← Chapters

သုံးဘီးလေးကို စီးလို့ရယ် နှစ်ယောက်တူတူလျှောက်လည်မယ်

Vol. 39 Ch. 576

သုံးဘီးလေးကို စီးလို့ရယ် နှစ်ယောက်တူတူလျှောက်လည်မယ်

Vol. 39 Ch. 576

မကြာမီ ရေချိုးခန်းတံခါး ပွင့်သံ ကြားလိုက်ရပြီး လျန်ရူရွှယ် ကိုယ်ကို တဘက်အရှည်ဖြင့် ပတ်လျက် ထွက်လာခဲ့၏။

သူမ၏ ဆံပင်နှင့် ကိုယ်မှာ စွတ်စိုနေပြီး အဝေးမှ နေ၍ ဗနီလာအနံ့အသက်ကို ရရှိနိုင်လေသည်။

"ရေသွားချိုးလိုက်တော့.. ငါ ရေဇလုံထဲ ရေဖြည့်ထားပေးတယ်..."

လျန်ရူရွှယ် သူမ ဆံပင်ကို အခြောက်ခံရင်း ပြောလိုက်သည်။

"တော်ပြီ.. ဒီနေ့ နေလို့မကောင်းလို့ မချိုးတော့ဘူး..."

"ဆင်ခြေတွေ လာမပေးနဲ့.. သွား ...ရေသွားချိုး.. တစ်ခါတည်း ... ညစ်ပတ်နံစော်နေတာ..."

လင်းရီ ရေချိုးခန်းထဲသို့ လျန်ရူရွှယ်၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရ၏။ သို့နှင့် ရွေးချယ်စရာမရှိပဲ အိပ်ရာမ၀င်မီ ရေချိုးလိုက်ရလေသည်။

လူခြေတိတ်သည့် အချိန်သို့ ရောက်သောအခါတွင်တော့ လင်းရီ စနစ်၏ စာမျက်နှာကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ပြီး "စနစ် အလုပ်အသစ်ကို စတင်မယ်..."

[အလုပ်ဟောင်းမှ အလုပ်ပြီးမြောက်မှု : ၁၀၀% ]

[ အလုပ်အသစ်ကို အသက်သွင်းမည်/ မသွင်းပါ ..]

"အသက်သွင်းမယ်..."

[လက်ခံရရှိပါသည် ]

[ အလုပ်အသစ် : ဈေးဆိုင်ပိုင်ရှင် ]

[ အလုပ်ပြီးမြောက်နှုန်း : ၀%]

[စနစ်ရှင် ကျေးဇူးပြုပြီး လက်လက်ဆောင်ထုပ် ၁၀ မီလီယမ်ယွမ်နှင့် ဖက်ရှင်ကျနသည့် သုံးဘီးဆိုင်ကယ်ကို လက်ခံပေးပါ....]

"လက်ခံမယ်..."

မကြာမီ မက်ဆေ့ခ်ျမြည်သံ ကြားလိုက်ရ၏။ ထင်မှတ်ထားသည့်အတိုင်း စနစ်၏ ဆုလဒ် ၁၀ မီလီယမ်မှာ ဘဏ်ထဲသို့ ရောက်ရှိလာကြောင်း အသိပေးစာပင်။

သို့သော်လည်း ဖက်ရှင်ကျနသည့် သုံးဘီးဆိုင်ကယ်အကြောင်း တွေးမိတော့ လင်းရီရင်ဘက်ကြီးတစ်ခုလုံး ၀မ်းနည်းမှုတို့ ပြည့်လျှံသွားခဲ့ရသည်။

အဲ့တာက သုံးဘီးဆိုင်ကယ်လေကွာ.. ငါ လခွီးကို ဖက်ရှင်ကျနတာလား...

သို့သော်လည်း လင်းရီကိုပို၍ ပူပန်စေခဲ့သည်က သူ့တွင် အလုပ်ပြီးမြောက်သည့် ဆုတံဆိပ် လေးခု ရှိနေပြီး ဖြစ်သော်လည်း ၎င်း၏ အသုံးပြုပုံကို ယခုထိ ရှာမတွေ့သေးချေ။ သူတစ်ခုခု လုပ်နိုင်ရန် မည်မျှ စုဆောင်းရမယ်ဆိုတာကိုလည်း လင်းရီ သဲလွန်စမရှိချေ။

ထို့ပြင် လင်းရီစိတ်ထဲတွင် နောက်ထပ် မေးခွန်းတစ်ခု ရှိနေသေး၏။

သူက ဘယ်နေရာမှာ ဆိုင်သွားဖွင့်ရမှာ.. ဘယ်လို ဆိုင်မျိုး ဖွင့်ရမှာ...

"စနစ် မင်းပြောတဲ့ ဆိုင်ပိုင်ရှင်ဆိုတာက ဘယ်လိုမျိုးလဲ.. ဘယ်ဆိုင်ပဲ ဖြစ်ဖြစ်ရလား.. ထွေထူးသတ်မှတ်ချက်တွေကော ရှိသေးလား..."

[စားသောက်ဆိုင်တည်နေရာကို ဖက်ရှင်ကျနတဲ့ သုံးဘီးဆိုင်ကယ်မှာ ထည့်ပေးထားပါတယ်.. စနစ်ရှင် အဲ့မှာ ကြည့်ကြည့်လို့ရပါတယ်...]

"ဒါဆို မင်းရဲ့ အဲ့ဒီ ဖက်ရှင်ကျနတဲ့ သောက်ကျိူးနည်းကြီးက အောက်ထပ်မှာပေါ့... "

[အမှန်ပါပဲ...]

"သေစမ်း.. မင်းဘာလို့ စောစောက မပြောလဲ..."

လင်းရီ အိပ်ရာမှ ဝုန်းခနဲထလိုက်ပြီး ညအိပ်၀တ်စုံကိုပင် လဲပြုနေခြင်း မရှိ အပြင်သို့ ပြေးထွက်လာခဲ့တော့သည်။

အောက်ထပ်သို့ ရောက်သောအခါ လင်းရီ ရင်ထဲ ဆက်လက် မတည်ငြိမ်နိုင်တော့ချေ။

" စနစ်.. ဒါကြီးက မင်းရဲ့ ဖက်ရှင်ကျနတဲ့ သုံးဘီးဆိုင်ကယ်လား.."

[ဟုတ်ပါတယ်...]

"ဒါပေမယ့် လခွမ်းမို့လို့ ပန်းနုရောင်ကြီးလားကွ.. မင်းငါ့ကို ဖြေရှင်းချက်ပေးရမယ်.. မင်းရဲ့ ဖက်ရှင် အမြင်က ဒါကြီးလား.. "

"နံ့တံ့တံ့အရောင်တွေကို စနစ်ရှင် ကြိုက်မယ် ထင်လို့ပါ..."

"ငိုးမ စနစ်.. ငါဘယ်တုန်းက ဒီလိုအရောင်တွေ ကြိုက်တယ်လို့ ပြောဖူးလို့လဲ.. PDD အကြည့်များပြီး ပေါက်တတ်ကရတွေ လာပြောနေတာတုန်းကွ..."

စနစ်မှ ပြန်မဖြေချေ။ လင်းရီလည်း အဆိုပါ သောက်ကျိုးနည်းကောင်အား ဆက်ကျိန်ဆဲမနေတော့ပဲ စိတ်လျော့လိုက်‌တော့၏။

ဆုလက်ဆောင် ချီးမြင့်လာမှတော့ လက်ခံရုံသာ တတ်နိုင်လေသည်။

သို့သော်လည်း ထို နံ့တံ့တံ့အရောင်ကိုတော့ လင်းရီ လက်ခံရန် ခက်ခဲနေသည်။ သူအချိန်ရရင် ဆေးပြန်မှုတ်မည်ဟု ဆုံးဖြတ်လိုက်ရ၏။

လင်းရီ သုံးဘီးဆိုင်ကယ်ပေါ် တက်ထိုင်ကြည့်လိုက်သောအခါ အထဲတွင် သားရေအိတ်အမည်းရောင်တစ်ခု ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ယခုလို ညသန်းခေါင်ကြီး အောက်ထပ်သို့ ဆင်းလာရသည့် ရည်ရွယ်ချက်မှာလည်း ဤပစ္စည်းအတွက်ပင်။

သားရေအိတ်ကို ဖွင့်လိုက်သောအခါ အထဲတွင် စာချုပ်တစ်ခု ရှိနေပြီး ယင်းက ၈၉ ကျိန်းရန် လမ်းရှိ ဆိုင်ဂရံပင်။

သူ၏ အလုပ်အသစ်မှာ ဆိုင်ပိုင်ရှင်ဖြစ်သောကြောင့် စနစ်မှ ဈေးဆိုင်တစ်ခု ပြင်ဆင်ပေးထားသည်က သာမန်သာဖြစ်၏။

ခနကြာပြီးနောက် ဂရံစာရွက်အပြင် အခြား စာရွက်တစ်ရွက်လည်း ထပ်ရှိနေသေးကြောင်း မြင်တွေ့လိုက်ရ၏။ မူလကတော့ လင်းရီ ပေါ့ပေါ့တန်တန် သဘောထားပြီး အကြောင်းအရာများကို ဖတ်ရှုနေသော် လည်း တစ်ခုလုံးကို ဖတ်ရှုကြီးပြီးနောက် လင်းရီ၏ စိတ်အခြေအနေမှာ လုံး၀ ဆိုးရွားသွားခဲ့တော့၏။

"စနစ်.. မင်းငါ့ကို လာစားနေတာလား.. မင်းက ဥထမင်းကြော်တစ်ပွဲကို ၁၈၉ ယွမ်နဲ့ ရောင်းစေချင်နေတယ်... ငါက အဲ့ဥထမင်းကြော်ကို ရွှေနဲ့ ကြော်ရမှာမို့လို့ အဲ့လောက် ဈေးတင်ရောင်းရမှာလား..."

[အိပ်မက်မရှိတဲ့ လူတစ်ယောက်က ငါးဆားနယ်နဲ့ ဘာခြားတော့မှာ...]

"အေးပါ အေးပါ .. မင်းက စနစ်ဆိုတော့လည်း သောက်ရမ်းအံ့ဩဖို့ကောင်းနေမှာပေါ့.."

ဥထမင်းကြော် - ၁၈၉ ယွမ်

ပုလဲနို့လက်ဖက်ရည် - ၆၈ ယွမ်

ခေါက်ဆွဲကြော် - ၁၇၉ ယွမ်

အရှက်မဲ့ဆုံးကတော့ စနစ်က မုန်လာဥဖြူနှင့် ဆားရည်စိမ်ထားသည်များကို ၃၉ ယွမ်နှင့် ရောင်းချခိုင်းခြင်းပင်။

မိုးလောက်မြင့်သည့် ဈေးနှုန်းများကို မြင်တော့ လင်းရီ သူ့ဘ၀၏ အခက်ခဲဆုံးအခိုက်အတန့်သို့ ရောက်ရှိလာသည့် အလား ခံစားနေရတော့သည်။

၈၉ ကျိန်းရန်လမ်းမှာ ကျိုးဟိုင်ရှိ တက္ကသိုလ်များ လမ်းဆုံရာဟု ခေါ်စမှတ်ပြုထိုက်ပြီး အနီးရှိ စီးပွားရေးလုပ်ငန်းများကိုလည်း ထိုတက္ကသိုလ်ကျောင်းသားများက ပံ့ပိုးထားခြင်းဖြစ်၏။ သို့သော်လည်း ကိုယ့်စားရိတ်ကို ချွေတာသုံးနေရသည့် ကျောင်းသားများက သူ၏ ဈေးကြီးလှသည့် အစားအသောက်များကို ၀ယ်စားပါလိမ့်မည်လော။

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ဂရံနှင့် မီနူးကို အဝေးသို့ တစ်နေရာရွေ့ထားလိုက်သည်။ သူ့လက်ထဲ ရောက်လာမှတော့ တစ်လှမ်းခြင်း လှမ်းသွားရန်သာ ကျန်ရှိတော့၏။

"လင်းရီ..."

ရုတ်တရက် အနောက်မှ လှမ်းခေါ်သံကို ကြားလိုက်ရပြီး လှည့်ကြည့်လိုက်သောအခါ လျန်ရူရွှယ် ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။

သို့သော်လည်း သူမ၏ ညအိပ်၀တ်စုံကို လဲပြုထားပြီး အားကစား ၀တ်စုံကို ၀တ်ဆင်ထား၏။

"ညသန်းခေါင်ကြီး မအိပ်ပဲ ဘာလဲလုပ်နေတာ.. ဘာလို့ ငါ့နောက်မှာ သရဲမလိုမျိုး လာရပ်နေတာ..."

"လူကိုနော်.. ဘာသရဲမလဲ.. အောက်ဆင်းပြီး ဘာလုပ်နေမှန်းမသိတဲ့ နင်ကမှ သရဲကြီးလေ..."

"ဟုတ်ပါတယ်.. တော်သေးလို့ နတ်သမီးလေးဖြစ်နေတာပေါ့.. မဟုတ်ရင် လန့်သေသွားတော့မှာ..."

"ည ဒီလောက် နက်နေတာကို နင်က သူများ သုံးဘီးပေါ် ဘာတက်လုပ်နေတာ..."

"သူများရဲ့ သုံးဘီးဆိုတာက ဘာပြောချင်နေတာ..."လင်းရီ ပြောလိုက်ပြီး "ဒါ ငါ့ရဲ့ စီးတော်ယဉ်အသစ် .. ဘယ်လိုလဲ.. ဖက်ရှင်ကျတယ်မလား..."

"နင်က သုံးဘီး ၀ယ်လိုက်တယ်လား..."လျန်ရူရွှယ် အံ့အားသင့်သွားခဲ့ပြီး "ဘာလို့ ၀ယ်လိုက်တာ.. ပြိုင်ကားတွေ မောင်းရတာ ညီးငွေ့လာလို့ စိတ်လှုပ်ရှားစရာအသစ်တွေ လိုက်ရှာနေတာလား...."

"ငါ ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်တယ်လို့ အရင်က ပြောဖူးတယ်မလား.. ဒါကြောင့်မို့ပဲ ၀ယ်လိုက်တာလေ... ပစ္စည်းတွေဘာတွေ တင်ရင် သုံးဘီးလေးက ပိုအဆင်ပြေတယ်..."

" ဒါပေမယ့် ပန်းရောင်ကြီးက နည်းနည်းလေး မိန်းကလေး မဆန်လွန်းဘူးလား..."လျန်ရူရွှယ် မနေနိုင်ပဲ ခိုးခိုးခစ်ခစ်ရယ်မောလိုက်တော့၏။

"အရောင်က အရေးမကြီးပါဘူး... ငါကိုက မျက်စိဖမ်းစားတဲ့ အရောင်ကို တမင်ရွေးထားတာ... လိုက်စီးဦးမလား.. နှစ်ယောက် သုံးဘီးနဲ့ လျှောက်လည်ကြမယ်လေ..."

"တော်ပါပြီ... အဲ့လိုသုံးဘီးပေါ်စီးမယ့်အစား အသေပဲ ခံလိုက်မယ်.. အရမ်း ရှက်ဖို့ကောင်းလွန်းတယ်..."

"မင်းက လူတိုင်းရဲ့ ရင်ဘက်ထဲက အစိုးရ ၀န်ထမ်းအရာရှိလေ... အခြေခံ ပြည်သူတွေရဲ့ ဘ၀က်ု ကိုယ်တိုင် ကြုံတွေ ခံစားဖူးမှ စာနာပေးတတ်မှာပေါ့ကွ... အဲ့လိုကြီး မမောက်မာရဘူး...လိမ္မာတယ် လာလာ ...."

လင်းရီ သုံးဘီးပေါ်မှ ဆင်းလိုက်ပြီး လျန်ရူရွှယ်ကို ခါးမှ ပွေ့ကာ သုံးဘီးနောက်သို့ တင်လိုက်၏။

"အား... လင်းရီ.. နင် ဘာလုပ်နေတာလဲ... ငါ့ကို ပြန်ချပေး... "

"ဘာတွေ ကြောက်နေတာ.. ညသန်းခေါင်ကြီးပါဟ.. မင်းကို ဘယ်သူမှ မမြင်ဘူး စိတ်ချ... "လင်းရီလည်း သုံးဘီပေါ် တက်လိုက်ပြီး "ဒီအစ်ကိုကြီးက မင်းကို အလည်ခေါ်သွားပေးမယ်...."

"နင့်လိုမျိုး လူကို အတင်းလိုက်စီးခိုင်းတဲ့သူ ဘယ်မှာ ရှိလို့လဲ..."

"ငါက သာမန်လူတွေရဲ့ ဘ၀ကို ခံစားနိုင်အောင် ကူညီပေးနေတာလေ.. တစ်နေကုန် မြင့်မြတ်ပြီး မာနပဲ ကြီးမနေနဲ့.... "

လင်းရီ၏ သုံးဘီးထဲတွင် ထိုင်ရင်း လျန်ရူရွှယ် ရှက်ရွံ့မှုကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။

ရှာရီမှာ အနည်းငယ် ထိခိုက်ပျက်ဆီးနေသော်လည်း ယင်းက ကားတစ်စီးဖြစ်နေဆဲဖြစ်၏။ သို့သော်လည်း သုံးဘီးကတော့ မတူညီပေ။

ရောက်နေပြီးမှတော့ ပြန်ခုန်ချရန်လည်း မဖြစ်နိုင်သောကြောင့် အောင့်အီး၍သာ ထိုင်နေလိုက်တော့၏။

ဆိတ်ငြိမ်သောညတွင် လမ်းမထက်၌ ငယ်ရွယ်ချောမောသည့် ကောင်းလေးမှာ ပန်းနုရောင် သုံးဘီးအနောက်၌ အလှလေးတစ်ဦးလေးကို တင်ဆောင်၍ ခရီးတစ်ခုကို ဦးတည်နေလေသည်။

လျန်ရူရွှယ်ကဲ့သို့ အလှ နတ်သမီးလေးတစ်ပါးမှာ သုံးဘီးပေါ် ထိုင်လိုက်နေသည်ကို မြင်တော့ လမ်းလျှောက်နေကြသည့် လူတို့မှာ မျက်လုံးများ ပြူးကျယ်၍ အံ့အားသင့်သွားခဲ့ကြ၏။

တစ်ခါတစ်ရံ ဖြတ်သွားဖြတ်လာ ကားမောင်းသမားများပင် လင်းရီကို လေးစားကိုးကွယ်ချင်သည့် အကြည့်တို့ဖြင့် ကြည့်သွားခဲ့ကြသည်။

သုံးဘီးနဲ့တောင် အလှလေးကို ပိုးပန်းနိုင်တယ်ဆိုတော့ ညီကိုက နတ်ဘုရားပဲ...

လျန်ရူရွှယ်မှာ အစပိုင်းတွင် ရှက်ရွံ့နေသလို ခံစားနေရသော်လည်း မကြာမီ သူမ၏ အတိတ်သို့ ပြန်လွမ်းဆွေး တမ်းတမိဖွယ်ရာ မှတ်ဉာဏ်များ ပေါ်ပေါက်လာခဲ့လေသည်။

သူမ ငယ်စဉ်တုန်းက သူမ၏ အဘိုးမှာ ယခုကဲ့သို့ သုံးဘီးပေါ် အမြဲခေါ်တင်၍ သကြားလုံးများ လိုက်လိုက်၀ယ်ပေးလေ့ရှိသည်။ ထိုသို့ တင်ခေါ်သွားခံရလျှင် ယင်းက သူမ၏ တစ်နေ့သာ အချိန်တွင် အပျော်ရွှင်ရဆုံး အချိန်ဖြစ်၏။သို့သော်လည်း ယခုအချိန်တွင်‌တော့ အဆိုပါ ပျော်ရွှင်မှုများမှာ ပြန်မရနိုင်တော့သည့် ခံစားချက်များအသွင်သို့ ကူး‌ ပြောင်းသွားခဲ့လေပြီ။

အား..

"လင်းရီ .. အရှိန်လျော့ဦးလေ.."လျန်ရူရွှယ် သုံးဘီးနောက်တွင်ထိုင်ရင်း လင်းရီ၏ အင်္ကျီကို ထိတ်လန့်တကြား လှမ်းဆွဲလိုက်သည်။

"ဘာတွေ ကြောက်နေတာ.. ခု ငါနင်းထားတာ ၁၀ တောင် မရောက်သေးဘူး.."

"ဒါပေမယ့် ဒါက သုံးဘီးကြီးလေ.. ကားနဲ့ ဘယ်တူမှာ..."

"သေချာသာ ထိုင်နေစမ်းပါ....ဟော့ဒီအစ်ကိုကြီးက မင်းကို မနာကျင်စေရပါဘူးကွ..."

လျန်ရူရွှယ် ကူကယ်ရာမဲ့စွာဖြင့် သုံးဘီးဘောင်များကို ကိုင်ထားလိုက်သည်။ သူမ၏ ရာထူးနှင့် အဆင့်အတန်းကို ထည့်မတွက်လျင်တောင် လျန်မိသားစု၏ အကြီးဆုံး သခင်မလေး ဖြစ်လေသည်။ သို့သော်လည်း လင်းရီနှင့်တွေ့မှ သုံးဘီးနောက်တွင်ထိုင်၍ လိုက်စီးနေရ၏။

ထိုထက် ရှက်ရွံ့ဖွယ်ကောင်းသည်မှာ ရှိပါဦးမည်လော။

"မောင်းရတာ တကယ် မဆိုးဘူးပဲဟ.. ဒါပေမယ့် နည်းနည်းလေး တိတ်ဆိတ်နေသလားလို့.. မောင်းရင်း သီချင်းလေးဘာလေး နားထောင်လို့ရအောင် စပီကာတက်ဦးမှထင်တယ်...ပြီးရင် နောက်ထပ် ခပ်မိုက်မိုက် အရောင်တွေ ပြန်ထည့်မယ်... အာဟား အဲ့လိုဆိုငါက ကျိုးဟိုင်တစ်မြို့လုံးမှာ အလန်းဆုံး စီးတော်ယဉ်ကို ပိုင်ဆိုင်ထားတဲ့သူ မဖြစ်သွားဘူးလား..."

" လှမလှတော့ ငါမသိဘူး.. ဒါပေမယ့် နင် အဲ့လိုမျိုး ထူးဆန်းတဲ့ ဒီဇိုင်းတွေ ထည့်လို့ကတော့ စည်ပင်ကို လွှတ်ပြီး တစ်ခါတည်း ဖမ်းခိုင်းလိုက်မယ်.. ငါတော့ မျက်နှာ အပျက်မခံနိုင်ဘူး…”

All Chapters