← Chapters

အနက်အဓိပ္ပါယ်

Vol. 78 Ch. 1077

အနက်အဓိပ္ပါယ်

Vol. 78 Ch. 1077

ဝမ်ပေါင်လဲ့မှာ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် မကြာသေးမီတုန်းက ရှိနေခဲ့သည့် အိမ်လေးအား မမြင်ရတော့ဘဲ... ဧရာမ ခေါင်းတလားကြီးတစ်လုံးကိုသာ မြင်လိုက်ရ၏။

ထို ခေါင်းတလားကြီးအား သစ်သားဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ သလင်းကျောက်တစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ကြည်လင်မှုအပြည့် ရှိနေသလို တစ်ချိန်တည်းမှာပင် မျက်စိကျိန်းစရာကောင်းသည့် အလင်းရောင်များကိုလည်း ထုတ်လွှတ်နေသေးသည်။ မှောင်မိုက်နေသည့် ဟင်းလင်းပြင်ကြီးထဲတွင်ပင် ၎င်းမှာ ကြယ်တာရာများကဲ့သို့ ဝင်းလက်တောက်ပနေ၏။

၎င်းမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသောကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့မှာ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ထို ခေါင်းတလားကြီးထဲ၌ ရှိနေသည့် လူ၏ ပုံပန်းသွင်ပြင်အား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ သူသည် ထို ခေါင်းတလားကြီးထဲ၌ လူတစ်ယောက် ရှိနေသည်ကိုသာ မြင်နေရသည်။

ဝမ်ပေါင်လဲ့မှာ ထို ခေါင်းတလားကြီးထဲရှိ လူ၏ ပုံပန်းသွင်ပြင်အား မြင်နိုင်စွမ်းမရှိပါသော်လည်း ထို ခေါင်းတလားကြီးအား မြင်လိုက်ရသည်နှင့် နှလုံးသားထဲ၌ တုန်လှုပ်ချောက်ချားသွားရ၏။

သူသည် အိမ်လေးထဲမှ ထွက်လာခဲ့ပြီးနောက် အပြင်ဘက်ရှိ ကမ္ဘာအစစ်အား မြင်လိုက်ရမည်ဟု ထင်မှတ်ထားခဲ့ပါသော်လည်း အပျက်အစီးများကိုသာ မြင်ခဲ့ရ၏။ ထို့နောက် သူသည် နောက်သို့ လှည့်သွားချိန်တွင် သူ စာရွက်ကမ္ဘာကြီးထဲမှ ထွက်ခွာလာပြီးနောက် မြင်ခဲ့ရသည့် ဝမ်ရီရီ၏ အိပ်ခန်းအား ပြန်မြင်ရလိမ့်မည်ဟု တွေးထားခဲ့ပါသော်လည်း... ခေါင်းတလားကြီး တစ်လုံးကိုသာ မြင်လိုက်ရသည်။

ထို အပြောင်းအလဲများကြောင့် ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံမှာ အပြင်းအထန် တုန်ရီလာပြီး ပျက်စီးသွားတော့မည့်ပုံ ပေါက်လာတော့သည်။ သို့ဖြစ်ရာ သူ၏ အသိစိတ်ထဲသို့ အတွေးပေါင်းမြောက်မြားစွာ တိုးဝှေ့ဝင်ရောက်လာသဖြင့် သူသည် တောင့်ခံနိုင်စွမ်း မရှိတော့သည့် အလားပင်။

သို့သော် သူ မြင်လိုက်ရသည့် အရာများမှာ အချိန်အကြာကြီး ရှိမနေခဲ့ဘဲ ပြောင်းလဲမှုအသစ်များ ထပ်၍ ပေါ်ပေါက်လာပြန်သည်။ ခေါင်းတလားကြီး၏ နောက်တွင်ရှိနေသည့် ဟင်းလင်းပြင်ကြီးထဲမှ တုန်ခါမှုလှိုင်းများ ရုတ်တရက်ဆိုသလို ပျံ့လွင့်လာပြီးနောက် ပေတစ်ထောင်ခန့် ရှည်လျားသည့် သွေးနီရောင် ကင်းခြေများကြီးတစ်ကောင်မှာ တိတ်တဆိတ် ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ ခေါင်းတလားကြီး၏ အဖုံးပေါ်သို့ ခုန်တက်သွားသည်။

၎င်း၏ ဦးခေါင်းပေါ်ရှိ ဦးမှင်တံများမှာ လေထဲ၌ ယိမ်းနွဲ့နေပြီး ၎င်း၏ အဝါရောင် မျက်လုံးများမှာမူ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထို သွေးနီရောင် ကင်းခြေများကြီးနှင့် အကြည့်ချင်း ဆုံသွားသည်နှင့် သူ၏ အသိစိတ်ထဲ၌ ထစ်ချုန်းသံများ ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် ထို ကင်းခြေများကြီး၏ ခန္ဓာကိုယ်မှာ ရုတ်တရက်ဆိုသလို ပျက်စီးသွားပြီး အရွယ်အစားသေးငယ်သည့် ကင်းခြေများလေးများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ မရေမတွက်နိုင်လောက်အောင် များပြားနေပြီး ခေါင်းတလားကြီးတစ်ခုလုံးအား ဖုံးလွှမ်းထားကြ၏။ ထို့နောက် ထို ကင်းခြေများလေးများမှာ အတူတကွ စုစည်းသွားကြပြီးနောက် လူမျက်နှာတစ်ခုပုံစံဖြင့် ခေါင်းတလားကြီးထဲမှ အပြင်ဘက်သို့ ငေါထွက်လာတော့သည်။

ထိုမျက်နှာကြီးမှာ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါ်ပြီး ၎င်းအား ယောက်ျား၊ မိန်းမ ခွဲခြားနိုင်ရန်မှာ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့မှာ ၎င်းအား မမြင်ဖူးပါသော်လည်း သူ၏ ဝိညာဉ်ထဲတွင်မူ ၎င်းအား ရင်းနှီးနေသလို ခံစားနေရသည့် ခံစားချက်တစ်မျိုး ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် ထိုမျက်နှာကြီးမှာ သူ့အား စိုက်ကြည့်လိုက်ပြီး... အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

" ဒါ... ဒါ... " ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားရ၏။ သူ၏ အသိစိတ်မှာ ပေါက်ကွဲလုမတတ် ခံစားနေရပြီဖြစ်သလို သူ၏ နတ်ဘုရားအာရုံမှာလည်း လွင့်ပါးပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူ၏ အသိစိတ်ထဲ၌ သက်ပြင်းချသံတစ်သံ တိုးတိုးလေး ပေါ်ပေါက်လာ၏။

" ပေါင်လဲ့၊ နင် မြင်နေရတဲ့ အရာတွေက... အစစ်အမှန်တွေ ဟုတ်ချင်မှ ဟုတ်မှာနော်... " ထိုစကားသံမှာ ဝမ်ရီရီ၏ ဖခင်ဖြစ်သူဆီမှ ထွက်ပေါ်လာခြင်းမဟုတ်သလို မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် အမျိုးသမီးဆီမှ ထွက်ပေါ်လာခြင်းလည်း မဟုတ်ပေ။ ထို့အပြင် ၎င်းမှာ ကင်းခြေများကြီးကြောင့် ပေါ်ပေါက်လာသည့် ထူးဆန်းသော မျက်နှာကြီးဆီမှ ထွက်ပေါ်လာခြင်းလည်းမဟုတ်ပေ။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ မျက်နှာဖုံး အပိုင်းအစလေးထဲရှိ မမလေးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

တစ်နည်းအားဖြင့် ဆိုရသော် ၎င်းမှာ... အရွယ်ရောက်ပြီးသား ဝမ်ရီရီဆီမှ ထွက်ပေါ်လာခြင်းဖြစ်၏။

ထိုစကားသံကြီး ပေါ်ပေါက်လာမှုမှာ ရောဂါအားလုံးကို ပျောက်ကင်းအောင် ကုသနိုင်စွမ်းရှိသော ဆေးတစ်မျိုးကဲ့သို့ပင်။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့၏ အသိစိတ်အား တည်ငြိမ်သွားအောင် ထိန်းသိမ်းပေးလိုက်ပြီး သူ့အား စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားအောင် ကူညီပေးလိုက်၏။ သို့သော် သူသည် မေးခွန်းများမေးရန် ပါးစပ်ပင် မဟနိုင်လိုက်ပေ။ ပြင်ပကမ္ဘာကြီးထဲရှိ စည်းမျဉ်းဥပဒေသများမှာ စာရွက်ကမ္ဘာထဲရှိ စည်းမျဉ်းဥပဒေသများနှင့် တူညီမှုလုံးဝမရှိဘဲ ကွဲပြားခြားနားနေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား တောင့်ခံနိုင်ရန် အကောင်းဆုံး ကြိုးစားထားခဲ့ပါသော်လည်း ယခုတွင်မူ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ထိုအချိန်တွင် ခေါင်းတလားကြီးထဲမှ အားကောင်းသော ဆွဲငင်အားတစ်မျိုးထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံအား ဆွဲငင်လိုက်တော့သည်။

ထို ဆွဲငင်အားမှာ အားကောင်းလွန်းလှသောကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား လုံးဝ ခုခံတွန်းလှန်နိုင်စွမ်းမရှိပေ။ ထို့ကြောင့် သူသည် ခေါင်းတလားကြီးဆီသို့ ချက်ချင်းပင် စုပ်ယူခံလိုက်ရ၏။ ကံကောင်းစွာဖြင့် သူ ထို ခေါင်းတလားကြီး၏ အနီးသို့ရောက်သွားချိန်တွင် ၎င်းဆီမှ ငေါထွက်နေသည့် ကင်းခြေများ မျက်နှာကြီးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ပြောင်းလဲသွားပြန်သည်။ ၎င်းမှာ တံခါးပေါက်ပွင့်နေသည့် ဝမ်ရီရီ၏ အိပ်ခန်းအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားခြင်းဖြစ်၏။ သူ၏ အသိစိတ်မှာလည်း မျက်စိတစ်မှိတ်အတွင်းတွင် ထိုအခန်းထဲသို့ ပြန်ရောက်သွားပြီး ကြမ်းပြင်ပေါ်၌ လှန်ထားသည့် စာအုပ်ထဲရှိ စာရွက်ထဲသို့ ပြန်ဝင်သွားတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် ထို စာရွက်ထဲသို့ ဝင်သွားသည်နှင့် သူ၏ နတ်ဘုရားအာရုံမှာလည်း အားအင်များ ကုန်ခမ်းသွားသည့်ပုံပင်။ သူသည် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်စ ပြုလာတော့သည်။

အချိန်မည်မျှမှန်းမသိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သတိပြန်ရလာ၏။ သူ မျက်လုံးများ ပွင့်လာချိန်တွင် သူသည် စာရွက်ကမ္ဘာကြီးထဲ၌ ရှိမနေတော့ဘဲ ကံကြမ္မာဂြိုဟ်ပေါ်ရှိ မြူခိုးများထဲသို့ ပြန်ရောက်နေပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ရှေ့ရှိ မြူခိုးများကို မြင်လိုက်ရသည်နှင့် သူ၏ မျက်ဝန်းများထဲရှိ ရီဝေဝေဖြစ်နေသည့် အရိပ်အယောင်များမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူ၏ ရှေ့တွင် ရှိနေသည့် ချန်ဟန်းမှာလည်း ထိုနည်းတူပင်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ အတိတ်ဘဝထဲမှ တဖြည်းဖြည်းနှင့် ပြန်လည် နိုးထလာတော့သည်။

သူ ပြန်လည်နိုးထလာသည်နှင့် စာရွက်ကမ္ဘာကြီးထဲ၌ မြင်ခဲ့ရသည့် မြင်ကွင်းများမှာ သူ၏ အသိစိတ်ထဲ၌ ပြန်လည် ပေါ်ပေါက်လာသည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ရီသွား၏။ သူသည် နားမလည်နိုင်လောက်အောင် ဖြစ်နေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ ချန်ဟန်း၏ အမြင်အာရုံမှတစ်ဆင့် မြင်ခဲ့ရသည့် သူ၏ အတိတ်ဘဝထဲတွင် အရာအားလုံး အဖြေပေါ်သွားတော့မည်ဟု ခံစားလိုက်ရသည့်အချိန်တိုင်း ပို၍ပင် ရှုပ်ထွေးသည့် ပဟေဠိများ ပေါ်ပေါက်လာရသောကြောင့်ပင်။ ထိုကဲ့သို့ ပေါ်ပေါက်လာသည့် အချိန်တိုင်း သူ၏ နှလုံးသားထဲရှိ အဖြေမှာ ယိမ်းယိုင်သွားခဲ့ရ၏။

ထို့အပြင် ထိုကဲ့သို့ ထပ်တလဲလဲ ဖြစ်နေသည်မဟုတ်ပါသော။

သူသည် ဤကမ္ဘာကြီးမှာ အစစ်ဖြစ်သည်ဟု ယုံကြည်ထားခဲ့ပါသော်လည်း သဲလွန်စအားလုံးမှာ စာအုပ်တစ်အုပ်အား ညွှန်ပြနေခဲ့၏။

ထို့ကြောင့် သူသည် အမှန်တကယ်ပင် ထိုစာအုပ်ထဲ၌ ရှိနေခဲ့ခြင်း ဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်ပါသော်လည်း သိပ်မကြာခင်တွင် ထိုစာအုပ်မှာ ကလေးငယ်တစ်ယောက်၏ အခန်းထဲတွင် ရှိနေသည်ဖြစ်ကြောင်း သိလိုက်ရပြန်သည်။

ထို့နောက် သူသည် ထိုအခန်းထဲသို့ ရောက်အောင်သွားနိုင်ပါက ကမ္ဘာအစစ်ထဲသို့ ရောက်သွားလိမ့်မည်ဟု တွေးထားခဲ့ပါသော်လည်း ထို အခန်းထဲ၌ အရာအားလုံးကို ပိတ်ဆို့ထားသည့် အချုပ်အနှောင် မန္တန်တစ်ခု ရှိနေသည်ကို သိလိုက်ရပြန်သည်။

ထို့ကြောင့် သူသည် အခက်အခဲမျိုးစုံကို ကျော်ဖြတ်ကာ အခန်းအပြင်ဘက်သို့ ထွက်နိုင်မည်ဆိုပါက ကမ္ဘာအစစ်ကို မြင်ရလိမ့်မည်ဟု တွေးထားခဲ့ပါသော်လည်း အပြင်ဘက်သို့ ရောက်သွားချိန်တွင် ဟင်းလင်းပြင်ကြီး တစ်ခုကိုသာ မြင်လိုက်ရပြန်သည်။

ထို့နောက် သူသည် ၎င်းမှာ ဟင်းလင်းပြင်ကြီးတစ်ခုဖြစ်ကြောင်း မှတ်ယူလိုက်ပါသော်လည်း နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူရောက်နေခဲ့သည့် ကမ္ဘာကြီးမှာ ခေါင်းတလားကြီးတစ်လုံးသာ ဖြစ်ကြောင်း သိလိုက်ရပြန်သည်။

နောက်ဆုံးတွင် သူသည် ထို ခေါင်းတလားကြီးမှာ သူရှာနေခဲ့သည့် အဖြေဖြစ်ရမည်ဟု ဆုံးဖြတ်လိုက်ပါသော်လည်း သွေးနီရောင် ကင်းခြေများကြီး ပေါ်ပေါက်လာခဲ့ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှ ခွဲထွက်သွားခဲ့သည့် အသေးစား ကင်းခြေများလေးများ ပေါင်းစည်းသွားရာမှ ထွက်ပေါ်လာသော မျက်နှာကြီးကို မြင်လိုက်ရပြန်သည်။

ထို အခြင်းအရာများ အားလုံးကြောင့် သူသည် ကမ္ဘာကြီးအား နားမလည်နိုင်လောက်အောင် ဖြစ်လာရတော့သည်။ ထို့အပြင် နောက်ဆုံးတွင်လည်း မမလေး၏ စကားသံ ပေါ်ပေါက်လာခဲ့ပြီးနောက်... သူ မြင်တွေ့ခဲ့ရသည့် အရာများမှာ အစစ်အမှန် မဖြစ်နိုင်ကြောင်း ပြောပြခဲ့သေးသည်။

" ဘာ... ဘာတွေဖြစ်နေတာလဲ "

" ပြီးတော့... ငါက အပြင်ဘက်ကို လွယ်လွယ်ကူကူနဲ့ပဲ ပျံထွက်သွားနိုင်ခဲ့တာ။ အရမ်းကို လွယ်လွန်းနေတယ်။ မသိရင် ငါ အဲဒီ အရာတွေအကုန်လုံးကို မြင်နိုင်အောင် တစ်ယောက်ယောက်က တမင်တကာ ခွင့်ပြုထားခဲ့တဲ့ အတိုင်းပဲ "

" ပြီးတော့... ငါ နောက်ဆုံးမှာ မြင်ခဲ့ရတဲ့ အရာတွေက အစစ်အမှန် မဟုတ်ဘဲ... အနက်အဓိပ္ပါယ်တစ်ခုကို သွယ်ဝိုက်ပြီး ကိုယ်စားပြုနေတာဖြစ်မယ် "

" အပျက်အစီးတွေက ဘာကိုကိုယ်စားပြုတာလဲ။ ခေါင်းတလားကြီးက ဘာကိုကိုယ်စားပြုတာလဲ။ သွေးနီရောင် ကင်းခြေများကြီးက ဘာကို ကိုယ်စားပြုတာလဲ။ ပြီးတော့ အဲဒီ ကင်းခြေများကြီးကြောင့် ပေါ်လာတဲ့ မျက်နှာကြီးကရော ဘာကို ကိုယ်စားပြုတာလည်း... " ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ မသင်္ကာဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

သူသည် အတိတ်ဘဝအား နားလည်အောင် လုပ်ရခြင်းဆိုသည့် ဤ ဖြစ်စဉ်ကြီးတစ်ခုလုံးအား သံသယဝင်လာပြီဖြစ်သည်။ ထို့ကြောင့်လည်း သူသည် မျက်နှာဖုံးအပိုင်းအစလေးအား ထုတ်ယူလိုက်ပြီး ၎င်းအား ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့် မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်တော့သည်။

" မမလေး... မမလေး ကျွန်တော့်ကို အဖြေတစ်ခုခုပေးဖို့ လိုနေပြီဗျာ "

ယခုအကြိမ်တွင်မူ မမလေးမှာ ယခင်အကြိမ်များတုန်းကအတိုင်း နှုတ်ဆိတ်နေခြင်းမရှိပေ။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူမသည် လေသံတိုးတိုးဖြင့် သက်ပြင်းချကာ ပြန်ပြောလိုက်၏။

" ငါ့ရဲ့ မှတ်ဉာဏ်တွေအများစုက ပျောက်နေတာ။ ဒါပေမဲ့ ငါ သေချာပေါက် ပြောနိုင်တဲ့ အချက်တစ်ချက်တော့ ရှိတယ်။ ခြောက်ဆယ့်ရှစ်နှစ်နေရင် နင် အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းကို လေ့လာခွင့်ရနိုင်မယ့် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာမှာ "

" ခြောက်ဆယ့်ရှစ်နှစ် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ အံသြတုန်လှုပ်သွားရ၏။ အဘယ်ကြောင့်ဆိုသော ၎င်းမှာ လီဝမ်အာရှိနေသည့် စန္ဒာကြယ်ဂိုဏ်းမှ ခေါင်းဆောင်ကြီး သူနှင့်တွေ့ရန် ချိန်းဆိုထားသော ရက်စွဲ ဖြစ်နေသည်မဟုတ်ပါလော။

" ဒါပေမဲ့... "

" ငါ့ကို ဘာမှထပ်မမေးနဲ့တော့ ပေါင်လဲ့။ ငါ တောင်းပန်ပါတယ်။ ဘာမှ ထပ်မမေးပါနဲ့တော့။ ငါ ခေါင်းတွေ အရမ်းကိုက်နေပြီ... " ဝမ်ပေါင်လဲ့မှာ မေးခွန်းများ ထပ်မေးရန် ပြင်လိုက်ပါသော်လည်း နာကျင်မှုဝေဒနာများ ခံစားနေရသည့် လေသံပေါက်နေသော မမလေး၏ စကားသံကြီးကြောင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။

ထို့နောက် သူသည် သူ သမင်ဖြူတစ်ကောင် ဖြစ်နေခဲ့စဉ်တုန်းက သူ အဖော်ပြုပေးခဲ့ရသည့် ကလေးမလေးအား ပြန်၍ သတိရသွား၏။ သူ နတ်ဆိုးဓားတစ်လက် ဖြစ်နေခဲ့စဉ်တုန်းက သူ၏ပိုင်ရှင် ဖြစ်လာခဲ့သည့် အဖြူရောင်ဝတ်ရုံနဲ့ မိန်းမငယ်လေးကိုလည်း ပြန်၍ သတိရသွား၏။ ထို့နောက် သူ ဖုတ်ကောင်တစ်ကောင် ဖြစ်နေခဲ့စဉ်တုန်းက သူ၏ဘေးတွင် ထိုင်ကာ သူနှင့်အတူ ကောင်းကင်ကြီးအား မော့ကြည့်နေခဲ့သည့် သူ၏ မိတ်ဆွေကိုလည်း ပြန်၍ သတိရသွား၏... ထို့ကြောင့် နောက်ဆုံးတွင် သူသည် လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်ပြီး သူမအား မေးခွန်းများ ဆက်မမေးတော့ရန် ဆုံးဖြတ်လိုက်တော့သည်။

ထို့နောက် သူသည် နှုတ်ဆိတ်ကာ မျက်လုံးများမှိတ်၍ မလှုပ်မယှက် ထိုင်နေလိုက်ပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သမျှ ကိစ္စများအားလုံးကို ပြန်လည် စဉ်းစားတွေးတောကြည့်လိုက်၏။ ထိုသို့ဖြင့် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားချိန်တွင်....

သူသည် မျက်လုံးများပြန်ပွင့်လာ၏။ သူ၏ မျက်ဝန်းများထဲတွင်မူ ယခင်တုန်းကထက်ပင် ပို၍ ဆုံးဖြတ်ချက်ပြတ်သားသည့် အရိပ်အယောင်များ တောက်ပနေသည်။

" အဲဒီ အရာတွေက အကုန်လုံးက အစစ်အမှန် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ အတုအယောင် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ပြီးတော့ အဲဒီ အရာတွေ ကိုယ်စားပြုနေတဲ့ အနက်အဓိပ္ပါယ်တစ်ခုလည်း ရှိသေးတယ်.... ငါ အဲဒီအရာတွေကို မြင်ခဲ့ရရုံနဲ့ အသိစိတ်ပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားရလောက်တဲ့အထိ ဖြစ်စရာအကြောင်း မရှိပါဘူး "

" ဘာတွေပဲ ဖြစ်နေဖြစ်နေ ငါ့ရဲ့ ခံယူချက်က ပြောင်းလဲသွားမှာမဟုတ်ဘူး "

" ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အားနည်းနေသေးတယ်။ တိုက်ရည်ခိုက်ရည်ကလည်း နိမ့်ကျနေသေးတယ်။ ဒီလို တာအိုနယ်မြေတစ်ခုလုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေက ... အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေနဲ့ပဲ ဆိုင်တဲ့အရာတွေ။ ငါက ပါမွှားအဆင့်မှာပဲ ရှိသေးတာမလို့ အဲဒီကိစ္စတွေကို လိုက်ပြီး ဂရုစိုက်နေလို့ မဖြစ်ဘူး "

" အဲတာကြောင့်မလို့ ငါမြင်ခဲ့ရတဲ့ အရာတွေက တကယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ငါနဲ့ ပတ်သတ်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငါ ပြောင်းလဲပစ်နိုင်မယ့် အရာတွေမဟုတ်ဘူး "

" အဲတာကြောင့်မလို့ တုန်လှုပ်ချောက်ချားပြီး သွေးပျက်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် တိုးတက်လာအောင်လုပ်တာ ပိုအကျိုးရှိတယ်။ အဲတာမှပဲ... ငါ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ပြီး ရှေ့ဆက်လျှောက်နိုင်မှာ။ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို ဘယ်သူက အတိအကျ သိနိုင်မှာမလို့လဲ "

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွား၏။ သူသည် ယခုအကြိမ်တွင် ကျင့်ကြံခြင်းအဆင့် တိုးတက်လာခဲ့ခြင်း မရှိပါသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပို၍ ကျစ်လျစ်သိပ်သည်းသွားသည့်အလား ခံစားလိုက်ရသည်။

ထိုကဲ့သို့ ကျစ်လစ်သိပ်သည်းမှုနှင့်အတူ အချိန်စည်းမျဥ်းဥပဒေသအား အသုံးပြုသည့် သူ၏ လဆုတ်ပညာရပ်မှာလည်း တိုးတက်လာသည့်ပုံပင်။ ယခုအကြိမ် အတိတ်ဘဝထဲသို့ ရောက်သွားခဲ့သည့် ခရီးစဉ်မှာ သူ၏ အချိန်စည်းမျဉ်းဥပဒေသအတွက် အများကြီး အကျိုးရှိပေသည်။

ဝမ်ပေါင်လဲ့မှာ စမ်းသပ်မှုများ ပြုလုပ်ကြည့်လိုက်ပြီးနောက် သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေကြောင်း သိလိုက်ရ၏။ လဆုတ်ပညာရပ်၏ ကြာချိန်မှာ အမှန်တကယ်ပင် အသက်ရှူကြိမ်ဆယ်ကြိမ်မှ အကြိမ်နှစ်ဆယ်အထိ တိုးတက်သွားပြီဖြစ်သည်။

ထိုအချိန်တွင် ချန်ဟန်းမှာလည်း ပြန်လည်နိုးထလာ၏။

All Chapters