← Chapters

လှပပြီး ထက်မြက်သူလေး

Vol. 39 Ch. 579

လှပပြီး ထက်မြက်သူလေး

Vol. 39 Ch. 579

လင်းရီ လှည့်ကြည့်လိုက်သောအခါ သူ့အနောက်တွင် ကျီချင်းရန် ရပ်နေကြောင်း မြင်လိုက်ရလေသည်။

သူမမှာ V ပုံသဏ္ဍာန် လည်ရှိုက်အင်္ကျီကို ဝတ်ဆင်ထားပြီး မီးခိုးရောင် ဘောင်းဘီအကြပ်ကို ဝတ်ဆင်ထား၏။ ထို့ပြင် သားရေ ဒေါက်မြင့်ဖိနပ်တစ်ရံကိုလည်း စီးနင်ထားလေသည်။ သူမ၏ ပုံစံက ရင့်ကျက်ပြီး မြင့်မြတ်သည့်အမျိုးသမီးတစ်ယောက်၏ အသွင်ကို အပြည့်အဝ ဖော်ဆောင်နေတော့၏။

ရက်အနည်းငယ်ကြာ မတွေ့ရသည်ကိုတောင်မှ ကျီချင်းရန်မှာ နဂိုအတိုင်း လှနေမြဲ လှနေဆဲဖြစ်၏။ သူမ၏ အရှိန်အဝါက ရောက်ရှိသည့် နေရာတိုင်းကို လှပသည့် နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေသည်။

“ ဟမ်… ငါဒီမှာရှိနေတယ်ဆိုတာ မင်းဘယ်လိုလုပ်ပြီး သိသွားတာ…”

ထိုအခိုက်အတန့်တွင် လင်းရီမှာ အော်စကာဆုရှင် သရုပ်ဆောင်တစ်ယောက်ကဲ့သို့ အိုက်တင်ထုတ်နေတော့၏။

အံ့အားသင့်မှု၊ ရှော့ခ်ရမှု၊ မယုံကြည်နိုင်မှု၊ ပျော်ရွှင်မှု အစရှိသဖြင့် အမူအရာမျိုးစုံမှာ သူ၏ မျက်နှာထက်၌ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင်တော့ လင်းရီမှာ တစ်လောကလုံးရှိ ထိပ်တန်း အနုစိတ် မျက်နှာ အမူအရာပညာရှင် တစ်ယောက်ဟု ညွှန်းဆိုလျှင်တောင် မှားလိမ့်မည် မဟုတ်ချေ။

“ ငါ ဒီနားတစ်ဝိုက်မှာ ဈေးဝယ်ထွက်လာတာလေ… ထင်မထားဘူး… နင်လည်း ဒီမှာရှိနေလိမ့်မယ်လို့…”

ကျီချင်းရန်တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်၏။ သို့သော်လည်း သူမ၏ မျက်နှာအမူအရာက သူမကို သစ္စာဖောက်နေလေသည်။

ယခုနေရာမှာ တက္ကသိုလ်၏ စီးပွားရေးလမ်းဆုံ တစ်ခု ဖြစ်ပြီး စားသောက်ဆိုင်များမှလွဲ၍ ညဈေးတန်းတစ်ခုသာလျှင် တည်ရှိသောကြောင့် အဘယ်ကဲ့သို့ ဈေးဝယ်ထွက်နိုင်မည်နည်း။

“ ဟုတ်လား.. ရက်တွေအကြာကြီး သတင်းမကြားရတော့ ပျောက်များ ပျောက်သွားပြီလားလို့ စိတ်ပူနေတာ…”

“ ငါက နင့်ရဲ့ ရှုပ်ထွေးပွေလီနေတဲ့ ဆက်ဆံရေးတွေကို ကိုင်တွယ်ဖို့ အချိန်တစ်ချို့ ပေးနေတာလည်း ဖြစ်နိုင်တယ်လေ…”

ကျီချင်းရန် ခေါင်းမော့ရင်ကော့လိုက်ပြီး သူမ၏ မြင်းမြီးကဲ့သို့ ချည်နှောင်ထားသည့် ဆံနွယ်များကို လှပစွာဖြင့် မြှောက်ပင့်လိုက်လေသည်။

“ ဘာလဲဖြစ်နေတာ … မင်းပုံစံက အန်တီလာနေသလိုပဲ…” လင်းရီ ဆွံ့အစွာဖြင့် ပြောလိုက်ပြီး “ ငါက လုပ်ဖော်ကိုင်ဖက်နဲ့ ခရီးသွားပြီးတော့မှ ကိုယ့်ကိစ္စကို လုပ်နေတာလေ… ငါတို့နှစ်ယောက်ကြားမှာ ဘယ်လိုလုပ်ပြီး မသင့်လျော်တဲ့ ဆက်ဆံရေးတွေရှိနိုင်မှာ…. ပြီးတော့ ဒီကိစ္စက လုပ်ကြံထားတာပါလို့ တစ်ဖက်က ဝန်ခံပြီးသွားပြီကို ဘာလို့ခုထိ သံသယဝင်နေတာ…”

“ အဲ့လိုဆိုရင်တောင်မှ နင် သူများကို သံသယဝင်ရင် ဘယ်လိုဖြောင်းဖြရမလဲဆိုတာကို မသိဘူးလား…” ကျီချင်းရန် ခါးထောက်ပြီး စိတ်ဆိုးဆိုးဖြင့် ရန်တွေ့လိုက်၏။

သူမ လင်းရီ အခြား အမျိုးသမီးများနှင့် ခြေရှုပ်နေလိမ့်မည် မဟုတ်ဟု ယုံကြည်သော်လည်း သူမကို ရက်တွေအကြာကြီး ပစ်ထားခဲ့သည်ကိုတော့ အနည်းငယ် စိတ်ဆိုးနေခဲ့သည်။

“ဖြောင့်မှန်တဲ့လူက ဘယ်တော့မှ စိတ်မလုံမလဲ ဖြစ်တာမျိုး မရှိဘူး…” လင်းရီ ပြောလိုက်ပြီး “ နောက်ပြီး တစ်စုံတစ်ယောက် သဝန်တွေ တိုနေမှာဆိုးလို့ ငါ ခု နှုတ်ထွက်လိုက်ပြီလေ….”

ကျီချင်းရန် သူမ၏ ဆံပင်ကို နောက်တစ်ကြိမ် ခါထုတ်လိုက်ပြီး “ သူများက မနာလို မဖြစ်ပါဘူးနော်…”

“ အမှန်ပဲ…” လင်းရီ ပြောလိုက်ပြီး “ မင်း စဉ်းစားကြည့်ကြည့်… တကယ်လို့ ငါက တခြား မိန်းကလေး တစ်ယောက်နဲ့‌ ခြေရှုပ်နေတယ်ဆိုရင်တောင်မှ မင်းအပေါ်မှာ ငြီးငွေ့သွားလို့ပဲ ဖြစ်မှာလေ… ခုကဖြင့် အကြင်နာပေးတဲ့ အဆင့်ကနေတောင် ရှေ့ဆက်မတက်နိုင်သေးတာကို ဘယ်လိုလုပ်ပြီး တခြားမိန်းကလေးတွေနဲ့ ခြေရှုပ်ဖို့ ဖြစ်နိုင်မှာလဲ ဟုတ်တယ်မလား…”

“ နင်ဘာပြောလိုက်တယ်….” ကျီချင်းရန် ကျွမ်းကျင်စွာဖြင့် လင်းရီခါးရှိ နူးညံ့သည့် အသားစိုင်များကို ဆွဲစိတ်လိုက်ပြီး “ ဒီမှာလူတွေ အဲ့လောက်အများကြီး ရှိနေတာကို အာကျယ်အာကျယ်နဲ့ ဘာတွေလျှောက်ပြောနေတာ…”

“ ငါ အမှန်အတိုင်းပဲ ပြောနေတာလေ…”

“ ဒါဆို ဘာလို့ ငါ့ကို မခေါ်ပဲ အကြာကြီး ပစ်ထားတာ..” ကျီချင်းရန် မကျေမနပ် ဖြစ်သွားပြီး “ ခုလည်း ငါနင့်ကို လာမရှာရင် နင်က ပစ်ထားနေဦးမှာပဲ မလား…”

“ငါ ဒီရက်ပိုင်းတွေမှာ ဟွာယင်းအုပ်စုကို ကိုင်တွယ်တာနဲ့ အလုပ်ရှုပ်နေလို့ပါကွာ…. ဒီနေ့ အလုပ်ပြီးတာနဲ့ ညကျ မင်းကို လာကြိုပေးဖို့ စဉ်းစားနေတာ…”

“ဟွန့်... နင် လာတွေ့ဖို့ အချိန်မရှိဘူးဆိုရင်တောင်မှ ဖုန်းခေါ်လို့ရတယ် မဟုတ်ဘူးလား… နင် ငါ့ကို တမင်သပ်သပ် မတွေ့ချင်တိုင်းနဲ့….”

“အဲ့လို အရေးကြီးနေတဲ့အချိန်မှာ မင်းဆီ ဖုန်းခေါ်လို့ မရဘူးလေ… သူတို့ငါ့ဖုန်းကို ကြားဖြတ်နားထောင်ပြီးတော့ ငါတို့နှစ်ယောက်က ဆက်နွယ်နေမှန်း သိသွားခဲ့ရင် ချောင်ရန်အုပ်စုကို တိတ်တိတ်လေး တိုက်ခိုက်လာခဲ့တော့မှာ… အဲ့ခါကျ မင်းလည်း ခုခံနိုင်မှာ မဟုတ်ဘူး.. ဒါကြောင့်မို့ ကျည်ဆံတွေအားလုံးကို ငါတစ်ယောက်တည်း အထိခံလိုက်တာ….” လင်းရီ ပြောပြီးနောက် သက်ပြင်းချကာ “ ဟင်း…. ဒီရက်ပိုင်းတွေက အရမ်းကို ခက်ခဲခဲ့တာ…. တကယ်လို့ မင်းသာ ကူညီပြီးတော့ ကုမ္ပဏီကိစ္စတွေ ကိုင်တွယ်ပေးမယ်ဆိုရင် ကျောက်မိုနဲ့ ကျန်တဲ့သူတွေက ဒီလောက်ထိ တောင့်ခံနိုင်မှာတောင် မဟုတ်ဘူး… တစ်ယောက်တည်းနဲ့ လေးယောက်ကို တိုက်ခိုက်ရတယ်ဆိုတာက အရမ်းခက်ခဲတယ်လေ…. နောက်ဆုံးကျတော့လည်း ငါကပဲ အားလုံးကို ပခုံးစည်းခံလိုက်တာပါပဲ…”

ကျီချင်းရန်၏ မျက်နှာထက်တွင် အပြစ်မကင်းသည့် အမူအရာများ ပေါ်ပေါက်လာပြီး “ ငါ အရမ်းပြ စိတ်သဘောထား သေးသိမ်သွားလား…”

“ အဆင်ပြေပါတယ်… အဲ့တာကလည်း မင်းအမှားမှ မဟုတ်တာ... “ လင်းရီပြောလိုက်ပြီး “ ဒီလိုကိစ္စမျိုးကို သဝန်တိုတယ်ဆိုတာက ပုံမှန်ပဲလေ…”

“ နင်တကယ်ကြီး စိတ်မဆိုးဘူးပေါ့နော်….”

“ ငါကဘာလို့ စိတ်ဆိုးရမှာ…ကိုယ့်ရဲ့ ချင်းရန်လေးကို စိတ်မဆိုးရက်ဘူးလေ..”

မှ…

ကျီချင်းရန် လင်းရီပါးကို အနမ်းပေးလိုက်ပြီး “ ဒါက နင့်ကို ဆုချတာ…."

“ ပါးချည်းပဲ နမ်းမနေနဲ့လေ.. ငါ့မှာ နှုတ်ခမ်းလဲရှိသေးတယ်.. မျှမျှတတ ဖြစ်အောင် လုပ်ပေးလေ…”

“ တော်ပါ ဒီလောက်ပဲ… မတော်လို့ သူများတွေမြင်ကုန်ရင် ဘယ်လိုလုပ်မှာ…” ကျီချင်းရန် ဘေးဘီဝဲယာကို တစ်ချက်ကြည့်၍ စကားလမ်းလွဲလိုက်ပြီး “ နင် ဖွင့်မယ်ဆိုတဲ့ ဆိုင်က ဒီဆိုင်လား…”

“ အင်း… ခု သန့်ရှင်းရေးလုပ်မလို့လေ… လိုအပ်တာတွေတောင် ဝယ်ခဲ့ပြီးသွားပြီ… သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ဆိုင်ဖွင့်လို့ ရတော့မှာ…”

“ အတူလုပ်ကြမယ်လေ…”

“ ရတယ်.... ငါ့ဘာငါပဲ လုပ်လိုက်မယ်… မဟုတ်ရင် မင်းတစ်ကိုယ်လုံး ဖုန်တွေ ပေပွကုန်မှာပေါ့…”

“ အလုပ်လုပ်ရင် အဲ့လိုဖြစ်မှာပဲ မဟုတ်ဘူးလား….” ကျီချင်းရန် တခစ်ခစ်ရယ်မောပြီးနောက် “ ဒါပေမယ့် နင်စောနက သုံးဘီးမောင်းလာတာ အရမ်းရယ်ရတယ်နော်…”

“ ငါ နောက်ကျရင် စီးဖို့ ခေါ်သွားပေးမယ်လေ.. လိုက်စီးမလား….”

“ ဒါပေါ့…”

“ အမ်…. မင်းအရှက်ရမှာ မကြောက်ဘူးလား…”

“ အဆင်ပြေပါတယ်.. ငါလည်း သုံးဘီးစီးရမှာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တာပဲ.. တစ်ခါမှ မစီးဖူးဘူးလေ…” ကျီချင်းရန် ပြောလိုက်ပြီး “ ဒါပေမယ့် ခုလက်ရှိ အလုပ်ကို အရင်ပြီးဆုံးအောင် လုပ်ကြတာပေါ့…”

သို့နှင့် နှစ်ယောက်သား သုံးဘီးပေါ်ရှိ သန့်ရှင်းရေးလုပ်သည့် ပစ္စည်းကိရိယာများကို ဆိုင်ထဲသို့ ရွေ့လိုက်ကြ၏။

ကျီချင်းရန် ဆိုင်အနေအထားကို တစ်ချက်ကြည့်လိုက်ပြီး “ အွန်း… ပြန်ပြီးတော့ မွမ်းမံထားတာက ဆိုးတော့ မဆိုးဘူးပဲ…”

“ ငါ ဝမ်ထျန်းလုံနဲ့ ကျန်တဲ့သူတွေကို ခေါ်ပြီးတာ့ သန့်ရှင်းရေးလုပ်ခိုင်းထားတာ… ဒါပေမယ့် စားပွဲနဲ့ ကုလားထိုင်တွေကိုတော့ ပြန်အစားထိုးဖို့ လိုနေသေးတုန်းပဲ‌….”

“ အဲ့တာကဆော့ နင် လုပ်ချင်တဲ့ ပုံစံအပေါ်မှာ မူတည်ပြီး စီစဉ်ရမှာ…” ကျီချင်းရန် ပြောလိုက်ပြီး

“ ဒီမှာ လာစားမယ့် ကတ်စတန်မာတွေက ဝင်ငွေသိပ်မကောင်းဘူးဆိုတော့ နင်သူတို့ကို သာမန် စားသောက်ဆိုင်တွေလိုမျိုးပဲ ဝန်ဆောင်မှုပေးလို့ရတယ်… နင့်မှာ ပိုက်ဆံတွေ ပေါသောနေတယ်ဆိုရင်တောင်မှ ကုန်ကျစရိတ်ကို အကန့်အသတ်နဲ့ထားရမှာပဲ… တကယ်လို့ အရင်းမှ ပြန်မရရင်တော့ မဟုတ်သေးဘူး…”

ကျီချင်းရန်မှာ စည်းစနစ်ကျသည့်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး အမြဲတစေ အကျိုးမြတ်များ ဖန်တီးရန် အားသန်နေသူလည်းဖြစ်၏။ သူမ အိတ်ကပ်ထဲတွင် ပိုက်ဆံမည်မျှ ရှိစေကာမူ မူလထက် နှစ်ဆတိုးပွားအောင် ကြိုးစားနေမယ့်သူတစ်ယောက် ဖြစ်လေသည်။

“ ဟုတ်တော့ဟုတ်တယ်… ဒါပေမယ့် သူများတွေရဲ့ ပုံစံခွက်ကြီးအတိုင်း လိုက်လုပ်ရမှာက ပျင်းဖို့ကောင်းတယ်လေ….” လင်းရီ မီနူးထုတ်ပြလိုက်ပြီး “ ကြည့်လိုက်… ငါ ရောင်းမယ့် ဈေးနှုန်းတွေတောင် သတ်မှတ်ပြီးသွားပြီ….”

“ အမ် … နင်ဘာတွေ စဉ်းစားနေတာ… ဥထမင်းကြော်တစ်ပွဲကို 189 ယွမ်နဲ့ ရောင်းမယ်… အဲ့လောက်ကြီးကျ ဘယ်သူက တတ်နိုင်မှာလဲ… ပန်နီဆူလာဟိုတယ်မှာရောင်းတဲ့ ဥထမင်းကြော်တောင် ဒီလောက် ဈေးမကြီးဘူး…”

“ တမူထူးခြားတဲ့ ခံစားချက်မျိုး ရအောင် ဖန်တီးထားတာလေ…” လင်းရီ ချင်းရန်ကို ကြည့်လိုက်ပြီး “ဒါပေမယ့် ကိုယ့်ရဲ့ ချင်းရန်လေးကတော့ ကိုယ်ချက်ပြုတ်တဲ့ အစားအသောက်တွေ အလကားစားလို့ရတာပေါ့.. ကျန်တဲ့သူတွေကတော့ ကျသင့်တဲ့ တန်ဖိုးကို ပေးရမှာပဲ…”

“ အလုပ်ကိစ္စပဲ ပြောကြရအောင် … “ ကျီချင်းရန် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြောလိုက်ပြီး “ ငါကတော့ 189 ယွမ်ဆိုတဲ့ ဈေးက များတယ်လို့ ထင်တာပဲ… နောက်ပြီးတော့ တခြားဟင်းပွဲတွေရဲ့ ဈေးနှုန်းတွေကလည်း ရယ်စရာကောင်းလောက်အောင် ဈေးကြီးနေတယ်ကော…. ဒီနားတစ်ဝိုက်က ကျောင်းသားတွေလေ… သူတို့မှာ အဲ့လောက် ပိုက်ဆံ အများကြီး ရှိမှာ မဟုတ်ဘူး…”

“ မင်းပြောနေတာလည်း အဓိပ္ပာယ်ရှိသား…”

လင်းရီ ကူကယ်ရာမဲ့သွားခဲ့၏။ သူလည်း ယခုလို မြင့်မားသည့် ဈေးနှုန်းများဖြင့် မရောင်းချချင်ပေ။

‘ အဲ့ဒီ ငိုးကျတဲ့ သောက်ကျိုးနည်းစနစ်က တွန်းအားပေးတာလေ…’

“ အဓိပ္ပာယ်ရှိမှန်းသိရင်လည်း ဘာလို့ ဆက်လုပ်နေတာ…” ကျီချင်းရန် ထေ့ငေါ့လိုက်ပြီး “ ငါ့အထင်တော့ နင် အေးအေးချမ်းချမ်းပဲ နေချင်ပြီးတော့ ဧည့်သည်တွေကို ဝန်ဆောင်မှု မပေးချင်လို့မလား…”

“အိမ်း…. တကယ်လို့ အလုပ်မဖြစ်ရင်တော့ ငါ့ကိုယ်ငါ ရောင်းချရုံပဲ ကျန်တော့တယ်…”

ကျီချင်းရန် စားပွဲကို လက်ဝါးဖြင့် ရိုက်လိုက်ပြီး “ နင်လုပ်ရဲလား …”

“ ဒါဆို ငါက ဘာသွားလုပ်ရမှာ… ဈေးနှုန်းကိုလဲ မပြောင်းလဲချင်ဘူး…” လင်းရီ ပြောလိုက်ပြီး ကျီချင်းရန်ကို ကြည့်ကာ “ ဒါပေမယ့် ကိုယ့်ရဲ့ လေဒီဘော့စ်လေးကတော့က ဖြေရှင်းလို့ရမယ့် နည်းလမ်းကို ကျိန်းသေပေါက် စဉ်းစားနိုင်တယ်မလား…”

လင်းရီမှ သူမကို လေဒီဘော့စ်ဟု ခေါ်လိုက်တော့ ကျီချင်းရန်မှာ ချက်ချင်း လက်ငင်း စိတ်ဘဝင်ခိုက်သွားခဲ့လေသည်။

“ ဒီလိုဆိုရင်တော့ အဆင့်မြင့်တဲ့လမ်းကို လျှောက်ရုံပဲ ကျန်တော့တယ်…”

“ စားပွဲနဲ့ ကုလားထိုင်တွေ ခုံတန်းတွေကို ဇိမ်ခံပရိဘောဂတွေနဲ့ ပြောင်းလဲပစ်ပြီးတော့ အမယ်တွေကိုလည်း ကောင်းပေ့ဆိုတာကြီးတွေပဲ သုံးရမယ်…ဥပမာအနေနဲ့ဆိုရင် ဥထမင်းကြော်ဆိုရင် ကြက်ဥနဲ့ ထမင်းကြော်အပြင်ကို ပင်လယ်သခွားတို့ ဂုံးခရုတို့လို ဈေးကြီးတဲ့အမယ်တွေ ထပ်ထည့်လိုက်… နောက်ပြီး စွပ်ပြုတ်နဲ့သောက်စရာ အချိုရည်တွေကိုလည်း အလိုက်ပေးလိုက်…. ကုန်ကုန်ပြောမယ်ဟာ … လာစားတဲ့သူတွေက သူတို့စိတ်ထဲ ထိုက်တန်တယ်လို့ ခံစားရဖို့က အရေးကြီးတယ်…”

ကျီချင်းရန်၏ စကားကိုကြားတော့ လင်းရီ မျက်လုံးအရောင်တောက်ပသွားခဲ့သည်။ ယင်းက ဖြစ်နိုင်ချေများလေသည်။

လင်းရီ ကျီချင်းရန်၏ နူးညံ့သည့် ပါးကို ဆွဲညစ်လိုက်ပြီး “ ဒီလိုလည်း အလုပ်ဖြစ်သားပဲ …. ငါဘာလို့ မစဉ်းစားခဲ့မိပါလိမ့်….”

“ ဟမ့်.. ဘာလို့လည်းဆိုတော့ ငါက လှပပြီး ထက်မြက်သူလေး ဖြစ်နေလို့လေ… မြန်မြန် နင် ဒီရဲ့ နတ်သမီးလေးကို မချီးမွမ်းသေးဘူးလား…”

“ ဒါပေါ့ ဒါပေါ့… ချင်းရန်က အရမ်းကို လှပပြီးတော့ ထက်မြက်တာ.. လာပါဦး … ဆုချတဲ့အနေနဲ့ မွှေးမွှေးပေးချင်လို့….”

All Chapters