တစ်မူထူခြားသည့် ဆိုင်းဘုတ်
Vol. 39 Ch. 581
“ အင်း… ငါလိုချင်တာ အဲ့တာမျိုး အတိအကျပဲ…” လင်းရီ ပြောလိုက်သည်။
ဝမ်ထျန်းလုံကဲ့သို့ ရှိုးပြရသည်ကို နှစ်သက်သူအဖို့ ထိုသို့ဖြစ်ရန် လိုအပ်သည်များကို ကောင်းစွာ သဘောပေါက်လေသည်။
“ အဲ့တာဆို နားလည်ပါပြီ…” ဝမ်ထျန်းလုံ ပြောလိုက်ပြီး “ ဘော့စ် ဘာမှ စိတ်မပူနဲ့ … ကျွန်တော်သေချာပေါက် ဆိုင်ထဲဝင်လိုက်တာနဲ့ ဝင့်ကြွားနိုင်တဲ့ ခံစားချက်မျိုးရအောင် ဖန်တီးပေးမယ်..”
“ ကောင်းပြီ.. အဲ့တာဆို ခုနက ပြောထားတဲ့အတိုင်းပဲ ကြည့်ကြပ် လုပ်ထားလိုက်ကွာ…”
အသေးစိတ်ရှင်းပြပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့နှစ်ဦး ကျိုကျုံးဗီလာထံသို့ ပြန်လာခဲ့ကြသည်။
သူမ ရက်အတော်ကြာ မလာဖြစ်ခဲ့သော်လည်း မည်သို့မျှ သက်တောင့်သက်သာ မရှိသည့် ခံစားချက်မျိုးကို မခံစားရပေ။ တစ်ဖက်တွင်တော့ သူမ ယွင်ရွှေဗီလာသို့ ပြန်သွားသည့် နေ့ရက်များတွင် ဟိုတယ်၌ နေနေရသကဲ့သို့ စိမ်းသက်ပြီး နေသားမကျ ဖြစ်နေလေသည်။
သူမ အိမ်သို့ ပြန်ရောက်သည်နှင့် ဒေါက်မြင့်ဖိနပ်ကို ကောက်ပစ်ကာ အပေါ်ထပ်အင်္ကျီကြယ်သီးကို ဖြုတ်လိုက်ပြီး ဆံပင်ကိုလည်း ပြန်ဖြေလိုက်သည်။
သူမ၏ နဂို တော်ဝင်ဆန်ပြီး အေးစက်သည့် အမျိုးသမီးအသွင်မှ အချိန်ပြည့်ဇနီးမယားအသွင့်သို့ တစ်မဟုတ်ချင်း ပြောင်းလဲသွားတော့၏။
ဆိုရိုးဟောင်းများအတိုင်း ကြည့်ကောင်းသည့် လူတစ်ယောက်မှာ အခြေအနေအရပ်အရပ်တွင် ဆွဲဆောင်မှု ရှိနေပေလိမ့်မည်။
“ နင် မနက်ဖြန်ကျရင် ဆိုင်ဖွင့်တဲ့ အထိမ်းအမှတ်အနေနဲ့ ဖဲကြိုးဖြတ် ဖွင့်ပွဲလုပ်ဦးမလား…”
“ မေ့ထားလိုက်.. ငါက ငြိမ်းချမ်းပြီး တိတ်ဆိတ်တာကိုပဲ လိုချင်တာ.. အဲ့ကိစ္စတွေနဲ့ ဗျာများနေမယ်ဆိုရင် ဘယ်နားက ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မှာ …."
“ နင့်လို စိတ်ဓာတ်မျိုး ပိုင်ရှင်တွေကတော့ ဒီဘက်ခေတ်မှာ ရှားမှရှားပဲ…” ကျီချင်းရန် မနာလိုဖြစ်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ တကယ်လို့ နင်သာ လင်းယွမ်အုပ်စုမှာ နေ့တိုင်းထိုင်နေပြီးတော့ သေချာလေး စီမံခန့်ခွဲမယ်ဆိုရင် ခုချိန် လင်းယွမ်အုပ်စုရဲ့ တန်ဖိုးက နှစ်ဆတိုးနေလောက်ပြီလို့ ထင်တာပဲ..”
“ လူတွေက သူတို့မှာ ရှိတဲ့အချိန်အကန့်အသတ်ကို တန်ဖိုးရှိတဲ့ အရာတွေပေါ်မှာ သေချာလေး အသုံးချရမယ်လေ…”
“ဘယ်လိုမျိုးလဲ..”
“ ဥပမာပြောရရင်ကွာ မတူညီတဲ့ လူနှစ်ယောက်ကြားထဲမှာ ခန္ဓာကိုယ်ချင်း ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်တာမျိုးတို့… လူနှစ်ယောက်ကနေပြီး မရေမတွက်နိုင်အောင် များပြားတဲ့ မိသားစုတစ်ခု တည်ထောင်တာမျိုးတို့… လူသားမျိုးနွယ်ရဲ့ အကြီးလေးဆုံးတာဝန်ဖြစ်တဲ့ မျိုးဆက်ပြန့်ပွားရေးကို ထမ်းဆောင်တာမျိုးပေါ့…”
“ ဟမ့်.. သိသားပဲ .. နင် အိမ်ထဲဝင်လိုက်ကတည်းကရင် ကောင်းတာတွေ တစ်ခုမှ ပြောတော့မှာ မဟုတ်ဘူးဆိုတာ…”
“ မင်းဘာသိလို့...ဒါက အချိန်ကို ကျိုးကြောင်းသင့်လျော်စွာ အသုံးချတယ်လို့ ခေါ်တယ်.. နေ့ဆို တစ်ချို့ကိစ္စတွေ လုပ်ပြီးတော့ ညဆိုရင် အရေးကြီးတဲ့ တာဝန်ကို ထမ်းဆောင်ရမယ်.. ဒါက လူသားတွေရဲ့ ဗီဇ… မိုးကောင်းကင်ရဲ့ အလိုတော်… ငါတို့ နာခံမှကို ဖြစ်မှာ…”
ကျီချင်းရန် လင်းရီကို ပြုံးပြလိုက်ပြီး “ ဒါပေမယ့် ငါက နင် ကောင်းကင်ကို ဖီဆန်တာကို မြင်ချင်တာလေ….”
“ ဒါက….”
လင်းရီ ကူကယ်ရာမဲ့သွားခဲ့၏။ ကျီချင်းရန်မှာလည်း တစ်နေ့တစ်ခြား အရေ ထူလာချေပြီ။ ယခင်ကကဲ့သို့ သူစနောက်လျှင် ရှက်ရွံ့နေသည့် မိန်းကလေးမျိုး မဟုတ်တော့ချေ။
“ ငါအခု ရေသွားချိုးတော့မယ်.. နင်လုပ်စရာရှိတာတွေ လုပ်နှင့်… ပြီးတာနဲ့ နင့်ကို ခေါ်လိုက်မယ်…”
“ ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့…” လင်းရီ မျက်လုံးအရောင် လက်သွားခဲ့၏။
“ နင့်ကိုလည်း ရေချိုးခိုင်းမလို့ဟဲ့…”
ထိုညတွင် နှစ်ယောက်၏ သာယာငြိမ်းချမ်းသည့် ဘဝလေးမှာ တစ်ဖန်ပြန်လည်၍ အသက်ဝင်လာခဲ့သည်။ လင်းရီမှ ချစ် 3.0 ကိစ္စနှင့် အလုပ်ရှုပ်နေပြီး ကျီချင်းရန်ကတော့ ဆိုဖာပေါ်လဲ၍ ကုမ္ပဏီ အစီရင်ခံစာများကို ဖတ်ရှုနေလေသည်။ ယင်းက ရိုးရှင်းပြီး သက်တောင့်သက်သာ ဖြစ်သည့် အခိုက်အတန့်ပင်။
အတိတ်မှ ဖြစ်ပျက်ခဲ့သည့် မကျေမချမ်းမှုများမှာလည်း ဖြည်းညင်းစွာဖြင့် ပျောက်ကွယ်သွားခဲ့လေသည်။
သူမ၏ ခေါင်းထဲတွင်တော့ ကောင်းသည့် အတွေးများသာ ကြီးစိုးနေပြီး နှစ်ယောက်ကြားတွင်လည်း မည်သည့် ဝေးကွာမှုတို့မျှ မရှိတော့ချေ။
နောက်တစ်နေ့ နံနက်စာ စားပြီးနောက် နှစ်ယောက်သား ကိုယ်လက်သန့်စင်ဆေးကြောကာ အိမ်ထဲမှ အတူထွက်လာခဲ့ကြလေသည်။
အပြင်၌
“ ကုမ္ပဏီကိစ္စပြီးတာနဲ့ နေ့လည်ကျရင် ငါနဲ့ ယွမ်ယွမ်နဲ့ ဆိုင်လာခဲ့မယ်..” ကျီချင်းရန် ပြောလိုက်ပြီး “ နင် ဆိုင်ထဲမှာ ဆင်ဆင်ခြင်ခြင်နေနော်… ဘာမှ လုပ်စရာမရှိရင် မီးဖိုချောင်ထဲမှာပဲနေ… ရှေ့ကို ထွက်မလာနဲ့..”
“ ဒါပေမယ့် ဘေလ်ရှင်းတာတို့ ဟင်းပွဲတွေပို့ဖို့ကျတော့ မျက်နှာပြဖို့ လိုသေးတယ်လေ…”
“ အဲ့တာဆို mask တပ်.. နင့်မျက်နှာကို ကာကွယ်ပြီးသား ဖြစ်သလို ကျန်းမာရေးစံချိန်စံညွှန်းတွေကိုလည်း လိုက်နာပြီးသားပဲ… တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့..”
“ တော်ပါပြီ… mask တပ်ရတာက သက်တောင့်မသာမရှိဘူး.. စိတ်ရှုပ်ဖို့ကောင်းတယ်…”
“ နင့်ကို တစ်ချန်လုံး တပ်ထားဖို့ ပြောနေတာ မဟုတ်ဘူး…” ကျီချင်းရန် ပြောလိုက်ပြီး “ ငါ အဲ့မှာ ရှိနေရင် နင်ဝတ်စရာ မလိုဘူး.. အစားအသောက်ပို့ပေးတာတို့.. ဘေလ်လက်ခံတာတို့ကို ငါလုပ်ပေးမယ်…”
“ အဓိပ္ပာယ်မရှိတာ… တကယ်လို့ မင်းသာ အဲ့လိုမျိုး လုပ်ပေးမယ်ဆိုရင် စီးပွားရေးလမ်းမှာရှိတဲ့ ယောက်ျားတိုင်းက ဟော့ဒီ လေဒီဘော့စ်ရဲ့ အလှကို လေးစားဖို့ တန်းစီလာကြတော့မှာပေါ့… “
လေဒီဘော့စ်ဟူသည့် သုံးနှုန်းသံကိုကြားတော့ ကျီချင်းရန် ရွှင်မြူးစွာ ပြုံးလိုက်သည်။ သူမ ထိုစကားလုံးကို ကြားရလေ ပိုပြီး နှစ်ခြိုက်မိလေ ဖြစ်နေသည်။ လင်းရီ ထိုသို့ နောက်ထပ် လေးငါးကြိမ်လောက်ခေါ်သည်ကိုတောင်မှ ကြားချင်နေမိတော့၏။
“ ခစ်ခစ်.. ဒါဆိုငါလည်း mask တပ်မယ်လေ… အဲ့တာဆို သူတို့တွေ ဘာမှ မြင်နိုင်မှာ မဟုတ်တော့ဘူး… "
“ အင်း .. အဲ့မကြံမဆိုးဘူး…”
ခဏတစ်ဖြုတ်ကြာ စကားပြောပြီးနောက် ကျီချင်းရန် ချောင်ရန်အုပ်စုသို့ မောင်းထွက်သွားလေသည်။ လင်းရီလည်း ဂိုဒေါင်သို့သွား၍ မမောင်းတာကြာသည့် Koniggsegg RS ကို မောင်းထွက်ခဲ့လိုက်တော့၏။
ကားထဲသို့ ဝင်လိုက်သောအခါ လင်းရီ စံပယ်နံ့သင်းသင်းလေးကို ရှူရှိုက်မိသွားခဲ့သည်။ ယင်းက လီချူးဟန် ချန်ထားရစ်ခဲ့သည်ကိုယ်သင်းနံ့လေးပင်။
ရှာရီကို မောင်းရင် နေသားကျနေသည့် လင်းရီမှာတော့ ယခု Koniggsegg Rs ကို နေသားကျရန် အချိန်တခဏခန့် ယူလိုက်ရလေသည်။
Koniggsegg မှာ အင်မတန် မျက်စိဖမ်းစားနိုင်ပြီး မောင်းဖူးသူတိုင်း သက်တောင့်သက်သာမရှိသည်ကို တပ်အပ်ခံစားမိပေမည်။ ကံကောင်းသည့် အချက်က ရှိုးပြဖို့ရာအတွက် အကောင်းဆုံး ပစ္စည်းဖြစ်နေခြင်းပင်။
လူ့ဘဝမှာ တိုတောင်းလွန်းလှ၏။ အကယ်၍ သူ့ထံတွင် ရှိသည့် အရာများကို ထုတ်မသုံးလျှင် ငါးဆားနယ်တစ်ကောင်နှင့် ခြားလိမ့်မည့်မဟုတ်ချေ။
သို့တိုင်အောင် လင်းရီ ဆိုင်၏ အနောက်တံခါးသို့ မောင်းနင်သွားလိုက်၏။မျက်နှာပြောင်တိုက်ပြီး ဆိုင်ရှေ့တွင် ထိုးရပ်ထားခြင်းက သူ၏ တော်ဝင်ဆန်ဆန် ကိုယ်ရည်သွေးသည့် ပုံရိပ်နှင့် ကိုက်ညီခြင်းမရှိချေ။
အနောက်တံခါးဝသို့ ချဉ်းကပ်လာရင်း လင်းရီ အထဲမှ သတ္တုချင်း ရိုက်ခတ်သံများကို ကြားနေရ၏။ တစ်ယောက်ယောက်မှ အထဲတွင် အလုပ်ရှုပ်နေသည့် ပုံပင်။
“ ဘော့စ်လင်း…”
လင်းရီ ဝင်ရောက်လာသည်ကိုမြင်တော့ ဝမ်ထျန်းလုံ ရောက်လာပြီး ကြိုဆိုနှုတ်ဆက်လိုက်သည်။
“ မင်းတို့ တစ်ညလုံး အလုပ်ရှုပ်နေကြတာလား…”
“ ဘော့စ်ပဲ ဒီကနေ့ ဆိုင်ဖွင့်ချင်တယ်လို့ ပြောခဲ့တယ်မလား.. ဒါကြောင့်မို့ အချိန်မှီအောင် လုပ်ပေးနေတာလေ…”
လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး “အင်း ဆက်ပြီး တောင့်ခံထားကြဦး… ငါတို့ ဒီ နေ့လည် ဆိုင်ဖွင့်နိုင်မှ ရမှာ… ပြီးရင် လူတိုင်းကို အပို ယွမ်တစ်ထောင်စီ ပေးလိုက်… တစ်ညလုံး ပင်ပန်းထားတယ်ဆိုတော့ ထိုက်တန်အောင်တော့ ပေးရမယ်…”
“ နားလည်ပါပြီ ဘော့စ်လင်း…”
အလှဆင်သည့် လုပ်ငန်းစဉ်မှာ မပြီးမြောက်သေးသော်လည်း ပုံကြမ်းတော့ ထွက်ပေါ်လာပြီးဖြစ်၏။
သာမန် စားပွဲနှင့်ကုလားထိုင်များကို သစ်ကြားသီးပင်မှ ရရှိသည့် သစ်သားပရိဘောဂများဖြင့် အစားထိုးထားပြီး ရှုမြင်ရုံမျှဖြင့် ဂျပန်စတိုင် သပ်ရပ်သိမ်မွေ့သည့် လေထုကို ပေးစွမ်းနိုင်လေသည်။
ထပ်ပေါင်းအနေဖြင့် ဆိုင်သေးသေးလေးထဲတွင် ခေတ်မှီ အနုပညာပစ္စည်းမျိုးစုံနှင့်လည်း အလှဆင်ထားသေး၏။ ၎င်းတို့၏ တန်ဖိုးအသိအကျကို လင်းရီမသိသော်လည်း အပေါ်ယံကြည့်ရုံမျှဖြင့် သေချာပေါက် ဈေးနည်းလိမ့်မည် မဟုတ်ကြောင်း သိသာလေသည်။
ကျန်သည့် အခြားအလုပ်သမားများကတော့ နံရံကပ် စက္ကူများ ကပ်နေပြီး တစ်နာရီမထိုးခင် ဆိုင်ဖွင့်ရန် အခက်အခဲရှိလိမ့်မည် မဟုတ်ချေ။
ဆိုင်ကို ရိုးရှင်းသည့် အလှဆင်မှုများသာ ပြုလုပ်လိုက်သော်လည်း မနေ့ကနှင့် မတူညီသည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။
“ ဟဲလို ဒီမှာ မစ္စတာလင်း ရှိလား မသိဘူး..”
လင်းရီနှင့် ဝမ်ထျန်းလုံတို့ အသေးစိတ်ဆွေးနွေးနေစဉ် အလုပ်ဝတ်ယူနီဖောင်းနှင့် အမျိုးသားတစ်ဦး ရောက်ရှိလာခဲ့၏။
“ ကျုပ်ပါပဲ.. ဘာကိစ္စရှိလို့လဲ မသိဘူး….”
“ ကျုပ်က ဟုန်သ ကြော်ငြာနဲ့ ပြန်လည်မွန်းမံရေး ကုမ္ပဏီကပါ… မစ္စတာလင်း အော်ဒါမှာထားတဲ့ ဆိုင်းဘုတ်က ခု အဆင်သင့်ဖြစ်နေပါပြီ…”
၎င်းကိုကြားတော့ ဘာဖြစ်နေလဲဆိုတာ လင်းရီ နားလည်သွားခဲ့သည်။
စနစ်မှ လက်ဆောင်ပေးထားသည့် ဆိုင်းဘုတ်မှာ ရောက်ရှိလာချေပြီ။
လင်းရီ စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်ဆွဲလိုက်သည်။
အချိန်အများစုတွင်တော့ စနစ်မှာ အတော်လေး အားကိုးရလေသည်။
သို့သော်လည်း မည်သို့သောဆိုင်းဘုတ်မျိုး ပေးလာလိမ့်မလဲဆိုတာကိုတော့ လင်းရီလည်း မသိသေးပေ။
“ အိုး ... ဆိုင်းဘုတ်က ဘယ်နားလေးမှာ…”
“ အပြင်က ထရပ်ပေါ်မှာပါ.. မစ္စတာလင်း အပြင်ထွက်လိုက်တာနဲ့ ကြည့်လို့ရပါတယ်…”
နှစ်ယောက်သား အပြင်သို့ ထွက်လာခဲ့ကြ၏။ အပြင်ဘက်တွင်တော့ ထရပ်ကားတစ်စီးထိုးရပ်ထားပြီး ၎င်းနောက်ကျောတွင်တော့ အနီရောင် ပိတ်စဖြင့် ဖုံးအုပ်ထားသည့် ဆိုင်းဘုတ်တစ်ခုကို သယ်ဆောင်ထားလေသည်။ ယင်းကလည်း ဆိုင်းဘုတ်သယ်ဆောင်ရာတွင် လိုအပ်သည့် ထုံးတမ်းအစဉ်အလာပင်။
လင်းရီ ထရပ်ပေါ်သို့ တက်လိုက်ပြီး အနီရောင်ပိတ်စကို လှပ်လိုက်သောအခါ ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသည့်အလား ခံစားလိုက်ရတော့၏။
“ စနစ်.. မင်း ဒါဘာသဘောတုန်းကွ… မင်း ငါနဲ့ လာရှုပ်နေတာလား…”
[စနစ်ရှင်ရဲ့ တောင်းဆိုမှုနဲ့အညီ ဆိုင်းဘုတ်တစ်ခု ပြုလုပ်ပေးပြီးပါပြီ.. တကယ်လို့ မကျေနပ်သေးဘူးဆိုရင်တော့ ကိုယ့်ဘာကိုယ် ဘာလို့မကျေနပ်လဲဆိုတဲ့ အကြောင်းပြချက်ကို ရှာဖွေလိုက်ပါ..]
“ ငါမင်းကို လုပ်ခိုင်းတာက တခြားသူတွေမြင်လိုက်တာနဲ့ သေအောင်စားကောင်းတယ်လို့ ထင်သွားစေနိုင်မယ့် ဆိုင်းဘုတ်လေကွာ…”
[ စနစ်ရှင် တောင်းဆိုတဲ့အတိုင်း လုပ်ထားပေးတာပဲလေ ]
" ဒါပေမယ့် ငါမင်းကို ‘သေအောင်စားကောင်းတယ်’ ဆိုတဲ့ စကားလုံးကို ဆိုင်းဘုတ်လုပ်ခိုင်းတာမဟုတ်ဘူးလေကွာ… လခွမ်းပဲ … ငါ့ကို စည်ပင်အရာရှိတွေခေါ်ပြီး လက်ဖက်ရည်တိုက်တာကို မင်း မြင်ချင်နေတာလား… မင်း နည်းနည်းလောက်လေး ယဉ်ကျေးမှုရှိလို့ မရဘူးလား…”