အရိုးထဲမှ မာနကြီးသည့် အမျိုးသား
Vol. 39 Ch. 584
“ အများကြီး….” ဟော်ဟော်ယွမ် ရေရွတ်ပြီးနောက် “အစ်မကျီက ဘော့စ်ကို မွန်းကြပ်အောင်လုပ်ချင်နေတာလား…”
“မွန်းကြပ်တယ်…”
“ ဟုတ်တယ်လေ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အစ်မကျီပဲ စဉ်စားကြည့်ကြည့်… ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးဖို့ဆိုရင် အနည်းဆုံး အချိန်တစ်နှစ်ပေးရတယ်… ခု အစ်မကျီက ကလေးတွေ အများကြီး ယူချင်တယ်ဆိုတော့ ဘော့စ်ရဲ့ ကိုယ်ပိုင်အချိန်က လက်နှစ်ဖက်စာလောက်ပဲ ရှိပြီးတော့ ကျန်တဲ့ အချိန်တွေက အစ်မကျီနဲ့ ကြိုးစားနေရမှာလေ… တကယ်လို့ ကျွန်မလို မိန်းမသားတောင် သည်းမခံနိုင်ရင် ဘော့စ်လို ယောက်ျားသားကြီးက ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ…”
"တခြားကိစ္စ ပြောရအောင်.. အဲ့ အကြောင်း ဆက်မပြောကြစို့..."ကျီချင်းရန် ပြောလိုက်ပြီး "နင်က လူကြီးဖြစ်နေပြီကို ဘာလို့ ပေါက်တတ်ကရတွေ လျှောက်ပြောနေတာ..."
"ဒါက ညီမတို့ တွေ့ကြုံလာရမယ့် ပုံမှန်ကိစ္စတွေပဲလေ... ဘာရှက်စရာမှလည်း မလိုပဲကို..."
"အဲ့တာတောင်မှ ဆွေးနွေးလို့ရတဲ့ ကိစ္စ မဟုတ်သေးဘူး..."
ဟော်ယွမ်ယွမ် မျက်လုံးလှန်လိုက်၏။ သူမ၏ ဘော့စ်အတွက် အစ်မကျီကဲ့သို့ အမျိုးသမီးကောင်းမျိုး ရှာတွေ့ရန် အင်မတန် ခက်ခဲလှလေသည်။
"မစ်ဟော်... မိန်းကလေးတို့ နှစ်ယောက် အပြင်မှာ စောင့်နေပေး.. ကျုပ်နဲ့ မစ္စတာလင်းက ဟင်းပွဲတွေ ယူလာပြီးတော့ ခင်များတို့ နှစ်ယောက်ကို မြည်းစမ်းကြည့်ခိုင်းမယ်..."တန်း၀န်လင်း ပြောလိုက်သည်။
"အိုကေ ဆရာတန်း..."
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့ စားပွဲဝိုင်းတွင် ထိုင်ချလိုက်ကြသည်။တိုက်ဆိုင်စွာဖြင့် သူမတို့ နှစ်ဦးလုံး နေ့လည်စာ မစားရသေးသောကြောင့် ပိုလို့ မျှော်လင့်နေလေသည်။
ဟော်ယွမ်ယွမ်မှ သူ့အိမ်သူ့ယာကဲ့သို့ ရေခဲသေတ္တာထဲမှ ရေသန့် နှစ်ဘူးကိုပင် သွားယူလိုက်သေး၏။
"အစ်မကျီ.. ညီမတို့ လှည့်ကွက်လေး ထုတ်သုံးကြရင် ကောင်းမလား..."ဟော်ယွမ်ယွမ် တိုးတိုးလေး ပြောလိုက်၏။
"ဟမ် .. နင် ဘာကို ပြောချင်နေတာ..."
"ဘော့စ်ရဲ့ ဥထမင်းကြော်က ဘယ်လိုအရသာရှိလဲဆိုတာ အစ်မကျီ မှတ်မိတယ်မလား..."
"အင်း.. ငါအမြဲစားနေကျပဲလေ..."
"ကောင်းတယ်.. ညီမလည်း ဘယ်လိုအရသာမျိုးလဲ ဆိုတာ မှတ်မိတယ်..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ခနနေ ဥထမင်းကြော် ရောက်လာတဲ့ အချိန်ကျ မစ္စတာတန်းရဲ့ ဥထမင်းကြော် ဘယ်လောက်ပဲ အရသာရှိနေပါစေ ညီမတို့ ဘော့စ်ရဲ့ ဥထမင်းကြော်ကပဲ ပိုအရသာရှိတယ်လို့ ပြောကြမယ်လေ.. ဘာပဲဆိုဆို ညီမတို့ ဘော့စ်ရဲ့ ပုံရိပ်ကို အကောင်းဆုံး ကာကွယ်ပေးရမယ်မလား..."
"မကောင်းဘူးထင်တယ်နော..."
"ဟင် ဘာမှားနေလို့လဲ..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "အစ်မတို့ နှစ်ယောက်က တရား၀င် လက်မထပ်ရသေးဘူးဆိုရင်တောင် နှစ်ယောက်ကြား ဆက်ဆံရေးက အတည်ပြုပြီးသားလေ... အပြင်မှာ ရှိတဲ့ အချိန်ကျရင် ဘာကိစ္စပဲ ဖြစ်နေပါစေ သူ့ကို မျက်နှာသာပေးပြီး ဘက်လိုက်ပေးရမှာပေါ့.. ဒါက ဘော့စ်ရဲ့ ပါရမီဖြည့်ဘက်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာပဲလေ...."
"အဲ့တာတော့ ဟုတ်ပါတယ်.. ဒါပေမယ့် နင် လင်းရီ အကြောင်း နားမလည်သေးလို့ ဒီလိုစကားမျိုး ပြောနေတာ ..."
"သူက အပြင်ပိုင်းမှာ နိမ့်ချပြီး နေတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ သူ့ကိုယ်သူ အရမ်း ဂုဏ်ယူတတ်တာ... သူ့ကို ဘက်လိုက်ပြီးတော့ မစ္စတာတန်းကို ရှုံးအောင် လုပ်လိုက်မယ်ဆိုရင် အနိုင်ရလည်း သူပျော်မှာ မဟုတ်ဘူး... "
"ဒါဆို ညီမတို့က အမှန်အတိုင်း ပြောရမှာပေါ့နော်..."
ကျီချင်းရန် သူမ ဆံနွယ်များကို ထိုးဖွလိုက်ပြီး "ဟုတ်တယ်... စိတ်ထဲရှိတဲ့ အတိုင်းသာ ပြောလိုက်.. ဘာမှ အတွေးလွန်မနေနဲ့..."
"ကောင်းပြီလေ.. အစ်မကျီ ပြောတဲ့ အတိုင်းပဲပေါ့..."
နှစ်ယောက် စကားပြောပြီးပြီးချင်းပဲ တန်းဝန်လင်း ဥထမင်းကြော် နှစ်ပွဲကို သယ်ဆောင်၍ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်ကို မြင်တွေ့လိုက်ရ၏။
တစ်ပွဲမှာ ရွှေဝါရောင် လင်းလက်နေပြီး အခြား ဥထမင်းကြော် တစ်ပွဲကတော့ ချက်ပြုတ်သည့် ဆော့စ်အနှစ်အနံ့ ဖျော့ဖျော့လေး ရရှိနေသည်။ ဟင်းလျာနှစ်ပွဲလုံးမှ မတူညီသည့် ခံစားချက်များကို ပေးစွမ်းနေတော့၏။
ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်ကတော့ မည်သည့် ဟင်းလျာကို မည်သူက ချက်ပြုတ်ထားကြောင်း တစ်ချက်ကြည့်လိုက်သည်နှင့် တပ်အပ်ပြောနိုင်လေသည်။ ရွှေရောင် ၀င်းလက်နေသည့် ဥထမင်းကြော်ကတော့ လင်းရီ၏လက်ရာ ဖြစ်ရမည်။ ယင်းက သူမတို့ကို အတိတ်တွင် လက်စွမ်းပြခဲ့ဖူးသည့် အသွင်အပြင်နှင့် ထပ်တူညီလေသည်။ သို့သော်လည်း ယခုတစ်ခေါက်တွင်တော့ ဟင်းအမယ်များမှာ အနည်းငယ် ပို၍ စုံလင်နေခဲ့၏။
ကျန်သည့် တစ်ပွဲကတော့ မစ္စတာတန်း၏ လက်ရာ ဖြစ်ပေရမည်။
"ဒီဟင်းပွဲတွေက ကျုပ်တို့ နှစ်ယောက် လက်စွမ်းပြထားတာတွေပဲ... နှစ်ပွဲလုံး မြည်းစမ်းကြည့်ပြီးတော့ ဘယ်တစ်ခုက ပိုအရသာရှိလည်း ဆိုတာ ပြောပြပေးပါဦး..."
လင်းရီ၏ လက်ရာကို ယခင်က သုံးဆောင်ခဲ့ဖူးသည့် အတွက်ကြောင့် နှစ်ယောက်လုံး တန်း၀န်လင်း ပြုလုပ်ထားသည့် ဥထမင်းကြော်ကို အရင်ဆုံး မြည်းစမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
ဟော်ယွမ်ယွမ် ဇွန်းဖြင့် ခပ်၍ ဆော့စ်အနံ့သင်းနေသည့် ထမင်းနှင့် အသားအနည်းငယ်ကို ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။ပါးစပ်ထဲသို့ ရောက်ရောက်ချင်းပဲ ဟော်ယွမ်ယွမ်၏ မျက်၀န်းများမှာ အလိုအလျောက် ပြူးကျယ်လာခဲ့တော့၏။
"ဝွန်း.... အစ်မကျီ မြန်မြန်မြည်းကြည့် အရမ်းအရသာရှိတယ်... ဒီရဲ့ ဥထမင်းကြော်က အရမ်းအရမ်းကို အရသာရှိတာ.. ဘော့စ်ရဲ့ လက်ရာထက် ပိုကောင်းတယ်..."
သူမ လင်းရီ၏ လက်ရာကို မှတ်မိနေပြီး ကျီချင်းရန်မှလည်း အမှန်အတိုင်း ပြောရန် တောင်းဆိုထားသောကြောင့် ဟော်ယွမ်ယွမ် သူမ စိတ်ထဲရှိသည့် အတိုင်း ပြောချလိုက်လေသည်။
သူမ၏ အရသာခံ အဖုလေးများက တန်း၀န်လင်း၏ ဥထမင်းကြော်က လင်းရီထက် ပိုကောင်းကြောင်း အဆုံးအဖြတ် ပေးနေတော့၏။
ကွာခြားမှုမှာ အဆင့်ကြီး တစ်ခုစာမျှ ကွာဟနေပြီး မည်သို့မျှ မယှဉ်ပြိုင်နိုင်ချေ။
ယင်းကလည်း စနစ်မှ ချီးမြင့်ထားသည့် ဆုလဒ်ကြောင့်ဖြစ်၏။
လင်းရီ၏ ယခင် အချက်အပြတ် ကျွမ်းကျင်မှုများမှာ ပညာရှိ ဉာဏ်ပညာမှ ရရှိထားပြီး သူ၏ လက်ရာမှာ သာမန်စားသောက်ဆိုင်ရှိ စားဖိုမှူးများ၏ လက်ရာနှင့်သာ ယှဉ်နိုင်စွမ်းရှိလေသည်။
ထို့ကြောင့် နိုင်ငံတော်အဆင့် ညစာစားပွဲများတွင် ချက်ပြုတ်ပေးခဲ့ဖူးသည့် တန်း၀န်လင်း၏ လက်ရာနှင့် ဝေးကွာနေသည်ကတော့ အံ့ချီးဖွယ်ရာ မရှိပေ။
ဟော်ယွမ်ယွမ်မှ ယခုလို အကဲဖြတ်လိုက်သည်မှာ ပုံမှန်သာ ဖြစ်၏။
"နင် အရမ်းကြီး ချဲ့ကားနေတာမလား..."
ဟော်ယွမ်ယွမ် အမှန်အတိုင်းပြောနေကြောင်း ရိပ်မိသော်လည်း သူမ၏ အမူအရာကတော့ အနည်းငယ် ချဲ့ကားနေသည်ဟု ခံစားနေရသည်။
ဒီတိုင်း ဥထမင်းကြော်လေးပဲ မဟုတ်လား.. ဘယ်လောက်ပဲ အရသာရှိရှိ မျက်လုံးကြီးပြူးထွက်လာအောင် ချဲ့ကားဖို့တော့ မလိုဘူးလေ...
"အစ်မကျီ.. ညီမ အရူးလုပ်နေတာမဟုတ်ဘူး.. မြည်းကြည့်ရင် သိလိမ့်မယ်..."
ကျီချင်းရန် ယုံကြည်ရန် ငြင်းဆန်လိုက်ပြီး တစ်ဇွန်းစာယူ၍ မြည်းစမ်းကြည့်လိုက်၏။
ဟော်ယွမ်ယွမ်ကဲ့သို့ပင်။ ထမင်းကြော်ကို လျှာပေါ် တင်လိုက်သည်နှင့် တစ်ပြိုင်နက် လင်းရီ၏ လက်ရာနှင့် မည်မျှခြားနားနေကြောင်းကို အလိုအလျောက် ပြောပြနိုင်လေသည်။
အရသာမှာ ကြွယ်၀လှပြီး ထမင်းကြော်၏ အနေအထားမှာ လျှာပေါ်တွင် နူးညံ့၍ ထူးကဲ့နေတော့၏။ဥထမင်းကြော်ဟု ဆိုသော်လည်း ထင်မှတ်မထားလောက်အောင် အရသာမှာ ကောင်းမွန်လွန်းလှပေသည် ။
ကျီချင်းရန် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့၏။ အရသာမှာ လင်းရီ၏ လက်ရာထက်ကောင်းမွန်ကြောင်းတော့ ၀န်ခံရပေမည်။
ကျီချင်းရန် လင်းရီကို စိတ်ပျက်အားလျော့စွာဖြင့် ကြည့်လိုက်ပြီး "တကယ်ကြီး နင်ရဲ့ လက်ရာထက်ကို ကောင်းနေတာ..."
တန်း၀န်လင်း လင်းရီကို ပီဘိအပြုံးဖြင့် ကြည့်လိုက်၏။ ရလဒ်ကမှာ သူမျှော်လင့်ထားသည့် အတိုင်းပင်။
နှစ်ဦးကြားရှိ အရည်အချင်းကျွမ်းကျင်မှုတို့မှာ မိုးနှင့် မြေပြင်ပမာ ဝေးကွာ နေပြီး ၎င်းတို့ ပြုလုပ်လိုက်သည့် ဥထမင်းကြော်၏ လက်ရာတို့မှာလည်း အရသာ ကွာခြားနေမည်မှာ သာမန်ပင်။
သူ့ဘက်က ဘက်လိုက်ရန်ပင် အခွင့်အရေး မပေးချေ။
"မစ္စတာလင်း.. အမှန်အတိုင်းပြောရရင် ခင်များက ဟင်းချက်တာ တကယ်တော်ပါတယ်... အနည်းဆုံးတော့ ကျုပ် မစ္စတာလင်း အရွယ်တုန်းက ဒီလောက်တောင် စကေး မကောင်းခဲ့ဘူး... ဒါပေမယ့် ကျုပ်ရဲ့ လက်ရှိ ကျွမ်းကျင်မှုတွေနဲ့ဆိုရင် ကျုပ်ရဲ့ ဟင်းချက်လက်ရာက ပိုပြီး ကောင်းနေမှာ အမှန်ပဲ... ဒါကြောင့်မို့ ဈေးနှုန်းကို ပြန်ပြီး ပြောင်းလဲဖို့ အကြံပေးချင်တယ်... ၁၈၉ ယွမ်ဆိုတဲ့ ဈေးက တကယ်ပဲ များလွန်းတယ်... ပါ၀င်ပစ္စည်းတွေက နည်းနည်းလေး ဈေးကြီးနေတယ်ဆိုရင်တောင်မှ ၈၈ ဒါမှမဟုတ် ၈၉ ယွမ် လောက်ဆို လုံလောက်ပြီလို့ ထင်တာပဲ.. ကျုပ်ရဲ့ အကြံပြုချက်ကို မစ္စတာလင်း လက်ခံနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်... "
"ဟေ့လူ.. ပွဲက မပြီးသေးဘူးလေ.. ဘာလို့ ကျုပ်ကို တရားလာချနေတာ..."
လင်းရီ နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။ ' ပြိုင်ဘက်ဆိုတဲ့ အတိုင်းပဲ တစ်ဖက်ကို ပုတ်ချရမယ့် အခွင့်အရေးကို နည်းနည်းလေးတောင် လက်လွတ်မခံပါလား...'
"ဟော့ဒီ မိန်းကလေးနှစ်ယောက်ကတောင် ကျုပ်ရဲ့ လက်ရာက ပိုကောင်းတယ်လို့ ပြောနေတာကို လက်မခံချင်သေးဘူးပေါ့..."
"သူတို့ အရင်တုန်းက ကျုပ်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ဖူးတာ အမှန်ပဲ.. ဒါပေမယ့် အဲ့တာကလည်း အရင်တုန်းကပဲ.. ခု ဒီရဲ့ ပန်းကန်ပြားပေါ်မှာ ရှိတဲ့ ဥထမင်းကြော်က အရင်တုန်းကနဲ့ ကွဲပြားသွားပြီ... ဒါကြောင့်မို့ အရသာကလည်း ကွဲပြားသွားမှာ သဘာ၀ပဲ..."
"ဘော့စ်..."
ဟော်ယွမ်ယွမ် နူးညံ့သည့် လေသံဖြင့် "ရှင့်ရဲ့ ဥထမင်းကြော်ထဲမှာ ဈေးကြီးတဲ့ အမယ်တွေ ထည့်ထားတယ်ဆိုရင်တောင် အရသာအပေါ်သက်ရောက်မှု ရှိမှာ မဟုတ်ဘူး... ဒါကြောင့်မို့ ခေါင်းမာမနေနဲ့တော့နော်.. မစ္စတာတန်းရဲ့ အရည်အချင်းတွေနဲ့ သူ့လိုလူတစ်ယောက်ဆီမှာ အရှုံးပေးရတာက ဘာမှ ရှက်စရာ မလိုဘူ... "
ဟော်ယွမ်ယွမ်၏ စကားလုံးများမှာ အဓိပ္ပာယ်ရှိလှပြီး ယေဘုယျအားဖြင့် အသားထမင်းကြော်နှင့် ဥထမင်းကြော်ကြားတွင် အခြေခံအားဖြင့် အရသာကွာခြားမှု မရှိပေ။ အကယ်၍ အသားကို ဖယ်ရှားလိုက်မည် ဆိုလျှင် ဥထမင်းကြော်နှင့် အတူတူပင်။
အစားသောက် နှစ်ခြိုက်သူတစ်ယောက်အနေဖြင့် ဟော်ယွမ်ယွမ် ထိုသဘောတရားများကို နားလည်လေသည်။
"အကဲဖြတ်ဖို့ မစောသေးနဲ့ဦး.... အရင် စားပြီးမှ စကားဆက်ပြော..."
ဟော်ယွမ်ယွမ် နှုတ်ခမ်းကိုက်လိုက်ပြီး သူမကိုယ်သူမ တွေးတောလိုက်၏။ 'ရှင်က လမ်းဆုံးကို မတွေ့မချင်း လှည့်မပြန်ဘူးပေါ့လေ...'
သို့တိုင်အောင် လင်းရီမှာ သူမ၏ ဘော့စ်ဖြစ်သောကြောင့် ဟော်ယွမ်ယွမ် မျက်နှာသာ ပေးပြီး ဇွန်းအပြည့်ခပ်၍ ပါးစပ်ထဲသို့ ထည့်လိုက်၏။ ထိုအခိုက်အတန့်တွင်ပဲ ဟော်ယွမ်ယွမ် သူမ ကမ္ဘာကြီး တစ်ခုလုံးမှာ ပို၍ အရောင်အသွေး စုံလင်လာသည်ဟု ခံစားလိုက်ရလေသည်။