← Chapters

နတ်ဘုရားစီရင်ရာဓားမ

Vol. 45 Ch. 607

နတ်ဘုရားစီရင်ရာဓားမ

Vol. 45 Ch. 607

ချင်မူတစ်ယောက် နန်းဆောင်ထဲမှ သုတ်သုတ်ပျာပျာ ပြေးထွက်လာပြီး ကျောက်လှေကားထစ်များဆီ သွားကာ ဝပ်ချလိုက်သည်။ အလင်းတန်းနှစ်တန်းက သူ့ခေါင်းပေါ်မှ ရွှပ်ခနဲ ဖြတ်သွားပြီး အထွတ်အမြတ်နတ်တောင်၏ ကျောက်လှေကားထစ်များမှာ မီးပြင်းတိုက်ခံလိုက်ရသည့်အလား နီရဲလာ၏။

ချင်မူ အလင်းတန်းနှစ်တန်း ဖြတ်ကျော်သွားသည့်အချိန်အထိ စောင့်၍ ကျောက်လှေကားထစ်များအတိုင်း ကုန်းကုန်းကွကွ ဆင်းလိုက်သည်။ တခဏကြာသော် ခါးပြန်မတ်ပြီး နဂါးတစ်ကောင်လို ဝုန်းခနဲ ပြေးချသွားတော့သည်။ သူ့အနောက်တွင် မီးခိုးတန်းသာ ကျန်ခဲ့လေသည်။

သူက ခြေကုန်သုတ် ပြေးရင်း ချီစွမ်းအင်ကို သူ့အနောက်၌ မြူခိုးများအဖြစ် ဖွဲ့တည်နေသဖြင့် အခိုးအငွေ့များသည် တောင်တစ်တောင်စလုံးအား ဖုံးလွှမ်းစပြုလာ၏။

သို့သော် သူ၏ပခုံးဒဏ်ရာမှ ချီနှင့်သွေးများ စိမ့်ထွက်နေသည်။ ၎င်းတို့မှာ သူ၏ခန္ဓာကိုယ်မှ လွင့်မျောထွက်သွားပြီး တောင်ဆီသို့ ဆွဲငင်ခံနေရသည်။

ပခုံးဒဏ်ရာမှာ ချိရှီ၏ လက်သည်းခွံများဖြင့် အစိုက်ခံလိုက်သဖြင့် စုတ်ပြဲသွားခဲ့သော ဒဏ်ရာဖြစ်သည်။ ဤနတ်ဘုရားစီရင်ရာစင်မြင့်တွင် အသေးငယ်ဆုံးဒဏ်ရာလေးပင် အလိုအလျောက် မကျက်နိုင်သလို၊ ဆေးဖြင့်လည်း ကုသမရပေ။ နတ်ဘုရားစီရင်စင်မြင့်က ထိုဒဏ်ရာမှတစ်ဆင့် ချီနှင့်သွေးများကို စုပ်ယူမည်ဖြစ်သည့်အတွက် တောင်ပေါ်မှ ထွက်သွားနိုင်မှသာ အသက်ရှင်နိုင်လိမ့်မည်။

ချင်မူ၏ ချီနှင့်သွေးများ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ကုန်ခမ်းနေသည်။ ချီနှင့်သွေးများအား စုပ်ယူနေသည်မှာ နတ်ဘုရားစီရင်ရာစင့်မြင့်လား၊ ချိရှီလား သိရန်ပင် ချင်မူ လှည့်မကြည့်ရဲပေ။ အံကြိတ်၍သာ ပြေးဆင်းနေရသည်။

တောင်ခြေရောက်လာသည့်အချိန်တွင် သွေးများစွာ ဆုံးရှုံးခဲ့ရမှုကြောင့် သူ၏ဦးနှောက်မှာ အလုပ်မလုပ်နိုင်တော့ပေ။ သူ့နားနှစ်ဖက်လုံး အူထွက်သွားပြီး မျက်လုံးများ အမှောင်ဖုံးသွား၏။

ချင်မူ မူလဝိညာဉ်ကို အပြင်လွှတ်၍ မူလဝိညာဉ်မှတစ်ဆင့် ဘေးပတ်ဝန်းကျင်သို့ ကြည့်သည်။ ထို့နောက် ထောင်ကျယ်အိတ်ထဲမှ နဂါးသွားရည်များ အလျင်အမြန် ထုတ်ကာ ပခုံးဒဏ်ရာပေါ် သုတ်လိမ်းလိုက်ပြီး သွေးအားဖြည့်ပေးနိုင်သော ဗုဒ္ဓစွမ်းအင်ဆေးလုံးများ ကပျာကယာ ထုတ်စားလိုက်သည်။

ချင်မူမှာ သူ့ခန္ဓာကိုယ်သူ ပြန်ထိကြည့်ရင်း တုန်လှုပ်သွား၏။ အချိန်တိုလေးအတွင်း သူ့မှာ မီးခြစ်ဆံသဖွယ် ပိန်ကပ်သွားခဲ့လေရာ အားပြန်ဖြည့်ရန် အချိန်ယူရတော့မည်။

နတ်ဘုရားစီရင်ရာစင်မြင့်နှင့် ချိရှီက သူ့ချီနှင့်သွေးများကို ပြိုင်တူစုပ်ယူခဲ့သောကြောင့် အရှင်လတ်လတ် ခြောက်ကပ်မသွားခြင်းကပင် အဆန်းတကြယ် ဖြစ်နေချေပြီ။

“ငါ့ချီနဲ့သွေးတွေ ဒီလောက်မြန်မြန် စိမ့်ထွက်သွားတာ ချိရှီနဲ့ တစ်ခုခု ပတ်သက်နေမလား မသိဘူး”

ချင်မူ ဘူးအသေးလေးအား ချိုင်းအောက်တွင် ဝှက်လိုက်ပြီး ဝါးခြမ်းပြားသဖွယ် ပိန်ကပ်နေသော ခြေသလုံးများဖြင့် ကတုန်ကယင် လျှောက်နေသည်။ ဤအထွတ်အမြတ်တောင်နှင့် ဝေးရာသို့ သူ မြန်မြန်သွားမှ ဖြစ်လိမ့်မည်။ ‘ချိရှီက အရင်ဆုံး ကျဲ့ဟွလီနဲ့ ချီကျုံရီရဲ့ သွေးတွေ စုပ်ယူပြီး နိုးထလာတယ်... ပြီးမှ ရေသောက်ပြီး သူ့ကိုယ်သူ ရေဓာတ် ဖြည့်တင်းခဲ့တာ... ငါ့သွေးကြဲဆေးက ရေနဲ့အတူ သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့သွားလောက်ပြီ.... ငါ့သွေးကိုလည်း စုပ်ခဲ့ပေမယ့် ဆေးကြောင့် ကြဲသွားဦးမှာပဲ... သွေးတွေ တဖြည်းဖြည်း ကြဲပါးသွားရင်တော့ သူ ပြန်အိပ်သွားရလိမ့်မယ်... ဒါပေမဲ့ ချိရှီသာ သတိထားတတ်တဲ့သူဆိုရင် သွေးအသန့်တချို့တော့ ချန်ထားလောက်တယ်”

ချင်မူသည် ဆေးနှင့် အဆိပ်နှစ်မျိုးလုံးတွင် ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်၏။ သွေးအသန့်အား မည်သို့သိမ်းဆည်းရမှန်း သူ သိသလို၊ ချိရှီ ထိုသွေးတို့အား မည်သည့်နေရာတွင် သိမ်းထားခဲ့သည်ကိုလည်း သိထားသည်။

သွေးအသန့်တို့သည်.... ကောင်းကင်အလင်းတန်း ပစ်လွှတ်ခဲ့သော ချိရှီ၏ မျက်လုံးများအတွင်း၌ ကိန်းအောင်းနေလိမ့်မည်။

သို့ဖြစ်၍ ချိရှီ မည်သည့်အချိန်မှ ပြန်အိပ်ပျော်သွားမည်လဲ မသိနိုင်ပေ။ သူ့အနေဖြင့် ဤတောင်မှ မြန်မြန်ထွက်သွားရန် လိုအပ်သည်။

ချိရှီအနေဖြင့် ဉာဏ်ကို လွှာသုံးတတ်လျှင်.... ခန္ဓာကိုယ်အတွင်းမှ ရေဓာတ်များအား ပြန်စွန့်ထုတ်ပြီး သူ့ကိုယ်သူ ပိန်ချုံးခြောက်ကပ်သွားအောင် လုပ်နိုင်သည်။ ထို့နောက် မျက်လုံးအတွင်းရှိ သွေးများဖြင့် လှုပ်ရှားနိုင်မည်။

ချင်မူမှာ လက်ကျန်ချီစွမ်းအင်ကို ထုတ်လွှတ်၍ ခန္ဓာကိုယ်ထဲရှိ ဗုဒ္ဓစွမ်းအင်ဆေးလုံးများအား ချေဖျက်ရင်း တွေးနေမိသည်။ ‘သူ ဉာဏ်ကို လွှာမသုံးတတ်ပါစေနဲ့...’

နန်းဆောင်ထဲတွင် ချိရှီသည် သစ်သားရုပ်တုသဖွယ် မလှုပ်မယှက် ဒူးထောက်နေ၏။ သူ၏ လက်ခြောက်ဖက်စလုံးရှိ လက်ချောင်းထိပ်များဆီမှ နောက်ကျိကျိ အရည်များ စိမ့်ထွက်နေ၏။ အရည်ထဲတွင် နို့နှစ်ရောင် သွေးရည်ကြည်များ ရောနှောနေလေသည်။

သွေးကြဲဆေးက သူ၏နတ်ဘုရားသွေးကို မချဲပစ်နိုင်ပေ။ ချီကျုံရီ၊ ကျဲ့ဟွလီနှင့် ချင်မူ့ဆီမှ စုပ်ယူခဲ့သော သွေးများအပေါ်သာ သက်ရောက်နိုင်ခြင်း ဖြစ်သည်။

တခဏကြာသော် ချိရှီ၏ကိုယ်ထဲရှိ ရေဓာတ်အားလုံး ခမ်း‌ခြောက်သွား၍ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် အလောင်းကြီးသဖွယ် ပြန်ဖြစ်သွားသည်။ သူ၏ရုပ်သွင်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းပါသော်လည်း အရှေ့မျက်နှာ၏ မျက်လုံးတစ်စုံကား လင်းလက်တောက်ပနေ၏။

ချိရှီက မျက်လုံးထဲမှ သွေးအသန့်တစ်စုကို ဖြန့်ကျက်လိုက်ကာ ခန္ဓာကိုယ်လုပ်ဆောင်ချက်တချို့အား အသက်သွင်းလိုက်သည်။ ထို့နောက် ဒယိမ်းဒယိုင်ဖြင့် ထရပ်သည်။

မျက်လုံးထဲ၌ သိမ်းထားသော သွေးသန့်များက ပမာဏနည်းပါးသည့်အတွက် ခန္ဓာကိုယ်လှုပ်ရှားရုံသာ သူ လုပ်နိုင်သည်။ ကျန်ခန္ဓာကိုယ်လုပ်ဆောင်ချက်များမှာ ငြိမ်သက်နေလိမ့်မည်။

သူ့မှာ နန်းဆောင်ထဲမှ ခက်ခက်ခဲခဲ ထွက်လာပြီး အတော်လေးကြာမှ ကျောက်လှေကားထစ်များအနား ရောက်လာသည်။ ထိုစဉ် ခြေထောက်များ နုန်းခွေသွား၍ တောင်ပေါ်မှ ဒလိမ့်ခေါက်ခွေး လိမ့်ကျသွား၏။ သူ့အတွက် တောင်ထိပ်မှ တောင်ခြေသို့ ရောက်ရန် တစ်နာရီခန့် ကြာလိုက်သည်။

ချိရှီမှာ အတန်ကြာ နားပြီးနောက်မှ ပြန်ထနိုင်သည်။ သူ၏အမြန်နှုန်းက ချင်မူ၊ ကျဲ့ဟွလီနှင့် ချီကျုံရီတို့၏ ပြေးနှုန်းအား လိုက်မမှီနိုင်ပေ။ ရေဓာတ် အရင်ဖြည့်ရန် လိုသောကြောင့် သူက ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ရွေ့လျားရင်း ရေလိုက်ရှာနေသည်။

ထိုအချိန်တွင် ချင်မူက အဝေးရှိ ကန်တစ်ကန်ဆီသို့ ရောက်နေပြီး သွေးကြဲဆေးမှုန့်များ ထုတ်ကာ ကန်ထဲ ထည့်နေသည်။ ချိရှီ ဒယိမ်းဒယိုင် လျှောက်လာသည်ကို မြင်လျှင် သူက ကျန်အမှုန့်များအား အလျင်အမြန် သွန့်ထည့်လိုက်သည်။ ထို့နောက် ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်လွှတ်၍ ကန်အပေါ်တွင် တိမ်တိုက်တစ်ခု ဖွဲ့တည်လိုက်၏။ တိမ်တိုက်ထဲမှ နတ်နဂါးတစ်ကောင်က အမြီးချကာ ရေကန်ကို နှံ့သွားအောင် မွှေနေသည်။

ထို့နောက် ချင်မူက လက်ဝှေ့ယမ်းနှုတ်ဆက်ကာ ထွက်ပြေးသွားလေသည်။

ထန်း

ချိရှီ၏ မျက်လုံးများမှ အလင်းတန်းနှစ်တန်း ထွက်သွားသော်လည်း ချော်သွားပြန်သည်။ သူ့မှာ ဝေးသထက် ဝေးသွားသော ချင်မူ့ကိုသာ ကြည့်နေရ၏။

“ရေ...”

ချိရှီ ဒေါသထွက်သွားပြီး ယိုင်တီးယိုင်တိုင် ဆက်လျှောက်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှာ ဆက်တောင့်မခံနိုင်တော့၍ မြေကြီးပေါ် လဲကျသွား၏။ သူ့မှာ ဤနေရာသို့ ခက်ခက်ခဲခဲ အားထည့်လာခဲ့ရပါသော်လည်း ချင်မူက ရေကန်ကို အဆိပ်ခပ်သွားသည်။ ရေအရင်းအမြစ် ထပ်ရှာလျှင် တစ်လ၊ နှစ်လခန့် ကြာလိမ့်မည်။ ကံဆိုးလျှင် တစ်နှစ်၊ နှစ်နှစ်ပင် ကြာလောက်သည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ထက်မှ မိုးခြိမ်းသံများ ထွက်လာ၏။ မိုးခြိမ်းသံများကြောင့် ချိရှီ နှိုးလာပြီး အားတင်း၍ ပက်လက်လှန်လိုက်သည်။ သူ၏ခေါင်းသုံးလုံးက ကောင်းကင်ဆီသို့ မော့ကြည့်ရင်း ပါးစပ်သုံးပေါက်လုံး ဟထားကာ မိုးပေါက်များ ရွာကျလာမည်ကို ဝမ်းသာအားရ စောင့်နေသည်။

တိမ်မည်းများက ကောင်းကင်ယံတွင် ပြည့်နှက်နေပြီး လျှပ်စီးတန်းများ ပြိုးပြက်လက်နေသည်။ တိမ်များသည် သိပ်သည်းသထက် သိပ်သည်းလာကာ နိမ့်ဆင်းသထက် နိမ့်ဆင်းလာကြ၏။

ထိုစဉ် အဝေးရှိ တောင်တစ်လုံးဆီမှ မီးနဂါးများ ပျံတက်လာကြသည်။ သူတို့က တိမ်တိုက်များကို ထိုးခွင်းလျက် မိုးတိမ်များအား ဖြိုခွဲလိုက်၏။ တခဏကြာသော် ကောင်းကင်မှာ ပြာလဲ့ကြည်လင်သွားလေပြီ။ တိမ်မည်းများသည် တိမ်တိုက်ဖြူဖြူများ ပြန်ဖြစ်သွားပြီး အဝေးသို့ လွင့်မျောသွားတော့၏။

ချိရှီ ခက်ခက်ခဲခဲ ခေါင်းလှည့်လိုက်ပြီး ကောင်းကင်အလင်းတန်းနှစ်တန်းက ထိုတောင်ထိပ်အား အပေါက်နှစ်ပေါက် ဖောက်သွားသည်။

“မင်းကို ရှာတွေ့လို့ကတော့....”

အခြားတစ်ဖက်တွင် ချင်မူက မိုးတိမ်တိုက်များကို မောင်းထုတ်ပြီးနောက် တောင်အောက်သို့ ကမန်းကတန်း ပြေးဆင်းသွားသည်။ သူ့အနောက်ရှိ တောင်ထိပ်မှာ အပြစ်မရှိဘဲ အပေါက်နှစ်ပေါက် ဖောက်ခံလိုက်ရ၏။

ချင်မူမှာ အင်အားပြန်ပြည့်လာပြီဖြစ်သော်လည်း သူ၏ရုပ်ခန္ဓာမှာ ထိပ်ဆုံးအခြေအနေသို့ ပြန်မရောက်သေးပေ။

“မိုးတော့ ရွာဦးမှာမဟုတ်ဘူး..... ငါ့အတွက် အားပြန်ဖြည့်ပြီး ဒီဘူးလေးကို ဘယ်လိုသုံးရမလဲ လေ့လာဖို့ အချိန်တစ်ခုတော့ ရလောက်မယ်”

သူက ခြေရာလက်ရာမကျန်ခဲ့အောင် အနက်ရောင်အရိပ်အသွင် ပြောင်း၍ မြေကြီးတွင် ကပ်လိုက်ကာ အဝေးသို့ ထွက်သွားသည်။ ဤနည်းဖြင့်သာ မိုးရွာ၍ ချိရှီ နိုးလာလျှင် သူ ပုန်းနေသော နေရာအား အချိန်အတွင်း ရှာတွေ့မည်မဟုတ်ပေ။

အတန်ကြာသော် ချင်မူက အရိပ်အသွင်မှ ထွက်လာကာ ပုံစံအစစ်အမှန်သို့ ပြန်ပြောင်းလိုက်သည်။ သူက ဘူးအသေးလေးကို မြှောက်ကာ လေ့လာနေ၏။

ဤဘူးအသေးလေးက နတ်ဘုရားစီရင်ရာစင်မြင့်၏ ဗဟိုချက်တွင် ရှိနေခဲ့ပြီး ဘူးအသေးလေးအပေါ်တွင် သင်္ကေတအမှတ်အသားမျိုးစုံ ရေးဆွဲထားသည်။ အမှတ်အသားများက အတိုင်းထက်အလွန် ရှေးကျ၏။ ယနေ့ခေတ် အမှတ်အသားများနှင့် မတူကွဲပြားချေရာ ချိမင်ခေတ်မှ သင်္ကေတအမှတ်အသားများ ဖြစ်လိမ့်မည်။

ချိမင်ခေတ်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် ယနေ့ခေတ်အခါနှင့် တူမည်မဟုတ်ပေ။ ချင်မူက အသေးစိတ် လေ့လာရင်း ဤအမှတ်အသားတို့၏ ဆန်းကြယ်သော သဘောတရားများအား ဖြေကြည့်နေသည်။ သို့သော် ချိမင်ခေတ်၏ သင်္ကေတအမှတ်အသားများနှင့် မထိတွေ့မဆက်ဆံဖူးသောကြောင့် နားကန်းတစ်လုံးမျှ မသိပေ။ သူ့မှာ လက်လျှော့လိုက်ရ၏။

မှိန်ပျပျ နေအလင်းတန်းတချို့က ဘူးအသေးလေးကို လှည့်ပတ်ရစ်သိုင်းနေသော်လည်း အန္တရာယ်ရှိဟန်မတူပေ။ ဤဘူးကို မယူခဲ့ခင်ကတည်းက သူ၏ဝိညာဉ်လက်နက်ဖြင့် အလင်းတန်းများကို ချင်မူ စမ်းကြည့်ခဲ့ပြီးဖြစ်၏။ နေအလင်းတန်းများတွင် စွမ်းအားမရှိသဖြင့် ဘူးအသေးလေးထဲရှိ ရတနာ၏ အရောင်အဝါသာ ဖြစ်တန်ရာသည်။

ဘူးလေးအား သော့မခတ်ထားသော်လည်း တင်းတင်းကြပ်ကြပ် ပိတ်နေ၏။ ကလော်၍ ဖွင့်စရာ နေရာလည်း မရှိပေ။

ချင်မူမှာ နည်းလမ်းမျိုးစုံဖြင့် ဘူးလေးကို ဖွင့်ကြည့်သော်လည်း ရွှင်ပျော်ပျော်ဓားဖြင့်ပင် အရာထင်အောင် မလုပ်နိုင်ပေ။

ရုတ်တရက် ခြေသံများ ကြားလိုက်ရပြီး ရင်းနှီးနေသောအသံတစ်သံ ချင်မူ၏နားထဲ ဝင်ရောက်လာသည်။ “နောင်တော်ချင်က တကယ် တော်တာပဲ... အဲဒီလိုအခြေအနေမျိုးမှာတောင် ထွက်ပြေးလာနိုင်တယ်... ငါတော့ တကယ် လေးစားမိပါတယ်”

ချင်မူက ဘူးလေးကို ချိုင်းအောက်ထည့်ကာ တစ်ဖက်သို့ လှည့်လိုက်သည်။ သူက အပြုံးပန်းများ ဝေဆာနေသောမျက်နှာဖြင့် ချီကျုံရီဆီ ကြည့်၏။

ချီကျုံရီသည် ခံ့ညားတင့်တယ်နေသော်လည်း အထွတ်အမြတ်နတ်တောင်နှင့် ချိရှီက သူ၏ချီနှင့်သွေးတချို့ကို စုပ်ယူခဲ့သဖြင့် ပိန်ချုံးနေ၏။ သို့သော် ဝါးခြမ်းပြားချင်မူနှင့် ယှဉ်လျှင် သူကဖြင့် ဝဝဖြိုးဖြိုး ရှိသေးသည်။

ချင်မူ၏ ချီနှင့် သွေးတို့မှာ ချိရှီ၏ စုပ်ယူခြင်းခံခဲ့ရပြီးနောက်မှ အထွတ်အမြတ်နတ်တောင်၏ စားသုံးခြင်းခံခဲ့ရသောကြောင့် များစွာကုန်ခမ်းသွားခဲ့ခြင်းဖြစ်သည်။

ချီကျုံရီနှင့် ကျဲ့ဟွလီက ထိုနန်းဆောင်ထဲတွင် သူ့ကို ချောင်ပိတ်ခဲ့သောကြောင့်လည်း သူ ဆုံးရှုံးလိုက်ရသည့် ချီနှင့်သွေးမှာ သူတို့နှစ်ယောက်လုံးထက် ပို၍ပင်များပြား၏။

ဤတစ်ကြိမ်တွင် ချီကျုံရီသည် ကောင်းစွာပြင်ဆင်ထားပုံရ၏။ သူ့အနောက်တွင် ရှေးဟောင်းသစ်ပင် ဖွဲ့တည်နေပြီး သစ်ပင်ထက်၌ ရွှေရောင်ကောက်ရိုးများနှင့် သစ်ပင်၏အကိုင်းအခက်များဖြင့် တည်ဆောက်ထားသော မီးငှက်အသိုက် ရှိနေသည်။ ငှက်သိုက်သည် ရွှေရောင်တဖျပ်ဖျပ် တောက်ပနေပြီး အသိုက်ထဲ၌ ခေါင်းကိုးလုံးမီးငှက်တစ်ကောင် နားနေ၏။ ခေါင်းကိုးလုံးမီးငှက်ကလည်း မီးဟုန်းဟုန်း တောက်နေသည်။

ချီကျုံရီ၏ ကောင်းကင်နတ်သိုင်းသည် မီးငှက်၏ စွမ်းအားကို စုစည်းထားပြီးချေပြီ။

“နောင်တော်ကျဲ့ဟွလီ ဘယ်ရောက်သွားလဲ” ချင်မူက ဘေးဘီဝဲယာသို့ ကြည့်ကာ မေးလိုက်သည်။

ချီကျုံရီက မှင်သေသေ ပြောသည်။ “ငါ့ကို စိန်ခေါ်ပြီး ဒဏ်ရာအပြင်းအထန် ရသွားလို့ ထွက်ပြေးသွားတယ်.... နောင်တော်ချင်၊ ဒီဘူးလေးကို မသိဘူးမလား... ငါ မင်းကို ကူညီပေးရမလား”

ချင်မူ အလေးအနက် ပြောလိုက်သည်။ “ဆိုစမ်းပါဦး”

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀၀၀၀ တုန်းက ချိမင်ကောင်းကင်နတ်ဘုံမှာ ဒီဘူးလေးကို ဘယ်လိုခေါ်ခဲ့လဲတော့ ငါ မသိဘူး.... ငါတို့ကောင်းကင်နတ်ဘုံမှာတော့ ဒီဘူးလေးက သိပ်ထင်ရှားကျော်ကြားတယ်... နာမည်က နတ်ဘုရားစီရင်ရာဓားမ တဲ့”

ရှေးဟောင်းသစ်ပင်ပေါ်ရှိ ခေါင်းကိုးလုံးမီးငှက်က ချင်မူ့ဆီသို့ ငုံ့ကြည့်သည်။ ချီကျုံရီ၏အကြည့်ကလည်း ဘူးလေးအပေါ် ကျလာကာ ပြော၏။ “နောင်‌တော်ချင်က ကောင်းကင်နတ်ဘုံရဲ့ အမှုထမ်း မဟုတ်တော့ ... ဒီဘူးလေးထဲ ဘာသိမ်းထားလဲ သိမှာမဟုတ်ဘူး......  ဒီလိုဘူးလေးတွေက ပုံမှန်အားဖြင့် လူ့ခေါင်းတွေ ထည့်ထားဖို့ သုံးတာပဲ”

“လူ့ခေါင်း ဟုတ်လား”

ချင်မူ တအံ့တဩဖြင့် ဘူးကို လှုပ်ကြည့်လိုက်သည်။ အထဲမှ မည်သည့်အသံမှ မကြားရပေ။

ချီကျုံရီက မျက်ခုံးပင့်သွားပြီး အပြုံးတစ်ခုဖြင့် ပြောလာ၏။ “အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ရဲ့ ခေါင်းကို ဧကရာဇ်ပလ္လင်အပေါ် တင်ဖို့ ဒီဘူးကို ဓားမလို အသုံးချတာမျိုးပါ .... နောင်တော်ချင် ဒီဘူးကို မဖွင့်တတ်မှတော့ ငါ့ ပေးကြည့်ပါလား... ငါ နောင်တော်ချင်ကို ဖွင့်ပြပေးပါ့မယ်”

ချင်မူက ဘူးလေးကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်ရင်း ရိုးသားစွာ ပြောလေသည်။ “ရော့ ယူကြည့်”

ချီကျုံရီ၏အကြည့်သည် ဘူးလေးအပေါ် ကျရောက်လာ၏။ သူက အသက်ပြင်းပြင်း ရှူသွင်းရင်း ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် ထုတ်လွှတ်လိုက်သဖြင့် သူ့အနောက်ရှိ ရှေးဟောင်းသစ်ပင်မှာ လွင့်မျောမြောက်တက်လာ၏။

ထိုစဉ် ချင်မူက ဘူးကို လွှတ်ချလိုက်၍ ဘူးသည် မြေပေါ် ကျသွားလေသည်။ ဘူးအောက်ကျသွားသည့်အခါ သူ့လက်ဝါးပေါ်တွင် ဓားစက်လုံးတစ်လုံး လည်လျက် ရှိနေ၏။

ချီကျုံရီ လှစ်ခနဲ နောက်ဆုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်က ရှေးဟောင်းသစ်ပင်အား ဖြတ်သွားသည်။ သစ်ပင်သည် တမုဟုတ်ချင်း ကိုက်ငါးဆယ်အရွယ်အထိ ကြီးမားလာ၏။ သစ်ပင်ပေါ်ရှိ ခေါင်းကိုးခေါင်းမီငှက်က ဂီးခနဲ အော်၍ တောင်ပံတဖျတ်ဖျတ် ခတ်လိုက်ပြီး အလင်းတန်းတစ်တန်းသဖွယ် ချင်မူ့ဆီသို့ ထိုးဆင်းလာသည်။

ရွှပ်

တုနှိုင်းမဲ့  ပြိုင်ဘက်ကင်းအောင် တောက်ပနေသော ဓားရောင် ဖွဲ့တည်လာပြီး ကပ်ဘေးဓားသည် ခေါင်းကိုးလုံးမီးငှက်အား ရင်ဆိုင်လိုက်၏။ တခဏအတွင်း မီးတောက်မီးလျှံများက ကောင်းကင်ထက်ရှိ နေအလင်းရောင်ကို လွှမ်းမိုးသွားသည်။ ဓားနှင့် မီးက တောင်တန်းများအကြား ပေါက်ကွဲသွားပြီး နေတစ်စင်းသဖွယ် အလင်းရောင်များ ဖြာထွက်လာ၏။

ချီကျုံရီက မီးငှက်လက်ဟန်ဖြင့် ရှေ့သို့ ရိုက်ထုတ်လိုက်သည်။ ရှေးဟောင်းသစ်ပင်က ခေါင်းကိုးလုံးမီးငှက်၏အနောက်မှ လိုက်သွားပြီး လမ်းတွင် ရှိသမျှ အရာရာတိုင်းအား နင်းခြေဖျက်စီးကာ ချင်မူ့ဆီသို့ လဲကျသွားသည်။

All Chapters