← Chapters

ဆုပ်လည်း စူး၊ စားလည်း ရူး

Vol. 45 Ch. 609

ဆုပ်လည်း စူး၊ စားလည်း ရူး

Vol. 45 Ch. 609

ကျဲ့ဟွလီ၏အကြည့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ သူက ဘူးလေးကို ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် ကြည့်ပြီး ဖွင့်ကြည့်သော်လည်း စေ့နေအောင် ပိတ်ထားသဖြင့် ကလော်ဖွင့်စရာ နေရာမရှိပေ။ မိစ္ဆာဓားဖြင့် ခုတ်ကြည့်ရာတွင်လည်း အရာပင် မထင်။

ကျဲ့ဟွလီ၏ နဖူးမှ ချွေးပေါက်များ စီးကျလာသည်။ ကောင်းကင်နတ်သိုင်းမျိုးစုံဖြင့် ပစ်ခတ်ကြည့်ရုံသာမက ဖုရွေ့လော် သင်ပေးခဲ့ဖူးသော မိစ္ဆာကောင်းကင်နတ်သိုင်းများ သုံးကြည့်သော်လည်း ဘူးအား မဖွင့်နိုင်သေးပေ။

သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ မီးငှက်၏ အမွှေးအတောင်များက ဆောင်းဦးရွက်ကြွေများသဖွယ် ပျံဝဲလွင့်မျောနေသည်။ သို့သော် ရွက်ကြွေခြောက်များလို နွမ်းခြောက်မနေ၊ သွေးစွန်းနေသော မေပယ်ရွက်များသဖွယ် ဖြစ်နေ၏။

ချင်မူက လေလယ်တွင် ချီကျုံရီကို စီးနင်း၍ သူ့အမွှေးများကို ဆွဲနုတ်ကာ သူ့တစ်ကိုယ်လုံး သွေးအလိမ်းလိမ်း ဖြစ်နေသည့်တိုင်အောင် တရစပ် ထုရိုက်နေသည်။

ချီကျုံရီကလည်း အလွန်အကြောမာသည်။ ခေါင်းကိုးလုံးစလုံး ဓားမဖြင့် ခုတ်ခံထားရသည့်တိုင် လည်ပင်းကို ကွေးလှည့်ကာ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများအား ချင်မူ့ဆီသို့ ပစ်ခွင်းလျက် ရှိ၏။

ချင်မူကမူ သူ့ကိုသာ မရပ်မနား ထုရိုက်နေသည်။ ထိုစဉ် မီးငှက်ခေါင်းပေါ်ရှိ ဝက်ခုတ်ဓားမက ဓားပျံကိုးလက်ကိုသာ ချန်ရစ်ခဲ့ရင်း ရုတ်တရက် ပျံထွက်လာသည်။

ကျန်ဓားပျံများက ချင်မူ၏အရှေ့တွင် တောင်တန်းမြစ်ပြင်ပန်းချီကားတစ်ချပ် ဖွဲ့တည်လိုက်သည်။ ခေါင်းကိုးလုံးမှ တောင်တန်းမြစ်ပြင်များအား မည်မျှဝင်တိုက်စေကာမူ ၊ ပန်ချီကားသည် မပြိုကွဲသွားပေ။

ချင်မူ၏ရိုက်ချက်များမှာ ရက်စက်လွန်း၏။ ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများကိုသာ သုံးနေခြင်းမဟုတ်၊ ‘ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ’ ၊ ‘မိုးကြိုးငါးသွယ် ကောင်းကင်ပင့်မြှောက် ခေါင်းလောင်းတို့ကဲ့သို့ ကောင်းကင်နတ်သိုင်းများဖြင့်ပါ ရိုက်နှက်နေသည်။ တစ်ချက်တစ်ချက် ကြယ်အစုအဝေးများပင် သူ့အနောက်မှ ပေါ်လာတတ်ပြီး မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းကို ထုတ်ဖော်တတ်၏။

မည်သည့်ကောင်းကင်နတ်သိုင်းမဆို တောင်တန်းများကို နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ ပြင်းထန်လှပြီး နတ်ဘုရားလမ်းစဉ် ကောင်းကင်နတ်သိုင်းများတင်မက၊ ထူးဆန်းသော မိစ္ဆာလမ်းစဉ် ကောင်းကင်နတ်သိုင်းများကိုလည်း ထုတ်လွှတ်လိုက်၏။ ချင်မူက အားသိပ်မထည့်ထားသည့်အတွက် မိစ္ဆာသိုင်းစွမ်းအားတို့သည် နတ်ဘုရားသိုင်းစွမ်းအားထက် မပြင်းထန်သော်လည်း ချီကျုံရီ၏ ရုပ်ခန္ဓာကို ပစ်မှတ်ထား၍ တိုက်စားနိုင်သေး၏။ သူ၏ မူလဝိညာဉ်လည်း တိုက်စားခံနေရ၍ ကိုယ်ခံအားများစွာ ကျဆင်းစေသည်။

ဤသည်မှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံးဖြစ်၏။

ကျဲ့ဟွလီမှာ ချင်မူနှင့် ကျဲ့ဟွလီကို ကြည့်ရင်း တုန်လှုပ်နေသည်။ ချင်မူ၏ ကောင်းကင်နတ်သိုင်းများသာ သူ့ကို ထိမှန်လျှင် သေချာ‌ပေါက် အသားတို့ ကွဲထွက်သွားလိမ့်မည်။ သိုင်းကွက်လေး တစ်ကွက်၊ နှစ်ကွက်တည်းဖြင့် သူ၏မူလဝိညာဉ်လည်း ပျက်စီးသွားလိမ့်မည်။ ရုပ်ခန္ဓာပင် ပျော့ပြဲသွားနိုင်သည်။

“ချီကျုံရီက ဒီလောက်အထိ အတီးခံနေရတာ‌တောင် သေမသွားဘူး၊ ငါ့ထက် အမှန်တကယ် သန်မာတာပဲ.... သူ့ရုပ်ခန္ဓာမှာ အလိုအလျောက် ကုသနိုင်စွမ်း ရှိလိမ့်မယ်... အဲဒါကြောင့်သာ ခံနိုင်တာ နေမှာ... ဒါပေမဲ့ မကြာခင် ချင်မူကြောင့် သေတဲ့အထိ အရိုက်ခံရတော့မယ်... ချီကျုံရီ သေသွားတဲ့အချိန် ဒီဘူးဖွင့်ပြီး နတ်ဘုရားစီရင်ရာဓားမကို ငါ မယူနိုင်သေးရင် ချင်မူ သတ်မယ့် နောက်တစ်ယောက်က....”

ကျဲ့ဟွလီ အသက်ပြင်းပြင်းရှူကာ လေပေါ် ခုန်လိုက်သည်။ ထို့နောက် ကျောနောက်မှ မိစ္ဆာဓားမကို ဆွဲထုတ်ကာ အပေါ်ပစ်တင်လိုက်၏။ မိစ္ဆာဓားမက ရုတ်တရက် တုန်ခါသွားပြီး ၎င်းအနောက်တွင် ဧရာမမိစ္ဆာမျက်လုံးတစ်လုံး ဖွဲ့တည်လာသည်။

မိစ္ဆာမျက်လုံး ပေါ်လာသည်နှင့် ဓားမရောင်က မျက်လုံးထဲ၌ တောက်ပလာကာ ချင်မူနှင့် ချီကျုံရီဆီသို့ ဖြာထွက်သွား၏။

ဓားမသည် ရှည်လျားပြီး အပြန့်ကျယ်၏။ ကျဲ့ဟွလီ၏ ဓားမစွမ်းရည်က သားသတ်သမား၏ ကောင်းကင်ဓားမသိုင်းကွက် ကိုးကွက်နှင့် မတူ။ ကောင်းကင်ဓားမသိုင်းကွက် ကိုးကွက်က လမ်းမှန်ဖြစ်ပြီး အတွက်အချက်စွမ်းရည် မပါပေ။ အားကောင်းပြင်းထန်မှု၊ မှန်ကန်ဖြောင့်မတ်မှုနှင့် အဆုံးမဲ့သော စွမ်းအားတို့ဖြင့် ခံ့ညားထည်ဝါသော ‌စာပေသူရဲကောင်းတစ်ခု၏ ဓားမရိပ်များအား ဖော်ကျူးပြသခြင်းမျိုး ဖြစ်သည်။

ကျဲ့ဟွလီ၏ ဓားမသိုင်းကမူ အက္ခရာသင်္ချာတွင် ကျွမ်းကျင်သော လော့ဝူရွှမ်၏ ဓားမသိုင်းအား အမွေဆက်ခံထားခြင်းဖြစ်သည်။ တာအိုဂိုဏ်း၏ တာအိုဓားနှင့် ခပ်ဆင်ဆင် တူသော်လည်း တာအိုဓားက သင်္ချာအသုံးချ၍ မဟာတာအိုကို တွက်ချက်ခြင်း ဖြစ်ပြီး ကောင်းကင်ဓားမလော့၏ ဓားမသိုင်းသည် စည်းကမ်းများအသုံးချ၍ မဟာတာအိုကို တည်ဆောက်ခြင်း ဖြစ်၏။

ယင်းက ဓားမသိုင်းနှစ်ခု၏ အကြီးမားဆုံး ခြားနားချက်ပင်။

ကျဲ့ဟွလီ ဓားမကို မြှောက်ကာ ရယ်လိုက်သည်။ “နောင်တော်တို့၊ ဒီနေ့ကိစ္စကို ဒီတိုင်း ထားလိုက်ကြရအောင်... နှစ်ယောက်လုံးလည်း စိတ်အေးအေးထားကြပါ... ငါတို့အားလုံးက အခြားဂြိုဟ် ရောက်နေတာမဟုတ်လား... အချင်းချင်း ဖေးမကူပြီး ထွက်သွားနိုင်မယ့် နည်းလမ်းလေးဘာလေး တွေးကြတာပေါ့... ဘာလို့တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေမှာလဲ”

ထိုသို့ပြောလိုက်သော်လည်း သူ၏ဓားမက နှစ်‌ယောက်ကြား ဖြန်ဖျေပေးနေသည်နှင့် မတူပေ။ ဓားဆီမှ အားလှိုင်းတို့က ချင်မူ့အပေါ် ကျရောက်နေပြီး ချီကျုံရီပေါ် ကျရောက်သွားသော ဓားအားလှိုင်းတို့မှာမူ အနည်းငယ်သာ ရှိ၏။

ချီကျုံရီမှာ ဒဏ်ရာအပြင်းအထန် ရထားသူမဟုတ်ပါလော။ သူ့ကိုသာ ဖိနှိပ်လိုက်လျှင် တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။ အခြားတစ်ဖက်တွင် ချင်မူမှာ သန်မာအားကောင်းနေသေးသောကြောင့် သူ့အနေဖြင့် ချင်မူ့ကို ရိုက်ချပြီး နောက်ဆုတ်ခိုင်းရန် လိုအပ်၏။

သူ၏ဓားမရောင် တရှိန်ထိုး ပြေးဝင်သွားသည့်အခါ ချင်မူက တမုဟုတ်ချင်း လက်ဆန့်ကာ ဖမ်းဆုပ်လိုက်သည်။ တောင်တန်းမြစ်ပြင်ပန်းချီမှာ သူ့ဆီသို့ ဦးတည်လျက် ကျုံ့သွားပြီး ဓားစက်လုံးအသွင် ဖွဲ့တည်သွားသည်။

ချင်မူက ဓားကို ဝိုက်ဆွဲလိုက်ပြီး ဓားတိုင်လုံးတစ်လုံး ထွက်ပေါ်လာသည်။ ဓားတိုင်လုံးက မိစ္ဆာဓားမကို ရိုက်ထုတ်လိုက်၍ တွန်းအားကြောင့် ချင်မူ လွင့်ထွက်သွားပြီး ချီကျုံရီ၏ ကျောပေါ် ပြုတ်ကျသွား၏။

ချင်မူမှာ ကောင်းကင်နတ်သိုင်းများစွာ အဆက်မပြတ် ထုတ်လွှတ်ခဲ့ရပြီး ချီစွမ်းအင်မကျန်တော့သောကြောင့် ကျဲ့ဟွလီကို မရင်ဆိုင်နိုင်ပေ။

ကျဲ့ဟွလီမှာလည်း ချင်မူ့ကို ဓားမတစ်ချက်ဖြင့် မသတ်နိုင်ခဲ့၍ သက်ပြင်းခိုးချလိုက်မိသည်။ ကောင်းကင်ယံရှိ ဓားမရောင်များက မိစ္ဆာဓားမအဖြစ် ပြန်စုစည်းကာ ပြန်လည်ပျံသန်းလာသည်။ ဓားမက ကျဲ့ဟွလီ၏ ကျော၌ လွယ်ထားသော ဓားမအိမ်ထဲ ပြန်ဝင်သွားသည်။

ကျဲ့ဟွလီသည် ချီကျုံရီ၏ အနိုင်ယူခြင်း ခံခဲ့ရသောကြောင့် ဒဏ်ရာဒဏ်ချက်များ ပြည့်နေသည်မဟုတ်ပါလော။ သူ၏လက်ကျန်ချီစွမ်းအင်က ချင်မူ့ထက် သိပ်သည်းများပြားစေကာမူ နှစ်ယောက် တကယ် တိုက်ခိုက်လျှင် ချင်မူ့ကို အနိုင်ယူရန် သူ ယုံကြည်ချက်မရှိပေ။

ထို့အပြင် ချင်မူ့ကို သတ်နိုင်လျှင်လည်း ချီကျုံရီကို ရင်ဆိုင်ရဦးမည်။ ချီကျုံရီ၏ အစွမ်းအစများကလည်း သူ့ထက် သာသည်။ အဆုံးတွင် ရှုံးမည့်သူက သူသာ ဖြစ်၏။

ကျဲ့ဟွလီ ဓားမကို ဓားအိမ်ထဲ ပြန်ထည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နောင်တော်တို့၊ ဒီနေရာမှာ ငါတို့မတွေ့ချင်လည်း တွေ့နေရဦးမှာပါ... ဒါကြောင့် အချင်းချင်း အလျှော့ပေးလိုက်ရင် မကောင်းဘူးလား”

မီးငှက်ချီကျုံရီက မြေပြင်ပေါ် ဆင်းသက်ကာ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ သူက နာကျင်စွာ တစ်ချက် ညည်း၍ တဖြည်းဖြည်း လူအသွင် ပြန်ပြောင်းသွား၏။ သူ့ခေါင်းကိုးလုံးတွင် ဓားကိုးလက်က စိုက်နေသေး၍ ခေါင်းကိုးလုံး တစ်လုံးတည်း ပေါင်းသွားသည့်အခါ ဓားကိုးလက်သည် တစ်လက်တည်း မပေါင်းသွားဘဲ သူ့ခေါင်းအား ဆွဲဖြဲတော့မည့်အလား ဖြစ်သွား၏။

ချီကျုံရီ ဓားများအား ကပျာကယာ ဆွဲထုတ်လိုက်ရသည်။ သူ့ကျောပြင်မှာလည်း သွေးတို့ ရဲပလောင်း ခတ်နေပြီး အရိုးများလည်း ကျိုးကြေနေသည်။ ချီကျုံရီသည် ခံ့ညားတင့်တယ်သော လူငယ်တစ်ယောက် ဖြစ်ပါသော်လည်း ချင်မူ၏ ရိုက်ချက်များကြောင့် ဝက်ခေါင်းလို ဖြစ်နေသည်။ ချင်မူနှင့် ကျဲ့ဟွလီ နှစ်ယောက်ပေါင်း၍ တိုက်ခိုက်ခဲ့စဉ်တုန်းကထက် အခြေအနေဆိုး၏။ သူ့မှာ ‘တင့်တယ်ကြော့ရှင်းသည်’ ဆိုသော စကားဖြင့် လားလားမျှ မသက်ဆိုင်တော့ပေ။

သူ့အတွက် ကံကောင်းသည်မှာ ပြန်ကုသနိုင်စွမ်းက မြန်နေခြင်းဖြစ်သည်။

ချင်မူကလည်း လျှောက်လာ၍ သုံးယောက်သား သုံးပွင့်ဆိုင် ရပ်လိုက်ကြ၏။

ချင်မူက ဓားပျံကိုးလက်ဆီသို့ ကြည့်ကာ ချိုသာစွာ မေးလေသည်။ “နောင်တော်ချီရဲ့ အစွမ်းအစတွေက သန်မာအားကောင်းချက်ပဲ.... မှန်ကိုသာ မသုံးခဲ့ရင် ရှုံးခဲ့မှာမဟုတ်ဘူး... ငါတို့နှစ်ယောက် သူသေကိုယ်သေသာ တိုက်ခိုက်ရင် အနိုင်အရှုံးက ၅၀-၅၀ ပဲ ဖြစ်လိမ့်မယ်.... နောင်တော်ချီ၊ ကျေးဇူးပြုပြီး အဲဒီဓားပျံတွေ ငါ့ဆီ ပြန်ပေးလို့ရမလား”

ချီကျုံရီ မဲ့ပြုံးပြုံး၍ ဓားကိုးလက်အား တင်းတင်းဆုပ်လိုက်မိ၏။ “၅၀-၅၀ ဟုတ်လား... မင်းက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်သိုင်းတွေကို အထင်သေးနေတာပဲ... နောင်တော်ချင်၊ ငါ့ကို မှန်ပြန်ပေးလို့ရမလား”

“မရဘူး”

ချင်မူက လက်ခါကာ ပြောလိုက်သည်။ “အခုတော့ ဓားကိုးလက်ကို ယူထားချင် ယူထားပေါ့... နောင်တော်ချီကို သတ်ပြီးမှ ပြန်ယူပါတော့မယ်... နောင်‌တော်လီ၊ အဲဒီဘူးလေးကို ငါ့ဆီ ပြန်ပေးလို့ရမလား... အဲဒါလေးအတွက် ငါ့မှာ အသက်နဲ့တောင် လောင်းကြေးထပ်ခဲ့ရတာမလို့ပါ... နောင်တော်ချီနဲ့ နောင်တော်လီက ငါ့ကို တံခါးပိတ်ထားခဲ့တယ်လေ... ငါ ဉာဏ်ကောင်းခဲ့လို့မဟုတ်ရင် အသက်ရှိမှာမဟုတ်တော့ဘူး”

ကျဲ့ဟွလီက ခြောက်ကပ်ကပ် ရယ်၍ ပြောလိုက်သည်။ “နောင်တော်ချင် ငါ့ကို သတ်ပြီးရင် ပြန်ယူနိုင်ပါတယ်”

“မလုပ်ဝံ့ပါဘူး” ချင်မူ့မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။

ချီကျုံရီကလည်း ကျဲ့ဟွလီ၏ လက်ထဲရှိ ဘူးသေးသေးလေးကို စိုက်ကြည့်နေ၏။ ကျဲ့ဟွလီ၏အကြည့် လှုပ်ခတ်သွားပြီး သွေးတိုးစမ်းကြည့်လိုက်သည်။ “နောင်တောင်ချီက ကောင်းကင်နတ်ဘုံမှာ အလေးစားခံလူတစ်ယောက် မဟုတ်လား.... နောင်တော်ချီရဲ့ ဆရာကလည်း အဆင့်အတန်း အတော်မြင့်တဲ့သူဆိုတော့... ဒီဘူးလေးကို ဘယ်လိုဖွင့်ရမလဲ သိလောက်ပါတယ် ... ဖွင့်နည်း ပြောလို့ရမလား”

ချီကျုံရီက တဟွတ်ဟွတ် ချောင်းဆိုးကာ အရိုးအစအနများအား ထွေးထုတ်လိုက်သည်။ သူ၏လိမ်ကျိုးနေသော ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း မတ်လာသလို၊ နဖူးပေါ်ရှိ ဓားဒဏ်ရာလည်း တစတစ ကျုံ့သွား၏။ ချင်မူနှင့် ကျဲ့ဟွလီ ထိတ်လန့်လာသည်။

ချီကျုံရီ ပြန်လည်သက်သာလာသည့်နှုန်းက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်။ ဤမျှဒဏ်ရာအပြင်းအထန် ရထားသည့်တိုင် လျင်မြန်စွာ သက်သာသည့်အတွက် သူ၏ခန္ဓာမှာ မသေနိုင်သော ထာဝရခန္ဓာ ဖြစ်လိမ့်မည်။

အရိုးအစအနများ သူ ထွေးထုတ်လိုက်သော အကြောင်းရင်းမှာ ရင်အရိုးအသစ်များ ပြန်ထွက်လာသောကြောင့် ဖြစ်သင့်သည်။

ချင်မူ အလွန်အားကျမိသွားသည်။ ဤထာဝရခန္ဓာမျိုးမှာ အမှန်တကယ် အသုံးဝင်ပေသည်။ ချီကျုံရီ၏ ဧကရာဇ်ပလ္လင်ကျင့်စဉ်ကြောင့်လား၊ မီးငှက်မျိုးနွယ်၏ မွေးရာပါပါရမီလားတော့ သူ မသိပေ။

ချောင်းဆိုးပြီးနောက် ချီကျုံရီမှာ သက်သာလာပြီး မောဟိုက်ပင်ပန်းစွာ အသက်ရှူနေသည်။ “ငါ့ကို အဲဒီဘူးလေးပေး... ငါ ဖွင့်ပေးမယ်” သူ၏မောဟိုက်ပင်ပန်းနေသောအသံအရ ဒဏ်ရာကျက်နှုန်း အလွန်မြန်သော်လည်း ခန္ဓာအတွက် ဒဏ်ဖြစ်နေသေးကြောင်း ထင်ရှားသည်။ မဟုတ်လျှင် ဤမျှမောဟိုက်နေမည် မဟုတ်ပေ။

ကျဲ့ဟွလီက ခေါင်းယမ်းကာ ပြောလေသည်။ “ဒီဘူးလေး မင်းလက်ထဲ ရောက်သွားလို့ နတ်ဘုရားစီရင်ရာဓားမ ထွက်လာရင်... နောင်တော်ချင်နဲ့ ငါ ခေါင်းပြတ်သွားမှာပေါ့”

ချင်မူ အကြုံပြုလိုက်သည်။ “ဒီလိုလုပ်မလား နောင်တော်လီ၊ ငါတို့ အရင်ဆုံး နောင်တော်ချီကို ရှင်းပစ်ကြမယ်... ပြီးမှ ဒီဘူးလေးကို ဖွင့်ကြည့်ကြမယ်လေ... ငါတို့နှစ်ယောက်ရဲ့ ဉာဏ်ရည်နဲ့ဆို သေချာပေါက် ဖွင့်နိုင်မှာပါ”

ကျဲ့ဟွလီက ပြုံးပြသည်။ “မင်းကို ယုံရင် ငါ အရူး ဖြစ်သွားလိမ့်မယ်”

သုံးယောက်သား ရှေ့မတိုး နောက်မဆုတ်ကြပေ။

ရုတ်တရက် သူတို့အနောက်မှ အက်ကွဲကွဲအသံတစ်သံ ထွက်လာသည်။ “မင်းတို့တွေ လုနေကြပေမယ့် ပိုင်ရှင် ငါ့ကိုရော မေးပြီးကြပြီလား... ဒီဘူးလေးကို ပိုင်ရှင်အမှန်ဆီ ပြန်ပေးတော့”

ချင်မူတို့သုံးယောက်၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။ ချင်မူ အသံလာရာသို့ အလျင်အမြန် လှည့်ကြည့်လိုက်သည့်အခါ ပိန်ရှုံ့နေသောချိရှီက မီးခြစ်ဆံလို ခြေထောက်များဖြင့် လျှောက်လာနေသည်ကို မြင်လိုက်ရ၏။ ခြေထောက်များကား သူတို့ဆီမှ သိပ်မဝေးတော့ပေ။

ချိမင်ခေတ်မှ ဤအာဏာပါးကွပ်သား၏ ခေါင်းသုံးလုံးမှာ ပုပ်ပွနေသည့် ခရမ်းချဉ်သီးများလို ရှုံ့တွနေသည်။ သူ၏မျက်တွင်းများက ချောင်ကျနေပြီး မျက်လုံးနှစ်လုံးမှာ ခြောက်ကပ်နေသည်။ သူ၏လည်ပင်းမှာလည်း ခေါင်းသုံးလုံးအား မထိန်းထားနိုင်၍ အချိန်မရွေး ကျိုးတော့မည့်အလား ထင်ရသည်။

သူ့ပုံစံမှာ ခေါင်းသုံးလုံး ပုဇွန်ထုပ်ကြီးလို ဖြစ်နေပြီး ဘယ်ဘက်ရှိ လက်သုံးဖက်က တုတ်ချောင်းတစ်ချောင်းအပေါ် အမှီပြုထားသည်။ သူသည် ဤတုတ်ချောင်းဖြင့် ခက်ခက်ခဲခဲ လျှောက်လာခြင်း ဖြစ်လိမ့်မည်။

ချင်မူနှင့် ချီကျုံရီက ဤနေရာတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သောကြောင့် ချိရှီအနေဖြင့် နေရာရှာတွေ့ရန် မခဲယဉ်းပေ။ သို့သော် တုတ်‌ချောင်းတစ်ချောင်းကို အားပြုရင်း အဘယ်သို့ပြု၍ ဤနေရာအထိ လျှောက်နိုင်ခဲ့သနည်း။ ချင်မူက အဝေးကြီး ပြေးခဲ့ပြီးနောက်မှ ချီကျုံရီနှင့် တွေ့ခဲ့ရခြင်းမဟုတ်ပါလော။

ချိရှီတွင် ထူးခြားသော အစွမ်းအစများ ရှိလိမ့်မည်။ ထိုအစွမ်းအစများကြောင့်သာ ခက်ခက်ခဲခဲ လျှောက်နေရသော်လည်း မှော်စွမ်းအင်တချို့ သုံးနိုင်သေးခြင်းဖြစ်သည်။

ချင်မူ့နဖူးမှ သွေးကြောများ ထောင်လာပြီး တစ်ခုတွေးလိုက်မိသည်။ “မိုးရွာခဲ့တာလား”

“ဟုတ်တယ် မိုးရွာခဲ့တယ်”

ချိရှီမှာ အချိန်မရွေး ငေါက်ခနဲ သေတော့မည့်နှယ် ရှိနေသည်။ သူက အားနည်းဖျော့တော့စွာ ပြောလေသည်။ “မင်း ထွက်သွားပြီး မကြာခင်မှာပဲ မိုးရွာတယ်... ကောင်းကင်ဘုံက ငါ့ကို မျက်နှာသာပေးခဲ့လို့ နောက်ဆုံးတော့ အဆိပ်မခတ်ထားတဲ့ရေ သောက်ခဲ့ရတယ်လေ”

ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် မလှုပ်မယှက် ရပ်နေသည်။ ကျဲ့ဟွလီနှင့် ချီကျုံလီက တဖြည်းဖြည်း နောက်ဆုတ်သွားပြီး လှစ်ခနဲ လှည့်ပြေးလိုက်ကြ၏။

ဘုန်း ဘုန်း

နှစ်ယောက်သား မမြင်ရသော နံရံတစ်ခုကို ပြေးတိုက်မိကာ နောက်လန်ကျသွားသည်။

ချိရှီက မှင်သေသေ ပြော၏။ “ဒီကမ္ဘာပေါ်မှာ ငါ့လက်ကနေ လွတ်တဲ့ လူတစ်ယောက်မှ မရှိဘူး.... မင်းက ပထမဆုံးပေါ့.... မင်းကိုယ်မင်း ဂုဏ်ယူသင့်တယ်”

သူဆိုလိုသည်က ချင်မူ ဖြစ်၍ ချင်မူက ရိုးသားဖြူစင်စွာ ပြုံးပြလိုက်သည်။

ရုတ်တရက် ကျဲ့ဟွလီက ဘူးသေးသေးလေးကို ချင်မူ့ဆီ လှမ်းပစ်ကာ အော်လိုက်သည်။ “နောင်တော်ချင်၊ ငါ မင်းရဲ့ရတနာကို  ပြန်ပေးလိုက်ပြီနော်... ဆရာကြီး၊ သက်ရှည်ကျန်းမာပါစေ... ကျွန်တော် သွားလိုက်ပါဦးမယ်” သူ စကားပြောပြီးသည့်အခါ မမြင်ရသောနံရံကို ပြေးတိုက်လိုက်မိပြန်သည်။

ကျဲ့ဟွလီမှာ ပြန်လှည့်လာပြီး လိမ်လိမ်မာမာသာ ရပ်နေလိုက်ရသည်။

အခြားတစ်ဖက်တွင် ချင်မူ၏ ရိုးသားဖြူစင်သော အပြုံးမှာ တိုးလို့တန်းလန်း ဖြစ်သွားပြီး လက်ထဲ ရောက်လာသည့် ဘူးလေးကို ချီကျုံရီဆီသို့ ပစ်ပေးလိုက်သည်။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “နောင်‌တော်ချီက ဒီဘူးကို ဖွင့်နိုင်တယ်မလား... နောင်တော်ချီပဲ ယူလိုက်တော့”

“ချိမင်ခေတ်ရဲ့ အလောင်းတစ်လောင်းကများ... ရာရာစစ ကောင်းကင်နတ်ဘုံကို အာခံရဲတယ်ပေါ့... ကျုပ် ခင်ဗျားကို သတ်ပြမယ်”

ချီကျုံရီက ပြုံး၍ လက်ချောင်းများအား နိမ့်ချည်၊ မြင့်ချည် လှုပ်ရှားလိုက်သည်။ သူ့လက်ချောင်းဆယ်ချောင်းမှ သင်္ကေတအမှတ်အသားများ စီးမျောထွက်လာကာ ဘူးကို ဖွင့်ရန် ကြိုးစားနေ၏။

တခဏကြာသော် သူ့မျက်နှာ မည်းမှောင်သွား၏။ ဘူးလေးအား မည်သို့မျှ မဖွင့်နိုင်ပေ။

‌ကောင်းကင်နတ်ဘုံ၌ ရှိသည့် နတ်ဘုရားစီရင်ရာဓားမ ဘူးလေးတွင်လည်း အတားအဆီးအစီအရင်တစ်ခု ရှိသည်။ ထိုဘူးကို ဖွင့်နိုင်သည့် သင်္ကေတအမှတ်အသား အစီအစဉ်များအား သူ သိသော်လည်း ဤဘူးကမူ ချိမင်ခေတ်မှ ဘူးဖြစ်သည့်အတွက် ကောင်းကင်နတ်ဘုံရှိ ဘူးနှင့် မတူပေ။

ချီကျုံရီ၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး ချင်မူ့အား အားကိုးတကြီး ကြည့်လိုက်သည်။ ချင်မူက ကောင်းကင်ကို မော့ကြည့်ရင်း တိမ်တိုက်များနှင့်အတူ စီးမျောခံစားနေဟန် ဖမ်းလိုက်၏။

ချီကျုံရီ ကျဲ့ဟွလီဆီသို့ အားကိုးတကြီး လှမ်းကြည့်သောအခါ ကျဲ့ဟွလီက သူ့လက်သည်းများသူ ငုံ့ကြည့်ရင်း လက်သည်းကိုက်နေသည်။

ချီကျုံရီမှာ သူ့ဆီသို့ လျှောက်လာနေသော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ‘အလောင်း’ အား လှမ်းကြည့်လိုက်သည်။ သူက ရုတ်တရက် ဒူးထောက်ကာ ဘူးလေးကို လက်နှစ်ဖက်ဖြင့် မြှောက်လိုက်၏။ “ဆရာကြီး အသက်ချမ်းသာပေးပါ”

ချိရှီက နှာခေါင်းရှုံ့ကာ တုတ်ချောင်းကို အားပြုရင်း ကတုန်ကယင် လျှောက်လာသည်။ “ဒီဘူးက ချိမင်ခေတ်ရဲ့ သင်္ကေတအစီအရင်တွေကို သုံးထားတာပဲ... မင်းတို့ ကောင်းကင်နတ်ဘုံကဆိုတဲ့ သင်္ကေတတွေကို သုံးလိုက်ရင် ကျွဲပါးစောင်းတီးနေသလို ဖြစ်လိမ့်မယ်... ကဲ မလုကြတော့ဘူးလား... မင်းတို့တွေ လုနေတာ ကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်ကွ... လုကြစမ်းပါ”

ချင်မူ မျက်တောင်ပုတ်ခတ်ကာ ကျဲ့ဟွလီအား ကြည့်လိုက်သည်။

ကျဲ့ဟွလီလည်း သူ့ကို ကြည့်ကာ တွေးလိုက်မိ၏။ ‘သူလည်း ငါ့လို ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်သင့်လား မသင့်လား တွေးနေတာပဲ ဖြစ်မယ်... ဒူးထောက်ရမလား၊ မထောက်ရဘူးလား’

ကျဲ့ဟွလီ အကြပ်ရိုက်နေသည်။

ချင်မူက တွေးနေသည်။ ‘ကျဲ့ဟွလီက ငါနဲ့ အတွေးတူတယ်... သူကမှ ငါ့ရဲ့ အဓိကရန်သူတော်ကြီးပဲ... ဘယ်လိုပဲဖြစ်ဖြစ် ချိရှီက ငါတို့သုံးယောက်ကို သတ်ပြီး ငါတို့သွေးနဲ့ သူ့ရုပ်ခန္ဓာကို အားဖြည့်လိမ့်မယ်’

“ဒီတော့ ဘယ်သူမှ ဒီဘူးကို မလုကြတော့ဘူးလား”

ချိရှီက သရော်တော်တော် ပြုံးလျက် တုတ်ချောင်းဖြင့် လမ်းလျှောက်လာသည်။ “ဘယ်သူမှ မလိုချင်ရင် ငါ...”

ရုတ်တရက် အသံတစ်သံ ထွက်လာ၏။ “ငါ လိုချင်တယ်”

လက်တစ်ဖက်က ချီကျုံရီ၏ လက်နှစ်ဖက်ပေါ်ရှိ ဘူးအသေးလေးကို အသာလေး ဆွဲယူလိုက်လေသည်။

၎

င

၎

၎

All Chapters