← Chapters

ဘူးလေးကို ဖွင့်ခြင်း

Vol. 45 Ch. 610

ဘူးလေးကို ဖွင့်ခြင်း

Vol. 45 Ch. 610

ချင်မူ၊ ကျဲ့ဟွလီနှင့် ကျန်ရှိသူများ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။ သူတို့အားလုံး အသံလာရာဆီသို့ ကမန်းကတန်း လှည့်ကြည့်လိုက်ပြီး ဘူးလေးကို ဆွဲယူသွားသော လက်ဝါးကြီးကို မြင်လိုက်ရသည်။ လက်ဝါး၏ ပိုင်ရှင်မှာ သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်ပြီး ပုဆိန်တစ်လက်ကို ကိုင်လျက် ဝါးခမောက်တစ်လုံး ဆောင်းထား၏။ သူ့တွင် ကြီးထွားတုတ်ခိုင်သော လက်မောင်းများ၊ တောင့်တောင့်တင်းတင်း ခါး၊ ထူပိန်းပိန်း မျက်ခုံးများနှင့် ခပ်ဝိုင်းဝိုင်း မျက်လုံးများ ရှိသည်။

သူ့အသွင်မှာ ယခုလေးတင် ထင်းခုတ်ပြန်လာသော သစ်ခုတ်သမားနှင့် တူသော်လည်း ရုပ်သွင်ကမူ စာပေသမားကဲ့သို့ တည်ကြည်လေးနက်နေရာ အဝတ်အစား၊ အပြုအမူများနှင့် ဆန့်ကျင်နေ၏။

သူ့လက်ထဲတွင် ဘူးလေးမှာ ပိစိကွေးလေး ဖြစ်နေသည်။

“တန်ခိုးရှင်သစ်ခုတ်သမား” ချင်မူ ဝမ်းသာသွားသည်။

ကျဲ့ဟွလီမှာ အံ့အားသင့်သွား၏။ “ကောင်းကင်ဆရာသခင်”

အခြားတစ်ဖက်တွင် ဒူးထောက်နေသော ချီကျုံရီက ခေါင်းမော့ကြည့်ပြီး အံ့ဩသွားသည်။ ‘လော့ဖူကောင်းကင်ဘုံကို စတေးမယ် ခြိမ်းခြောက်ပြီး ဖုရွေ့လော်ကို မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ရေးထိုးခိုင်းခဲ့တဲ့လူ’

သူက တိတ်တိတ်ကလေး ပြန်ထကာ နောက်ဆုတ်သွားသည်။ ထွက်သွားချင်သော်လည်း ထွက်မသွားရဲပေ။

ချိရှီ၏ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်မှာ ပိန်ချုံးခြောက်ကပ်နေသည်။ သူက သစ်ခုတ်သမားကို ခက်ခက်ခဲခဲ ခေါင်းမော့ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ “လိုချင်တယ်ပေါ့ ယူရဲလား”

တန်ခိုးရှင်သစ်ခုတ်သမားက လေး‌ထောင့်ကျကျ ဘူးလေးကို မြှောက်ကြည့်ပြီး လေ့လာ၏။ “ဘာလို့ မယူရဲရမှာလဲ... မင်းက ကျင့်စဉ်စွမ်းအင်တောင် ရှိတာမဟုတ်ဘူး... ရုပ်ခန္ဓာကလည်း ရှုံ့တွနေတယ်... မင်းရဲ့ ထိပ်ဆုံးအခြေအနေမှာဆိုရင်တောင် ငါ မင်းကို သက်ညှာပေးမိဦးမှာ.... အခု မင်းအခြေအနေက လေရှုံ့နေတဲ့ ပူဖောင်းအတိုင်း ဖြစ်နေတော့ တိုက်ခိုက်ချင်စိတ်အောင် ကုန်တယ်... ရော့ ယူလိုက်”

သူက လက်ကောက်ဝတ်ကို လှီးလိုက်၍ နတ်ဘုရားသွေးသည် လက်ကောက်ဝတ်မှ လွင့်မျောသွား၏။

ချိရှီမှာ သူ့ဆီမှ လွင့်မျောလာသော နတ်ဘုရားသွေးကို ကြည့်ပြီး မမြိုသိပ်နိုင်တော့ဘဲ ပါးစပ်ဟလိုက်သည်။ တန်ခိုးရှင်သစ်ခုတ်သမား၏ လက်ကောက်ဝတ်မှ နတ်ဘုရားသွေးက သူ၏ပါးစပ်ပေါက်သုံးပေါက်ဆီသို့ စီးဆင်းသွားသည်။

တန်ခိုးရှင်သစ်ခုတ်သမား၏ သွေးကို ရသည့်အခါ သူ၏ပိန်ရှုံ့နေသော ခန္ဓာကိုယ်သည် ပကတိမျက်စိဖြင့်ပင် မြင်ရသော အတိုင်းအတာအထိ လျင်မြန်စွာ ပြည့်ဖြိုးလာ၏။ သွေးတို့က သူ၏သွေးကြောများတစ်လျှောက် တရှိန်ထိုး စီးဆင်းသွားပြီး နှလုံးခုန်သံလည်း တစထက်တစ ကျယ်လောင်လာသည်။ သူ့ကိုယ်ထဲရှိ ခြောက်ကပ်နေသည့် အတွင်းအင်္ဂါ တစ်ခုပြီးတစ်ခု အလုပ်ပြန်လုပ်ကြသည်။

သူ၏ချီစွမ်းအင်လည်း များစွာအားကောင်းလာသည်။ သူ၏မျက်နှာတွင် တဖြည်းဖြည်း သွေးရောင်သမ်းလာပြီး နဂိုရုပ်ပေါ်လာသည်။

ချိရှီသည် အတော်လေး ကြည့်ပျော်ရှုပျော် ရှိသော သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်၏။ သူ့ခေါင်းသုံးခေါင်း၏ မျက်နှာသုံးခုမှာ ချွတ်စွပ်တူပြီး ဓားသဖွယ် ဖြောင့်တန်းနေသော မျက်ခုံးများ ရှိသည်။ သူ့မျက်ခုံးအကြားတွင် အသတ်အဖြတ်အရှိန်အဝါအလွန်အားကောင်းနေခြင်းမှာ ချိမင်ခေတ်၏ အာဏာပါးကွပ်သားတစ်ယောက် ဖြစ်ခဲ့သောကြောင့် ထင်ရသည်။

သူ၏အရှိန်အဝါက အားကောင်းသထက် အားကောင်းလာ၍ မကြာမီ ချင်မူ၊ ကျဲ့ဟွလီနှင့် ချီကျုံရီတို့၏ ခန္ဓာကိုယ်များ တုန်ရီလာကြသည်။ သူတို့အနေဖြင့် နောက်ဆုတ်ရုံအပြင် ရွေးချယ်စရာမရှိတော့ပေ။

ချိရှီ အနည်းနှင့်အများ အားပြန်ပြည့်လာနေသည့်အချိန် တန်ခိုးရှင်သစ်ခုတ်သမား၏ လက်ကောက်ဝတ်ပေါ်ရှိ ပြတ်ရှရာက ကျက်သွားပြီး သွေးမထွက်တော့ပေ။

“မင်းရဲ့ မူလဝိညာဉ်က နှစ်နှစ်သောင်းတိုင် ခြောက်ကပ်နေခဲ့တာဆိုတော့ ဖြည်းဖြည်းချင်း အားပြန်ဖြည့်သင့်တယ်”

တန်ခိုးရှင်သစ်ခုတ်သမား၏ အကြည့်က ဘူးလေးအပေါ်တွင်သာ ဖြစ်သည်။ ချိရှီကို အာရုံမစိုက်ပေ။ အတန်ကြာသော် သူက မေးလေသည်။ “ချင်မူ၊ ဒီဘူးလေးက ဘယ်ကလာတာလဲ”

ချင်မူ ပြောလိုက်သည်။ “အစ်ကိုကြီး ရှာတွေ့ခဲ့တာ”

“သူကလား”

တန်ခိုးရှင်သစ်ခုတ်သမားက တအံ့တဩ မေးသည်။ “ဘယ်မှာလဲ သူက”

“အစ်ကိုကြီးနဲ့ တစ်ခါမှ မတွေ့ရသေးဘူး... ကျွန်တော် မဟာမြို့ပျက်ထဲက နန်းဆောင်အပျက်တစ်ခုမှာ သူ ချုပ်ထားတဲ့ နဂါးဆိုးတစ်ကောင်ကို တွေ့ခဲ့တယ်... အဲဒီနဂါးကို ကျွန်တော် သတ်လိုက်တော့ အစ်ကိုကြီးရဲ့ ဒယ်အိုးထဲက ကြယ်သဲမှုန်တွေက မြေပုံတွေ ဆွဲပြခဲ့တာပါ... ဒါပေမဲ့ သူကိုယ်တိုင်တော့ ပေါ်မလာခဲ့ဘူး”

ချင်မူ အဖြစ်အပျက်တစ်ခုလုံးအား ခပ်သွက်သွက် ပြောပြလိုက်သည်။ “ဒီဆန်းကြယ်ကြယ်‌ပေါ်က နတ်ဘုရားစီရင်ရာစင်မြင့်ကလည်း မြေပုံတစ်ခုဗျ... ကျွန်တော် မြေပုံအတိုင်း သွားရင်း ဒီနေရာကို ရောက်လာပြီး ဒီဘူးလေးကို တွေ့ခဲ့တာပါ.... အစ်ကိုကြီးက ကောင်းကင်သံသရာကြယ်ဝင်္ကပါနဲ့ ဒီဘူးလေးကို ပိတ်ထားခဲ့တာ... သင်္ချာပုစ္ဆာတစ်ခုလည်း ထားခဲ့တယ်... ကျွန်တော် ပုစ္ဆာကို တွက်ကြည့်တော့ အဖြေက နှစ် ၃၅၀၀၀၀ တဲ့”

“နှစ် ၃၅၀၀၀၀ ...”

တန်ခိုးရှင်သစ်ခုတ်သမားက တစ်ယောက်တည်း ရေရွတ်နေ၏။ “ဒီအရူးကတော့ ဘာလို့ ပ‌‌ဟေဠိတွေပဲ ချန်ခဲ့မှန်း မသိဘူး... ငါ့နှယ်၊ ငါ့ကို သဲလွန်စ ပေးနေတာလား... မြေပုံတွေ ပြခဲ့တာ ဘာလုပ်ဖို့ပါလိမ့်.... ဒီမြေပုံတွေက မင်းအတွက် မဟုတ်ဘူး၊ ငါ့အတွက် ချန်ခဲ့တာ... သူက သူ ချန်ခဲ့တဲ့ သဲလွန်စတွေကို ငါ လိုက်ရှာတာ လိုချင်နေတာပဲ... မင်း မြေပုံတွေကို ရှာတွေ့သွားတာကတော့ တိုက်ဆိုင်တယ် ဆိုရမယ်”

ချင်မူ ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀၀ က ချိမင်ခေတ်တဲ့... ဒီဆရာကြီးချိရှီက လွန်ခဲ့တဲ့ နှစ်၃၅၀၀၀၀ ကပါ”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းညိတ်ပြ၏။ “သိတယ်... သူ့ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် မြင်ကတည်းက ချိမင်ခေတ်ကမှန်း တန်းသိတယ်... ချိမင်ခေတ်ရဲ့ မြို့ပျက်တွေကို ငါ ရှာတွေ့ဖူးတယ်လေ... အဲဒီခေတ်က လူတွေက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရှိတဲ့သူကို အသန်မာဆုံး ရုပ်ခန္ဓာလို့ မြင်ကြတယ်တဲ့.... သူတို့မှာ တောင်တွေရွှေ့ပြီး ကြယ်တွေဖမ်းနိုင်တဲ့ အစွမ်းအစတွေ ရှိတယ်... ဒီဘူးလေးကလည်း အဲဒီခေတ်ကပဲ... ကောင်းကင်နတ်ဘုံလို့ ခေါ်တဲ့ နေရာရဲ့ နတ်ဘုရားစီရင်ရာဓားမနဲ့လည်း တူတယ်... ဘယ်သူက ဘယ်သူ့ဟာကို ကူးချခဲ့တာလဲတော့ ငါလည်း မသိဘူး”

ချီကျုံရီမှာ ဖွင့်မပြောရဲသော်လည်း စိတ်ထဲတွင် လှောင်ရယ်ရယ်နေသည်။ ‘သေချာပေါက် ချိမင်ကောင်းကင်ဘုံပေါ့... သူတို့ကမှ ငါတို့ ကောင်းကင်နတ်ဘုံ ဖန်ဆင်းခဲ့တဲ့ နတ်ဘုရားစီရင်ရာဓားမကို တုပထားတာ’

ချင်မူ စဉ်းစားပြီး အကြီးအကဲချင်းဟွမ် ပေးခဲ့သော အမိန့်ပြားကို ထုတ်လိုက်သည်။ “အထွတ်အမြတ်ဆရာသခင်၊ အစ်ကိုကြီးက အဘိုးချင်းဟွမ်ဆီမှာ ဒီပစ္စည်းထားခဲ့တယ်... အဘိုးချင်းဟွမ်ကိုယ်တိုင်တောင် ဒီအမိန့်ပြားက ဘယ်ခေတ်ကမှန်း မသိဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက အမိန့်ပြားကို ယူကြည့်ကာ ဟက်ခနဲ ရယ်သည်။ “အဘိုးချင်းဟွမ်ဟုတ်လား... မင်းပြောတာ မြစိမ်းဧကရာဇ်မဟုတ်လား... အဲဒီလူက အမြဲလက်ပေါက်ကပ်ပြီး အေးတိအေးစက်သမား ဆိုပေမယ့် သိပ်စိတ်ထားကောင်းတယ်... ငါ့နောက်ကွယ်မှာ ငါ့မကောင်းကြောင်း သူ ပြောသေးလား”

ချင်မူ အလျင်အမြန် ခေါင်းယမ်းပြီး အလေးအနက် ပြောလိုက်၏။ “မပြောဘူး... လုံးဝမပြောဘူး... အဘိုးချင်းဟွမ်က သိပ်ယဉ်ကျေးပြီး ဖော်ရွေပါတယ်... ကျွန်တော့်ကိုတောင် လိုက်ပို့သေးတယ်... ဘယ်သူ့မကောင်းကြောင်းမှ မပြောခဲ့ပါဘူး”

“မပြောခဲ့ရင်တော့ ထူးဆန်းတယ်... သူ သေချာပေါက် ငါ့ကို ဆဲနေမှာ... ခိုင်ဧကရာဇ်ကိုရောပဲ... သူ မင်းကို မောင်းထုတ်လိုက်တာပဲ ဖြစ်မယ်”

တန်ခိုးရှင်သစ်ခုတ်သမားက အမိန့်ပြားကို သူ့ဆီ ပစ်ပေးကာ အပြုံးတစ်ခုဖြင့် ပြောသည်။ “ငါ သူ့အကြောင်း ကောင်းကောင်း သိတယ်.... ဒါမဲ့ ဒီအမိန့်ပြားက ဘယ်ခေတ်ကလဲ မသိဘူး... အရင်ဆုံး သိမ်းထားဦး”

“ခဏ”

ချိရှီ၏အကြည့်က ချင်မူ့လက်ထဲရှိ အမိန့်ပြားအပေါ် ကျရောက်လာသည်။ “ငါ့ကို တစ်ချက်ပြကြည့်... သိနေသလိုပဲ”

ချင်မူ တန်ခိုးရှင်သစ်ခုတ်သမားဆီ လှမ်းကြည့်လိုက်ရာ တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းညိတ်ပြသည်။

ချင်မူ ရှေ့တိုးသွားလိုက်ပြီး အမိန့်ပြားကို ချိရှီဆီ ကမ်းပေးလိုက်၏။ ချိရှီက ဖင်တစ်ပြန် ခေါင်းတစ်ပြန် ကြည့်ရင်း ပြောလာသည်။ “ဒါက နဂါးဟန်ခေတ်က အမိန့်ပြားတစ်ခုပဲ... ချိမင်ခေတ်တုန်းက နဂါးဟန်ခေတ်ရဲ့ မြို့ပျက်တွေ အများကြီး ရှိခဲ့လို့ ငါ ဒီလိုဟာတွေ မြင်ခဲ့ဖူးတယ်... ရော့ ကောင်လေး၊ မင်းအမိန့်ပြား ပြန်ယူထား”

ချင်မူက အမိန့်ပြားအား လက်ခံ၍ ဇဝေဇဝါ မေးလိုက်သည်။ “အစ်ကိုကြီးက ဘာလို့ နဂါးဟန်ခေတ်က အမိန့်ပြားကို အဘိုးချင်းဆီ အပ်ခဲ့တာလဲ... ဒီအဓိပ္ပါယ်က ဘာများလဲ... အဘိုးချင်းက ခိုင်ဧကရာဇ်ခေတ်တုန်းက အရှေ့ပိုင်းအရှင်သခင်ပဲ... အစ်ကိုကြီးက သူ့လက်ထဲမှာ အပ်ထားခဲ့တာ ကြည့်ရင် ဒါကို သိပ်အရေးထားလို့ ဖြစ်မယ်... ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့ပါလိမ့်”

တန်ခိုးရှင်သစ်ခုတ်သမား ပြုံးလိုက်မိသည်။ “သူ မြေပုံတွေ အများကြီး ချန်ခဲ့တယ်မလား... မြေပုံတွေအတိုင်းသာ လိုက်ရှာလိုက်... မင်း အနှေးနဲ့အမြန် ပဟေဠိတွေကို သေချာပေါက် ဖြေနိုင်မှာပါ”

ချင်မူ ခေါင်းညိတ်လိုက်သည်။

ချိရှီက မှင်သေသေ ပြောလိုက်သည်။ “တာအိုမိတ်ဆွေ၊ အဲဒီဘူးလေးက ငါတို့ ချိမင်ကောင်းကင်နတ်ဘုံရဲ့ အပိုင်ပါ.. မင်း ငါ့ကို သွေးလက်ဆောင် ပေးခဲ့တာ ထောက်ထားပြီး ငါနဲ့ ဒီကောင်လေးရဲ့ကြားက ရန်ကြွေးကို ချေပေးမယ်”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို လှည့်ကြည့်ကာ အလေးအနက် ပြောလိုက်၏။ “တာအိုမိတ်ဆွေ၊ ဒီဘူးလေးက ငါ့တပည့်ကြီး ဒီတပည့်လေးအတွက် ထားခဲ့တာပါ... အခု ငါ့အပိုင် ဖြစ်သွားပြီဆိုတော့ ငါ မင်းကို ပြန်မ‌ပေးနိုင်တော့ဘူး....သွေးလက်ဆောင် ပေးခဲ့ရတဲ့ အကြောင်းရင်းကလည်း မင်းအခြေအနေနဲ့ တိုက်ခိုက်ရင် ငါ အရှက်ကွဲရမှာစိုးလို့ပဲ... ဒါကြောင့် မင်းကျင့်စဉ်စွမ်းအင် ပြန်ပြည့်လာအောင် ကူညီပေးခဲ့တာပါ ... ငါ့မှာ အခုလေးတင် ဖုရွေ့လော်ကို တိုက်ထုတ်ပြီး လိုက်လာခဲ့ပေမယ့် မင်းက ငါ့တပည့်နဲ့ ဒီကောင်လေးနှစ်ယောက်ကို အနိုင်ကျင့်နေတယ်... ဒါက  ဝါစဉ်ကြီးတစ်ယောက်အနေနဲ့ လုပ်သင့်တဲ့ လုပ်ရပ်မဟုတ်ဘူး ... မြင်ရတာ ဘ၀င်မကျ ဖြစ်မိတယ်”

ချိရှီက သရော်တော်တော် ပြုံးလိုက်သည်။ သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ်က အပြည့်အ၀ မသက်သာ‌သေးသည့်အတွက် ဤသစ်ခုတ်သမားကို သူ အနည်းငယ် ကြောက်မိလေသည်။ “ငါ့ရဲ့ ဘူးလေးကို မင်း ရသွားရင်တောင် အသုံးမတည့်ပါဘူး... ငါတို့ ချိမင်ကောင်းကင်နတ်ဘုံရဲ့ သင်္ကေတအစီအစဉ်မရှိဘဲ မင်း ဒီဘူးကို မဖွင့်နိုင်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမားကက လှစ်ခနဲ ပြုံးလိုက်သည်။ ဘူးလေးက သူ၏ လက်ကြမ်းကြမ်းများဆီမှ မြောက်တက်လာသည်။ သူ၏လက်ချောင်းများအား ညင်ညင်သာသာ အထက်အောက် လှုပ်ရှားလိုက်သည်နှင့် လက်ချောင်းထိပ်များမှ ထူးဆန်းသော သင်္ကေတအမှတ်အသားများ စီးမြောထွက်လာပြီး ဘူးလေးထဲသို့ ၀င်ရောက်သွားသည်။ သူက အေးအေးလူလူ‌ ပြောလိုက်လေသည်။ “ငါ သိုင်းမကျင့်ဘဲ လျှောက်ခဲ့သွားတုန်းက ချိမင်ခေတ်ရဲ့ မြို့ပျက်တွေကို ခဏခဏ တွေ့ဖူးတယ်... အဲဒါကြောင့် မင်းတို့ခေတ်ရဲ့ သင်္ကေတအမှတ်အသားတွေကိုလည်း ငါ သိတယ်”

အတွင်းထဲရှိ သော့များ ပွင့်နေသကဲ့သို့ ဘူးလေးဆီမှ တချောက်ချောက် မြည်သံများ ထွက်လာနေသည်။ အသံများက တဖြည်းဖြည်း စိတ်လာ၏။ အထဲ၌ရှိသော သော့အချိတ်အဆက်များက တစ်ခုဆီမှ တစ်ခု ဆုတ်ခွာနေလေသည်၊။

ထိုစဉ် ကျဲ့ဟွလီနှင့် ချီကျုံရီတို့၏ မျက်နှာများ သွေးဆုပ်ဖြူလျော်သွားပြီး တိတ်တိတ်လေး ကြိတ်ဆဲနေကြသည်။ တန်ခိုးရှင်သစ်ခုတ်သမားသည် ကောင်းကင်နတ်ဘုံနှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ရန်သူဖြစ်၏။ နတ်ဘုရားစီရင်ရာဓားမကို ဖွင့်လိုက်လျှင် ဓားမအတွက် ယဇ်ပူဇော်ရလိမ့်မည်။

နတ်ဘုရားစီရင်ရာဓားမကို ဖွင့်သည့်အချိန်တိုင်း လူသားတို့၏သွေးဖြင့် ဓားအပေါ် သွန်းလောင်းကာ ယဇ်ပူဇော်ရန် လိုအပ်ပေသည်။

‘တန်ခိုးရှင်သစ်ခုတ်သမားရဲ့ အမူအကျင့်တွေက သိပ်ကောင်းတယ်... ငါတို့ကို မစတေးဘဲ ဒီခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက်လူကို စတေးပါစေလို့ပဲ မျှော်လင့်တယ်’

သူတို့ရင်ထဲတွင် ကြောက်လန့်မှု‌ ပေါက်ဖွားလာသလို၊ မျှော်လင့်ခြင်းလည်း ထက်သန်လာ၏။ ဤဘူးထဲတွင် ရှိနေသော လက်နက်ဆိုးအား သူတို့ မြင်ချင်မိသည်။

ရုတ်တရက် ဘူးလေးဆီမှ ‘ချလောက်’ ဆိုသော အသံသဲ့သဲ့ ထွက်လာပြီး အနည်းငယ် ဟသွား၏။

ရုတ်ခြည်းဆိုသလို သွေးရောင် ဖြာထွက်လာပြီး အားလုံး ရဲရဲတောက် နီစွေးသွားသည်။ သူတို့၏ဆံပင်များပင် နီရဲသွားကြသည်။

ကောင်းကင်ထက်တွင် အနီရောင်တိမ်တိုက်များသည် သွေးတို့ လည်ပတ်နေသကဲ့သို့ တရိပ်ရိပ် လှည့်လည်လာကြ၏။ တိမ်ဝဲ၏အလယ်မှာ ဤဘူးလေး၏အလယ်ပင် ဖြစ်သည်။

ဘူးလေးက သွေးရောင် ဖြန့်ကျက်လိုက်ပြီး နွေးထွေးမည့်ပုံပေါ်သော်လည်း အားလုံး ရေခဲတွင်းထဲ ကျသွားသည့်အလား ခံစားလိုက်ကြရသည်။

ဘူးလေးဆီမှ အသတ်အဖြတ်အရှိန်အဝါက သူတို့၏မူလဝိညာဉ်များအား အေးခဲပစ်လိုက်၍ လှုပ်မရတော့ပေ။ သူတို့၏ဝိညာဉ်များလည်း အေးခဲသွားသည်။ သူတို့ တစ်ချက်လှုပ်လိုက်သည်နှင့် ဓားမက သူတို့ကို ခုတ်ပိုင်းမည့်ပုံပေါ်၏။

“ကြမ်းလိုက်တဲ့ လက်နက်”

တန်ခိုးရှင်သစ်ခုတ်သမားက အမူအရာလေးနက်သွားပြီး ဘူးလေးကို မြှောက်လိုက်သည်။ သူ၏ ကျန်လက်တစ်ဖက်သည် ဘူးလေး၏အဖုံးကို ဆုပ်ကိုင်လိုက်၏။ “မင်းတို့တွေ ဒီဘူးလေးအတွက် တိုက်ခိုက်နေတာ ကြာပြီမလား... အခု ငါ မင်းကို ဖွင့်ပြမယ်”

ချိရှီမှာ ထိတ်လန့်နေသောအမူအရာဖြင့် အလျင်အမြန် ဝေးဝေးဆုတ်သွားသည်။

ကျဲ့ဟွလီနှင့် ချီကျုံရီမှာ သွားကြည့်ချင်သော်လည်း သွားမရပေ။ သူတို့မှာ တန်ခိုးရှင်သစ်ခုတ်သမား ဘူးဖွင့်နေသည်ကိုသာ စိုက်ကြည့်နေရသည်။

ဘူးလေးက တဖြည်းဖြည်း ပွင့်လာသလို၊ တန်ခိုးရှင်သစ်ခုတ်သမား၏အမူအရာကလည်း လေးနက်သထက် လေးနက်လာသည်။ သူ့လက်နှစ်ဖက်လုံး မသိမသာ တုန်ရီနေပြီး သူလည်း အားစိုက်ထုတ်နေရဟန်တူသည်။

သူ ဘူးထဲရှိ ကြမ်းတမ်းခက်ထန်သော အားလှိုင်းကို ဖိနှိပ်ရင်း မာန်သွင်းအော်ဟစ်လိုက်၏။ ဤသို့ဖြင့် ကြမ်းတမ်းခက်ထန်သော အရှိန်အဝါအား ဖိနှိပ်နိုင်သွားပြီး အဖုံးဖွင့်လိုက်သည်။

ချင်မူ၊ ကျဲ့ဟွလီနှင့် ချီကျုံရီတို့မှာ ဘူးလေးထဲ ကြည့်လိုက်သည့်အခါ ဘူးလေးထဲ၌ လူ့ခေါင်းတစ်ခေါင်း ရှိနေကြောင်း မြင်လိုက်ရ၏။

ဤလူခေါင်းမှာ အရေခွံနွှာခံခဲ့ရသကဲ့သို့ အပေါ်ယံအရေပြား မရှိပေ။ သို့တိုင်အောင် သွေးရောင်လည်း သမ်းမနေ။ သူ့အရေပြားအောက်ရှိ အသွေးအသားမှာ အလင်းဖြင့် ဖွဲ့စည်းထားသည့်အလား သလင်းကျောက်ပမာ ဖြူဆွတ်နေသည်။

ခေါင်း၏အနောက်၌ သွေးကြောသဖွယ် လက်တံများ ရှိပြီး အသွေးအသားတို့က ဘူးလေး၏အတွင်း၌ ကပ်တွယ်နေသည်။ ၎င်းတို့ကား ဘူးလေးနှင့်အတူ မွေးဖွားလာသည့်အလား ထင်ရ၏။

ချိမင်ကောင်းကင်နတ်ဘုံက မည်သည့်မှော်အစီအရင်ဖြင့် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်၏ ခေါင်းကို ဘူးတစ်ဘူးနှင့် တွဲဆက်ခဲ့လေသနည်း။

ဤသလင်းကျောက်သဖွယ် အဖြူရောင်ခေါင်းက မသေသေးပေ။ မျက်လုံးဖွင့်ထားသည်။ သူ၏မျက်လုံးများတွင် အဖြူရောင်အလင်း ကိန်းဝပ်နေပြီး အနက်ရောင်မျက်ဆံများလည်း မတွေ့ရ၊ မျက်လုံးအိမ်တစ်ခုလုံး ဖြူဆွတ်နေသည်။

မျက်လုံးများဆီ လာနေသော အလင်းရောင်သည် တစ်ပေရှည်သော်လည်း တစ်ချက်တစ်ချက် တိုသွားတတ်သည်။ တစ်ချက်တစ်ချက် ရှည်လာတတ်၏။

ထိုအချိန်တွင် သူ့ခေါင်းနောက်စေ့ရှိ လက်တံများက အဆက်မပြတ် လူးလွန့်တုန်ခါလျက် ပိုးကောင် တောင်ပံခတ်နေသကဲ့သို့ အသံများ ထုတ်လွှတ်နေသည်။ ခေါင်းသည် အလွန်စိတ်လှုပ်ရှားနေပြီး တစ်ယောက်ယောက်ကို သတ်၍ သွေး‌သောက်ချင်နေပုံရ၏။

ဤလက်တံများနှင့် ဦးခေါင်း ထိနေသော နေရာတွင် အလွန်သေးငယ်သော တောင်ပံလေးများ ရှိနေကြောင်း ချင်မူ တွေ့လိုက်ရသည်။

တန်ခိုးရှင်သစ်ခုတ်သမားက အဖုံးပိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူနေသည်။ အဖုံးကို ဖွင့်ပြီး အဖုံး၏ သွေးဆာနေသော ဆန္ဒကို ထိန်းချုပ်ရခြင်းက ဖုရွေ့လော်နှင့် တိုက်ခိုက်ရသည်ထက် ပိုပင်ပန်းရလေသည်။

“အထွတ်အမြတ်ဆရာသခင် ဓားမကို ယဇ်မပူဇော်တော့ဘူးလား” ချင်မူက ချီကျုံရီနှင့် ကျဲ့ဟွလီကို ကြည့်ကာ မေးလိုက်သည်။

All Chapters