← Chapters

အမျိုးသားတွေရဲ့ ဖိအား

Vol. 39 Ch. 583

အမျိုးသားတွေရဲ့ ဖိအား

Vol. 39 Ch. 583

"ဒါ ဘာစကားပြောတာ..."

တန်း၀န်လင်း စော်ကားသလို ခံလိုက်ရပြီး "လူကြီးမင်း.. ခင်များဘက်က ကျုပ်ကို မငှားချင်ဘူးဆိုရင်လည်း စောကတည်းက ပြောလေ.. ခင်များ ကျုပ်အချိန်ကို သပ်သပ် လာဖြုန်းနေတာပဲ..."

“ မစ္စတာတန်း … စိတ်မရှိပါနဲ့..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ကျွန်မတို့ ဘော့စ်က စကားကို ဘွင်းဘွင်းရှင်းရှင်းပဲ ပြောတတ်တာမို့ပါ…”

ကျီချင်းရန် လင်းရီ ဘေးနားသွားလိုက်ပြီး “ ရီ ... မစ္စတာတန်းရဲ့ အရည်အချင်းတွေက တကယ်မဆိုးဘူး.. ငါတို့ ဆိုင်ဖွင့်တဲ့အချိန်ကျရင် သူ့ရဲ့ ကိုယ်ရေးအကျဉ်းကို ချပြပြီးတော့ လူတွေအများကြီးကို ဆွဲဆောင်လို့ရတယ်လေ…”

“ ငါသိတယ်… ဒါပေမယ့် အရေးကြီးဆုံးက အရသာပဲ.. တကယ်လို့ အရသာမကောင်းဘူးဆိုရင် ဧည့်သည်တွေက နောက်တစ်ကြိမ် ထပ်လာစားတော့မှာ မဟုတ်ဘူး…”

‘ဟမ်…’

ကျီချင်းရန်နှင့်‌ ဟော်ယွမ်ယွမ်တို့ လင်းရီ ဘာပြောနေလဲဆိုတာ နားမလည်နိုင်တော့ချေ။

မစ္စတာတန်းက နာမည်ကြီး စားဖိုမှူးတစ်ယောက်လေ… နိုင်ငံတော်အဆင့် ညစာစားပွဲတွေမှာတောင် ချက်ပြုတ်ပေးဖူးတဲ့သူရဲ့ လက်ရာက ဘယ်လိုလုပ်ပြီး အရသာမရှိ ဖြစ်နိုင်မှာလဲ…

“ မစ္စတာလင်း… ခင်များကျုပ်ကို မငှားချင်လဲရတယ်.. ဒါပေမယ့် ကျုပ်ရဲ့ စံချိန်စံညွှန်းတွေကိုတော့ မေးခွန်းထုတ်ပိုင်ခွင့်မရှိဘူး..” တန်းဝန်လင်း ပြောလိုက်ပြီး “ ကျုပ်ထက်ပိုတော် ပိုကျွမ်းကျင်တဲ့ စားဖိုမှူးတွေရှိတယ်ဆိုတာ ကျုပ် လက်ခံတယ်.. ဒါပေမယ့် ဟွာရှတစ်ပြည်လုံးမှာ ကျုပ်ရဲ့ လက်ရာကို ကျော်လွန်နိုင်တဲ့သူက လက်နှစ်ဖက်စာ အရေအတွက်ထက်မပိုဘူး.. ခင်များ အဲ့လိုပြောလိုက်တာကို ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး…”

ဟော်ယွမ်ယွမ် လင်းရီ ရှေ့တွင် ရပ်လိုက်ပြီး “ ဘော့စ်… ခုအချိန်က မိမိုက်သလိုလုပ်ရမယ့် အချိန်မဟုတ်ဘူးနော်… ပြီးတော့ ရှင် မိမိုက်သလိုလုပ်ချင်ရင်တောင် အခြေအနေနဲ့ အချိန်အခါကို ကြည့်သင့်တယ်… မစ္စတာတန်းရဲ့ စကေးတွေက အပြောသပ်သပ်ချည်းပဲ မဟုတ်ဘူး.. မဟုတ်ရင် ကျွန်မက ဘယ်လိုလုပ်ပြီး ဒီမှာ စားဖိုမှူး လာလုပ်ဖို့ ကမ်းလှမ်းမှာလဲလို့…”

“ ငါသူ့ရဲ့အဆင့်ကို သိတယ်… “ လင်းရီ ပြောလိုက်ပြီး “တခြားဟင်းပွဲတွေမှာ သူ့ထက်သာအောင် ချက်ပြုတ်နိုင်တယ်လို့ ငါအာမ မခံနိုင်ပေမယ့် မီနူးပေါ်မှာ ရှိတဲ့ ဟင်းပွဲတွေနဲ့ ပတ်သက်လာရင်တော့ ငါ့ရဲ့လက်ရာက ပိုကောင်းမယ်ဆိုတာ အပြည့်အ၀ ယုံကြည်တယ်..”

“ မီနူးပေါ်မှာ ရှိတဲ့ ဟင်းလျာ…”

တန်းဝန်လင်း မီနူးစာအုပ်ကိုဖွင့်ကြည့်လိုက်သောအခါ သတ်မှတ်ထားသည့် ဈေးနှုန်းများကြောင့် ရှော့ခ်ရသွားခဲ့တော့၏။

“ ဥထမင်းကြော်တစ်ပွဲ 189 ယွမ် … ပုလဲ နို့လက်ဖက်ရည် တစ်ဘူးကို 68ယွမ် … ခေါက်ဆွဲကြော်တစ်ပွဲကို 179 ယွမ်..သောက်ကျိုးနည်း ဒီဈေးနှုန်းတွေက ဘာကြီးတုန်းဟ…. ခင်များအရင်က စားသောက်ဆိုင်မဖွင့်ဖူးဘူးလား… ဒီလိုမျိုး ဈေးကြီးကြီးသတ်မှတ်ရဲတဲ့ မီချယ်လင်း စားဖိုမှူးတွေတောင် သိပ်မရှိဘူး..”

“ တစ်ကျပ်ပေးရင် တစ်ကျပ်တန်ရမယ်… ကောင်းတဲ့ပစ္စည်းတွေက ဈေးကြီးတာသဘာဝပဲ… မစ္စတာတန်း အဲ့ဒီသဘောတရားကိုတော့ နားလည်မှာပါ…”

“ ဥထမင်းကျော်က ရန်ကျိုးဟင်းလျာပဲ.. ပြီးတော့ ကျုပ်က ရန်ကျိုးဟင်းလျာ ချက်ပြုတ်တာတွေလည်း ကျွမ်းကျင်တယ်.. ဒါပေမယ့် ရိုးရိုးသားသား ဝန်ခံရရင် ကျုပ်ရဲ့ ဥထမင်းကြော်ကို 189 ယွမ် တောင်းရမှာ တော်တော်လေးရှက်မိတယ်…”

လင်းရီ ထိုတခဏတွင် မည်သို့ တုံပြန်ရကောင်းနိုး အကြံထုတ်နေလေသည် ။ အကယ်၍ သူ ကြော်သည့် ဥထမင်းကြော်က တန်းဝန်လင်းထက် ကောင်းမွန်သည်ဟု တိုက်ရိုက်ပြောပြန်လျှင်လည်း ဝင့်ကြွားရာ ကျပေလိမ့်မည်။

အကယ်၍ အခြားအကြောင်းပြချက် တစ်ခု ပေးမည်ဆိုလျှင်လည်း သူသတ်မှတ်ထားသည့် ဈေးနှုန်းများက မတန်မရာ သတ်မှတ်ထားသည့် အသွင်သို့ ကူးပြောင်းသွားနိုင်သည်။

ကြည့်ရသလောက်တော့ သူအဆုံးစွန်ထိ သွားရတော့မည့်ပုံပင်။ ထိုသို့ဆိုပါက အနည်းငယ် ခက်ခဲသွားနိုင်သည်။ထို့ကြောင့် သူ ဝေ့လည်ကြောင်ပတ်လုပ်မနေပဲ တည့်တိုးပြောရန်သာ ဆုံးဖြတ်လိုက်တော့၏။

“ ခင်များက ကျုပ်လိုဈေးနှုန်းမျိုး မသတ်မှတ်ရဲဘူးဆိုတော့ ရှင်းပါတယ်.. ခင်များလုပ်တဲ့ ဟင်းလျာတွေက ကျုပ်ရဲ့ လက်ရာလောက် မကောင်းဘူးဆိုတဲ့ သဘောပဲပေါ့…”

ကျီချင်းရန် “……”

ဟော်ယွမ်ယွမ် “….”

‘ ဘော့စ်.. နိမ့်နိမ့်ချချနေလေ… ခုက ကိုယ်ရည်သွေးရမယ့် အချိန်မဟုတ်သေးဘူး….’

တန်းဝန်လင်း ဒေါသထွက်သွားခဲ့ပြီး “ မစ္စတာလင်း… ခင်များ ကျုပ်ကို မငှားလို့လည်း ဘာမှ ဖြစ်မသွားဘူး.. ဒါပေမယ့် သိပ်တော့ လွန်မလာနဲ့.. ကျုပ်ဒီ လောကထဲကို အသက် 14 နှစ်ကတည်းက ခြေချလာခဲ့တာ.. ခု လုပ်သက် အနှစ်သုံးဆယ်ကျော်နေပြီ… အဲ့တာကို ခင်များလောက် အရည်အချင်းမရှိဘူးလို့ ပြောနေတယ်ဆိုတော့...…”

“ ချက်ပြုတ်တယ်ဆိုတာက အရည်အချင်းကော ပါရမီကော ရှိဖို့ လိုအပ်တယ်လို့ မဟုတ်ဘူးလား… ဝါရင့်တာနဲ့ပဲ အရသာက အလိုအလျောက် ပိုပိုပြီး ကောင်းလာမှာတဲ့လား... ”

ဟော်ယွမ်ယွမ် သူ့နဖူးသူ ပြန်ရိုက်လိုက်၏။

ဘော့စ်က ဘာလို့ လောင်စာထပ်ထည့်နေတာတုန်း

“ ကောင်းပြီလေ…” တန်းဝန်လင်း အံကြိတ်၍ ပြောလိုက်ပြီး “ မစ္စတာလင်း.. ကျုပ် ဒီမှာ အလုပ်မလုပ်လည်း ရတယ်.. ဒါပေမယ့် ကျုပ်ရဲ့ ပညာကိုတော့ လာမစော်ကားနဲ့… ခုစားဖိုမှူးတစ်ယောက်အနေနဲ့ ဘယ်သူ့လက်ရာက ပိုကောင်းလဲဆိုတာ စိန်ခေါ်တယ်… မပူနဲ့.. မစ္စတာလင်းရဲ့ ဟင်းပွဲက ကျုပ်လောက် အရသာမရှိဘူးဆိုရင်တောင် ကျုပ်ဘက်က စည်းမျဉ်းတွေအတိုင်း ဘေလ်ရှင်းပေးမယ်…”

“ ဒါဆိုလည် ကျေးဇူးပြုပြီး ….”

“ သွားစို့…”

လင်းရီနှင့် တန်းဝန်လင်းတို့ မီးဖိုချောင်ထဲဝင်သွားခဲ့ကြ၏။ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်လည်း တစ်ယောက်ယောက်ကို တစ်ယောက် ကြည့်ပြီး အနောက်မှ လိုက်သွားကြလေသည်။

မီးဖိုချောင်ထဲရှိ အမယ်များကို မြင်တော့ တန်းဝန်လင်း အနည်းငယ်အံ့အားသင့်သွားခဲ့လေသည်။ ဆိုင်ရှင်မှာ အနည်းငယ် မောက်မာသော်လည်း ပါဝင်သည့် အမယ်များကတော့ ထိပ်တန်းအရည်အသွေးရှိသည့် ပစ္စည်းများကိုသာ အသုံးပြုထားပြီး မီချယ်လင်းစားသောက်ဆိုင်အဆင့် နီးပါးပင်။

ဆိုင်ရှင်မှာ ယခုမှ အလုပ်သင်စာဖိုမှူး အဆင့်သာ ရှိသေးသော်လည်း အရည်အချင်းတစ်ချို့တော့ ရှိပုံရ၏။ အကယ်၍ ဆိုင်ရှင်သာ သူ၏ မာနကို ဘေးချိတ်ထားနိုင်ပါက နည်းနည်းပါးပါး ထောက်ပြပေးဖို့ရာ ဆန္ဒရှိလေသည်။

“ မစ္စတာတန်းက မီးဖိုချောင်ထဲမှာရှိတဲ့ အမယ်တွေကို စိတ်ကြိုက်သုံးလို့ရတယ်…” လင်းရီ လက်ဟန်ပြလိုက်၏။

“ မလိုပါဘူး… မစ္စတာလင်း သုံးတဲ့ ဟင်းအမယ်တွေပဲ သုံးမှာ… ကျုပ်တခြားအမယ်တွေ သုံးပြီး အနိုင်ကျင့်ပါတယ်လို့တော့ အပြော မခံနိုင်ဘူး…” တန်းဝန်လင်း ပြောလိုက်ပြီး “ နောက်ပြီးတော့ ဒီနေရာမှာ တစ်ခုကြိုပြောထားမယ်…. လူတော်တော်များများက ဥထမင်းကြော်ကို ကန်တုံးဟင်းလျာလို့ သိကြပေမယ့် တကယ်တမ်းကျတော့ ရန်ကျိုး ဟင်းလျာဆိုပြီး ဟင်းချက်နည်းတွေထဲမှာ တရား၀င် စာရင်း ပြုစုထားတာ… ဒီရဲ့ ဟင်းလျာက ရန်ကျိုးဟင်းလျာ စားဖိုမှူးတွေရဲ့ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရမယ့် အခြေခံ ဟင်းပွဲတစ်ခုပဲ… တကယ်လို့ ဥထမင်းကြော်မှ ကောင်းကောင်း မကြော်တတ်ဘူးဆိုရင် မင်းက တခြားဟင်းလျာတွေကို ချက်ပြုတ်ခွင့်မရှိဘူး…”

“ ခင်များ ဆိုလိုချင်တာ ခင်များရဲ့ ဥထမင်းကြော်က ကျန်တဲ့ ဟင်းလျာတွေထက် ကျွမ်းကျင်မှုရှိတယ်လို့ ပြောချင်တာလား…”

“ အဲ့လိုပြောလို့လည်း ရတယ်…” တန်းဝန်လင်း ပြောလိုက်ပြီး “ ဒါက ဒီလောကရဲ့ အခြေခံစည်းမျဉ်းပဲ… အားလုံးက ရိုးရှင်းတဲ့ ဟင်းလျာလေးတွေကနေ စတင်ကြရတယ်…”

“ အဆင်ပြေပါတယ်… ဘာပဲဆိုဆို ဥထမင်းကြော်လေးပဲမလား…”

“ ဒါဆိုလည်း စကြမယ်…” တန်းဝူလင်း ပြောလိုက်ပြီး “ ဖြစ်ချင်တော့ ကျုပ်လည်း 189 ယွမ်တောင် ပေးရတဲ့ ဥထမင်းကြော်က ဘယ်လိုအရသာမျိုး ရှိလဲဆိုတာ တော်တော်လေး သိချင်နေပြီ..”

အတိတ်တွင် လင်းရီ၏ ဥထမင်းကြော်မှာ အတော်လေး စားကောင်းနေပြီး ဖြစ်၏။ သို့သော်လည်း ယခု စနစ်မှ ဆရာအဆင့် ဟင်းချက်နည်းများကို ချီးမြင့်လာပြီးနောက် ဥထမင်းကြော်အရသာမှာ မည်သို့ ဆန်းသစ်လာမလဲဆိုတာ သိချင်နေမိလေသည်။

စိတ်ပိုင်းဖြတ်ပြီးနောက် လင်းရီ အပိုစကားတို့ မဆိုပဲ စတင်ချက်ပြုတ်လိုက်၏။

လင်းရီ အမဲသားများကို အနေတော် တုံးထစ်လိုက်ပြီး ဂုံးခရုကို အနှစ်ရအောင် ပြုလုပ်လိုက်သည်။ ထို့နောက် အခွံနွာပြီးသား ပုစွန်နှင့် ကြက်သွန်တို့ကို အပိုင်းပိုင်း လှီးဖြတ်ထားလိုက်သည်။

ထို့နောက် ကြက်ဥအနှစ်နှင့် အကာကို သပ်သပ်စီ ခွဲ၍ အနှစ်ကို ထမင်းကျန်ထဲသို့ လောင်းထည့်လိုက်သည်။ ထို့နောက် သမအောင်မွှေ၍ ဥထမင်းကြော်ရန် အခြေခံအဆင့်များကို ပြင်ဆင်ပြီးဖြစ်လေသည်။

လင်းရီ ပြင်ဆင်နေသည့် အမယ်များကို မြင်တော့ တန်းဝန်လင်း ခေါင်းခါရမ်းလိုက်သည်။

ဥထမင်းကြော်မှာ ရိုးရှင်းသည့် ဟင်းလျာတစ်ခွက်ဖြစ်သော်လည်း ထိုအရိုးရှင်းဆုံးကပင် အခက်ခဲဆုံး ဖြစ်နေပြန်သည်။

လင်းရီမှာ အရသာရှိသည့် ဥထမင်းကြော်ကို ပြုလုပ်ချင်နေသော်လည်း ပါဝင်သည့် အမယ်များက ဈေးကြီးနေရန် မလိုကြောင်းကိုတော့ လျစ်လျူရှုထားခဲ့၏။

'သူက ဈေးကြီးတဲ့ အမယ်တွေကို အကုန်လျှောက်ထည့်ပြီးတော့ တကယ့် ဥထမင်းကြော်ရဲ့ အနှစ်အရသာကိုကျ မေ့ဖျောက်ထားတာပဲ…'

'ဒီလူငယ်လေးက ချက်ပြုတ်တာကို လွယ်တယ်မှတ်နေလား မသိဘူး…'

ထိုအကြောင်းစဉ်းစားမိသောအခါ တန်းဝန်လင်း အများကြီး စိတ်သက်သာရာရသွားခဲ့သည်။

သူ ဘယ်လို အမယ်အမျိုးအစား အသုံးပြုရမလဲဆိုတာ သိရှိပြီးဖြစ်၏။ တူညီသည့် အမယ်များနှင့် ဥထမင်းကြော်တစ်ပွဲပြုလုပ်ရန် ပြဿနာရှိလိမ့်မည် မဟုတ်ချေ။

စားဖိုမှူးနှစ်ယောက်၏ မီးဖိုများမှာ ဝေးကွာခြင်းမရှိသော်လည်း မည်သည့်ဘက်ကမှ ချောင်းကြည့်ရန် စိတ်ကူးမရှိချေ။

နှစ်ယောက်လုံးမှာ အဆင့်ရှိသည့် စားဖိုမှူးများဖြစ်သော်ကြောင့် ထိုသို့ ယုတ်ညံ့သည့် အပြုအမူများကို ရှောင်ကြဉ်ကြလေသည်။

“ အစ်မကျီ.. ဘော့စ် ဟင်းချက်နေတဲ့ စတိုင်က အရမ်းဆွဲဆောင်မှုရှိတာပဲနော်…”

အနောက်တွင် ရပ်နေရင်း ဟော်ယွမ်ယွမ်မှ တီးတိုးပြောလိုက်၏။

“ အွန်း လင်းရီရဲ့ အလေးအနက်ထားနေတဲ့ ပုံစံက အရမ်း ဆွဲဆောင်မှုရှိတယ်…”

“ ဒါပေမယ့် သူ အလေးအနက်ထားတာကလည်း အရမ်းရှားတယ်….” ဟော်ယွမ်ယွမ် စောဒကတက်လိုက်ပြီး “ ပုံမှန်အချိန်ဆို ဘော့စ်က ကိုယ်ရည်သွေးမနေဘူးဆိုရင် ဗိုလ်ကျစိုးမိုးတဲ့ ပုံစံမျိုးပဲ လုပ်နေတာ…”

“ ဒါကြောင့်မို့ ဒါက ရှားပါးအခွင့်အရေးပဲလေ… သေချာလေး အနီးကပ်ကြည့်ကြရအောင်..”

ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒါပေမယ့် ညီမ ဘော့စ်ရှုံးသွားမှာကို အရမ်းစိုးရိမ်တယ်ကော..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး

“ တကယ်တမ်းကျတော့ ဘော့စ်က အရမ်းအချက်အပြုတ်တော်တာ… တကယ်လို့ နိုင်ငံတော်အဆင့် ကျွမ်းကျင်စားဖိုမှူးကိုတောင်မှ ဖိနှိပ်နိုင်တယ်ဆိုရင်တော့ ဒီကမ္ဘာကြီးက သူ့ကို မျက်နှာသာပေးလွန်းသွားပြီ… တကယ်လို့ အဲ့လိုသာ ဖြစ်လာပြီဆိုရင်တော့ အမျိုးသမီးတွေက သူ့အတွက် ကလေး မွေးပေးဖို့ ပစ္စည်းတစ်ခုလိုမျိုး ဖြစ်လာတော့မှာ….”

“ ဒါက ….”

ကျီချင်းရန် ခေတ္တ ရပ်တန့်လိုက်ပြီး မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေလေသည်။

သူမက လင်းရီအတွက် ရင်သွေးလွယ်ပေးဖို့ကလွဲရင် တခြားဘာမှ အသုံးမဝင်တော့ဘူးလား…

“ ကျွန်မစကားကို နားထောင်ပြီးတော့ အစ်မကျီ ကိုယ့်ဘာကိုယ် သံသယဝင်နေပြီမလား…”

“ အဲ့လိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး…” ကျီချင်းရန် ပြောလိုက်ပြီး “ ငါ ကလေးတွေ အများကြီး မွေးပေးလိုက်မယ်ဆိုရင် သူ ငါ့ကို ပစ်ထားရဲဦးမလား…”

All Chapters