ကစားပွဲ ထိန်းချုပ်သူတွေကသာ ကမ္ဘာကြီးကို အုပ်စိုးတယ်
Vol. 39 Ch. 572
ဖြူစင်စိတ်ထား ခြုံလွှမ်းနှင်းလွှာ တစ်မိုးအောက်၀ယ် သူ့ထက်မြတ်သူရှိ၏လော။
တံခွန်ပေါ်ရှိ အဆိုပါစကားလုံးများကို မြင်တော့ လူတိုင်း အဓိပ္ပာယ်ကို ထိမိစွာ ခံစားလိုက်ကြရသည်။
ယင်းက လင်းရီနှင့် လိုက်ဖက်ညီသည်ဟုလည်း သူတို့အားလုံး သဘောတူကြလေသည်။
လင်းရီမှာ ဆရာ၀န်ပီသစွာ နေထိုင်ခဲ့သည်။ ဆင်းရဲချမ်းသာ မခွဲခြားပဲ လူနာတိုင်းကို သာတူညီမျှ ကုသပေးခဲ့သည်။ ထို့ပြင် ချို့တဲ့သူတို့အဖို့ ဆေးဖိုးချွေတာနိုင်ရန်လည်း ကုန်ကျစရိတ်အနည်းဆုံးနှင့် အထိရောက်ဆုံး ဆေးနည်းများကို လမ်းညွှန်ပေးလေ့ ရှိလေသည်။
မည်မျှ ကြီးမားသည့် ခွဲစိတ်မှု ဖြစ်နေစေကာမူ လက်ဆောင်ပေးသည့် အသပြာတစ်ပြားတစ်ချပ်ကိုမျှ ထိတွေ့ခဲ့ခြင်း မရှိခဲ့ချေ။ သူကဲ့သို့သော ဆရာ၀န်ကသာလျှင် ယခုလို အကဲဖြတ်မှုမျိုးနှင့် ထိုက်တန်လေသည်။
သူတို့၏ နှလုံးသားထဲတွင်တော့ ဒါရိုက်တာလီကလည်း ထိုသို့သော ဂုဏ်ပုဒ်မျိုးနှင့် ထိုက်တန်ပေသည်။ နှစ်ယောက်စလုံးမှာ ခေတ်မီ ဆေးဆရာ၀န်များ၏ စံနမူနာ ဖြစ်တန်လှ၏။
သို့သော်လည်း လျန်ရူရွှယ်၏ မျက်လုံးထဲတွင်တော့ ဟွာရှတစ်ပြည်လုံးတွင် ယခု ပိုးထည်တံခွန်နှင့် ထိုက်တန်သူမှာ လင်းရီတစ်ဦးတည်းသာရှိသည်။
လင်းရီမှာ Iburofen နေရာတွင် အစားထိုးနိုင်မည့် တိုင်းရင်းဆေးကို တီထွင်ခဲ့ပြီး ibuprofen ၏ မူရင်းဈေးနှုန်းကိုလည်း 289 ယွမ်မှ 23.4 ယွမ်အထိ လျှော့ချပေးခဲ့သည်။
ထို့ပြင် ရှားပါးရောဂါ ကုသသည့် ဆေးဝါးများကိုလည်း မူရင်းတန်ဖိုး၏ သုံးပုံနှစ်ပုံအထိ လျော့ချပေးနိုင်ခဲ့လေသည်။
ထိုမျှမကသေး Pfize နှင့် အဓိကဆေးကုမ္ပဏီကြီး ခြောက်ခုနှင့် ပူးပေါင်းကာ ကမ္ဘာ့ထိပ်တန်း ဆေးဝါးသုတေသနစင်တာကို ကျိုးဟိုင်တွင် ဆောက်လုပ်ရန် သဘောတူညီမှုရရှိထားပြီး အဆိုပါ စင်တာမှ ထုတ်လုပ်သည့် ဆေးဝါးများ၏ ဈေးနှုန်းကိုလည်း ကုန်ကျစရိတ်၏ 50 ရာခိုင်နှုန်းကိုသာ သတ်မှတ်ထားလေသည်။
ဤသို့ မြောက်များစွာသော သာမန်လူတို့၏ အကျိုးအတွက် ဆောင်ကြဉ်းထားပေးခဲ့သော်လည်း ထိုအောင်မြင်မှုများထဲတွင် သူ့အတွက် အကျိုးအမြတ်ရရှိစေမည့် ကိစ္စ တစ်စုံတစ်ရာ မပါဝင်ချေ။ သူကပင် အိတ်ကပ်စိုက်ထားပေးသေး၏။
လင်းရီကဲ့သို့ မွတ်မြတ်လှသည့် သမားကောင်းမှာ ဤလောကတွင် ပေါ်ထွန်းနိုင်လိမ့်ဦးမည်လော။
“ ဒါရိုက်တာလင်း… မြို့တော်ဝန်လျန်က လက်ဆောင်ပေးနေတယ်လေ… “ လင်းရီမှ ကြောင်ငေးနေသည်ကို မြောင်ကော်ဖုန်း မြင်တော့ သတိပေးလိုက်သည်။
ထင်မှတ်မထားသည့်လက်ဆောင်ကို ရရှိလိုက်သောကြောင့် လင်းရီမှာ အပျော်လွန်နေခဲ့ပြီး တဒင်္ဂမျှ မတုံ့ပြန်နိုင်ဖြစ်သွားခဲ့လေသည်။
သူတစ်လ တိတိ အလုပ်ကြိုးစားခဲ့ပါသော်လည်း ပိုးထည်တံခွန် တစ်ခုလေးကိုမျှ မရရှိခဲ့ချေ။ ယခုလို နောက်ဆုံး အခိုက်အတန့်တွင် လျန်ရူရွှယ်မှ လက်ဆောင်ပေးလာလိမ့်မည်လို့ လင်းရီ ထင်တောင် ထင်မထားခဲ့ချေ။
“ ဟားဟား…. ငါလိုချင်နေတာလည်း ဒါပဲလေ….”
လူတိုင်းကို လျစ်လျူရှု၍ လင်းရီ လျန်ရူရွှယ်၏ ဂျိုင်းမှ မြှောက်ပင့်လိုက်ပြီး လေထဲတွင် သုံးလေးပတ်ခန့် လှည့်ရမ်းလိုက်ကာ သူမကို သုံးလေးကြိမ်လောက် နမ်းရှုံ့လိုက်လေသည်။
လျန်ရူရွှယ် ရှုပ်ထွေးသွားခဲ့၏။
' ငါက နင့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ပိုးထည်တံခွန် လက်ဆောင်ပေးတာလေ… အဲ့တာကို နင်က ဘာလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေရတာ…'
'ငါ့ကို အသားယူချင်တယ်ဆိုရင်တောင်မှ အဲ့လောက်ထိ မျက်နှာပြောင်တိုက်ဖို့တော့ မလိုဘူးမလား….'
မြောင်ကော်ဖုန်းနှင့် ကျန်သူများကတော့ အကြီးအကျယ် အံ့အားသင့်နေကြတော့၏။
သူတို့ ဘာမြင်လိုက်ရတာလဲ….
အဲ့တာက မြို့တော်ဝန်လေ….
ဒါရိုက်တာလင်းက အဲ့လိုပဲ နမ်းလိုက်တယ်ပေါ့….
“ လင်းရီ... ငါနင့်ကို လုပ်မိတော့မှာနော်..” လျန်ရူရွှယ် လင်းရီကို တွန်းထုတ်လိုက်ပြီး လူတိုင်းနှင့် မျက်နှာချင်းဆိုင်ရန် ရှက်ရွံ့နေတော့၏။
“ ဟားဟား… သွားစို့… ဒီနေ့ ငါမင်းကို ချက်ကျွေးမယ်…. ဗိုက်ကားအောင် စားဖို့သာ ပြင်ထားလိုက်တော့….”
လူတိုင်း၏ အကြည့်များအောက်တွင် လင်းရီ လျန်ရူရွှယ်၏ လက်ကို ဆွဲ၍ လှေကားထစ်များထံ ခေါ်သွားလိုက်လေသည်။
လူအတန်ငယ်ရှင်းသည့် နေရာသို့ရောက်သောအခါ လျန်ရူရွှယ်မှ လင်းရီခါးကို ဆွဲဆိတ်လိုက်ပြီး “ မသာ….နင် အဲ့လောက် လူတွေအဲ့လောက်အများကြီး ရှေ့မှာ ဘာလို့ ငါ့လာနမ်းတာလဲ….”
“ ဒါဆို ခုဘယ်သူမှမရှိဘူးလေ… နမ်းကြမလား…”
လျန်ရူရွှယ် “ ……”
ငါတော့နော်….
ကောင်စုတ်ကတော့ ပြောလေကဲလေ ခုလည်း မျက်နှာပြောင်တိုက်နေပြန်ပြီ။
“ ကျွတ်... ရွံဖို့ကောင်းတဲ့ကောင်… ငါ့အပေါ် အခွင့်အရေးပဲ ယူချင်နေတယ်…”
“ ဟုတ်လို့လား… မနေ့ညက ငါ့ကို ဘယ်ကောင်မလေး လာခိုးနမ်းတာပါလိမ့်နော်… “
“ အာ …. မနေ့ညက ကိစ္စတွေ ဒီနေ့ထိ မသယ်လာရဘူးလေ….” လျန်ရူရွှယ် မျက်နှာတို့ နီရဲလာခဲ့ပြီး ခုန်ဆွခုန်ဆွနှင့် လင်းရီ၏ နှုတ်ခမ်းကို ပိတ်ဆို့ရန် ကြိုးစားလာခဲ့တော့၏။
“ ရပြီ ရပြီ … မပြောနဲ့ဆိုလည်း မပြောဘူးပေါ့….”
လင်းရီ လျန်ရူရွှယ်ကို ဆက်လက် စနောက်ရန် အာရုံမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ မြည်ဟီးလာသောကြောင့်ဖြစ်၏။
[မစ်ရှင် ပြီးမြောက်သွားပါပြီ ]
[ဆုလဒ် : အတွေ့အကြံမှတ် သုံးသိန်း ]
[အလုပ်ပြီးမြောက်နှုန်း : 100 ရာခိုင်နှုန်း ]
[ဆုလဒ် : ပထမ အဆင့် တိုက်ပွဲ၀င်ခွန်အား ]
‘ ပထမ အဆင့် တိုက်ပွဲ၀င်ခွန်အား
ဆုလဒ်ကိုမြင်တော့ လင်းရီ ကျိန်ဆဲချင်သွား၏။
“ စနစ် … မင်း ဘာကြောင်တောင်တောင် ဆုလဒ်တွေ လာပေးနေတာတုန်းကွ…”
[ကမ္ဘာမြေရဲ့ တိုက်ပွဲစွမ်းရည်ကို ပထမ၊ ဒုတိယ၊ တတိယ၊ .... ပဉ္စမ ဆိုပြီးတော့ ငါးဆင့် ခွဲခြားထားပါတယ်… စနစ်ရှင်ကို ချီးမြင့်ထားတာကတော့ ပထမ အဆင့် တိုက်ပွဲ၀င်ခွန်အားပါ..]
“ ဒါဆို တစ်နည်းပြောရရင် အဲ့ဒါက အနိမ့်ဆုံး ပေါ့..”
[ အမှန်ပါပဲ ]
“ ဒါပေမယ့် ခုလည်း ငါ့ရဲ့ ကြံခိုင်မှုခွန်အားက လုံလောက်နေပြီးသား မဟုတ်ဘူးလား… တကယ်လို့ ပထမ အဆင့်တိုက်ပွဲဝင်ခွန်အားပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် ဘယ်လောက်ထိ တိုးတက်လာနိုင်မလဲ…”
[ သင်္ချာဂဏန်းနဲ့ တွက်ချက်ပြရရင်တော့ စနစ်ရှင်ရဲ့ လက်ရှိခွန်အားထက် အဆတစ်ရာပါ...]
“ ငါ-ိုး … ပညာရှိ ဉာဏ်ပညာနဲ့တင် ငါက တော်တော်လေး အံ့အားသင့်ဖို့ ကောင်းနေပြီ ထင်နေတာ… ခု ခွန်အားကလည်း အဆတစ်ရာ တိုးတက်လာမယ်ဆိုတော့ ပြိုင်ဘက်ကင်းသွားတာနဲ့ မတူဘူးလား…”
“ စနစ်ရှင်ရဲ့ အရင် တိုက်ပွဲဝင်ခွန်အားက သာမန်လူတွေထက် မဆိုသလောက်လေးပဲ သာလွန်နေတာပါ… ကျွမ်းကျင်သူတွေရဲ့ ပြိုင်ဘက်ဖြစ်ဖို့ဆိုရင် အလှမ်းဝေးနေတုန်းပါပဲ…”
“ တကယ်လို့ ပထမ အဆင့် တိုက်ပွဲဝင်ခွန်အားနဲ့ဆိုရင် အထူးတပ်ဖွဲ့ဝင်တွေတောင်မှ ငါရဲ့ ပြိုင်ဘက်ဖြစ်တော့မှာ မဟုတ်ဘူးမလား…”
[အမှန်ပါပဲ စနစ်ရှင် ]
“ ဒါပေမယ့် အဲ့လိုလူတွေက ကမ္ဘာပေါ်မှာ ခွန်အားအင်အားအကြီးဆုံး လူတွေလေ.. ပဉ္စမအဆင့် တိုက်ပွဲ၀င်ခွန်အား ပိုင်ဆိုင်သူတွေက ရှိနိုင်မှာလား “
[ကမ္ဘာကြီးက သေးငယ်တယ်ဆိုပေမယ့် လျော့မတွက်ပါနဲ့။ စနစ်ရှင် ထင်ထားတာထက်ကို ပိုပြီး ရှုပ်ထွေးပါတယ်။ တိုက်ပွဲဝင်ခွန်အားဆိုတာ ဗလာမျက်စိနဲ့ နှိုင်းဆကြည့်လို့မရပါဘူး… ပိုပြီးတော့ ကြိုးစားပါ စနစ်ရှင်……]
“ ဟမ့် မင်းလေသံက ကမ္ဘာအကြောင်း ဂရုမစိုက်တဲ့အထာနဲ့ “ လင်းရီ ပြောလိုက်ပြီး “ တကယ်တမ်းကျတော့ ငါလည်း သိချင်နေတာကြာပြီ… စနစ် မင်းက ဘယ်နေရာကနေ လာခဲ့တာ… M78 နီဘူလာဂြိုဟ်ကနေလား…. ဒါမှမဟုတ် ဆိုင်ဘာထရွန်ကလား….”
“ စနစ်ရှင် ခွန်အား လုံလုံလောက်လောက်ရှိတဲ့အချိန်ကျ အလိုအလျောက် သိလာပါလိမ့်မယ်…”
“ အာ….. ဒါဆိုလည်း နောက်တစ်ခု မေးမယ်ကွာ…” လင်းရီ ပြောလိုက်ပြီး " အလုပ်တစ်ခုချင်းစီတိုင်းက ပြီးမြောက်သွားတယ်ဆိုရင် ဆုတံဆိပ်လို ပုံစံလေးပေါ်လာတယ်… အဲ့တာက ဘာအတွက်လဲ….”
“ မှတ်ချက်ပြုရန်မရှိ။ စနစ်ရှင်က ကိုယ့်ဘာကိုယ် ရှာဖွေရမှာပါ…”
“ ဪ အေးပါကွာ… မမေးမိတာကတောင် ပိုကောင်းဦးမယ်…”
စနစ်မှာ ထုံးစံအတိုင်း အေးတိအေးစက် နိုင်နေဆဲဖြစ်သော်လည်း လင်းရီကတော့ မှန်းဆနိုင်လေသည်။
ဆုတံဆိပ်တစ်ခုချင်းစီတိုင်းက အသုံးမဝင်တာတော့ မဟုတ်ပေ။ လင်းရီကသာ မည်သို့ အသုံးပြုရမည်ကို မသိရှိခြင်း ဖြစ်သည်။
ဧကန္တ သူလိုရာဆုတောင်းဖို့ စနစ်ရဲ့ စစ်မှန်တဲ့ ခန္ဓာကို ဆင့်ခေါ်နိုင်မှာများလား…
ပြီးတော့ စနစ်ရဲ့ လေသံကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်…
ကမ္ဘာကို လုံးဝ ဂရုစိုက်ပုံမရဘူး.. သူက တခြား ဂြိုဟ်အဖွဲ့အစည်းတစ်ခုခုများလား….
ဒါပေမယ့် အဲ့ဒီအတွေးကြီးက နည်းနည်းလေး ရယ်စရာ ကောင်းလွန်းမနေဘူးလား…
လင်းရီ ရုတ်တရက် သူကိုယ်သူ အရွေးချယ်ခံ သားတော်တစ်ပါးနှယ် ခံစားလိုက်ရသည်။
သူတစ်နေ့ ဒီဂီမွန်းတောင် လက်ဆောင်ရရင် ရနိုင်လောက်တယ်
“ ဟယ်လို…. ဘာတွေ အဲ့လောက်ထိ စဉ်းစားနေတာ…”
လင်းရီ အဆိုပါ မေးခွန်းများကို စဉ်းစားခန်းဖွင့်နေတုန်း လျန်ရူရွှယ်၏ စကားလုံးများက သူ၏ အတွေးများကို နှောင့်ယှက်သွားခဲ့လေသည်။
“ ဘာမှမဟုတ်ပါဘူး…. မင်းရဲ့ နှုတ်ခမ်းက တော်တော်လေး ချိုသားပဲလို့ စဉ်းစားနေတာ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် သရက်သီးအရသာက ပိုကောင်းတယ်… နောက်တစ်ခါကျ လဲဖို့ မေ့မနေနဲ့..”
“ နင်.. နင် အရမ်းလွန်တယ်… ငါ့ကို လူတိုင်းရှေ့မှာ နမ်းလိုက်တော့ ငါ့ရဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလို့ ထင်လဲ…”
“ ပျော်ပျော်နေစမ်းပါ… ဆေးရုံက ဒေါက်တာမ ချောချောလေးတွေနဲ့ နာ့စ်တွေတောင် လိုချင်တာ တောင် မရနိုင်တာနော်…”
“ ဖီး… အခွင့်ရေးယူတာကိုများ လူကြားကောင်းအောင် ပြောနေပြန်ပြီ…”
“ မင်း ကိုယ်မင်း ဘယ်လောက်ကံကောင်းလဲဆိုတာ မသိလို့ပါ..”
လျန်ရူရွှယ် “ …..”
“ နင်နဲ့ နောက်မှ ငြင်းမယ်… ငါ့အမေကို ဖုန်းပြန်ခေါ်ပြီးပြီလား…”
“ ခေါ်ရသေးဘူး…”
“အဲ့တာဆို အခု ပြန်ခေါ်လိုက်လေ.. ငါလည်း အားနေတာဆိုတော့ နားထောင်လို့ရတာပေါ့…” လျန်ရူရွှယ် ပြောလိုက်၏။
“ ဘာလို့ အဲ့လောက်တောင် စပ်စုချင်နေရတာ…”
“ ဘာဖြစ်လဲ… ငါ့အမေစကားပြောတာကို ငါက နားထောင်လို့မရဘူးလား…”
“ ဒါက ယောက္ခမနဲ့ သားမက် နှစ်ကိုယ်ကြား စကားပြောမှာလေ… မင်းက ခိုးနားထောင်ပြီး ဘာလဲလုပ်မှာ…”
“ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့… ဘယ်သူက နင့်ရဲ့ ယောက္ခမလဲ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ မြန်မြန် ငါ့အမေဆီ ဖုန်းပြန်ခေါ်လိုက်လို့…. သူ အကြောင်းရှိလို့ နင့်ကို ရှာနေတာနေမှာ….”
လင်းရီ ဘာမျှပြန်မပြောပဲ ရှန်းရှူးရီကို ဖုန်းပြန်ခေါ်လိုက်သည်။
သူမ၏ အဆင့်အတန်းနှင့် ပုံရိပ်အရ အင်မတန်အရေးကြီးသည့်ကိစ္စမရှိဘူးဆိုလျှင် ယခုလို အလျင်လိုနေလိမ့်မည် မဟုတ်ပေ။
“ ဟဲလို အန်တီ… ကျွန်တော့်ကို ပြောစရာရှိတယ်ဆိုလို့…”
“ မီလိလေး ပြောလိုက်တာလား…” ရှန်းရှူးရီ ပြန်မေးလိုက်၏။
“ ဟုတ်တယ်…”
“ အဲ့ကလေးမ ခု နင့်ဘေးနားမှာရှိလား…”
“ ရှိတယ်လေ….ခု စပီကာဖွင့်ထားတာ…. သူမလည်း နားထောင်နေတယ်…”
“ ပြန်ပိတ်လိုက်…. သီးသန့်စကားပြောကြမယ်..”
လျန်ရူရွှယ် “ ??? “
သမီးဖြစ်သူကတောင် အမေတို့နှစ်ယောက်ပြောမယ့် စကားတွေ နားထောင်လို့မရဘူးလား… အမေတို့ သမီးနောက်ကွယ်မှာ ဘာမကောင်းကြောင်းတွေ ပြောကြမလို့လဲ…
“ တကယ်တမ်းကျတော့ ကျွန်တော်လည်း ပေးနားမထောင်ချင်ပါဘူး.. ဒါပေမယ့် သူက သဘောမတူဘူးလေ… တကယ်လို့ ပေးနားမထောင်ဘူးဆိုရင် ညကျ ကုတင်ပေါ်ပေးမတက်ဘူး ပြောနေတော့ ကျွန်တော်လည်း ဘယ်တတ်နိုင်မှာ… ယောက်ျားတစ်ယောက်ရဲ့ ဘဝကြီးက အရမ်းခက်ခဲတယ်မလား….”
“ အဲ့ကောင်မလေး ပြောတာတွေ နားထောင်မနေနဲ့.. ငါသူ့အစား ဆုံးဖြတ်ပေးမယ်… စကားပြောဖို့ သီးသန့်နေရာတစ်ခုသာ ရှာလိုက်..”
“ အမေ သူလျှောက်ပြောနေတာတွေကို နားမယောင်နဲ့နော်…. သမီးသူ့ကို ကုတင်ပေါ် ပေးမတက်ဘူးလို့ မပြောမိပါဘူး…” လျန်ရူရွှယ် ကမန်းကတမ်း ရှင်းပြလိုက်သည်။
“ နင်တို့ နှစ်ယောက်ကြားမှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ ငါစိတ်မဝင်စားဘူး… ခုတော့ ငါပြောတဲ့အတိုင်းပဲ… မဟုတ်လည်း ငါတို့ရဲ့ စကားဝိုင်းကို နင်ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး..”
လင်းရီ ဖုန်းကို ယူ၍ ဘေးသို့ လျှောက်လာခဲ့လိုက်သည်။
“ အန်တီ.. ပြောစရာရှိရင် ခု လွတ်လွတ်လပ်လပ် ပြောလို့ရပြီ…”
“ နင် အင်တာနက်ပေါ်မှာ တင်ထားတဲ့ သတင်းကို ငါမြင်ပြီးသွားပြီ…. တကယ်လို့ ဘာမှ မမှားယွင်းသွားဘူးဆိုရင် ကျောက်မိုနဲ့ ကျန်တဲ့သူတွေက ၁၀၀ ဘီလီယမ်လောက်အထိ ဆုံးရှုံးသွားမယ်မလား…”
“ ဖြစ်နိုင်ပါတယ်….”
“ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်တော့… ကျောက်မိုနဲ့ ကျန်တဲ့သူတွေလည်း မှတ်လောက်သားလောက်အောင် သင်ခန်းစာ ရပြီးသွားလောက်ပြီ…”
“ ကောင်းပြီလေ.. ဒါပေမယ့် အန်တီက ဘာပြောချင်နေတာ…”
“ ခု DIDI ရဲ့ စတော့တွေက ဈေးကွက်ထဲမှာ ငွေပေါ်လွယ်ဖို့ဆိုတာ တအားခက်နေပြီ… ကျောက်မိုနဲ့ ကျန်တဲ့သူတွေက သူတို့ ဝယ်ချင်ရင်တောင် ဝယ်နိုင်မှာ မဟုတ်ဘူး…ဒါပေမယ့် ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် နင့်အတွက် ဘာအကျိုးအမြတ်မှ ရှိလာမှာ မဟုတ်ဘူးနော်… အန်တီ ဆိုလိုချင်တာကို နင် နားလည်တယ်မလား…”
စတော့များမှာ ဒစ်ဂျစ်တယ်ဖြစ်သော်လည်း ၎င်းတို့ အသီးသီး၌ သတ်မှတ်ထားသော ကိုယ်စီတန်ဖိုးများ ရှိလေသည်။
ပမာအားဖြင့် ယွမ် ငါးသိန်း တန်ကြေးရှိသည့် ကားတစ်စင်းကို ထုပ်ပိုးမှု အပြီးအစီး ယွမ် ခုနစ်သိန်းဖြင့် ဈေးကွက်ထဲတွင် အလွယ်တကူ ရောင်းချ၍ ရ၏။ ယွမ် တစ်သန်းဖြင့် ရောင်းချလျှင်လည်း ရောင်းချကောင်း ရောင်းချနိုင်လိမ့်မည်။ ထို့ပြင် အဆိုပါ ဈေးနှုန်းကိုလည်း အချိန်တစ်ခုကြာသည်အထိ ထိန်းထားနိုင်သည်။
အကယ်၍ နှစ်သန်း၊ သုံးသန်း သို့မဟုတ် ထို့ထက်ပိုပြီး ဈေးကစား၍ အမြတ်တင်ရောင်းမည်ဆိုလျှင်တော့ ယင်းက စီးပွားရေးပူဖောင်းများအဖြစ် ဦးတည်သွားလိမ့်ပေမည်။ ဈေးကွက်ပြိုလဲသွားသည့်အချိန်တွင်တော့ မည်သူ့အတွက်မျှ အကျိုးအမြတ် ရရှိလိမ့်မည် မဟုတ်ချေ။လင်းရီ ယခုပြုလုပ်နေသည်ကလည်း ၎င်းနှင့် အလားသဏ္ဍာန်တူသည်။
Didi ကို အကျိုးအမြတ် ဖြစ်ထွန်းစေမည့် သတင်းအချက်အလက်များဖြင့် စတော့တန်ဖိုးများကို မြင့်တက်စေခဲ့သည်။ တစ်ချိန်တည်းတွင် ရှယ်ယာများ၏ ငွေပေါ်လွယ်မှုကို လျော့ချနိုင်ရန်အတွက် ဈေးကွက်အတွင်း ပျံ့ကျဲနေသည့် စတော့ရှယ်ယာများကိုလည်း ရုပ်သိမ်းခဲ့လေသည်။ ယင်းက ကျောက်မိုနှင့် ကျန်သူများကို အမြောက်အများ ၀ယ်ယူခြင်းမှတားမြစ်တားပြီး ပွဲစားများထံ ပြန်ပေးအပ်ရန် မဖြစ်နိုင်ခဲ့ချေ။
ယင်းက Didi ၏ ရှယ်ယာတန်ဖိုးများကို တိုင်းတာမရသည်အထိ မြင့်တက်သွားစေခဲ့သည်။
သို့သော်လည်း ယင်းမြင့်တက်မှုက ငွေအမြောက်အများ ပံ့ပိုးထားခြင်း မရှိဘဲနှင့်တော့ တာရှည်ခံလိမ့်မည် မဟုတ်ချေ။ အဆုံးတွင် သာမန်ပြန်ဖြစ်သွားမည်ဖြစ်ပြီး ထိုသို့ ဖြစ်လာပြီဆိုပါက ကျောက်မိုတစ်ဦးတည်း ဆုံးရှုံးလိမ့်မည် မဟုတ်ပဲ လင်းရီဘက်မှလည်း ဆုံးရှုံးမှုများကို ခံစားရပေလိမ့်မည်။ ထို့ကြောင့်လျန်ရူရွှယ်မှ ယခုလို သတိပေးလာခဲ့ခြင်းဖြစ်၏။ သူ့ဘက်မှ ကိစ္စများကို ဖျက်လိုဖျက်ဆီးမလုပ်ပဲ တစ်ပြားတစ်ချပ်မျှမဆုံးရှုံးရလေအောင် ထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်းသာ ကစားသင့်လေသည်။
"ကျွန်တော် နားလည်ပါတယ်... "လင်းရီ ပြောလိုက်ပြီး "အဲ့လိုမျိုး ဖြစ်လာမှာ မဟုတ်လို့ စိတ်ချပါအန်တီ...."
"အဲ့ဒါဆိုကောင်းတယ်..."ရှန်းရှူးရီ ပြောလိုက်ပြီး "ဒါပေမယ့် အန်တီနင့်ကို ဒီကိစ္စ ဒီမှာတင် အဆုံးသတ်လိုက်တာက အကောင်းဆုံးပဲလို့ သတိပေးချင်တယ်... နင့်ဘက်ကလည်း ကျောက်မိုကို အနိုင်ယူပြီးပြီဆိုတော့ နင့်ရဲ့ အရည်အချင်းတွေကို သက်သေပြတာက လုံလောက်သွားပြီ... ဒါကြောင့်မို့ ဒီကိစ္စကို အကြာကြီး ဆွဲဆန့်မထားနဲ့တော့... အားလုံးကို မြန်မြန်အဆုံးသတ်ဖို့ စီစဉ်တာကောင်းတယ်..."
လင်းရီ မျက်မှောင်ကြုတ်သွားပြီး တီးတိုးလေသံဖြင့် "အန်တီက ဘယ်တစ်ခုကို စိုးရိမ်နေတာ.. ဟွာယင်းအုပ်စုကိုလား.. ဒါမှမဟုတ် မိသားစုကြီးလေးခုကိုလား...."
"အန်တီက နင့်ကို ကူညီပြီးတော့ ဟွာယင်းအုပ်စုကို ထိန်းထားပေးလို့ရတယ်. ဒါပေမယ့် စီးပွားရေးလောကမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေက အများကြီးပဲ... အန်တီစိုးရိမ်တာ တစ်စုံတစ်ယောက်က ခုလိုအချိန်မျိုးမှာ ချောင်းမြောင်းပြီးတော့ မိသားစု လေးခုရဲ့ ရှယ်ယာတန်ဖိုးတွေကို ကျောက်တောင် အစွန်အဖျားကနေ ထိုးကျသွားအောင် လုပ်မှာကိုပဲ... နင်နားလည်ထားရမှာ သူတို့ မိသားစုကြီးတွေရဲ့ စီးပွားရေးက ပြည်ထဲရေးနဲ့ မသက်ဆိုင်ဘူးဆိုရင်တောင်မှ အားလုံးက စနစ်တစ်ခုအောက်မှာ ထိတွေ့နေရတာ.....ဆိုတော့ အဲ့ဒီစည်းမျဉ်းအောက်မှာ နင်လုပ်ချင်တာ စိတ်ကြိုက်လုပ်လို့ရတယ်... ဒါပေမယ့် အောက်ဆုံးစည်းကိုတော့ ကျော်လို့မရဘူး.... "
"အန်တီဆိုလိုချင်တာကို ကျွန်တော်သဘောပေါက်တယ်..."
"နင်နားလည်တာ ကောင်းတယ်..."ရှန်းရှူးရီ ပြောလိုက်ပြီး "အန်တီလည်း အစက နင် ကျောက်မိုကို အဆုံးသတ်နိုင်လိမ့်မယ်လို့တောင် မထင်ထားခဲ့ဘူး... မဟုတ်ရင် ဒီလိုမျိုး လာပြောပြနေမှာတောင် မဟုတ်ဘူး... နင် ကောင်စုတ်ကလေးတော့လေ.. လူကို စိတ်ပူရအောင် အရမ်းလုပ်တယ်... နင် သူများတွေရဲ့ အနင်းခံကျောက်တုံး မဖြစ်ချင်ရင် အခွင့်အရေးရတုန်း ယူထား..."
"ဟုတ်ကဲ့ပါအန်တီ ခုလို ပြောပေးတဲ့အတွက် ကျေးဇူးပါ...."
ရှန်းရှူးရီ၏ ရည်ရွယ်ချက်ကို နားလည်နေသောကြောင့် လင်းရီ ဘာမျှ မပြောတော့ပေ။
"နင် သဘောပေါက်တယ်ဆိုမှတော့ အန်တီဘာမှ ထပ်မပြောတော့ဘူး..."ရှန်းရှူးရီ ပြောလိုက်ပြီး "ကောင်းပြီလေ.. အန်တီလည်း တစ်ခြားလုပ်စရာ ကိစ္စတွေ ရှိသေးတယ်... နင့်ကို ဖြောင်းဖြလို့မရဘူးဆိုတာ သိပေမယ့် အရမ်းမလောသေးနဲ့ဦး... ခုအချိန်မှာ ကောင်းကောင်းခြေကုပ်ယူထားလိုက်ရင် နောက်သုံးလေးနှစ်ကြာတာနဲ့ ဒီလောကကြီး တစ်ခုလုံးက နင့်အပိုင်ပဲ..."
" ဟုတ် အန်တီ..."
ပြောစရာရှိသည်များကြိ ပြောဆိုပြီးနောက် ရှန်းရှူးရီ ဖုန်းချသွားခဲ့၏။ သူမ ယခုကိစ္စကို ဆက်လက် စိတ်ပူမနေတော့ချေ။
ယခုမတိုင်ခင်တုန်းကတော့ သူမ ကျောက်မိုနှင့် လင်းရီကို ခေတ္တကစားခွင့် ပြုထားပြီး အကယ်၍ ၀မ်တုန်းချင်သာ သူမသား အနိုင်ကျင့်ခံနေရသည်ကို ရိပ်မိပြီး ကစားပွဲတွင် ပါ၀င်လာမည်ဆိုပါက ယောက္ခမဖြစ်သည့် သူမကလည်း သေချာပေါက် ထိုင်ကြည့်နေလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ထိုနှစ်ယောက်မှာ ကြေးကြီးကြီး ကစားကြလိမ့်မည်လို့ သူမ မထင်ထား...လုံး၀ မျှော်လင့်မထားခဲ့ဟု ပြောလျှင် ပိုမှန်ပေမည်။
ဘီလီယမ်ရာချီသည့် ငွေကြေးကစားပွဲကို လူငယ် သုံးလေးယောက် ကစားနေတာက တော်တော်လေး အံ့အားသင့်ဖို့ကောင်းလှ၏။ သူမ အရွယ်တုန်းကပင် ထိုမျှ သွေးမရဲခဲ့ချေ။
လက်တွေ့တွင်တော့ ရှန်းရှူးရီ သူမ ပစ်မှတ်ထားခံရမည်ကို ဘယ်တုန်းကမျှ ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။ သူမ စိုးရိမ်နေသည်က တစ်ခြားတစ်ခုဖြစ်၏။ ယင်းက လင်းရီ Pfizer - အဓိက ဆေးကုမ္ပဏီခြောက်ခုနှင့် ချုပ်ဆိုထားသည့် သဘောတူစာချုပ်ပင်။
အကယ်၍ ထိုစာချုပ်မှာ အတိုင်းအတာ တစ်ခုထိ မရောက်သေးဘူးဆိုပါက မည်သူကမျှ စာချုပ်မှာ မည်မျှ လွှမ်းမိုးနိုင်စွမ်း ကြီးမားလဲဆိုတာကို နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ ရောက်ရှိသွားသည်ဆိုသည်နှင့် တစ်ပြိုင်နက် စတော့ ဈေးကွက်ထဲတွင် Didi ၏ ရှယ်ယာတန်ဖိုးများမှာ ကြောက်မက်ဖွယ် ကောင်းသည့် ပမာဏတစ်ခုသို့ ရောက်ရှိသွားနိုင်ပြီး အကယ်၍ ဘီလီယမ်ရာချီကျော်သွားခဲ့လျှင်တောင်မှ ယင်းက အံ့အားသင့်ဖို့ ကောင်းလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ပထမသဘောတူညီချက်ပင်။ ၎င်းက ဟွာရှ၏ နိုင်ငံတကာပုံရိပ်ကို အကြီးအကျယ် တိုးမြင့်ပေးနိုင်ပေမည်။
ထိုသို့ တိုးမြင့်လာမှုနှင့်အတူ ငွေကြေးနယ်ပယ်ကို ဆူနာမီ သက်ရောက်လာသကဲ့သို့ ရှော့ခ်ရမှုများကို ဖြစ်ပွားစေပြီး ထိုအခါ ၀မ်တုန်းချင်လည်း အရာအားလုံးကို လျစ်လျူရှုရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။
ထို့ကြောင့် သူမ လင်းရီကို အချိန်မှီ ရပ်တန့်ခိုင်းရခြင်းဖြစ်၏။
အချိန်မှာ နေ့စဉ်နှင့် အမျှ ပြောင်းလဲနေပြီး လောလောဆယ် လင်းရီ၏ လက်ရှိ ခွန်အားနှင့်ဆိုပါက သူ၏ ခမ်းနားသည့် ရည်မှန်းချက်များကို ထောက်ပံ့ပေးနိုင်လိမ့်မည် မဟုတ်ချေ။ အမှောင်ထဲတွင် ပုန်းကွယ်၍ ခွန်အားကို မွေးမြူနေသည်က အကောင်းဆုံးရွေးချယ်မှုပင်။
သူမ၏ ရည်ရွယ်ချက်များကို လင်းရီ နားလည်ပေးနိုင်ဖို့ရာလည်း မျှော်လင့်နေလေသည်။
ထိုအကြောင်း စဉ်းစားရင်း ရှန်းရှူးရီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူမရင်ထဲတွင်တော့ လင်းရီ၏ အောင်မြင်မှုများအပေါ် မိခင်တစ်ယောက်သဖွယ် ဂုဏ်ယူနေမိပြန်သည်။
တကယ်တမ်းကျတော့ ဒီရဲ့ စစ်မှန်တဲ့ လောကကြီးကို ကစားပွဲထိန်းချုပ်သူတွေကပဲ အုပ်စိုးတာ…