဲ့ ချန်ပီယံမဖြစ်နိုင်တော့ဘူးလို့ ငါ့ကိုပြောနေတာလား။”
အီဗန်ရဲ့အားလျှော့သံကိုနားထောင်ရင်း နျူရေဒေါသထွက်လာတယ်။ သူတို့နောက်မှာ ကျောင်းရဲ့ကြယ်ပွင့်မိန်းကလေးဖြစ်လာတဲ့ မိရိုင်နဲ့သူ့ရဲ့ဖန်အုပ်ကြီးရှိနေတယ်။ မိရိုင်က ဖြစ်နိုင်ရင်ထွက်ပြေးချင်နေပေမဲ့ လူအုပ်ကြီးက များလွန်းလို့ ဘယ်မှပြေးမရဖြစ်နေပြီး လက်မှတ်ထိုးပေးနေရတယ်။ ဘယ်လာနဲ့ဂိုးလ်ကိုတောင် အဲဒီလူအုပ်ထဲမှာ တွေ့နိုင်သေးတယ်။ အီဗန်ကတော့ သက်ပြင်းချလိုက်တယ်။
“ငါဆီမီးဖိုင်နယ်ကိုတော့ ရောက်ရင်ရောက်မှာပေါ့။ ဒါပေမဲ့ ငါကဘယ်လိုလုပ်ပြီး ချန်ပီယံဖြစ်မှာလဲဟ။ S rank နှစ်ယောက်တောင် ပြိုင်ပွဲထဲမှာရှိနေမှာလေ။
မိရိုင်ကိုတောင်မှ ငါနိုင်မှာမှမဟုတ်တာ။”
အီဗန်က သိမ်ငယ်စွာနဲ့ သူ့ခြေထောက်တွေကိုသူ ပြန်ငုံကြည့်လိုက်တယ်။ နျူရေက အီဗန်ကိုအထင်သေးတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး နာရီကိုကြည့်လိုက်လေရဲ့။
“ခနနေရင် ကျောင်းပြန်တက်တော့မှာ။ သွားရအောင်။” ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ ကျောင်းစင်္ကြန်လမ်းအတိုင်း တိတ်ဆိတ်စွာလျှောက်ရင်း မိနစ်ပေါင်းများစွာ စကားမပြောဖြစ်ကြဘူး။ ခါတိုင်းဆိုရင် နျူရေက သူ့ကိုလက်ပေးကိုင်နေကျဖြစ်ပေမဲ့ ဒီတစ်ခါတော့ နှုတ်ပိတ်ပြီး ရှေ့ကနေ ဒီအတိုင်းသွားနေတာ။ နျူရေစိတ်ဆိုးနေမှန်းသိပေမဲ့ ကိုယ့်အပြစ်နဲ့ကိုယ်မလို့ ဘယ်လိုချော့ရမှန်းလဲမသိဘူး။
“ငါ...” သတ္တိမွေးပြီးတော့ စကားပြောဖို့ကြံပေမဲ့ ငါတစ်လုံးပဲ ပါးစပ်ကနေထွက်လာတယ်။ ဒါပေမဲ့ သူ့စိတ်အခြေအနေကြောင့် စကားပြောရပ်သွားတာတော့မဟုတ်ဘူး။ သူ့အကြည့်က နေ့တိုင်းလိုလို ဖြတ်နေကျ ဝန်ထမ်းအဆောင်ဘက်ရောက်သွားလို့ပါ။
ခါတိုင်းလိုပဲ အိမ်စေဝတ်စုံနဲ့ စက်ရုပ်မလေးအေမီက သခင်မလေးအတွက် ဟင်းပွဲတွေတည်ခင်းပေးနေပေမဲ့ ဒီနေ့လူတချို့ပိုနေတာ တွေ့လိုက်ရတယ်။ ဆံပင်အညိုရောင်ကို မြင်းမြီးပုံစံဆုချည်ထားတဲ့ အလှလေးတစ်ယောက်က ကျောင်းအုပ်ရဲ့ပေါင်ပေါ်မှာထိုင်ပြီး လက်နဲ့ခါးကိုတင်းတင်းဖက်ထားပါတယ်။
“.....” သူတို့ကျောင်းအုပ်ကို တစ်ယောက်ယောက်က ဒီလိုအဆင့်မျိုးနဲ့ ချွဲပြနေတာကိုမြင်ရတာ တော်တော်ထူးဆန်းတယ်။ ပြီးတော့ သူတို့က ကျောင်းဝင်းထဲမှာလေ။ တခြားမိန်းကလေးသုံးယောက်လည်း အတူရှိနေပြီးတော့ အကုန်လုံးက ကျောင်းအုပ်ပေါင်ပေါ်က
မိန်းကလေးကို ထသတ်မယ့်အကြည့်တွေနဲ့ကြည့်နေကြလေရဲ့။ အသေးမလေးတစ်ယောက်ဆိုရင် ရားမန်ဟင်းရည်ထဲက ကြက်ဥကိုဆံညိုလေးအမှတ်နဲ့ တူနဲ့အတင်းထိုးဖောက်နေရတာတွေ့ရတယ်။ ပြီးတော့ ပါးစပ်ကလည်း ပွစိပွစိနဲ့ ဘာတွေပြောနေမှန်းမသိဘူး။
“အား... သေပါပြီဗျ။” အီဗန်တစ်ယောက် အဲဒီမြင်ကွင်းကိုပဲ အကြည့်ရောက်နေတဲ့အတွက်ကြောင့် နျူရေက သူ့နားကို နာနာလေးလိမ်ဆွဲတော့မှ သတိပြန်ဝင်လာတော့တယ်။
“နင်တော်တော်အတွဲချောင်းကောင်းနေလား။” နျူရေက အခုလိုပြောလိုက်ပြီး သူ့လက်ကိုဆွဲလို့ဝန်ထမ်းအဆောင်ကနေ ခပ်ဝေးဝေးကြီးဆွဲခေါ်သွားတယ်။ ကျောင်းဆောင်တွေနားကိုရောက်မှ လက်ကို လွှတ်ပေးလိုက်ပြီး ရှက်သွေးဖြာနေတဲ့မျက်နှာနဲ့ပြောလိုက်လေရဲ့။
“တကယ်လို့ နင်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်လာမယ်ဆိုရင် ငါအဲဒီလိုချွဲရင်ချွဲမိမှာပေါ့။ ငါတို့ကျောင်းအုပ်က တကယ့်တော်တဲ့ ဟီးရိုးတစ်ယောက်လေ။”
နျူရေဆီက ထူးဆန်းတဲ့စကားကို ကြားလိုက်ရပြီးတဲ့နောက်တော့ အီဗန်ရဲ့ရင်ထဲမှာ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်လာပြီး ခေါင်းညိတ်လိုက်လေရဲ့။
“ကောင်းပြီလေ၊ ငါကြိုးစားပေးမယ်။”
....
ဒီလိုနဲ့အချိန်တွေကုန်သွားလိုက်တာ ပြိုင်ပွဲနေ့ကို ရောက်လာခဲ့ပါပြီ။ မူလကတော့ တိုင်းပြည်ရဲ့နာမည်အရ မြို့တော်ဖြစ်နေသေးတဲ့ ဝါရှင်တန်မှာကျင်းပဖို့ စီစဥ်ထားပေမဲ့ ဒုတိယဝါရှင်တန်တိုက်ပွဲကြောင့် ဝါရှင်တန်က ပျက်စီးသွားပြီး ခုထိပြန်ဆောက်လို့မပြီးသေးတဲ့အတွက် အရှေ့ဘက်ကမ်းခြေက နောက်ထပ်မြို့ကြီးတစ်မြို့ဖြစ်တဲ့ မိုင်ယာမီမှာ ကျင်းပဖို့လုပ်ရတယ်။
“မမလေး၊ ကျောင်းအုပ်တွေက ဟိုမှာထိုင်ရမှာတဲ့။”
မက်ဒါနာက အစပိုင်းဘယ်မှာထိုင်လို့ထိုင်ရမှန်းမသိ
ဖြစ်နေခဲ့ပေမဲ့ ကံကောင်းစွာနဲ့ အေမီက မက်ဒါနာရဲ့လက်ကိုဆွဲပြီး ရှေ့ဆုံးက တခြားခုံတွေနဲ့ကွဲထွက်နေတဲ့ ခုံတွေဆီကို ဆွဲသွားလိုက်တယ်။ ခုံလို့ပြောတာထက် စားပွဲဝိုင်းတွေလို့ ပြောရမလားပဲ။ ပွဲကြည့်စင်ရဲ့အစွန်ဆုံးမှာ စားပွဲဝိုင်းကြီးရှစ်ခုကိုချထားပြီးတော့
စားပွဲဝိုင်းပေါ်မှာ ကျောင်းတွေရဲ့အမှတ်အသားနဲ့နာမည်ကတ်ပြားတွေပါတယ်။ တခြားကျောင်းအုပ်တွေနဲ့ဆရာတွေက စားပွဲခုံတွေမှာ ဝင်ထိုင်နှင့်ပြီးပြီ။
“နယူးယောက်ကျောင်းအုပ်က ငယ်ရွယ်ပြီးအစွမ်းရှိတဲ့သူတစ်ယောက်လို့ကြားခဲ့ပေမဲ့ တကယ်လို့မထင်ခဲ့မိဘူး။ အခုတွေ့ရတော့မှ ထင်တာထက် ပိုငယ်နေသေးတာပဲ။”
ဘော့စတွန်ကျောင်းဘက်က သက်လတ်ပိုင်းအရွယ် အမျိုးသမီးကျောင်းအုပ်က မက်ဒါနာကို နှုတ်ဆက်တဲ့အတွက် မက်ဒါနာကလည်း မကောင်းတတ်လို့ ပြန်ပြုံးပြလိုက်တယ်။ “ကြားသလောက်ဆို ကျောင်းအုပ်ပေါ်လီယာနာကလည်း ကျွန်မလိုပဲ နည်းပညာဟီးရိုးမလား။”
အဲဒီကျောင်းအုပ်က ရင်းနှီးစွာနဲ့ ပြောတဲ့အတွက် မက်ဒါနာက ခေါင်းညိတ်ပြပြီးတော့ ပြန်ဖြေလိုက်တယ်။ “ဟုတ်ပါတယ်ရှင့်၊ ကျွန်မက နည်းပညာဟီးရိုးတစ်ယောက်ပါ။”
“အမျိုးသမီးကျောင်းအုပ်ဖြစ်ရုံတင်မကဘဲ နည်းပညာဟီးရိုးတစ်ယောက်လည်းဖြစ်တဲ့ လူတစ်ယောက်ကိုတွေ့ရတာ တကယ့်ကိုရှားပါးတာပဲ။”
ဘော့စတွန်ကျောင်းအုပ်နဲ့ကျောင်းဆရာတွေက မက်ဒါနာကို ချီးကျူးလိုက်ပေမဲ့ မက်ဒါနာက ဘာကိုမှမခံစားမိဘူး။ အခုနယူးယောက်ကျောင်းမှာ S rank တပည့်တစ်ယောက်ရှိတယ်။ ဘော့စတွန်ကျောင်းက
နောက်မှာပြတ်ကျန်နေခဲ့ပြီဖြစ်တဲ့အတွက် တမင်ဖားနေရုံပဲ။ မက်ဒါနာက ဘော့စတွန်ဝိုင်းရဲ့နောက်မှာရှိနေတဲ့ စူပါအမေရိကကျောင်းဘက်ကိုကြည့်လိုက်တော့
အဲဒီကျောင်းက ဆရာတွေက သူ့ကိုသတ်ချင်နေတဲ့ အကြည့်တွေနဲ့ကြည့်နေတာ မြင်လိုက်ရရော။
“ကျောင်းအုပ်၊ ကလေးတွေအားလုံး ပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေပါပြီ။” မက်ဒါနာတစ်ဖက်ကိုစိတ်ရောက်နေတုန်း ဘရီစာ၊ ဟဲရိုးနဲ့ အာသာလို ဝါရင့်ဆရာတွေ ရောက်လာပြီးတော့ ဝိုင်းမှာဝင်ထိုင်တယ်။ အေမီနဲ့ဆိုတော့ ကျောင်းက အဓိကဆရာတွေအားလုံးစုံသွားပြီ။ ကြောင်နက်နဲ့အတူပါသွားတဲ့ ဖရက်တစ်ယောက်ပဲ ရှိမနေတော့တာ။
“ဖရက်အကြောင်း ဘာသတင်းကြားသေးလား။” မက်ဒါနာက အေမီကိုမေးလိုက်တော့ အေမီက တစ်ချက်စဥ်းစားလိုက်ပြီး ပြန်ဖြေပါတယ်။ “အရင်နှစ်ရက်လောက်က သူနဲ့အဆက်အသွယ်ရသေးတယ်။ ဂရင်းလန်းမှာ သူ့ဆရာနဲ့အတူလေ့ကျင့်နေတယ်တဲ့။ မကြာခင်ပြန်လာမှာမလို့ သခင်မလေးကို စိတ်မပူဖို့ပြောလိုက်သေးတယ်။”
“လီဆာရော...” မက်ဒါနာက ထပ်မေးလိုက်တော့ အေမီက ခေါင်းခါပြတယ်။ ကြည့်ရတာ ဘာသတင်းမှရမဘူးနဲ့တူတယ်။
မက်ဒါနာက သက်ပြင်းချလိုက်တယ်။ အခုပြိုင်ပွဲကိစ္စက အရေးကြီးပြီး ဥစာကီကို မျက်နှာချင်းဆိုင်တွေ့နိုင်မယ့် တစ်ခုတည်းသောနည်းဆိုပေမဲ့ လီဆာတစ်ယောက်တည်း လုပ်ချင်ရာလုပ်နေတဲ့အတွက်ကြောင့် အပြည့်အဝအာရုံမစိုက်နိုင်ဘူး။
“စိတ်တော့မပူပါနဲ့ မမလေးရဲ့။ လီဆာက အင်အားကြီးပြီး ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်နိုင်ပါတယ်။ သူအဆင်ပြေနေလို့ ကျွန်မတို့ဘာသတင်းမှမကြားရတာပေါ့။ သူတစ်ခုခုဖြစ်ပြီဆိုတာနဲ့ ကမ္ဘာအဆင့်ခေါင်းစည်းသတင်းတစ်ခုတက်လာမှာပဲ။”
အေမီစကားကိုသေချာပြန်စဥ်းစားကြည့်တော့ လီဆာက နဂါးပြာစောင့်ရှောက်သူသားရဲဖြစ်ပြီး သူ့ကိုထိခိုက်အောင်လုပ်နိုင်တဲ့သူက အင်မတန်နည်းတယ်။
ပိုးကောင်တွေနဲ့တိုက်ပွဲဖြစ်ရင်လည်း သူတို့ချက်ချင်းသိရမှာ။
“ဘာပဲဖြစ်ဖြစ် မဟာမိတ်ကိုဆက်သွယ်ပြီး သူ့ကိုရှာခိုင်းထား။ ကလေးတစ်ယောက် အိမ်မှာမနေဘဲ လျှောက်သွားနေတာ ကောင်းတဲ့အပြုအမူမဟုတ်ဘူး။”
“ဟုတ်ကဲ့မမလေး။”
...
သာမန်ပရိသတ်တွေအတွက် အထူးတန်းပွဲကြည့်စင်မှာတော့ လင်ဒါက ကမ္ဘာပျက်မလိုအော်ဟစ်နေပြီး ဖလေရာက လင်ဒါကိုထိန်းနေရတယ်။ “အဲဒီသောက်ရူး
ပွဲစီစဥ်သူတွေက ငါတို့ကိုဘာလို့ မက်ဒါနာနဲ့အတူမထိုင်ခိုင်းတာလဲ။ ငါတို့က သူ့ကောင်မလေးတွေလေလို့။”
“လင်ဒါ၊ နင်မက်ဒါနာနဲ့မခွဲနိုင်ဖြစ်နေတာသိပေမဲ့ အဲဒီခုံတွေက ဝန်ထမ်းတွေအတွက် သီးသန့်ပဲလေ။
ငါတို့က တကယ့်ဝန်ထမ်းတွေမှမဟုတ်တာ။”
ဘာကြောင့်မှန်းမသိဘဲ လင်ဒါက အခုတလောအကဲပိုနေသလိုပဲ။ အထူးသဖြင့် မက်ဒါနာက သူ့အတွက် နှလုံးသားသစ်တစ်ခုဖန်ဆင်းပေးပြီးနောက်မှာပေါ့။ ဖရာလီတာက ကမ္ဘာပျက်နေတဲ့လင်ဒါကို မကျေမနပ်ကြည့်ရင်း မဲ့လိုက်တယ်။ အဲဒီနောက် အာရုံစိုက်လို့မရတဲ့အတူတူ ဖုန်းကိုချထား ပွဲကြည့်စင်ထဲကလူတွေကို ဟိုဟိုဒီဒီလျှောက်ကြည့်လိုက်တယ်။
အခုပွဲကို တစ်နိုင်ငံလုံးအနှံထုတ်လွှင့်နေတာဖြစ်ပေမဲ့
ပွဲကြည့်စင်မှာတော့ လူတစ်သောင်းလောက်ပဲရှိနေတာပါ။ ပြီးတော့အများစုက ကျောင်းသားမိဘတွေနဲ့
ဝင်မပြိုင်ပေမဲ့ သူငယ်ချင်းတွေကိုလာအားပေးတဲ့ ကျောင်းသားတွေချည်းပဲ။ အခုနောက်ပိုင်း လူသားတွေနဲ့ပိုးကောင်အင်ပါယာက စစ်ဖြစ်နေတဲ့အတွက်ကြောင့် လူအများစုက ပွဲလမ်းသဘင်တွေမတတ်ဘဲ
အိမ်ကနေပဲ ပွဲကြည့်ဖို့ဆုံးဖြတ်ထားကြပုံပဲ။
ရုတ်တရက် ဖရာလီတာက တစ်ဖက်ပွဲကြည့်စင်မှာရှိနေတဲ့ အမျိုးသမီးတစ်ယောက်ကို သတိထားမိသွားပြီး သေချာကြည့်လိုက်တယ်။ နေရာမျက်မှန်တပ်ထားပြီး ခေါင်းကိုပဝါနဲ့ပတ်ထားလို့ မျက်နှာကို သေချာမမြင်ရပေမဲ့ ရင်ထဲမှာ ရင်းနှီးနေသလိုမျိုး ခံစားရတယ်။
“ဖရာလီတာ-ဆန်။ တစ်ခုခုဖြစ်လို့လား။” ဘေးမှာအတူထိုင်နေတဲ့ ဒရုန်းဇုန်က မေးလိုက်တော့ ဖရာလီတာက ခေါင်းခါပြတယ်။
“ဟင့်အင်း၊ ဘာမှမဖြစ်ပါဘူး။ အဲဒီတစ်ယောက်ကို မြင်ဖူးနေသလားလို့ပါ။” ဖရာလီတာက အဲဒီလိုပြောလိုက်ပြီးနောက် ဖုန်းကိုပြန်ငုံကြည့်လိုက်တယ်။
“အင်း....” တစ်ဖက်မှာတော့ ဥစာကီက ဆန့်ကျင်ဘက်အနေနဲ့ မျက်မှောင်ကုတ်လိုက်ပြီး အဲဒီအမျိုးသမီးကိုပဲ သေချာဆက်ကြည့်နေပါတယ်။
....
“ပြိုင်ပွဲပထမအဆင့် ပြိုင်ပွဲအမှတ်စဥ် (၁) စပါပြီခင်ဗျာ။ နယူးယောက်ဟီးရိုးကျောင်းက ဘယ်လာနဲ့ တက္ကဆက်ဟီးရိုးကျောင်းက ချားလ်ဖြစ်ပါတယ်။ နှစ်ယောက်လုံး ကံကောင်းကြပါစေ။”
ပထမဆုံးပွဲစကြောင်း အနောင်စာက ကြေညာပြီးမကြာခင်မှာပဲ ဘယ်လာက နယူးယောက်ကျောင်းရဲ့ထူးခြားတဲ့ အဖြူရောင်တိုက်ပွဲဝင်ဝတ်စုံကိုဝတ်ကာ
ကျောင်းထဲဝင်လာပြီး တစ်ဖက်ကတော့ တက္ကဆက်ကျောင်းရဲ့ဝတ်စုံအနီကိုဝတ်ကာ ထွက်လာပါတယ်။
ကျောင်းကြီးရှစ်ကျောင်းထဲမှာ တက္ကဆက်ကျောင်းက သာမန်ပါပဲ။ ထွက်လာတဲ့ကျောင်းသားကလည်း
သာမန်ပဲ။
“တစ်... နှစ်... သုံး... တိုက်။” တိုက်ပွဲစတာနဲ့ ဘယ်လာက သလင်းကျောက်တုန်းတွေနဲ့စပစ်တော့
တက္ကဆက်ကျောင်းသားရဲ့ခန္ဓာကိုယ်က ဖယောင်းလိုပျော့ပြောင်းသွားပြီး တိုက်ကွက်တွေကို အလွယ်လေးရှောင်လိုက်တယ်။ ဘယ်လာကလည်း ပြုံးလိုက်တယ်။ သူ့ပြိုင်ဘက်က အလွယ်တကူအနိုင်ယူလို့ရမယ့်ပုံတော့မပေါ်ဘူး။ ဒါပေမဲ့ သူ့မှာဝှက်ဖဲတွေအများကြီး ရှိနေဆဲပါ။
တိုက်ပွဲက ပြေးရင်းလွှားရင်းနဲ့ သုံးမိနစ်ထဲဝင်လာပြီ။
အုပ်စုအဆင့်မှာ နိုင်ပွဲနှစ်ပွဲရထားမှသေချာမှာဖြစ်လို့
ဘယ်လာက ပြေးနေတာကိုရပ်လိုက်ပြီးတော့ ပိုပြင်းတဲ့ တိုက်ကွက်တွေကိုစသုံးတယ်။ ပထမဆုံးအနေနဲ့
ပြိုင်ဖက်ဖယောင်းလူရဲ့ခြေထောက်တွေကို အေးခဲပစ်လိုက်ပြီး နောက်တစ်ဆင့်အနေနဲ့ တစ်ကိုယ်လုံးကို ခရစ်စတယ်အကျဥ်းထောင်ထဲ ထည့်ပစ်လိုက်တယ်။ နောက်ဆယ်စက္ကန့်ကြာတဲ့အထိ တက္ကဆက်က ချားလ်က ဖောက်မထွက်နိုင်တဲ့အတွက် ဘယ်လာနိုင်သွားတယ်။
....
ပွဲစဥ် (၅) ရောက်မှ နယူးယောက်ကျောင်းရဲ့အလှည့်ကို ပြန်ရောက်လာတယ်။ အီဗန်က တိုက်ပွဲဝတ်စုံနဲ့အတူ ခါးကဓားကို စတိုင်ကျကျကိုင်ထားရင်းနဲ့ကွင်းထဲဝင်လာတယ်။ တစ်ဖက်က ကျောင်းဝတ်စုံအပြာကိုမြင်တော့ သူက ရယ်ချင်တဲ့ပုံစံနဲ့ပြုံးလိုက်မိတယ်။
“စူပါအမေရိကလား၊ အဆင်သင့်လိုက်တာ။”
“ပွဲစဥ် (၅) ကတော့ နယူးယောက်ရဲ့အီဗန် ဘလက်နဲ့
စူပါအမေရိကရဲ့ဗင်းဆင့် ဘလက်တို့ဖြစ်ပါတယ်။”
ဗင်းဆင့်နာမည်ကြားတော့ အီဗန်က ပိုရယ်ချင်သွားတယ်။ သူ့ထပ်တစ်တန်းကြီးပြီး ယာယီဟီးရိုးလိုင်စင်တောင်ရထားတယ်ဆိုတဲ့ကောင်မလား။ ဒါပေမဲ့အီဗန်ကတော့ သိပ်စိတ်ပူမနေသလိုပဲ။ သူ့ထက်ပိုပြီးစိတ်ပူမနေတဲ့အပြင် ဘဝင်ပါမြင့်နေတဲ့တစ်ယောက်က ဗင်းဆင့်ပါ။
“ဟေးရို့၊ ဝမ်းကွဲအီဗန်။ မင်းက နယူးယောက်ကျောင်းသေးသေးလေးဝင်ပြီးတော့ တိုက်ပွဲချန်ပီယံတောင်ဖြစ်သွားသေးတယ်ဆိုပဲ။ မင်းကျောင်းကလဲကွာ...”
တစ်... နှစ်... သုံး... စ...
ဗင်းဆင့်က တိုက်ပွဲစတာတောင် အရယ်မပျက်သေးဘဲ အီဗန်ကိုဆက်နောက်နေတယ်။ အီဗန်က အချိန်ရေတာပြည့်တာနဲ့ ဓားကိုလွှဲပြီး ဗင်းဆင့်ကိုခုတ်ချတယ်။ ဗင်းဆင့်ကလည်း ဓားသမားဖြစ်လို့ဓားနဲ့ပြန်ခုခံပေမဲ့ အီဗန်ရဲ့တကယ့်တိုက်ကွက်က ဓားမဟုတ်ပါဘူး။
ဘုန်း....
“ဝိုး.....” ဗင်းဆင့်ရဲ့ခန္ဓာကိုယ်က ကွင်းအဆုံးထိလွင့်သွားပြီးတဲ့နောက်တော့ ပရိသတ်တွေဆီက အားပေးသံအကျယ်ကြီးထွက်လာတယ်။ စူပါအမေရိကကို ကြည့်မရတဲ့ကျောင်းတွေက အများကြီးပဲလေ။
အီဗန်ကတော့ လေထုထဲမှာ ဆန့်တန်းထားဆဲဖြစ်တဲ့ လက်သီးကို ပြန်ရုပ်လိုက်တယ်။ ဗင်းဆင့်ကိုတော့ ဆေးဘက်ဝန်ထမ်းတွေက ကွင်းထဲကနေ ဆွဲထုတ်သွားရတယ်။ တစ်ချက်တည်းနဲ့အနိုင်တိုက်ခဲ့တာပါ။
....
နောက်တစ်ခါ ပွဲစဥ်ဆယ့်ရှစ်မှထပ်ပြီးတော့ နယူးယောက်ကျောင်းကတစ်ယောက် ထပ်ပြိုင်ရပြန်တယ်။ ဂိုးလ်အလှည့်ဖြစ်ပြီးတော့ ဂိုးလ်က ပြိုင်ဘက်ကို ခက်ခက်ခဲခဲ အနိုင်ယူနိုင်ခဲ့တယ်။ ပွဲစဥ်နှစ်ဆယ့်ငါးမှာ ဂရေဟမ်က ဆန်ဖရန်စစ်စကိုကျောင်းရဲ့တိုက်ပွဲချန်ပီယံနဲ့တွေ့ပြီး ကွင်းထဲပတ်ပြေးနေခဲ့ရတယ်။ ကံမကောင်းတာက ပွဲပြည့်ချိန်နီးတော့ ဟိုက သူ့ကိုယ်ဖျောက်နည်းပညာကို နားလည်သွားပြီး မျက်နှာတည့်တည့်ထိုးတာခံလိုက်ရတယ်။ နှာခေါင်းရိုးကျိုးသွားပြီး နယူးယောက်ကျောင်းရဲ့ပထမဆုံးအရှုံးပါ။ ပွဲစဥ်နှစ်ဆယ့်ကိုး ယူဆကတော့ အများကြီးအခြေအနေကောင်းပါတယ်။ စူပါအမေရိက အလက်စကာကျောင်းခွဲက ကျောင်းသူတစ်ယောက်ကို ကြိုးကြာငှက်တွေနဲ့ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ခဲ့တယ်။
....
“ပွဲစဥ်အမှတ် (၃၂) ယနေ့အတွက် နောက်ဆုံးပွဲဖြစ်ပါတယ်။ နယူးယောက်ကျောင်းရဲ့မိရိုင်နဲ့ တက္ကဆက်ကျောင်းက သီအိုဒေါ်ဖြစ်ပါတယ်။”
နောက်ဆုံးပွဲစဥ်ရောက်လာတော့ မိရိုင်က ကွင်းထဲကို အေးအေးလူလူထွက်လာပေမဲ့ တက္ကဆက်က သီအိုဒေါ်ကတော့ မျက်နှာကြီးမဲမှောင်ပြီး အပြင်ရောက်လာတယ်။ မိရိုင်က S rank မှန်း လူတိုင်းသိကြတယ်။ ဒီတော့ သာမန်ကျောင်းသားသီအိုဒေါ်အတွက် လုံးဝကံမကောင်းဘူး။ ပွဲစတော့ မိရိုင်က ကြယ်လေးတစ်လုံးကိုပဲ လှမ်းပစ်လိုက်ပေမဲ့ သီအိုဒေါ်က ကြယ်မပေါက်ကွဲခင်မှာပဲ “အရှုံးပေးပါတယ်။”
ဆိုပြီးထအော်ပါလေရော။ အဲဒါနဲ့ မိရိုင်နိုင်သွားတယ်။
မိရိုင်က ကွင်းအလယ်မှာရပ်နေပြီး သူ့ကိုအားပေးနေတဲ့ လူအုပ်ကြီးကို လက်ပြန်ပြနေရင်းက တစ်နေရာကို ကြည့်မိတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်
သွားသလိုခံစားလိုက်ရတယ်။ နေကာမျက်မှန်တပ်ထားပြီး ပဝါခြုံထားတဲ့အမျိုးမီးက သူ့ကိုလက်ခုပ်တီးပြီးအားမပေးပေမဲ့ ပြုံးပြနေတယ်။ အဲဒီအပြုံးက သူအမြဲမှတ်မိနေတဲ့ အပြုံးမျိုးပါ။ မိရိုင်ခေါင်းထဲမှာ ဗလာကျင်းသွားသလိုပဲ။ ဒါပေမဲ့ ခနနေတော့ အဲဒီအပြုံးကို သူထပ်မမြင်ရတော့ဘူး။ အဲဒီမိန်းမရှိနေခဲ့တဲ့ထိုင်ခုံက သူ့မျက်စိရှေ့မှာတင် ဗလာဖြစ်သွားပြီ။