← Chapters

ခရေစေ့တွင်းကျ သိသော ၀မ်တုန်းချင်

Vol. 39 Ch. 574

ခရေစေ့တွင်းကျ သိသော ၀မ်တုန်းချင်

Vol. 39 Ch. 574

“ ဒါက …..”

ဝမ်တုန်းချင်၏ ထက်ရှသည့် မေးခွန်းက ကျောက်မိုကို ပြောစရာစကားလုံးများ ပျောက်ဆုံးသွားခဲ့စေသည်။

အဆိုပါမေးခွန်းကို သူယခင်က မစဉ်းစားခဲ့ဖူးသည့်အတွက် သူ့တွင် ခွန်းတုံ့ပြန်ရန် အဖြေမရှိပေ။

သို့သော်လည်း ယခု စဉ်းစားကြည့်လိုက်သည့် အခါတွင်တော့ သူ့တွင် ထိုသို့လုပ်ဆောင်နိုင်သည့် စွမ်းရည်မျိုး မရှိကြောင်း တွေ့ရလေသည်။

ဟွာယင်းအုပ်စု၏ နာမည်ကို အသုံးပြုလျှင်တောင် ယင်းက မဖြစ်နိုင်ချေ။ ဟွာယင်းအုပ်စုမှာ ဟွာရှတွင် အင်အားကြီးမားသည်မှာ မှန်သော်လည်း အမေရိကန်ကုမ္ပဏီများကို ဖိနှိပ်ရန်တော့ မစွမ်းသာပေ။

“ ငါတော့ မထင်ဘူး…” ဝမ်တုန်းချင် တစ်ဖက်လှည့်လိုက်ပြီး သူမ၏ အကြည့်များကို ကျောက်မိုထံသို့ ရွေ့ကာ “ ဒါဆို လင်းရီက ဘာလို့ အဲ့လိုလုပ်နိုင်တာလဲဆိုတာ နင်စဉ်းစားဖူးလား…”

“ အမေ … ဒါက သေချာပေါက် ပူးပေါင်းကြံစည်ထားတာပဲ…”

“ ငါ့သား….. နင် အဲ့လိုမျိုး စဉ်းစားနေတယ်ဆိုလို့ကတော့ ခုလိုပုံစံမျိုးနဲ့ အနာဂတ်ကျ ဟွာယင်းအုပ်စုကို ဦးဆောင်နိုင်မှာ မဟုတ်ဘူး…”

“ မဟုတ်ဘူးအမေ… လင်းရီဘက်က စက်ဆုပ်ဖို့ကောင်းတဲ့ လုပ်ရပ်တွေ မလုပ်လာခဲ့ဘူးဆိုရင် Muddy Waters က ဘက်ပြောင်းသွားမှာ မဟုတ်ဘူး….”

ကျောက်မိုသူ၏ ခံစားချက်များကို ချုပ်ထိန်းမရ ဖြစ်လာခဲ့၏။ လင်းရီကို ရှုံးနိမ့်သည်က ခံသာသေးသော်လည်း သူ၏ အမေထံမှ အထင်သေးမှုကို ရရှိလိုက်ရသည်ကိုတော့ ကျောက်မို မည်သို့မျှ လက်သင့်မခံနိုင်ချေ။

“ လွန်ခဲ့တဲ့ ရက်တွေတုန်းက ငါ အလုပ်နဲ့ ခရီးထွက်နေရတော့ ဒီကိစ္စတွေ အာရုံမထားခဲ့ဘူး… ဒါပေမယ့် ပြန်လာပြီး ဒါကိုကြည့်လိုက်တော့ အခြေအနေကို ကောင်းကောင်းနားလည်သွားပြီ…” ဝမ်တုန်းချင် ပြောလိုက်ပြီး “ စဉ်းစားကြည့်ကြည့်… ဒီကစားပွဲတစ်ခုလုံးမှာ လင်းရီ နင့်ကို ဘယ်နှစ်ကြိမ်တောင် လှည့်စားသွားလဲ….”

“ သတင်းစာရှင်းလင်းပွဲ မလုပ်ခင်တုန်းက သူ့ရဲ့ အနေအထားက အလူးအလဲ ခံစားနေရတဲ့ ဘက်ကပဲ… အဲ့လိုဆိုရင်တောင် သူက နင့်ရဲ့ ခြေလှမ်းတိုင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီးသား…. နင့်ဘက်က ယွမ် 100 ဘီလီယမ် ထုတ်သုံးလာခဲ့တော့ သူ့ဘက်က ၁၀၀ ဘီလီယမ်ထက်ပိုသုံးပြီး ရှယ်ယာတွေကို အကုန်ပြန်ဝယ်သွားခဲ့တယ်…နင်က သူ့ကို ထိုးနှက်ချက်အကြီးကြီးပေးဖို့ Muddy Waters ကို ဆက်သွယ်လိုက်တယ်ဆိုပေမယ့် အဆုံးသတ်ကျတော့ ဘယ်လိုဖြစ်သွားလဲ… သူ့ဘက်က ဒရာမာဆန်ဆန်နဲ့ ပြန်ပြီး တုံ့ပြန်သွားခဲ့တယ်မလား… ဒီလိုမျိုးဖြစ်လာခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားလို့လဲ… ဒါက မျှမျှတတ ယှဉ်ပြိုင်တဲ့ပွဲပဲ…. အမှန်ဆို နင့်ဘက်ကတောင် ပိုပြီး အလေးသာတဲ့ အနေအထားမှာ… ပြောစမ်းပါဦး… ဘာမသမာမှုတွေရှိလို့..”

ဝမ်တုန်းချင်၏ စကားများကို ကြားတော့ ကျောက်မို ရုတ်ချည်း အလင်းပွင့်သွားခဲ့သည်။

သူ လင်းရီကို အထင်သေးမိသွားခဲ့လေသည်။

“ ငါခုလေးတင် သတင်းတစ်ခု ကြားလိုက်တယ်.. လင်းရီက အဓိကဆေးဝါးကုမ္ပဏီခုနစ်ခုနဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာ့ထိပ်တန်း ဆေးဝါးသုတေသနစင်တာကို ကျိုးဟိုင်မှာ တည်ထောင်တော့မှာ… အဲ့က ထုတ်လုပ်တဲ့ ဆေးဝါးတွေရဲ့ တန်ဖိုးကလည်း ဟွာရှရဲ့ ပြည်တွင်းဈေးကွက်မှာ ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းကို ကျော်မှာ မဟုတ်ဘူး…” ဝမ်တုန်းချင်ပြောလိုက်ပြီး

“ နောက်ပြီး လင်းရီက ရှားပါးရောဂါ ကုသတဲ့ ဆေးဝါးတွေရဲ့ ဈေးနှုန်းကို သုံးပုံနှစ်ပုံတောင် လျှော့ချနိုင်လိုက်တယ်… တကယ်လို့ ဒီသတင်းသာ အပြင်မှာ ပျံ့နှံ့သွားခဲ့မယ်ဆိုရင် DIDI ရဲ့ ရှယ်ယာတွေက အဟုန်နဲ့ ဆောင့်တက်လာခဲ့တော့မှာ…. အဲ့ခါကျ နင် ဘယ်လောက်တောင် ဆိုးဆိုးရွားရွားကြီး ရှုံးနိမ့်သွားမလဲဆိုတာ နားလည်တယ်မလား….”

ကျောက်မိုတုန်လှုပ်သွားခဲ့သည်။ ထိုသတင်းကိုကြားပြီးနောက် သူ့လုပ်ရပ်၏ အကျိုးဆက်က မည်မျှပြင်းထန်သွားလဲဆိုတာ အသေအချာ နားလည်သွားခဲ့လေသည်။

“ ပြီးတော့ လင်းရီ လက်ထဲမှာ ခုထိ မသုံးရသေးတဲ့ ဝှက်ဖဲတစ်ချပ် ရှိသေးတယ်… နင်တောင် သိဦးမှာ မဟုတ်လောက်ဘူး..”

“ ဘယ်လိုဝှက်ဖဲလဲ…”

“ ရှန်းထျန်းကျိုး…”

“ရှန်းထျန်းကျိုး….. “ ကျောက်မို ရေရွတ်ပြီးနောက် သူ၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ကာ “ သူက ဟွာရှန့် သိပ္ပံပညာရှင်တွေရဲ့ ခေါင်းဆောင်လေ….”

“ အမှန်ပဲ.. သူက လွန်ခဲ့တဲ့ သုံးလေးလလောက်တုန်းကရင် ဟွာရှကို ပြန်လာပြီးတော့ လင်းရီရဲ့ လက်အောက်မှာ အလုပ်လုပ်နေတာ…” ဝမ်တုန်းချင်ပြောလိုက်ပြီး “ တကယ်လို့ သူသာ ဒီအကြောင်းတွေ ဖော်ထုတ်လိုက်မယ်ဆိုရင် BTA ပြီးတာနဲ့ didi က စတုတ္ထအကြီးဆုံး ကုမ္ပဏီဖြစ်လာတော့မှာ … နင် သူ့အပေါ် မလှုပ်ရှားခင် ဒီကိစ္စတွေကို စုံစမ်းခဲ့ဖူးလား…”

ဝမ်တုန်းချင် ကျောက်မိုကို ကြည့်လိုက်သည်။ သူမစကားပြောလိုက်သည့် အချိန်တွေ သူမ၏ လေသံက မေးခွန်းထုတ်နေသည့် လေသံပင်။

“ နင်ထင်နေတာ Soros ရဲ့ လမ်းညွှန်မှုနဲ့ Muddy Waters ရဲ့ အကူအညီပါတာနဲ့ပဲ သူ့ကို အနိုင်ရမယ်လို့ထင်နေတာလား.. အဲ့တာဆိုရင်တော့ နင်က အရမ်းတုံးအလွန်းသွားပြီ….”

“ အဲ့ဒီနှစ်တွေတုန်းက Soros ဦးဆောင်တဲ့ အဖွဲ့အစည်းက အင်္ဂလန်ဘဏ်ကို ဖျက်ဆီးစေခဲ့ပြီး အရှေ့တောင်အာရှကို သွေးချောင်းစီးစေခဲ့တာအမှန်ပဲ… ဒါပေမယ့် အဲ့လိုလုပ်လိုက်နိုင်တာနဲ့ပဲ သူ့ရဲ့ စကေဘာနည်းဗျူဟာက ပြိုင်ဘက်ကင်းသွားပြီလို့ ထင်နေတာလား.. သူ ဟောင်ကောင်ကျွန်းမှာ ကျရှုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားလို့လဲ….”

ကျောက်မို အသက်ပြင်းပြင်းရှူပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် “ အမေ … ကျွန်တော်တို့ ခု ဘယ်လိုလုပ်ကြမလဲ..”

“ ငါနင့်ကို DIDI ရဲ့ ရှယ်ယာတွေ ဝယ်ဖို ပိုက်ဆံထုတ်ပေးမယ်.. အဲ့တာတွေနဲ့ ပွဲစားတွေဆီက ယူထားတဲ့ ရှယ်ယာတွေကို အားလုံးပြန်ပေးလိုက်….”

“ အားလုံးပြန်ပေးရမယ်….” ကျောက်မို သူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး “ တကယ်လို့သာ ကျွန်တော်တို့ အကြွေးတင်ထားတဲ့ ရှယ်ယာတွေအကုန်လုံး ဝယ်လိုက်မယ်ဆိုရင် ဈေးနှုန်းက နှစ်ဆဖြစ်နေမှာပေါ့….”

“ ဟင်း… ငါနင့်ကို ဒီလောက်ထိ ပြောပြနေတာတောင် ခုထိ နားမလည်နိုင်သေးဘူးလား... ငါ ၀မ်တုန်းချင်မှာ ဘာလို့ တုံးအတဲ့ သားတစ်ယောက် ရှိနေပါလိမ့်....” ဝမ်တုန်းချင် သက်ပြင်းချလိုက်ပြီး “ တကယ်လို့ ကျောက်မိသားစုရဲ့ ပံ့ပိုးမှုသာ မရှိဘူးဆိုရင် နင် ဟွာယင်းအုပ်စုလို ကုမ္ပဏီကြီးကို ဦးဆောင်နိုင်ပါ့မလားလို့တောင် စိတ်ပူမိတယ်…”

“ ဒီတစ်ကြိမ် ကျွန်တော် လင်းရီကို ရှုံးနိမ့်သွားတယ်ဆိုတာ ဝန်ခံတယ်.. ဒါပေမယ့် အဲ့တာကြောင့်နဲ့ပဲ ကျွန်တော်က သူ့ထက် အားနည်းတယ်လို့ မဆိုလိုဘူး…” ကျောက်မို ပြောလိုက်ပြီး” အနာဂတ်ကျရင် ဆုံးရှုံးခဲ့သမျှကို သူ့ဆီကနေ ပြန်ယူပြမယ်…”

“ သူ့ဆီကနေလား…” ဝမ်တုန်းချင် ကျောက်မိုကို ကြည့်လိုက်ပြီး “ လူသေက လက်စားချေနိုင်ဦးမယ်လို့ နင်ထင်နေတာလား…”

“ နင်ခု ဒီလိုအချိန်မှာ ငါ့ရှေ့မှာ မတ်တပ်ရပ်ပြီး စကားပြောနေနိုင်တယ်ဆိုတာကလည်း နင့်ရဲ့ အစွမ်းအစကြောင့်နဲ့ မဟုတ်ဘူး… လင်းရီသက်ညှာထားပေးတယ်ဆိုတာကလည်း ဟွာယင်းအုပ်စုကြောင့်ပဲ….”

“ တကယ်လို့ နင့်နောက်မှာ ရှိနေတဲ့ ကုမ္ပဏီကသာ သာမန်ကုမ္ပဏီလေးဆိုလို့ကတော့ Cisco လို အဆုံးသတ်သွားပြီ….”

“ ခု မြင့်တက်နေတဲ့ DIDI ရဲ့စတော့ ဈေးနှုန်းတွေက နောက်ကျရင် ပြန်ကျသွားလိမ့်မယ်လို့ နင် စဉ်းစားနေမယ်ဆိုတာ ငါသိတယ်.. ဒါပေမယ့် ဘယ်အချိန်ကျမှ ပုံမှန်ပြန်ဖြစ်သွားမလဲဆိုတာ နင် မှန်းဆနိုင်လို့လား… အကြွေးတင်နေတဲ့ ရှယ်ယာတွေကို ပွဲစားတွေဆီ ပြန်ပေးဖို့ကကော မလိုအပ်တော့ဘူးလား…”

“ ဒုတိယတစ်ချက်.. လင်းရီရဲ့ အင်္ကျီလက်ထဲမှာ ဝှက်ဖဲတွေက အများကြီးပဲ … တကယ်လို့ စောနက ငါပြောသွားတဲ့ဟာတွေကို သတင်းအပိုင်းအစလေးပဲ ဖြစ်ဖြစ် လွင့်လိုက်မယ်ဆိုရင်တောင် ခု ဈေးနှုန်းအတိုင်း အချိန်တစ်ခုလောက်အထိ ထိန်းထားဖို့ဆိုတာ ပြဿနာမရှိဘူး.. အဲ့ခါကျ ပွဲစားတွေနဲ့ ဟွာယင်းအုပ်စုကြားမှာ သေချာပေါက် အငြင်းပွားစရာတွေ ပေါ်ပေါက်လာမှာပဲ… အဲ့လိုဖြစ်လာခဲ့ရင် ငါတို့ရဲ့ ပုံရိပ်ကို ထိခိုက်သွားစေပြီးတော့ ကုမ္ပဏီရဲ့ ရှယ်ယာတွေလည်း ထိုးကျကုန်လိမ့်မယ်… အဲ့လိုတွေ ဖြစ်လာမယ်ဆိုတာကိုကော နင်ကြိုတွေးကြည့်ဖူးလား….”

“ နောက်ပြီး အရေးကြီးဆုံးအချက်တစ်ချက် ရှိသေးတယ်.. အဲ့တာကို ဘယ်တော့မှမမေ့နဲ့..” ဝမ်တုန်းချင်ပြောလိုက်ပြီး “ ငါတို့က နိုင်ငံပိုင် ကုမ္ပဏီမဟုတ်ဘူးဆိုရင်တောင် မကောင်းသတင်းတွေ လုံးဝရှိလို့မဖြစ်ဘူး..”

“ ကျောက်မိသားစုရဲ့ အုတ်မြစ်က နိုင်ငံရေးလောကထဲက ဩဇာလွှမ်းမိုးမှုပဲ… အဲ့ဒီက သွေးထွက်သံယိုကိစ္စတွေဆိုတာ နင်ထင်ထားတာထက် ပိုပြီးတော့ ရက်စက်သလို ပြတ်လည်းပြတ်သားတယ်… လူတိုင်းက အမေတို့ ကျောက်မိသားစုနေရာမှာ အစားထိုးဖို့ ကျားချောင်းချောင်းနေကြတာ… ဒါကြောင့်မို့ မုန်တိုင်းက အပြည့်အဝ အစမပျိုးခင်မှာ ဒီကိစ္စကို တတ်နိုင်သမျှ မြန်မြန်ကိစ္စဖြတ်ရမယ်…”

ကျောက်မို လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး “ ဟုတ်ကဲ့ပါ အမေ…”

“ သွားတော့…”

ဝမ်တုန်းချင် သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ သူမပုံစံမှာ နွမ်းနယ်နေပြီး စိတ်ပျက်နေဟန် တစ်စွန်းတစ်စကိုလည်း မြင်တွေ့နိုင်လေသည်။

သူမ၏ စိတ်ကို ကမောက်ကမဖြစ်စေသည်က သူမသား၏ ကျရှုံးမှု မဟုတ်ပဲ ထိုအစား စီးပွားရေးဝက်ဆိုဒ်ပေါ်ရှိ ဆောင်းပါးမှာ တစ်နာရီကြာပြီးနောက် ပြန်လည်ရုတ်သိမ်းခံလိုက်ရခြင်းပင်။

အကယ်၍ ထိုဆောင်းပါးကို သာမန်ဘော့စ်တစ်ဦးမှ မြင်ပြီးသည်နှင့် တစ်ပြိုင်နက် ဟွာယင်းအုပ်စုနှင့် အခြားမိသားစုများအပေါ် အကျိုးဆက်များ သက်ရောက်လာပေမည်။ သို့သော်လည်း ယခုတော့ အကြောင်းပြချက်မရှိ ကွယ်ပျောက်သွားပြီး ထိုအစား CITIC အုပ်စု၏ ရှင်းလင်းချက်ဆောင်းပါးဖြင့် အစားထိုးခံလိုက်ရ၏။

သံသယဖြစ်ရန်မလိုပဲ ရှန်းရှူးရီမှ ထိုသို့ ဆောင်ရွက်ရန် စေခိုင်းခဲ့ကြောင်း သေချာလေသည်။

သို့သော်လည်း သူမတို့နှစ်ဦး၏ ပတ်သက်ဆက်နွယ်မှုအရ ရှန်းရှူးရီဘက်က ထိုသို့ ပြုလုပ်လာခဲ့ပေးရန် အကြောင်းမရှိချေ။

ထက်မြက်သည့် မိန်းမသားတစ်ဦးက သူမ၏ လက်ကို အကြောင်းမဲ့ ညစ်ပတ်စေလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ထို့ထက်ပို၍ လေးနက်သည့် အကြောင်းပြချက်တစ်ခုတော့ ရှိရပေမည်။

သေချာစဉ်းစားကြည့်လျှင် အကယ်၍ ဟွာယင်းအုပ်စု၏ ရှယ်ယာများ ကျဆင်းသွားမည်ဆိုပါက ဝမ်တုန်းချင်ကိုယ်တိုင်ပါဝင်လာပြီး အဆုံးတွင် ကံမကောင်းသည့် လင်းယွမ်အုပ်စုမှာ သူမ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရလိမ့်မည်။ ထိုသို့ဆိုလျှင်တော့ အခြေအနေမှာ ရှင်းလင်းသွားလေပြီ။

ရှန်းရှူးရီမှာ လင်းရီဘက်တွင် ရှိနေခြင်းပင်။ သူမကို မလှုပ်ရှားနိုင်အောင် ကြိုတင်၍ ချုပ်လိုက်ခြင်းလည်းဖြစ်၏။

ဒေါက် ဒေါက် ဒေါက်

ဝမ်တုန်းချင် အတွေးနက်နေတစ်ခိုက် တစ်စုံတစ်ယောက်မှ တံခါးခေါက်လာခဲ့သည်။

“ ဝင်ခဲ့….”

ဝင်လာခဲ့သူမှာတော့ ငယ်ရွယ်သည့် အမျိုးသမီးဖြစ်ပြီး ဝမ်တုန်းချင်၏ အတွင်းရေးမှူး ဖြစ်လေသည်။

“ ဥက္ကဌဝမ်.. ကျွန်မတို့ ပေချောင်မြို့က ကိစ္စကို စုံစမ်းပြီးသွားပါပြီ.. ဆောက်လုပ်ရေးတာဝန်ခံကုမ္ပဏီကကျတော့ ကျိုးဟိုင်က ချောင်ရန်အုပ်စုပါပဲ… အဲ့ဒီကုမ္ပဏီဥက္ကဌ ကျီချင်းရန်နဲ့ လင်းရီက ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိပြီးတော့ သမီးရည်းစားတွေတစ်ဖြစ်လဲ ကောလဟာလတွေလည်း ရှိနေပါတယ်.. ကျွန်မတို့ စုံစမ်းနေစဉ်အတွင်းမှာ မူမမှန်တာတွေလည်း တွေ့ခဲ့ရပါသေးတယ်.. အဲ့တာကတော့ ထောက်ပံ့ရေးအစီစဉ်ကို လင်းယွမ်အုပ်စုက ဦးဆောင်ပြီးတော့ အကျိုးအမြတ်ကိုကျ CITIC အုပ်စုကို ပေးလိုက်တာပါပဲ…”

“ နားလည်ပြီ… နင် ပြန်သွားလိုက်တော့…”

“ ဟုတ်ကဲ့ နားလည်ပါပြီ…”

အတွင်းရေးမှူး ထွက်ခွာသွားပြီးနောက် ဝမ်တုန်းချင် မျက်လုံးမှိတ်ပြီး ဆိုဖာပေါ် မှီလိုက်သည်။

“ ဒီရဲ့ ရှန်းရှူးရီက ဘာလို့ လင်းရီနဲ့ ပတ်သက်နေရတာ… သူမကို နောက်ဆုတ်အောင် လုပ်ဖို့ဆိုတာကလည်း လွယ်တော့မလွယ်ကူဘူး…”

သူမ တွေးတောပြီးနောက် ဖုန်းထုတ်၍ ရှန်းရှူးရီ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်လေသည်။ ထို့နောက် ပျော့ပျောင်းပြီး ညင်သာသည့်လေသံဖြင့်

“ ဟဲလိုအစ်မရှန်း … ဒီညအားလားမသိဘူး… ကျွန်မ ခုလေးတင် တောင်အာဖရိက ကနေ ပြန်ရောက်တာလေ… အစ်မအတွက်လည်း လည်ရွဲတစ်ကုံး ဝယ်ခဲ့ပေးသေးတယ်.. ခနလောက်တွေ့ပြီး လက်ဖက်ရည်သောက်ရအောင်လားလို့…”

All Chapters