← Chapters

မိသားစု

Vol. 78 Ch. 1078

မိသားစု

Vol. 78 Ch. 1078

ချန်ဟန်းမှာ တစ်ခဏမျှ ရီဝေဝေဖြစ်နေပြီးနောက် ဝမ်ပေါင်လဲ့အား ချက်ချင်းလှမ်းကြည့်လိုက်၏။ သူသည် ထို အရူးကောင် သူ့အား ယခင်အကြိမ်တုန်းကအတိုင်း မေးခွန်းများ မေးလိမ့်ဦးမည်ဖြစ်ကြောင်း ကြိုတွက်ထားပြီးသား ဖြစ်သည်။

သူ၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ အခြားသူများ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအား စပ်စုရသည်ကို သဘောခွေ့သည့် လူတစ်ယောက်ဖြစ်ပေသည်။ သို့သော် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးပြီးသွားသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှ မပြောခဲ့သဖြင့် ချန်ဟန်းမှာ နေမထိထိုင်မသာဖြစ်လာရ၏။

ထို့ကြောင့် သူသည် အချိန်အနည်းငယ်ခန့် ထပ်၍ စောင့်ဆိုင်းနေလိုက်ပြန်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှမပြောသေးပေ။ ထို့ကြောင့် ချန်ဟန်းမှာ တစ်ခဏမျှ ချီတုံချတုံဖြစ်သွားရပြီနောက် သူ့ဘက်မှ စ၍ စကားပြောလိုက်တော့သည်။

" အဖေ "

" ဘာလဲ " ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး သူ့အား ကြည့်လိုက်၏။

" သား နိုးလာပြီလေ "

" အေအေ " ဝမ်ပေါင်လဲ့မှာ ချန်ဟန်းတစ်ယောက် ပြန်လည် နိုးထလာပြီဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် စိတ်ပိုင်းဖြတ်ပြီးသွားပြီဖြစ်ရာ သူ စာရွက်ကမ္ဘာကြီးထဲ၌ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များကို ဂရုမစိုက်တော့ပေ။ သူ၏ လဆုတ်ပညာရပ်ပေါ်တွင်သာ အာရုံအပြည့်စိုက်ထား၏။

သို့သော် သူ ထိုကဲ့သို့ မေးမြန်းခဲ့ခြင်း မရှိသောကြောင့် ချန်ဟန်းမှာ နှလုံးသားထဲ၌ ယားကျိကျိ ဖြစ်လာရ၏။ ထို့ကြောင့် သူသည် အချိန်အတော်အတန်ကြာအောင် သူ၏ ဆန္ဒများကို မျိုသိပ်နေလိုက်ပြီးနောက် မနေနိုင်တော့သဖြင့် ချောင်းဟန့်ကာ စကားဆက်ပြောလိုက်တော့သည်။

" အဖေ။ ဒီတစ်ခေါက် သားရဲ့ အတိတ်ဘဝထဲမှာ ရခဲ့တဲ့အတွေ့အကြုံက တော်တော်လေးကို ထူးခြားတယ်ဗျ။ အဖေတောင် အဲဒီ ကမ္ဘာကြီးက ဘယ်လိုမျိုး ကမ္ဘာကြီးလဲဆိုတာကို စိတ်ကူးနိုင်မှာ မဟုတ်လောက်ဘူး။ သားတောင် အခုလေးတင်မှ သဘောပေါက်သွားတာ... အဲတာ ဖန်ဆင်းရှင်ကမ္ဘာကြီးတစ်ခုပဲ။ အဲဒီကမ္ဘာထဲမှာ သားက တခြားဘယ်သူနဲ့မှ မတူခဲ့ဘူးလေ "

ဝမ်ပေါင်လဲ့မှာမူ ချန်ဟန်းအား လျစ်လျူရှုကာ မျက်လုံးများမှိတ်၍ သူ၏ လဆုတ်ပညာရပ်အကြောင်း ဆက်လက်တွေးတောနေဆဲပင်။

ချန်ဟန်းမှာ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ စကားများအား စိတ်ဝင်စားခြင်းမရှိသည်ကို မြင်လိုက်ရသောအခါ မျက်စိပေလတ်ပေကလတ် ဖြစ်သွားပြီး ဆက်ပြောလိုက်ပြန်သည်။

" အဖေလည်း အဲဒီကမ္ဘာကြီးထဲမှာ ရှိနေခဲ့တာကို သား မေ့သွားတာပဲ။ အဲတာမလို့ အဖေ အံ့အားသင့်မနေတာ မထူးဆန်းပါဘူး။ ဒါပေမဲ့ ဖန်ဆင်းရှင်ကြီးရဲ့ ကျေးဇူးကြောင့် သား တမူထူးခြားတဲ့ ပါရမီတစ်ခုကို လက်ဆောင်ရခဲ့လို့ တခြားသူတွေနဲ့မတူဘဲ ကွဲထွက်နေခဲ့ရတာကို အဖေ သိမှာမဟုတ်လောက်ပါဘူး။ သားနဲ့ မျိုးနွယ်စု တူတဲ့သူတွေအကုန်လုံး သားကိုမြင်လိုက်ရတိုင်း အံ့သြတုန်လှုပ်သွားရတာချည်းပဲ။ တချို့ဆိုရင် သားကို ကြောက်ပါကြောက်ကြသေးတယ် "

" အဲဒီတုန်းက သားဆီမှာ အသိစိတ် အပြည့်အဝရှိမနေခဲ့တာ နှမြောစရာဗျာ။ အဲလိုသာ မဟုတ်ရင် သားရဲ့ တမူထူးခြားတဲ့ပါရမီကို အသုံးချပြီးတော့ မျိုးနွယ်စုတစ်ခုလုံးကို ဦးဆောင်နိုင်ခဲ့မှာဗျ။ ပြီးတော့ မိုးကောင်းကင်ကြီးအောက်က အရာတွေအကုန်လုံးကိုလည်း အမိန့်ပေးနိုင်စွမ်းရှိသွားဦးမှာ။ ပြီးတော့.... "

" ခြေထောက်တစ်ဖက်ရှည် တစ်ဖက်တို ဖြစ်နေခဲ့တာမလား " ဝမ်ပေါင်လဲ့မှာ လေကြောရှည်နေသည့် ချန်ဟန်းကြောင့် သူ၏ ကျင့်ကြံခြင်းလုပ်ငန်းစဉ် အနှောင့်အယှက် ဖြစ်သွားရသဖြင့် စိတ်မရှည်သည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။

သူ၏ လေသံမှာ သာမန်သာဖြစ်ပါသော်လည်း ချန်ဟန်းအတွက်မူ မိုးခြိမ်းသံများကဲ့သို့ပင်။ ထို့ကြောင့် ချန်ဟန်းမှာ ဆွံ့အမှင်တက်သွားရပြီး မျက်ဝန်းများထဲ၌ အံ့ဩတုန်လှုပ်မှုနှင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားတော့သည်။

" မဖြစ်နိုင်တာ၊ လုံးဝ မဖြစ်နိုင်တာ "

" ဒီကောင်က ဘယ်လိုလုပ်ပြီးတော့ အကုန်သိနေရတာလဲ "

အကယ်၍ ယခုကဲ့သို့ ဖြစ်သွားရခြင်းမှာ ပထမဆုံးအကြိမ်သာဆိုပါက ရေးကြီးခွင်ကျယ်မဟုတ်ပေ။ ဒုတိယအကြိမ် ဖြစ်နေလျှင်တောင် သူသည် လက်ခံနိုင်ဦးမည် ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ တတိယအကြိမ်တွင်လည်း သူ၏ အတိတ်ဘဝအကြောင်း မှန်ကန်စွာ ပြောပြနိုင်ခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ချန်ဟန်းမှာ ဦးရေခွံများ ထုံကျဥ်သွားရပြီး သရဲတစ္ဆေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် ကြက်သေသေကာ ဝမ်ပေါင်လဲ့အား ငေးကြည့်နေရင်း အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားသည့်အထိ စကားတစ်ခွန်းမှမပြောနိုင်ဘဲ ဖြစ်နေရတော့သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကုန်ဆုံးပြီးသွားသောအခါမှ သူသည် သက်ပြင်းအရှည်ကြီး ချလိုက်၏။ သို့သော် သူ၏ အသိစိတ်မှာ ဗြောင်းဆန်နေရဆဲပင်။ သူသည် ဝမ်ပေါင်လဲ့ သူ၏ နှလုံးသားထဲမှ လျှို့ဝှက်ချက်များအားလုံးအား သိထားရသည့် အကြောင်းရင်းကို နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ အတိတ်ဘဝအား သူကိုယ်တိုင် ဖြတ်သန်းဖူးခဲ့သည့် အလားပင်။

ထို့ကြောင့် သူ၏ မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့မှာ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာရတော့သည်။ အမှန်အတိုင်းဆိုရလျှင် သူသည် ဝမ်ပေါင်လဲ့အား ကြောက်ရွံ့နေရသည့် အဆင့်အထိ ရောက်နေပြီဖြစ်သည်။

" တစ်ခုခုတော့ လွဲနေပြီ " သို့သော် ချန်ဟန်းမှာ ပါရမီရှင်တစ်ယောက်ဖြစ်သလို အကြိမ်ကြိမ် ပြန်လည်မွေးဖွားလာခဲ့သည့် အဘိုးကြီးတစ်ယောက်လည်း ဖြစ်ရာ ဤကိစ္စကြီးမှာ မူမမှန်ကြောင်း ချက်ချင်းရိပ်မိလိုက်၏။ သို့သော်် သူသည် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ဝိညာဉ်နှင့် ချိတ်ဆက်ကာ သူ၏ အတိတ်ဘဝထဲသို့ ဝင်ရောက်နိုင်စွမ်းရှိနေသည့်အချက်ကို ဘယ်သောအခါမှ ခန့်မှန်းမိမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ အတိတ်ဘဝမှာ ထူးခြားနေရခြင်း ဖြစ်မည်ဟုသာ တွေးမိလိုက်၏။

" ငါ သဘောပေါက်ပြီ "

" အဖေ။ သား လိပ်ပြာတစ်ကောင် ဖြစ်နေခဲ့တဲ့ ကမ္ဘာကြီးထဲမှာ အဖေက သစ်ပင်ကြီးတစ်ပင် ဖြစ်နေခဲ့တာမလား " ချန်ဟန်းမှာ စဉ်းစားတွေးတောနေခြင်းမရှိဘဲ လွှတ်ခနဲ ထုတ်ပြောလိုက်၏။ သူသည် ထို စကားများကို ပြောလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ရမည်ဟု ယုံကြည်သွား၏။ ထို့နောက် သူသည် ကြောက်စရာကောင်းသည့် အချက်တစ်ချက်အား တွေးမိသွားသဖြင့် မျက်လုံးများပြူးသွားပြီး အံ့ဩတုန်လှုပ်ကာ ပင့်သက်ရှိုက်မိသွားတော့သည်။

" မှိုပွင့်ကမ္ဘာကြီးထဲမှာတုန်းကကျ အဖေက... ကောင်းကင်ကြီးထဲက စုန်းမကြီး ဖြစ်နေခဲ့တာပဲ " ချန်ဟန်းမှာ တစ်ခေါင်းလုံး ထူပူနေရပြီ ဖြစ်သည်။ သူသည် ထိုအကြောင်း ပို၍ စဉ်းစားတွေးတောလေလေ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သည်ဟု ပို၍ ယုံကြည်လာလေလေဖြစ်နေတော့သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာလည်း အနည်းငယ် မျက်စိမျက်နှာပျက်နေပြီဖြစ်ရာ ချန်ဟန်းကြောင့် သူ၏ လျှို့ဝှက်ချက် ပေါ်သွားသည့်ပုံ ပေါက်နေ၏။

ထို့ကြောင့် ချန်ဟန်းမှာ အော့အန်ချင်စိတ်များ ပေါက်လာပြီး ပို၍ပင် အော့နှလုံးနာသွားရ၏။ သူသည် ထို စုန်းမကြီးအား လက်ထပ်ကာ မှိုပွင့်ဘဝ၏ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ရန် ကြိုးစားခဲ့သည် မဟုတ်ပါလော။ ထိုအချက်ကြောင့် သူ ထို အတိတ်ဘဝထဲမှ ပြန်လည်နိုးထလာခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့မှာ သူ့အား သင်ခန်းစာပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ရပေမည်။

" ဖန်ဆင်းရှင်ကမ္ဘာကြီးထဲမှာကျ... အဖေက စုတ်တံကြီး ဖြစ်နေခဲ့တာပဲ "

" ပါးစပ်ပိတ်ထားစမ်းပါ။ အဲဒီ စုတ်တံကြီး မင်းပဲ ဖြစ်လိုက် " ဝမ်ပေါင်လဲ့မှာမူ စိတ်မရှည်တော့သည့် အမူအရာဖြင့် ချန်ဟန်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ သူသည် ချန်ဟန်းမှာ သူ၏ လက်ထဲ၌ အဖမ်းမခံခဲ့ရခင်တုန်းက စိတ်မှန်နေခဲ့ပါသော်လည်း အဖမ်းခံလိုက်ရပြီးနောက် ယခုလိုဖြစ်သွားရသည့် အကြောင်းရင်းကို နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။

" သူ တစ်ကြိမ်ပြီးတစ်ကြိမ် သူ့ကိုယ်သူ ဖောက်ခွဲဖြစ်ခဲ့လို့ အခုလို ရူးကြောင်ကြောင် ဖြစ်သွားတာများလား " ဝမ်ပေါင်လဲ့မှာ ချန်ဟန်းအား ကြည့်ရင်း သူ၏ ခန္ဓာကိုယ်အား ပြန်လည်တည်ဆောက်ခွင့်ပေးရန် သင့်မသင့် စဉ်းစားနေ၏။ သူ၏ အကြည့်ကြောင့် ချန်ဟန်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ပင့်သက်ရှိုက်မိသွားရပြန်သည်။ ဝမ်ပေါင်လဲ့၏ စိတ်မရှည်သော အမူအရာမှာ ဒေါသစိတ်နှင့် ရှက်စိတ်များကြောင့် ပေါ်ပေါက်လာရသည့်ပုံ ပေါက်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း ပို၍ပင် ယုံကြည်သွားတော့သည်။

" သူက တကယ်ကို လူထူးဆန်းတစ်ယောက်ပဲ။ သူ့ရဲ့ အတိတ်ဘဝတုန်းက စကြဝဠာကြီး တစ်ခုလုံးကို ခြေမွှဖျက်ဆီးပစ်နိုင်စွမ်းရှိတဲ့ သမင်ဖြူကြီး ဖြစ်နေခဲ့တာ မထူးဆန်းပါဘူး။ ဒီကောင်က... ငါနဲ့ လုံးဝမတူတဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေတာပဲ.... သူ...သူ... သူ ငါ့ကို ဖန်တီးခဲ့တယ်ဆိုတာ ငါ့ဖြင့် ယုံတောင်မယုံနိုင်ဘူး။ ဘုရားရေ။ ဒီကောင် အဖေလို့ ခေါ်ခံရတာ အရသာတွေ့နေတဲ့ အကြောင်းရင်းကို နောက်ဆုံးတော့ ငါ နားလည်သွားပြီ " ချန်ဟန်းမှာ ထိုအကြောင်း ပိုတွေးလေလေ ပို၍ပင် တုန်လှုပ်ချောက်ချားလာရလေလေ ဖြစ်နေ၏။

သူသည် ထိုကဲ့သို့ နားလည်သွားသည်နှင့် နှလုံးသားထဲ၌ လေးစားကြည်ညိုစိတ်များ ပေါ်ပေါက်လာသလို သူ့အား အဖေဟုခေါ်ရသည်မှာ အဓိပ္ပါယ်ရှိကြောင်း ခံစားလာရ၏။ သို့သော် သူသည် သူ၏ ရှေ့တွင် ရှိနေသည့် သူ၏ အဖေဆိုသူ၏ ဖန်ဆင်းခြင်းကို ခံခဲ့ရသည်ဖြစ်ကြောင်း တွေးမိလိုက်သောအခါ မျက်ဝန်းများထဲ၌ ထူးဆန်းသော အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ချန်ဟန်း၏ မျက်ဝန်းများထဲမှ အရိပ်အယောင်များမှာ အလွန်အင်မတန်မှ ထူးဆန်းနေကြောင်း ခံစားနေရ၏။ ထို့အပြင် ချန်ဟန်းမှာ နောက်ဆုံးတွင် တစ်စုံတစ်ခုအား နားလည်သွားသည့်ပုံ ပေါက်နေသည်မဟုတ်ပါသော။ ထို့ကြောင့် သူ၏ မျက်ဝန်းများထဲမှ ထူးဆန်းသော အရိပ်အယောင်များမှာ ပျောက်ကွယ်သွားပြီး ၎င်းတို့၏ နေရာ၌ ကြည်ညှိုလေးစားမှု အရိပ်အယောင်များ အစားထိုးဝင်ရောက်လာ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရတော့သည်။

ထို့ကြောင့် သူသည် ချန်ဟန်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး သူ့အား ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခွင့် မပေးရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ သူသာ သူ၏ ခန္ဓာကိုယ်အား ပြန်လည်ရရှိသွားမည်ဆိုပါက ယခင်တုန်းအတိုင်း သူ့ကိုယ်သူ ထပ်၍ ဖောက်ခွဲကာ ဆေးမမီတော့သည့် အရူးတစ်ယောက်အဖြစ်သို့ ရောက်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

သို့သော် ချန်ဟန်းရှိနေသည့်အတွက် ဝမ်ပေါင်လဲ့မှာ သူ၏ အတိတ်ဘဝထဲမှ ဖြစ်ရပ်များကြောင့် တုန်လှုပ်ချောက်ချားနေခဲ့ရာမှ တဖြည်းဖြည်းနှင့် ပြန်လည် တည်ငြိမ်လာသည်ဟု ဆိုရပေမည်။ ထို့အပြင် သူသည် ပို၍ပင် စိတ်လက်ပေါ့ပါးလာရ၏။ ထို့ကြောင့် သူသည် ချန်ဟန်းမှာ အရူးတစ်ယောက်နှင့် တူနေသည်ဟု ခံစားနေရသည့်တိုင်အောင် အရူးတစ်ယောက်အား သားအဖြစ် ပိုင်ဆိုင်ထားရခြင်းမှာ အကျိုးရှိကြောင်း ခံစားနေရတော့သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မေးလိုက်၏ " နောက်ထပ် နှစ်ရက်ကျန်သေးတယ်။ အဲဒီ နှစ်ရက်ပြီးရင် အရည်အချင်းစမ်းသပ်ပွဲလည်း ပြီးပြီ။ မင်း မွေးနေ့ပွဲပြီးရင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ "

" အဖေ သွားတဲ့နေရာတိုင်း သား လိုက်ခဲ့ပါ့မယ်။ အခုကစပြီး သား အဖေ့ရဲ့ဘေးကနေ တစ်ဖဝါးမှ မခွာတော့ပါဘူး " ချန်ဟန်းမှာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ပြန်ဖြေလိုက်၏။

" ဒါပေမဲ့ အဖေ... သားတို့ အဝေးကို ထွက်မသွားခင် သားရဲ့ ညီအစ်ကိုမောင်နှမတွေကို သွားခေါ်ဖို့လိုတယ်။ သူတို့တွေ မိသားစုရဲ့ အရေးပါပုံအကြောင်းကို နားလည်လာအောင် လုပ်ရမယ်။ အဖေက သူတို့ကို မွေးခဲ့တာဆိုတော့ အခု သူတို့တွေ သားသမီးဝတ္တရား ကျေပွန်ရမယ့်အချိန် ပြန်ရောက်လာပြီလေ " ချန်ဟန်းမှာ ထပ်ပြောလိုက်၏။

သူ၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားရသည်။

" ပြီးတော့ သား စဉ်းစားပြီးသွားပြီ။ သားတို့ရဲ့ မျိုးနွယ်စုက အရမ်းကြီးလွန်းနေတာ။ ဒီဘဝထဲမှာ သား သားရဲ့ ညီအစ်ကိုမောင်နှမတွေကို အဖေ့ရဲ့ဘေးကို တတ်နိုင်သလောက် အများဆုံး ပြန်ခေါ်လာပေးနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားပါ့မယ်။ အင်း။ အခု သေချာစဉ်းစားကြည့်လိုက်တော့မှ အရာအားလုံးက ကံကံ၏အကျိုး ဖြစ်နေမှန်း နားလည်သွားတော့တယ်။ သားတို့ရဲ့ ကံကြမ္မာက ဟိုးအရင်ကတည်းက မပြောင်းလဲဘဲ ရှိနေခဲ့ပြီးသား " ချန်ဟန်းမှာ ထိုသို့ဆိုကာ သက်ပြင်းချလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ အံ့သြတုန်လှုပ်နေရပြီဖြစ်သည်။ သူသည် ထိုစကားများမှာ ချန်ဟန်းတစ်ယောက် စိတ်ရင်းအမှန်ဖြင့် ပြောနေသည့် စကားများဖြစ်ကြောင်း ခံစားမိနေသည် မဟုတ်ပါလော။

ထို့သို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် အနေရခက်နေစဉ် ရှေးဆန်သည့်စကားသံကြီးမှာ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ကျန်ရှိနေသေးသည့် ပြိုင်ပွဲဝင်များ၏ အသိစိတ်များထဲ၌ တစ်ဖန်ပြန်၍ ပေါ်ပေါက်လာတော့သည်။

" နဝမနေ့၊ နဝမဘဝ "

ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ဘေးပတ်ပတ်လည်ရှိ မြူခိုးများမှာ စတင်လှုပ်ရှားလာ၏။ ဝမ်ပေါင်လဲ့၏ အသိစိတ်မှာလည်း အောက်သို့ နစ်ဝင်သွားနေသည့်အလား ခံစားလိုက်ရပြန်သည်။ သူသည် ယခင်အကြိမ်တုန်းကအတိုင်း သိပ်မကြာခင်တွင် သတိလစ်သွား၏။ သူ၏ ခန္ဓာကိုယ်ထဲတွင်မူ ပြင်းထန်သော နာကျင်မှုဝေဒနာများဖြင့် ပြည့်နှက်နေသည်။ ယခုအကြိမ်တွင် ၎င်းတို့မှာ ယခင်အကြိမ်တုန်းကထက်ပင် ပို၍ ပြင်းထန်နေ၏။

သို့ဖြစ်ရာ သူသည် ထိုဘဝထဲ၌ မကြာသေးမီတုန်းကမှ ဒဏ်ရာများ ရရှိခဲ့သည့်ပုံပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေရရုံသာမက သူ၏ ဝိညာဥ်မှာလည်း တစ်စစီ ဆုတ်ဖြဲခံနေရသည့်အလား ခံစားနေရ၏။ သူ၏ မှတ်ဉာဏ်များမှာလည်း ပရမ်းပတာဖြစ်နေသောကြောင့် သူသည် ၎င်းတို့အား အတူတကွ စုစည်းနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူသည် ၎င်းတို့အား သူ၏ အသိစိတ်ထဲ၌ မရေမတွက်နိုင်လောက်အောင်များပြားသည့် မှတ်ဉာဏ်အပိုင်းအစလေးများအဖြစ် ပြောင်းလဲပစ်ရုံမှတပါး အခြား ဘာမှမတတ်နိုင်ခဲ့ပေ။

ထို မှတ်ဉာဏ်အပိုင်းအစလေးများ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ ပုံပျက်ဆင်းပျက် ပျက်စီးနေသောကြောင့် ၎င်းတို့အား ကြည့်ရှုနိုင်ရန်မှာ မဖြစ်နိုင်ပေ။ လက်တစ်ဆုပ်စာ အပိုင်းအစလေးများသာလျှင် အကောင်းပတိအတိုင်း ရှိနေသည့်ပုံပင်။ သို့သော်လည်း ၎င်းတို့မှာလည်း စွမ်းအားတစ်မျိုး၏ လွှမ်းခြုံခြင်းကို ခံထားရသည့်ပုံ ပေါက်နေသဖြင့် ၎င်းတို့အား ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းမရှိပေ။

သို့သော် မရေမတွက်နိုင်လောက်အောင် များပြားသည့် ထို အပိုင်းအစလေးများထဲတွင် မသဲမကွဲ မြင်နိုင်သည့် အပိုင်းအစ ခုနစ်ခု ရှစ်ခုခန့် ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ကြည့်ရှုစစ်ဆေးနေရင်း သွေးရောင် ကင်းခြေများကြီးတစ်ကောင်ကို မြင်လိုက်ရသည်။

ဝမ်ပေါင်လဲ့မှာ သူ မည်သူမည်ဝါဖြစ်ကြောင်း မေ့ပျောက်သွားပြီဖြစ်သည်။ သူ ထို သွေးရောင် ကင်းခြေများကြီးအား မြင်လိုက်ရသည်နှင့် သူ၏ အသိစိတ်မှာ စတင်တုန်ရီလာ၏။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ မှတ်ဉာဏ်များနှင့် ပဋိပက္ခဖြစ်နေသည့်ပုံပင်။ ထို ပဋိပက္ခကြီးမှာ ပိုမိုကြီးထွားလာသဖြင့် သူ၏ အသိစိတ်ထဲ၌ ထစ်ချုန်းသံများ ထွက်ပေါ်လာရ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း အပြင်းအထန် တုန်ရီနေပြီဖြစ်သလို သူ၏ အသက်ရှူသံများမှာလည်း လေးလံနေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် မျက်လုံးများ ပွင့်လာ၏။

သူ၏ ပတ်ပတ်လည်တွင် မြူခိုးများ ရစ်ပတ်နေသည်။ ၎င်းမှာ သူ၏ အတိတ်ဘဝထဲမှ နေရာ မဟုတ်တော့ဘဲ ကံကြမ္မာဂြိုဟ် ဖြစ်ပေသည်။

" အဲဒီ မြင်ကွင်းကြီးက... " ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်နေဆဲ ဖြစ်ပါသော်လည်း သူ၏ အတိတ်ဘဝအကြောင်း ပြန်မစဉ်းစားနိုင်ခင်မှာပင် အထူးအဆန်းဖြစ်နေသည့် စကားသံတစ်သံ သူ့အား လှမ်းခေါ်နေသည်ကို ကြားလိုက်ရ၏။

" အဖေ။ ဘာဖြစ်လို့လဲဗျ။ အဖေ့ဆီမှာရော နဝမဘဝ မရှိတာလား "

ဝမ်ပေါင်လဲ့မှာ ထိုစကားသံအား ကြားလိုက်ရချိန်တွင် ဆွံ့အမှင်တက်သွား၏။ ထို့နောက် သူ ခေါင်းမော့ကြည့်လိုက်သောအခါ လေထဲ၌ ရစ်ဝဲနေသည့် ချန်ဟန်းအား မြင်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ လမ်းပြအလင်းရောင်များမှာ အလျင်အမြန် ပျောက်ကွယ်သွားနေပြီဖြစ်သလို သူ၏ မျက်နှာအမူအရာမှာလည်း ကြံရာမရဖြစ်နေသည့်ပုံ ပေါက်နေ၏။ သို့ဖြစ်ရာ သူသည် သူ၏ အတိတ်ဘဝအား နားလည်အောင် မလုပ်နိုင်ခဲ့ကြောင်း သိသာထင်ရှားပေသည်။

All Chapters