တရစပ်
Vol. 45 Ch. 608
ချင်မူက ကပ်ဘေးဖွင့်ဓားကွက်ဖြင့် ခေါင်းကိုးလုံးမီးငှက်အား ခုတ်ချလိုက်သည်။
ချင်မူနှင့် ချီကျုံရီတို့၏ ကောင်းကင်နတ်သိုင်းစွမ်းအားများက သိပ်မကွာပေ။ ကပ်ဘေးဖွင့်ဓားက မီးငှက်ကို ထိုးဖောက်၍ တမုဟုတ်ချင်း ပေါက်ကွဲသွားသည်။ ဓားအလက်ရှစ်ထောင်သည် ခေါင်းကိုးလုံးမီးငှက်၏ ကိုယ်ထဲရှိ ကောင်းကင်နတ်သိုင်းများအား ဖြိုခွင်းလိုက်၏။
သို့တိုင်အောင် ဤအခိုက်အတန့်တွင် ရှေးဟောင်းသစ်ပင် လဲကျလာသည်။ အကိုင်းအခက်များ၊ နေအလင်းတန်းများက ဓားများနှင့် ပွတ်တိုက်သွားသဖြင့် ကပ်ဘေးဖွင့်ဓား၏စွမ်းအား လျော့ကျလာသည်။။
ချင်မူ နောက်ဆုတ်၍ ဓားကို ပြန်ဆွဲရင်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ထုတ်လွှတ်လိုက်သည်။ ချီစွမ်းအင် သွေးကြောများတစ်လျှောက် စီးဆင်းသွားသည်နှင့် သူ့ခန္ဓာကိုယ်မှ နဂါးတွန်သံရှစ်ချက် ထွက်လာသည်။ ကုပ်တွယ်သံ၊ သတ်ဖြတ်သံ၊ ဖမ်းဆုပ်သံ၊ ဆွဲယူသံ၊ လမ်းညွှန်သံ၊ လှည့်လည်သံ၊ ထုရိုက်သံနှင့် ရှင်းလင်းသံဟူသည့် ရှေးဟောင်းနဂါးသံရှစ်ချက်ဆီမှ တုန်ခါမှုများသည် ခမ်းခြောက်နေသော သူ၏ချီနှင့်သွေးများအား တမုဟုတ်ချင်း အားကောင်းလာစေ၏။
ချင်မူ၏ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်သန္ဓေသား၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာနှင့် ခုနစ်စဉ်ကြယ်များက ပြောင်းပြန်လန်သွားသည်။ မိစ္ဆာကောင်းကင်ရတနာများက နတ်ဘုရားကောင်းကင်ရတနာများအပေါ် ရောက်သွားချေပြီ။
ဝိညာဉ်သန္ဓေသားနှင့် ဝိညာဉ်တွဲလျက် ရှိသော သူ၏မူလဝိညာဉ်က မိစ္ဆာဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအပေါ် ဆင်းသက်ပြီး မိစ္ဆာမြေအပေါ်၌ မားမားမတ်မတ် ရပ်လိုက်သည်။ မိစ္ဆာနေနှင့် မိစ္ဆာလသည် ကောင်းကင်ယံတွင် ထိန်ထိန်သာလာပြီး ဓာတ်ကြီးငါးပါး မိစ္ဆာအရှင်သခင်များက မိစ္ဆာနန်းဆောင်များထက်၌ စံမြန်းနေကြသည်။
ချင်မူက ဓားကို ပြန်ဆွဲပြီးလျှင်ချင်း ရှေ့သို့ ထပ်မံထိုးစိုက်လိုက်သည်။ ဤတစ်ကြိမ်တွင်လည်း ကပ်ဘေးဓား၏ ပထမဓားကွက်၊ ကပ်ဘေးဖွင့်ဓားသာ ဖြစ်၏။
သူတို့နှစ်ယောက်၏ မှော်စွမ်းအင်အချင်းချင်း ထိတိုက်ရာမှ ဖွဲ့တည်လာသော အလင်းလုံးကြီးက ဆက်လက်ပြန့်ကားလာသော်လည်း ဤတစ်ကြိမ်တွင် အနက်ရောင်ဓားရိပ်များ ရောထွေးနေသည်။ ဓားရိပ်များက အနက်ရောင်မှင်များ ပျံ့နှံ့လာသကဲ့သို့ အလင်းလုံး၏ဗဟိုမှ စ၍ ပျံ့နှံ့လာသည်။
နှစ်ယောက်လုံး၏ မှော်စွမ်းအင်များ ကုန်ခမ်းပေတော့မည်။ အလင်းလုံး၏ စွမ်းအားက အပြည့်အဝပင် ပေါက်ကွဲမလာသေးသော်လည်း ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ အလင်းလုံးကို ဗဟိုပြုလျက် ပြိုလဲကုန်ပြီဖြစ်သည်။
ကျောက်တုံးများလည်း မြေပြင်ပေါ် မြောက်တက်လာပြီး ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် အရပ်လေးမျက်နှာတွင် မျောလွင့်နေကြ၏။
အလင်းရောင်ထဲတွင် ချင်မူက နောက်ဆုတ်၍ ဓားကို ဒုတိယအကြိမ် ပြန်ဆွဲလိုက်သည်။ ချီကျုံရီက ရှေ့တက်လိုက်ပြီး လက်နှစ်ဖက်အား အတူစုလိုက်သည်။ ရွှေရောင်ကောက်ရိုးမျှင်များနှင့် သစ်ကိုင်းသစ်ခက်များဖြင့် တည်ဆောက်ထားသော ငှက်သိုက်သည် ရုတ်တရက် ချင်မူဆီသို့ တရှိန်ထိုး ပြေးဝင်လာ၏။
ချင်မူက ဓားကို လှုပ်ခါလိုက်သည်။ ဓားရိပ်များက သူ့ဆီသို့ ပြန်ရောက်လာပြီး သူ့လက်ထဲတွင် ရွှင်ပျော်ပျော်ဓားအသွင် ပြောင်းသွား၏။ ဓားရောင်တစ်ချက် ဝင်းခနဲ လက်သွားပြီး ရွှေရောင်ကောက်ရိုးမျှင်များနှင့် သစ်ကိုင်းသစ်ခက်များအား ပိုင်းဖြတ်လိုက်သည်။
ချင်မူ၏ခန္ဓာကိုယ်ပေါ်၌ လမ်းစဉ်အဆင့်ရောက်လုဆဲဆဲ တာအိုအရောင်အဝါ တောက်ပလာပြီး သူ့လက်ထဲရှိ ဓားကလည်း အဆက်မပြတ် ပြောင်းလဲနေသော သင်္ချာသင်္ကေတများသဖွယ် ဖြစ်လာသည်။
ဆယ့်လေးခန်းမြောက် တာအိုဓား
အလုံးစုံကောင်းကင်ဘုံတို့၏ ရင်းမြစ်မြေကို ထောက်ပံ့၍ သဘာဝတရားအားလုံး မွေးထုတ်ပေးသော တာအို၊ တစ်လောကလုံး မူလသို့ ပြန်သွားရမည်။
တာအိုဂိုဏ်း၏ တာအိုသခင်ဟောင်းပင် ဆယ့်လေးခန်းမြောက် ဓားကွက်အား အပြည့်အဝသဘောမပေါက်ခဲ့ဘဲ တစ်ဝက်အထိသာ ကျင့်ကြံနိုင်ခဲ့သည်။ သို့တိုင်အောင် တစ်ဝက်သာ ပြည့်စုံသော ထိုဓားကွက်ကတင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် နတ်ဘုရားဆန်သော ဓားကွက်ဟု တင်စားရန် လုံလောက်ခဲ့၏။
တာအိုသခင်ဟောင်းသည် ထိုးထွင်းသိမြင်နိုင်စွမ်း မထက်သန်ခဲ့၍မဟုတ်၊ တာအိုဓားတွင် တစ်လောကလုံးရှိ အရာရာတိုင်း၏ သင်္ချာအပြောင်းအလဲများ ကိန်းဝပ်နေသောကြောင့် ဖြစ်သည်။ အမှားတစ်ခုပါလျှင် တာအိုဓားအား မကျင့်ကြံနိုင်ပေ။
ထို့အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နေ၊ လနှင့် ကြယ်နက္ခတ်များကလည်း အတုမဟုတ်ပါလော။ အမှားများ ပြည့်နေသော ကောင်းကင်သံသရာကြယ်သင်္ချာဖြင့် ဆယ့်လေးခန်းမြောက်ဓားကွက်ကို အဘယ်သို့ပြု၍ သဘောပေါက်နိုင်မည်နည်း။
ချင်မူကမူ ဆယ့်လေးခန်းမြောက် တာအိုဓားကို လေ့လာခဲ့ဖူးသလို၊ သင်္ချာစွမ်းရည်လည်း မြင့်မားသည်။ ဆယ့်လေးခန်းမြောက်တာအိုဓားအား သူ အလွယ်တကူ နားလည်သွားသည့် အကြောင်းရင်းမှာ သူ၏ထိုးထွင်းသိမြင်နိုင်စွမ်းက တာအိုသခင်ဟောင်းထက် ကောင်းမွန်နေ၍မဟုတ်ဘဲ၊ လွန်ခဲ့သော နှစ် ၃၅၀၀၀၀ က ကြယ်အစုအဝေးကို မြင်ခဲ့ရသည့်အပြင် နတ်ဘုရားစီရင်ရာဓားမအား ကာကွယ်ရန် တည်ထောင်သူဂိုဏ်းသခင် ချန်ခဲ့သော ကြယ်ဝင်္ကပါကိုလည်း လေ့လာခဲ့ရ၍ ဖြစ်သည်။
သို့မှသာ ဆယ့်လေးခန်းမြောက် တာအိုဓား၏ ဆန်းကြယ်သော သဘောတရားများကို သုံးသင်ဆင်ခြင်နိုင်သွားပြီး အသတ်အဖြတ်ဝင်္ကပါအား ဖြေရှင်းနိုင်မည့် နည်းလမ်းကိုလည်း တွက်ချက်နိုင်ခဲ့ခြင်း ဖြစ်၏။
‘တစ်လောကလုံး မူလသို့ ပြန်သွားရမည်’ ဓားကွက်ကို သူ ထုတ်လွှတ်လိုက်သည့်အချိန်တွင် သူ၏ကျင့်စဉ်စွမ်းအင်လည်း မကုန်သလို၊ ချီစွမ်းအင်လည်း မခမ်းသွားပေ။ ဓားကွက်က လောကကြီး၏ စွမ်းအားကို ငှားယူလိုက်ခြင်းဖြစ်သည်။ ဓားရောင်သည် ဖျတ်ခနဲ တစ်ချက်လက်ကာ ပျံသန်းလာသည့် ရွှေရောင်ကောက်ရိုးမျှင်များနှင့် သစ်ကိုင်းသစ်ခက်များအား ဖျက်စီးလိုက်၏။
ချင်မူအနေဖြင့် ချီကျုံရီ၏ သိုင်းကွက်များကို ဖြိုခွင်းရန် ကပ်ဘေးဓားအား နှစ်ကြိမ်သုံးခဲ့ရသည်။ ထို့အတွက် သုံးစွဲလိုက်ရသော ချီစွမ်းအင်မှာ ပေ့ါပေ့ါသေးသေး မဟုတ်ပေ။ ဆယ့်လေးခန်းမြောက် တာအိုဓားက ကပ်ဘေးဓားထက် အစွမ်းမထက်သည့်အပြင် အတန်ငယ်ပင် နိမ့်ကျသော်လည်း ချင်မူ့အတွက်တော့ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
ဓားစွမ်းအင်က ရွှေရောင်ကောက်ရိုးမျှင်များနှင့် သစ်ကိုင်းသစ်ခက်များအား ဖောက်ခွဲပစ်လိုက်သည့်အချိန်တွင် ချင်မူက နောက်ဆုတ်မည့်အစား ရှေ့တက်လိုက်သည်။ သူက ချီကျုံရီဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်၏ ကြွက်သားများ ဖောင်းကြွလာ၏။ သူ့လက်ထဲရှိ ရွှင်ပျော်ပျော်ဓားဆီမှ သေးမျှင်သော ဓားရိပ်များ ဖြာထွက်သွားကာ ဝက်ခုတ်ဓားမတစ်လက် အသွင်ပြောင်းသွားသည်။
ဓားမသည် ငါးပေရှည်ပြီး နှစ်ပေကျယ်၏။ ချင်မူက ဓားမကို မြှောက်ကာ နှစ်လက်ခွဲချလိုက်သည်။
ချီကျုံရီက နောက်ဆုတ်လိုက်ပြီး သူ့အနား မကပ်ပေ။ သူ၏ကျောနောက်၌ မီးငှက်တောင်ပံတစ်စုံ ပေါ်လာကာ တောင်ပံများဖြင့် ရှေ့သို့ အဆက်မပြတ် ဝိုက်ခုတ်လိုက်သည်။
ချီကျုံရီတွင် မှော်စွမ်းအင်များစွာ မကျန်တော့ပေ။ ရှေးဟောင်းသစ်ပင်တွင် နားသော ခေါင်းကိုးလုံးမီးငှက် ကောင်းကင်နတ်သိုင်းမှာ ထုတ်ဖော်ရန် အချိန်ယူသည့်အပြင် စွမ်းအင်သုံးစွဲမှုကလည်း များခဲ့သည်။ ချင်မူ၏ ကပ်ဘေးဖွင့်ဓားနှစ်ချက်နှင့် ဆယ့်လေးခန်းမြောက် တာအိုဓားကို တားနိုင်ခြင်းကပင် အံ့အားသင့်ဖွယ် ကောင်းနေပြီဖြစ်သည်။
ယနေ့ခေတ်၏ လူငယ်မျိုးဆက်အကြား၌ ချင်မူ့ကို ဤအတိုင်းအတာအထိ တိုက်ခိုက်နိုင်ခဲ့သည်မှာ သူ ပထမဆုံး ဖြစ်၏။
မီးငှက်တောင်ပံအားလှိုင်းက တော်ရုံတန်ရုံမဟုတ်ပေ။
ချင်မူကလည်း လေပွေလို လှုပ်ရှား၍ ဝက်ခုတ်ဓားမများဖြင့် နိမ့်ချည်မြင့်ချည် ခုတ်ပိုင်းနေသည်။ ဓားမရောင်တို့သည် မြွေနဂါးများသဖွယ် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေ၏။ သူက သားသတ်သမား၏ ဓားမသိုင်းကို ထုတ်ဖော်နေပြီး ခြေလှမ်းခြေကွက်များကမူ ထော့ကျိုး၏ ကောင်းကင်ခိုးယူခြေသိုင်းဖြစ်သောကြောင့် လှုပ်ရှားမှုများအား ခန့်မှန်းမရပေ။
ထော့ကျိုးနှင့် သားသတ်သမား၏ ပြိုင်ဘက်ကင်းသိုင်းကွက်များက သူ၏ခန္ဓာကိုယ်တွင် ပြီးပြည့်စုံစွာ ပေါင်းစည်းနေချေပြီ။
ထိုအချိန်တွင် ချီကျုံရီက တောင်ပံဖြန့်ကာ ပြန်ရုတ်လိုက်သည်။ ငှက်မွှေးတောင်များက ဓားများသဖွယ် ပျံထွက်လာပြီး ချင်မူ၏ဓားချက်များအား တချွင်ချွင် ဝင်တိုက်လိုက်ကြ၏။ သူ၏ငှက်မွှေးတောင်ဓားများ ထုတ်ဖော်နေသည်မှာ ဓားသိုင်း ဖြစ်ပြီး တောင်ပံဆီမှ ထုတ်လွှတ်နေသည်ကတော့ ဓားမကွက်များ ဖြစ်သည်။ သူသည် ဓားနှင့်ဓားမနှစ်ခုလုံးတွင် အမှန်တကယ် ကျွမ်းကျင်လှ၏။
ရုပ်ခန္ဓာအသားပေးသိုင်းကွက်များတွင်လည်း ချင်မူ့အောက် အားမနည်းပေ။
သူတို့နှစ်ယောက်လုံး လေအလျဉ်လို တိုက်ခိုက်နေကြသည်။ ချင်မူ၏ ဝက်ခုတ်ဓားမနှစ်လက်က ရှေ့သို့ ထိုးစိုက်လိုက်၊ နောက်သို့ ဆုတ်ခွာလိုက်၊ ဘက်သို့ ဝိုက်လိုက်၊ ညာသို့ ဝိုက်လိုက်ဖြင့် ခန့်မှန်းမရအောင် ခုတ်ထစ်နေသည်။
ဓားမချက်များက မုန်တိုင်းလို ပြင်းထန်သည်၊ လေအဟုန်လို မြန်သည်။ ပင်လယ်လှိုင်းလုံးတစ်ထောင် တစ်ခုနှင့်တစ်ခု ထပ်နေသည့်ကြားမှ မြင့်တက်လာသည့် နေမင်းကြီး၏ အရှိန်အဝါအဟန့်အထည်မျိုး ရှိသည်။ အနှိုင်းမဲ့ ဓားမစွမ်းအားကို အသုံးပြု၍ လမ်းကြောင်းတစ်လျှောက် အရာအားလုံးကို ခုတ်ဖြတ်သွားနိုင်၏။
တစ်ချက်တစ်ချက် လရောင်အောက်က ဓားမရှည်သဖွယ် ဖြစ်လာပြီး မြင်းတစ်ကောင်လို မြန်သည်။ သူက ချီကျုံရီကို အဘက်ဘက်မှ ခုတ်ထစ်ကာ တရစပ် ဖိနှိပ်ထားသည်။
ရွှပ်
ရုတ်တရက် ဝက်ခုတ်ဓားမနှစ်လက်က ကျုံ့သွားပြီး ဓားမများထဲမှ ဓားပျံများက ငွေရောင်ငါးသေးသေးလေးများလို ပျံထွက်လာသည်။ ၎င်းတို့က လေလယ်တွင် ပျံဝဲလျက် လျှပ်စီးများလို ဟိုမှသည် ကူးလူးနေ၏။ ကိုယ်ပျောက်ဓားသမားတစ်ယောက် ရှုထောင့်ပေါင်းစုံမှ တိုက်ခိုက်နေသကဲ့သို့ ချီကျုံရီအား အလွှတ်မပေးပေ။
ချင်မူက ရွာလူကြီး၏ ဓားကွက်များကိုလည်း ထုတ်ဖော်သည်။
ချီကျုံရီက အော်ဟစ်လိုက်ပြီး သူ့လည်ပင်းမှ ခေါင်းရှစ်လုံး ထွက်လာသည်။ ခေါင်းကိုးလုံး လှုပ်ခါလိုက်သည့်အခါ အလင်းလုံးများက ဓားပျံများအား ပစ်ခတ်လိုက်သည်။
ချီကျုံရီ၏ ခေါင်းကိုးလုံးက အောက်သို့ ထိုးဆိတ်လိုက်ပြီး ချင်မူ၏ ဓားမတစ်လက်က အလျားလိုက်၊ တစ်လက်က ဒေါင်လိုက် ရှိနေသည်။ ဓားမရောင်များ ငှက်ခေါင်းတို့အား ခုတ်ဖြတ်တော့မည့်အချိန် ချီကျုံရီက တောင်ပံများဖြင့် ကာဆီးလိုက်၏။
ချင်မူ၏ ဝက်ခုတ်ဓားမနှစ်လက်က သူ၏တောင်ပံများအပေါ် ခုတ်ချမိလိုက်ပြီး အရိုးများအတွင်း နစ်ဝင်သွား၍ ဆွဲထုတ်မရတော့ပေ။
ချီကျုံရီ၏ မီးငှက်ခေါင်းများက ချင်မူ၏ရင်ဘတ်အပေါ် တည့်တည့်သို့ ထိုးချလိုက်သည်။ ငှက်နှုတ်သီးများ ပွင့်လာသည့်အခါ အလင်းလုံးများ စုဝေးဖွဲ့တည်စပြုလာ၏။
ချင်မူက တမုဟုတ်ချင်း ဓားမနှစ်လက်ကို ဆွဲနုတ်လိုက်ပြီး ဓားမတစ်လက်က ငှက်လည်ပင်းဆီသို့ ခုတ်ကာ တစ်လက်က မီးငှက်၏နှုတ်သီးဆီသို့ ပိုင်းဖြတ်လိုက်သည်။ ထိုအချိန်တွင် ချီကျုံရီ၏ တောင်ပံအထဲ စိုက်ဝင်နေသော ဝက်ခုတ်ဓားမနှစ်လက်က ဓားပျံနှစ်လက် ဖြစ်သွားပြီး အရိုးအတွင်း နစ်ဝင်လျက် ကျန်ခဲ့၏။
ဤဝက်ခုတ်ဓားမများမှာ ဓားအလက်ရှစ်ထောင်မှ ဖွဲ့တည်ထားသော ဓားမများဖြစ်သဖြင့် အလိုရှိသလို သီးသန့်စီ ခွဲထုတ်နိုင်လေသည်။ ထို့ကြောင့် ကျန်ဓားပျံများအနေဖြင့် ချီကျုံရီ၏ တောင်ပံထဲ၌ စိုက်ဝင်နေသော ထိုနှစ်လက်ကို ချန်ကာ ဝက်ခုတ်ဓားမနှစ်လက်အသွင် ဖွဲ့တည်နိုင်သေးသည်။
ချီကျုံရီမှာ လည်ပင်းပေါ် ဓားမဖြင့် ခုတ်ခံလိုက်ရသဖြင့် တမုဟုတ်ချင်း လည်ပင်းကို ပြန်ရုတ်ကာ လည်ပင်းရိုးပြတ်ထွက်မသွားအောင် ဓားမအား ချုပ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် နှုတ်သီးဖြင့် ကျန်ဓားမကို ကိုက်လိုက်သည်။
ချင်မူက ဓားမများကို ပြန်ဆွဲလိုက်သည့်အခါ ချီကျုံရီ ကိုက်မိလိုက်သည်မှာ ဓားပျံတစ်လက်သာ ဖြစ်သွား၏။ ထို့နောက် ချင်မူ၏ ဓားမနှစ်လက်က သူ၏နှုတ်သီးနောက်တစ်ခုနှင့် လည်ပင်းဆီသို့ ဦးတည်လာသည်ကို မြင်လိုက်ရသည်။
ချီကျုံရီမှာ ရွေးချယ်စရာမရှိတော့၍ ပါးစပ်ဟကာ ဓားမတစ်လက်အား ကိုက်ဖမ်းလိုက်သည်။ တစ်လက်ကမူ သူ့လည်ပင်းထဲ စိုက်သွားဖြင့် ချုပ်ထားရပြန်သည်။
ချင်မူက ဓားမများကို ပြန်ဆွဲလိုက်ပြီး ဓားပျံနှစ်လက်သာ ချန်ခဲ့သည်။ ထို့နောက် ဝက်ခုတ်ဓားမနှစ်လက်ဖြင့် တတိယခေါင်းနှင့် တတိယလည်ပင်းဆီသို့ ခုတ်ချလိုက်ပြန်သည်။
ချီကျုံရီ ဒေါသထွက်သွားသည်။ “မင်း မတော်နိုင်သေးဘူးလား”
ထိုသို့ပြောလိုက်သည့်အချိန်မှာင် သူ့မှာ ဓားမကို လှမ်းကိုက်ပြီး လည်ပင်းဖြင့် ချုပ်ရပြန်သည်။
ချင်မူက ဓားမနှစ်လက်ကို ပြန်ဆွဲနုတ်၍ ဓားပျံများသာ ထားခဲ့ကာ သူ၏စတုတ္ထဦးခေါင်းနှင့် စတုတ္ထလည်ပင်းဆီသို့ ပိုင်းချလိုက်ပြန်သည်။
ချီကျုံရီမှာ လက်သည်းများအား ဒေါသတကြီး ဆုပ်လိုက်ရပြီး သူ၏ ခေါင်းလေးခေါင်းလုံး သွေးသံရွှဲနေသည်။ မနာကျင်ဟု ဆိုလျှင် လိမ်ညာရာကျလိမ့်မည်။ ခေါင်းလေးခေါင်းဆီမှ နာကျင်မှုက ဝိညာဉ်နှင့် ရိုးတွင်းခြင်ဆီထဲအထိ စိမ့်နေအောင် အသည်းခိုက်လှ၏။
“ငါ...”
ချင်မူက ဓားမများကို ပြန်ဆွဲ၍ သူ့ကို ပဉ္စမအကြိမ် ခုတ်ချလိုက်သည်။
ချီကျုံရီမှာ မီးပုံယမ်းကျ ပေါက်ကွဲသွားပြီး ဓားမကို လှမ်းကိုက်၍ ချုပ်လိုက်ရ၏။ ချင်မူက ဓားမနှစ်လက်အား ပြန်ဆွဲလိုက်ပြန်ပြီး ချီကျုံရီမှာ သည်းမခံနိုင်သော်လည်း ဓားမအား ထပ်ကိုက်လိုက်ရပြန်သည်။ ချင်မူက ပြန်ဆွဲနုတ်သွားပြန်သည်။
တခဏအတွင်း ချီကျုံရီ၏ ငှက်ခေါင်းရှစ်ခေါင်းနှင့် လည်ပင်းများတွင် ဓားများ ချိတ်နေချေပြီ။
“ချင်မျိုးရိုးနဲ့ကောင်.... မင်းက ငါ့ဒေါသကို ဆွနေတာပဲ... ကောင်းကင်နတ်ဘုံရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို အထင်မသေးလိုက်နဲ့....ကောင်းကင်ဘုံကိုးထပ်မှ မီးငှက်အော်သံ”
ချီကျုံရီ၏ နောက်ဆုံးမီးငှက်ခေါင်းက အော်ဟစ်လိုက်ပြီး မီးငှက်အော်သံသည် အထက်ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ငှက်အော်သံက ကောင်းကင်ထက်၌ တုံ့ပြန်လူးလာ ပဲ့တင်ထပ်ကာ တိမ်တိုက်တစ်ခု ဖွဲ့တည်လိုက်သည်။ ထို့နောက် နတ်ဘုရားတစ်သောင်း အလင်္ကာရွတ်ဖတ်နေသကဲ့သို့ နတ်ဘုရားသံများ မြည်ဟည်းလာ၏။ နတ်ဘုရားတစ်သောင်း၏ ကောင်းချီးသံဖြင့် အလင်းတန်းများက ထိုတိမ်တိုက်ဆီမှ ချီကျုံရီ၏ ကိုယ်ပေါ်သို့ ဖြာကျလာသည်။
ချီကျုံရီတစ်ကိုယ်လုံး ရွှေအလင်းရောင် လွှမ်းခြုံသွားပြီး သူ၏နောက်ဆုံးခေါင်းက ချင်မူ့ဆီသို့ ထိုးဆိတ်လိုက်သည်။ ချင်မူလည်း ဓားမနှစ်လက်အား ခုတ်လိုက်သည်။ ချီကျုံရီက မရှောင်ဘဲ ဓားမဆီသို့ တည့်တည့်ဝင်လာ၏။ သူ၏နှုတ်သီးမှာ ဓားရောင်ကြောင့် ကွဲထွက်သွားပြီး လည်ပင်းသွေးကြောများလည်း ပြတ်တောက်သွားသည်။ သို့တိုင်အောင် သူ့ကိုယ်ပေါ် ဖြာကျနေသော ရွှေအလင်းတန်းများ၏ အကူအညီဖြင့် ချင်မူ၏ဓားမကို တရှိန်ထိုး ပြေးတိုက်နိုင်လိုက်သလို ချင်မူ၏ရင်ဘတ်ဆီသို့ နှုတ်သီးအား ရက်ရက်စက်စက် ထိုးစိုက်လိုက်နိုင်သည်။
ချင်မူမှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူက ဓားမကို အားပြု၍ ထရပ်လိုက်၏။
ချီကျုံရီက ရွှေရောင်ခန္ဓာဖြင့် တောင်ပံခတ်လျက် ပျံသန်းလာသည်။ သူ၏ခေါင်းကိုးလုံးက ဓားပျံများအား မြေပြင်ပေါ်သို့ ခါချလိုက်၏။ ခေါင်းကိုးလုံးမီးငှက်က တဖြည်းဖြည်း လူပုံစံ ပြန်ပြောင်းလိုက်ပြီး သူ့ခန္ဓာကိုယ်အနောက်ရှိ ရွှေတောင်ပံများလည်း ပျောက်ကွယ်သွား၏။
“ချင်ဖုန်းကျင့်”
ချီကျုံရီက သရော်တော်တော် ပြုံး၍ မှန်တစ်ချပ်အား ချင်မူ့ဆီသို့ ပြကာ မှင်သေသေ ပြောလေသည်။ ”မြေအောက်ဘုံအရှင်သခင် ချိတ်ပိတ်ထားတဲ့ ယိုတုရဲ့သားတော်၊ ငါက မင်း ပြိုင်ဘက်မဟုတ်ဘူး ထင်နေလား... ငါက မင်းကို ဖမ်းရုံပဲ ဖမ်းချင်တာ.... မင်းအသက်ကို ယူဖို့ ရောက်လာတာ မဟုတ်ဘူး... ငါ့ရည်ရွယ်ချက်က မင်းရဲ့ ချိတ်တံဆိပ်ကို ဖျက်စီးပြီး မင်းရဲ့ ပုံစံအစစ်ကို ဖော်ထုတ်ဖို့ပဲ... ဒီမှန်က မြောက်ပိုင်းကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဘုံတွေကို အုပ်ချုပ်သူ၊ မဟူရာနတ်ဘုရား ဖန်တီးထားတဲ့ မှန်ပဲ....ဒါက မင်းကို ဖမ်းချုပ်ဖို့အတွက် အထူးသွန်းလုပ်ထားတာ... မင်းက ငါ့ကိုတောင် ထိခိုက်အောင် လုပ်နိုင်တယ်ဆိုတော့ မဆိုးဘူး”
“ငါ့ကို ဖမ်းချုပ်မယ်တဲ့လား .... ချုပ်ကြည့်လိုက်လေ”
ချင်မူက မှန်ကို လှမ်းလုလိုက်၍ ချီကျုံရီ ထိတ်လန့်သွားသည်။ မှန်မှာ သူ့လက်မှ လုခံလိုက်ရပြီး သူ့ထံ ရောက်လာသည်မှာ သူ့ဦးခေါင်းဆီသို့ ခုတ်ချလိုက်သော ဓားတစ်လက်ဖြစ်၏။
ချီကျုံရီမှာ ဓားကြောင့် သူ့ဦးနှောက် ကွဲထွက်သွားသလို ခံစားလိုက်ရ၍ သေလုမျောပါး နာကျင်သွားသည်။ သူက ဒယိမ်းဒယိုင်ဖြင့် ခေါင်းကိုးလုံးမီးငှက်ပုံစံ ပြန်ပြောင်းလိုက်သော်လည်း ခေါင်းတစ်ခေါင်းစီတွင် ဦးနှောက်အထိ စိုက်ဝင်နေသော ဝက်ခုတ်ဓားမတစ်လက်စီ ရှိနေသည်။
ချီကျုံရီ တောင်ပံခတ်ကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ချင်မူက ခြေတစ်လှမ်း ကြောသွားပြီး သူ့ကျောပေါ် ခုန်တက်ခဲ့ပြီးပြီဖြစ်သည်။ သူက ခေါင်းကိုးလုံးမီးငှက်ကို တရစပ် ထိုးနှက်နေ၍ ငှက်မွှေးတောင်များမှာ သွေးစများနှင့်အတူ ပျံ့လွင့်နေတော့သည်။
အောက်တွင် ဒဏ်ရာဒဏ်ချက်များဖြင့် ကျဲ့ဟွလီက ခပ်သွက်သွက် လျှောက်လာပြီး ဘူးအသေးလေးကို ကောက်လိုက်သည်။ သူက ဝမ်းသာအားရ ပြုံးနေသော်လည်း ခေါင်းမော့ကြည့်လိုက်သည့်အခါ မီးငှက်အား စီးနင်းထားသော ချင်မူ့အား မြင်လိုက်ရသည်။ သူ မအံ့ဩမိဘဲ မနေတော့ပေ။
‘နောင်တော်ချင်က သိပ်အားကောင်းတာပဲ... ချီကျုံရီကိုတောင် ဖိနှိပ်နိုင်တယ်... သူ့အစွမ်းအစတွေက ငါ့ထက် မျဉ်းတစ်ကြောင်း သာလောက်တယ်... ဒါမဲ့ ရှိခိုးကောင်ခမျာ ပုစဉ်းနဲ့ တိုက်ခိုက်ရင်း ငှက်ကျားကို သတိမထားမိဘူး.... အခု ဒီဘူးက ငါ့လက်ထဲ ရောက်ပြီဆိုတော့ နတ်ဘုရားစီရင်ရာဓားမက ငါ့ဓားမသိုင်းကို နောက်တစ်ဆင့် မြှင့်ပေးနိုင်လိမ့်မယ်”