အမည်မသိလျှို့ဝှက်ချက်
Vol. 39 Ch. 575
ဆေးရုံမှ ထွက်လာခဲ့ပြီးနောက် လင်းရီနှင့် လျန်ရူရွှယ်တို့ အိမ်ပြန်လာခဲ့ကြသည်။
"နင် ဥက္ကဌကျီကို သွားမချော့တော့ဘူးလား..."လျန်ရူရွှယ် မေးမြန်းလိုက်၏။
"ခုက ချင်းရန်ကို ချော့ရမယ့် အချိန်မဟုတ်သေးဘူး... မနက်ဖြန်မှ ပြောကြတာပေါ့... "
လျန်ရူရွှယ် ဘာမျှ ဆက်မပြောပေ။ သူမ အနှီကောင်စုတ်၏ အင်္ကျီလက်ထဲတွင် လှည့်ကွက် တစ်စုံတစ်ရာ ရှိနေဦးမည်ဟု ခံစားနေရလေသည်။
"နင်ပဲ မသွားဘူးပြောတာနော်.. ပြီးမှ ငါ့အပေါ် အပြစ်လာမပုံချနဲ့... "လျန်ရူရွှယ် ကြိုတင်ပြောလိုက်ပြီး "ငါက သူများ ရည်းစားကို စနှိုက်ကျော်တယ်လို့တော့ အထင်မခံနိုင်ဘူး..."
"ဖြစ်လာခဲ့ရင်လည်း ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်ကွာ.. မင်းက ဘာတွေ စိုးရိမ်နေတာ...."
ထိုအခါ လျန်ရူရွှယ် ကြီးကျယ်သည့် ဟန်အမူအရာဖြင့် လည်ချောင်းရှင်းလိုက်ပြီး "ငါလည်း ဂရုစိုက်မနေပါဘူး...ဒါပေမယ့် နင်ဒီည ငါ့ကို ဟင်းချက်ကျွေးမယ်လို့ ပြောထားတယ်နော်..."
"အင်း.. ပိုးထည်တံခွန် မျက်နှာကြောင့်မို့ ဒီနေ့ညမင်းကို ဆုချပေးမယ်... အကြီးကြီး စိတ်ကျေနပ်စေရမယ်လို့ အာမခံတယ်..."
"အင်းပါ.. အရမ်းအရသာ မရှိရင်တောင် ဆေးရုံမပို့ရင်ပဲ ကျေနပ်လှပြီ..."
"ငါကတော့ မင်း ပန်းကန်ပါ မချန် လျှာနဲ့ လျက်နေမှာကို စိုးရိမ်နေတာ..."
"အောင်မယ်လေး.. ဒီက ပြည်နယ်အဆင့် ညစာစားပွဲတွေကို ခနခန တက်ဖူးတဲ့သူပါနော်... အဲ့လိုမျိုး ရှက်စရာ အပြုအမူမျိုး လုပ်မယ်လို့ ထင်လား..."
"အဲ့ညစာ စားပွဲတွေက စားပွဲသပ်သပ်ပဲ.. အရသာက လုံး၀ ခြားနားတယ်... ဒီနေ့ မင်းကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အရာတစ်ခု မြည်းစမ်းကြည့်ခိုင်းမယ်..."
"အမ်...ဘာက အဲ့လောက်ထိ စိတ်လှုပ်ရှားဖို့ကောင်းမှာ..."
"ပုစွန်ခြောက်ဗူးသီး ဟင်းချိုရည်လေ.. အဲ့တာက မင်းရဲ့ ခန္ဓာကိုယ်ကို အားဖြစ်စေတယ်..."
"ပုစွန်ခြောက် ဗူးသီးဟင်းချိုရည်..."လျန်ရူရွှယ် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး "တခြားဟာလုပ်.. ငါက အဲ့လိုမျိုး အားဖြည့်စာတွေ စားစရာ မလိုသေးဘူး..."
နှစ်ယောက်သား အိမ်ပြန်လမ်းတစ်လျှောက် စကားပြောခဲ့ကြ၏။
လျန်ရူရွှယ်ကတော့ ကားပေါ်တွင်ထိုင်ရင်း ယခုထိတိုင် နားမလည်နိုင် ဖြစ်နေလေသည်။
ဒီကောင်စုတ်က ဖြေရှင်းဖို့ နည်းလမ်းရှိတယ်ဆိုရင်တောင် နည်းနည်းလေးမှ မစိုးရိမ်ဖူးလား....
လျန်ရူရွှယ်၏ အိမ်သို့ ရောက်သောအခါ နှစ်ယောက်သား ညှပ်ဖိနပ်များ လဲပြု၍ အိမ်ထဲသို့ ၀င်လိုက်ကြလေသည်။
သူမ ညအိပ်၀တ်စုံ မလဲမီ လင်းရီကို သူမ ၀ယ်လာခဲ့သည့် ပဂျားမားကို ပေးလိုက်သည်။
"မင်း ၀ယ်ခဲ့တာလား..."
"အွန်း...ဒါလေး၀တ်ပြီးအိတ်.. ကိုယ်တုံးလုံးကြီးနဲ့ ငါ့ရဲ့ အိပ်ယာခင်းတွေကို ညစ်ပတ်အောင် မလုပ်နဲ့..."
"ဟားဟား... မင်းပြောသလိုပဲပေါ့..."လင်းရီ ကျေးဇူးတင်စွာဖြင့် ပွေ့ဖတ်ရန် ဟန်ပြင်လာခဲ့၏။
"ငါ့ကို အခွင့်အရေးယူဖို့ ကြိုးစားမယ် မကြံနဲ့နော်.. ဒီနေ့ည နင် ထမင်းချက်ရမှာပဲ ပြောပြီးသား ပြန်မပြင်ရဘူး..."
"ပါးပါးလေးပါ..."
လင်းရီ လေကုန်ခံမနေတော့ချေ။ လျန်ရူရွှယ်မှာ သူ၏ မစ်ရှင်ကို ပြီးမြောက်အောင် ကူညီပေးထားသောကြောင့် သူ့ဘက်မှ ထိုက်တန်သည့် တစ်စုံတစ်ခုကို ပြန်လုပ်ပေးသင့်လေသည်။
တစ်နာရီကြာပြီးနောက် ဟင်းပွဲလေးမျိုးနှင့် စွပ်ပြုတ်တစ်ခွက်မှာ စားပွဲပေါ်တွင် အငွေ့တထောင်းထောင်းဖြင့် ရောက်ရှိနေပြီး ဖြစ်၏။
မန်ဒရင်းစတိုင် ငါး_ရှဥ့်ပုံစံကြော်(ငါးကို ကြော်ပြီး ရှဥ့်ပုံစံ ဖော်ထား) ၊ အမဲသားအစပ် ၊ ကြက်သား အမွကြော် ၊ ပန်ကြော်တိုဖူး၊ ငါးခေါင်းတိုဖူးစတူး။
ပန်းကန်ထဲတွင် ကျနစွာ ခင်းကျင်းထားသည့် ဟင်းပွဲငါးမျိုးကို မြင်တော့ လျန်ရူရွှယ် အံ့အားသင့်ခဲ့သည်။
"နင်.. နင် .. နင်တကယ်ကြီး ဟင်းချက်တတ်တယ်ပေါ့..."
"မချက်တတ်တော့ ငါက မီးဖိုချောင်ထဲ အလကား သွားလုပ်နေတယ်လို့ ထင်နေတာလား..."
"ဟမ့် အရင် မြည်းစမ်းကြည့်လိုက်ဦးမယ်.. အရသာက ဆိုးနေမလားလို့ ဘယ်သူကပြောနိုင်မှာ.."လျန်ရူရွှယ် အမဲသားအစပ် တစ်ဖက်ကို တူဖြင့် ညှပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ စပ်သော်လည်း ချိုသည့် အရသာ အနည်းငယ် ပေါ်လွင်နေလေသည်။ အသား၏ နူးညံ့မှုနှင့် အစပ်အရသာ အချိုးကျပေါင်းစပ်မှုက ဟင်းပွဲကို ပို၍ ထူးကဲသွားစေခဲ့၏။
ဒါ ဒါ ကျွမ်းကျင်စာဖိုမှူးတွေရဲ့ လက်ရာလောက်ရှိတယ်...
တူကို ပါးစပ်ထဲတွင် ထည့်ထားလျက် လျန်ရူရွှယ် လင်းရီကို မယုံကြည်နိုက်သည့် မျက်၀န်းတို့ဖြင့် ကြည့်နေမိသည်။ "အရမ်းကောင်းတယ်ကော...."
"ကျန်တဲ့ ဟင်းတွေလည်း မဆိုးပါဘူး.. တစ်ခုချင်းစီ မြည်းစမ်းကြည့်ကြည့်..."
လင်းရီ ပြုံးလျက်ပြောလိုက်သည်။ ချက်ပေးသူအဖို့ စားကောင်းသည်ဟု ချီးကျူးခံရသည်မှာ ဘာနှင့်မျှ မလဲနိုင်သည့် ခံစားချက်ကြီးပင်။
လျန်ရူရွှယ် ဟင်းပွဲ လေးမျိုးနှင့် စတူးကို မြည်းကြည့်ပြီးနောက် လင်းရီကို မယုံကြည်နိုင်သည့် အမူအရာဖြင့် ကြည့်နေမိတော့၏။
"နင်ဘာလို့ ဟင်းချက်တာ အဲ့လောက်တောင် ကောင်းနေတာ..."
"မိန်းကလေး တစ်ယောက်ကို သိမ်းပိုက်ချင်ရင် သူမရဲ့ အစာအိမ်ကို အရင်ဆုံး သိမ်းပိုက်ရမယ်လို့ အမေက သင်ပေးထားတာလေ.."
"နင် ငါ့အိမ်လည်း ခနခန လာဖူးတယ်နော်... နင် အဲ့လောက် ဟင်းချက်တော်တာကို ဘာလို့ ငါ့ကို ချက်ခိုင်းနေတာ..."
"ချက်ရမှာ ပျင်းလို့လေ..."
လျန်ရူရွှယ် "......"
ကလင် ကလင် ကလင်
လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ ဟော်ယွမ်ယွမ် ထံမှပင်။
"ဘော့စ်.. Cisco ဘက်က လျော်ကြေးပေးမယ့် အကြောင်း ဆွေးနွေးချင်နေတယ်လို့ ဆက်သွယ်လာတယ်... ကျွန်မနဲ့ အစ်ကိုချီတို့ လေ့လာကြည့်ရသလောက်တော့ ကျောက်မိုနဲ့ ကျန်တဲ့သူတွေက တောင့်ခံဖို့ကို အရှုံးပေးလိုက်ကြပြီ..."
"ဒီကောင်တွေ ဘယ်အချိန်မှာ သွေးတိတ်အောင် လုပ်ရမလဲဆိုတာတော့ သိသားပဲ.. အချိန်ထပ်ဆွဲနေရင် သူတို့ပဲ ပိုပြီးတော့ ဆုံးရှုံးရမှာ...."
"ဒါဆို ကျွန်မ ဘယ်လို ကိုင်တွယ်လိုက်ရမလဲ.. ဘော့စ် ညွှန်ကြားချင်တာများ ရှိသေးလား..."
"မင်းနဲ့ ချီရှန်းကျောက်တို့ တစ်ဆင့်ပြီးတစ်ဆင့် ကိုင်တွယ်သွားလိုက်... ရန်ပုံငွေတွေကို မြန်မြန်ရလေ ကောင်းလေပဲ.. ငါတို့ ဘဏ်ကို အကြွေးပေးရဦးမယ်ဆိုတာ မမေ့သေးနဲ့ဦး... "
"နားလည်ပါပြီ..."
ရိုးရှင်းစွာ ညွှန်ကြားချက်များပေးပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
"ကျောက်မိုက အရှုံးပေးလိုက်ပြီလားတဲ့...."လျန်ရူရွှယ် စားရင်းဖြင့် မေးမြန်းလိုက်၏။
"ဆိုပါတော့.... ဒီတစ်ချီတော့ ငါတို့ တော်တော်လေး အမြတ်ထွက်သွားတယ်.. Cisco ဘက်က လျော်ကြေးငွေတွေနဲ့ကော ဆိုရင် ၁၅၀ ဘီလီယမ်လောက် မြတ်သွားတယ်... "
ထိုပမာဏကို ကြားတော့ လျန်ရူရွှယ် အံ့အားသင့်သွားခဲ့သည်။
၁၅၀ ဘီလီယမ်ဟူသည့် ပမာဏမှာ ဟွာရှမှ ၉၉.၉ ရာခိုင်နှုန်းသော လူတို့အဖို့ အိပ်မက်ထဲပင် ထည့်မမက်ဖူးသည့် ပမာဏဖြစ်၏။
တစ်ဖက်တွင်တော့ လင်းရီမှာ ၎င်းပမာဏကို လအနည်းငယ်မျှဖြင့် ရှာပြသွားလေသည်။
နာမည်ကြီး စီးပွားရေးတက္ကသိုလ်ကျောင်းဆင်းများပင် လင်းရီကဲ့သို့ စီးပွားရေးအမြင် ထက်ရှမှုမျိုး ရှိလိမ့်မည် မဟုတ်ချေ။
စားပြီး သောက်ပြီး၍ ဗိုက်အင့်သွားပြီးနောက် လျန်ရူရွှယ် ရေချိုးရန် ရေချိုးခန်းထဲသို့ ၀င်သွားခဲ့သည်။
လင်းရီကတော့ ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲ လဲလျောင်းရင်း စနစ်၏ စာမျက်နှာကို ဖွင့်၍ လျှောက်ကလိနေလိုက်၏။
ကလင် ကလင် ကလင်
ထိုအခိုက်အတန့်တွင် လျန်ရူရွှယ်၏ ဖုန်းသံ မြည်လာလေသည်။ လင်းရီ ထထိုင်၍ ဖုန်းယူလိုက်သောအခါ ကျောက်မိုထံမှ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ကောက်ကျစ်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာပြီး လင်းရီ ဖုန်းဖြေလိုက်သည်။
"ရှောင်မီ... ငါ နင်နဲ့ လင်းယွမ်အုပ်စုအကြောင်း ပြောချင်လို့.. ခု အချိန်ရလား..."ကျောက်မိုမှ ပြောလာခဲ့၏။
"အာ... မီလိလေးက ခု ရေချိူးခန်းထဲမှာ..ဖြေဖို့အားဦးမှာ မဟုတ်ဘူးဆိုတော့ မနက်ဖြန်မှ ပြန်ခေါ်လိုက်တော့..."
"ရေချိုးနေတယ်..."
အမျိုးသား တစ်ဦး၏ လေသံကို ကြားလိုက်ရသောအခါ ကျောက်မို၏ လေသံမှာ အေးစက်သွားခဲ့ပြီး
"မင်းက ဘာကောင်လဲ.. ဘာလို့ ရှောင်မီရဲ့ ဖုန်းကို ကိုင်နေတာ..."
"အတည်ကြီးလား.. မင်း ငါ့အသံကို ဒီလောက်မြန်မြန်ကြီး မေ့သွားတယ်ပေါ့... ဆိုးလိုက်တဲ့ ဦးနှောက်ကွာ..."
"မင်း.. လင်း ရီ..."
"အိုး.. မှတ်မိသွားပြီလား..."လင်းရီ ပြုံးလိုက်ပြီး "မင်း မီလိလေးနဲ့ လင်းယွမ်အုပ်စုအကြောင်း ပြောချင်ရင် ဒီနေ့တော့ မဖြစ်လောက်သေးဘူး.. သူမ ရေချိုးပြီးတာနဲ့ ငါတို့နှစ်ယောက် လုပ်စရာလေးတွေ ရှိနေသေးတယ်ဆိုတော့ မနက်ဖြန်မှ ဖုန်းပြန်ခေါ်.....တီ တီ တီ .... "
လင်းရီ စကားမဆုံးမီ ကျောက်မို ဖုန်းချလိုက်ပြီး သေမတတ် ဒေါသထွက်နေတော့၏။
"ငါ့ဖုန်း လာခဲ့တာလား..."ရေချိုးခန်းထဲမှ လျန်ရူရွှယ်၏ အသံ ထွက်လာခဲ့သည်။
"ကျောက်မိုဆီကလေ.. ငါ မင်းအစား ဖုန်းဖြေပေးထားတယ်..."
"နင် ကျောက်မိုကို ဒေါသထွက်ပြီး သေအောင်လုပ်လိုက်ပြီလား... "
ကျောက်မို သူမကို ပိုးပန်းနေမှန်း လျန်ရူရွှယ် သတိထားမိလေသည်။
ယခု လင်းရီမှ ဖုန်းဖြေလိုက်ပြီး ဆိုမှတော့ ဘာဖြစ်သွားလဲဆိုတာကို ငတုံးတစ်ယောက်ပင် ခန့်မှန်းနိုင်၏။
သို့သော်လည်း လျန်ရူရွှယ် ဘာမှ မပြောပေ။ လင်းရီ ယခုလို ပြုမူလိုက်သည့် အတွက် ကျောက်မို အနာဂတ်တွင် သူမကို အနှောင့်ယှက် ပေးတော့မည် မဟုတ်သောကြောင့် ယင်းကလည်း ကောင်းသည့် အချက်ပင်။
လျန်ရူရွှယ် အသံတိတ်သွားပြီး လင်းရီလည်း သူ့အလုပ်သူ ဆက်လုပ်နေလိုက်သည်။
သူ စနစ်၏ စာမျက်နှာကို ဖွင့်လိုက်သောအခါ သိုလှောင်သည့် နေရာ၌ ပထမအဆင့် တိုက်ပွဲ၀င်ခွန်အား ဆေးပုလင်း ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။ လင်းရီ အဆိုပါ ဆေးပုလင်းကို နှိပ်လိုက်သောအခါ သိုလှောင်နေရာမှ ပျောက်ကွယ်သွားပြီး သူ၏ အိတ်ကပ်ထဲ ရောက်လာခဲ့ကြောင်း အံ့အားသင့်ဖွယ် မြင်တွေ့လိုက်ရသည်။
လင်းရီ မျက်ခုံးပင့်လိုက်၏။
ဒါက အာကသ စွမ်းရည်ပဲလား..
ဆေးပုလင်းမှာ သေးငယ်ပြီး အထဲတွင် အသက်သွေးကြောကို ကိုယ်စားပြုသည့် အစိမ်းရောင် အရည်များ ရှိနေလေသည်။ ဆေးပုလင်းကို သေချာကိုင်ကြည့်ပြီးနောက် အနည်းငယ် လှုပ်ခါပြီး တစ်ကျိုက်တည်းမော့သောက်လိုက်တော့သည်။
ဆေးရည်မှာ လည်ချောင်းတစ်လျှောက် အေးဆင်းသွားပြီး တစ်ချိန်တည်းတွင် သူ၏ ကိုယ်တွင်းမှ ပြောင်းလဲမှုများကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆီများ လောင်ကျွမ်းနေသည်ကို လင်းရီ ရှင်းလင်းစွာ ခံစားနေရသည်။ ခဏကြာပြီးနောက် လင်းရီ ကိုယ်တစ်ခုလုံး ပူလောင်လာပြီး ချွေးစေးတို့ ထွက်လာခဲ့သည်။ယင်းက ကိုယ်တွင်းအဆီများ လောင်ကျွမ်းခြင်းကြောင့် ဖြစ်ကြောင်း လင်းရီ နားလည်လိုက်၏။ ပထမအဆင့် တိုက်ပွဲ၀င်ခွန်အား ဆေးရည်မှာ သူ၏ ကိုယ်တွင်း အင်္ဂါများကို သန့်စင်ပေးပြီး ထပ်ဆင့်ကြံခိုင်စေကြောင်း သတိပြုမိလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ဆေးအနှစ်သာရများကို စုပ်ယူသည့် ဖြစ်စဉ်မှာ ပြီးမြောက်သွားခဲ့ပြီး လင်းရီ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါး၍ ပြောပြ၍ မရနိုင်သည့် သက်တောင့်သက်သာ ရှိနေမှုများနှင့် ပြည့်နှက်နေလေသည်။
လင်းရီ အစမ်းသဘောအနေဖြင့် အားကို စုစည်းလိုက်သောအခါ ကိုယ်တွင်းရှိ ဆဲလ်အစိတ်အပိုင်းများမှ စွမ်းအင်များကို အဆင်မပြတ် ထုတ်ပေးနေပြီး လင်းရီသာ သူ၏ အင်အားများကို ပေါက်ကွဲလိုက်မည်ဆိုပါက ဖျက်ဆီးစွမ်းအားမှာ သာမန်လူတို့ထက် အဆတစ်ရာ ပြင်းထန်လိမ့်မည် ဖြစ်ကြောင်း ခံစားမိလိုက်၏။
စနစ်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။
အဆိုပါ မှော်ဆန်မှုကြီးက သာမန်လူတို့၏ အမြင်ကို ကျော်လွန်နေလေသည်။ ဤ လောကကြီးတွင် သာမန်လူတစ်ဦးတစ်ယောက်ကမျှ သူ၏ ပြိုင်ဘက် ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ဝူးရှ်....
လင်းရီ အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။ ယခုတစ်ကြိမ် စနစ်မှ တမူထူးခြားသည့် ဆုလဒ်ကို ချီးမြင့်လာခဲ့သော်လည်း အဆိုပါ ဆုလဒ်မှာ အတိုင်းအတာတစ်ခုအထိ သူ၏ နားလည်နိုင်စွမ်းများကို ကျော်လွန်နေလေသည်။ ယခု သူရရှိထားသည့် ပထမအဆင့် တိုက်ပွဲ၀င်ခွန်အားကပင် ထိုမျှပြင်းထန်နေပါက ကမ္ဘာမြေကြီးတွင် ထိုထက်မြင့်သည့် သတ်မှတ်ချက်များ ရှိနေသေးကြောင်း သိလိုက်ရတော့ လင်းရီအတွက် ကမ္ဘာသစ်တစ်ခု၏ တံခါးတစ်ချပ် ပွင့်သွားသည့်နှယ် ခံစားလိုက်ရလေသည်။
တစ်ချိန်တည်းတွင် ကမ္ဘာပေါ်တွင် ထူးဆန်းသည့် အရာများ ရှိသေးကြောင်း သတိပြုမိလိုက်၏။
ယခု သူ ပိုင်ဆိုင်ထားသည့် စနစ်ကဲ့သို့ပင်။
မေးခွန်းက ဒီရဲ့ စနစ်က ဘယ်ကနေ ရောက်လာခဲ့တာလဲ…