ငါ အလျင်လိုနေပြီ
Vol. 78 Ch. 1079
" အဖေ၊ အဖေ့ရဲ့ မျက်လုံးတွေ " ချန်ဟန်းမှာ ဝမ်ပေါင်လဲ့အား ကြည့်မိလိုက်သည်နှင့် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး ကြက်သီးမွေးညင်းများ ထသွား၏။
" ဟင် " ဝမ်ပေါင်လဲ့မှာမူ မောပန်းနွမ်းနယ်နေသည့်ပုံ ပေါက်နေသည်။ သူသည် အတိတ်ဘဝထဲသို့ တစ်ခဏမျှသာ ပြန်ရောက်သွားခဲ့ခြင်း ဖြစ်ပါသော်လည်း သိသိသာသာ အားအင်ကုန်ခန်းသွားခဲ့ရ၏။ ထို့ကြောင့် ယခုတွင် ချန်ဟန်းတစ်ယောက် ထိုကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားရတော့သည်။ သူသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းကား မှန်တစ်ချပ်ထုတ်ယူလိုက်ပြီး သူ့ကိုယ်သူ ပြန်ကြည့်နိုင်ရန် ၎င်းအား သူ၏ မျက်နှာရှေ့၌ ထားလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့ ပထမဆုံး မြင်လိုက်ရသည့်အရာမှာ သွေးနီရောင် ကင်းခြေများကြီးတစ်ကောင်၏ ပုံရိပ်တစ်ခုဖြစ်ပေသည်။
" ဒါ.... " ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တဆတ်ဆတ် တုန်ရီသွားရပြီး သူ၏ မျက်လုံးများကို ချက်ချင်းပြန်မှိတ်လိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် မျက်လုံးများပြန်ပွင့်လာသည်။ ထိုအချိန်တွင် ကင်းခြေများကြီး၏ ပုံရိပ်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။
ချန်ဟန်းမှာမူ ကြောက်စိတ်များကြောင့် ရင်ခုန်နှုန်းများ မြန်ဆန်နေရဆဲပင်။ သူသည် ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲရှိ သွေးနီရောင် ကင်းခြေများကြီးအား မြင်လိုက်ရစဉ်တုန်းက သူ၏ ဝိညာဉ်ထဲ၌ မိစ္ဆာကြီးတစ်ကောင်နှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့်အလား ခံစားခဲ့ရ၏။ သို့ဖြစ်ရာ သူသည် ထိုအကြည့်ကြောင့် ချက်ချင်း သေဆုံးသွားရတော့မည့်အလားပင်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ သာမန်အခြေအနေသို့ ပြန်ရောက်သွားပြီ ဖြစ်သည့်တိုင်အောင် သူ၏ နှလုံးသားထဲ၌ ကြောက်စိတ်များ ကျန်ရစ်နေခဲ့ဆဲပင်။ ထို့ကြောင့် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ချန်ဟန်းမှာ စကားလမ်းကြောင်းလွှဲနိုင်ရန် ကြိုးစားလိုက်၏။
" အဖေ။ သားဆီမှာ လမ်းပြအလင်းရောင် အလုံအလောက်ရှိပေမဲ့ သားရဲ့ အတိတ်ဘဝကို နားမလည်နိုင်ခဲ့ဘူးဖြစ်နေတာ " ချန်ဟန်းတစ်ယောက် စကားပြောနေပါသော်လည်း ဝမ်ပေါင်လဲ့မှာ စကားပြောချင်စိတ်မရှိပေ။ သူ၏ အသိစိတ်ထဲတွင် သူ မကြာသေးမီတုန်းက မြင်ခဲ့ရသည့် ထူးဆန်းထွေလာ မြင်ကွင်းကြီးနှင့် သူ၏ အတိတ်ဘဝထဲ၌ မြင်ခဲ့ရသည့် ပုံရိပ်များမှာ နေရာယူထားဆဲပင်။ ထို့ကြောင့် သူသည် ချန်ဟန်းအား ခေါင်းညိတ်ပြလိုက်ပြီးနောက် စကားတစ်ခွန်းမှ ပြောမနေတော့ဘဲ မျက်လုံးများပြန်မှိတ်သွား၏။
ချန်ဟန်းမှာလည်း သူ့အား ဆက်၍ မနှောင့်ယှက်ရဲတော့ပေ။ သူသည် နောက်သို့ အနည်းငယ်ဆုတ်ခွာသွားပြီး ဝမ်ပေါင်လဲ့အား အထူးအဆန်းဖြစ်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေလိုက်၏။ သူသည် မည်သည့်အကြောင်းကြောင့်မှန်းမသိ ဝမ်ပေါင်လဲ့မှာ စိတ်ဖောက်နေသည့် လူတစ်ယောက်နှင့် တူနေသည်ဟု ခံစားနေရသည်။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများမှိတ်လိုက်ပြီးနောက် သူ၏ အသိစိတ်အား တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် အောင်မြင်သွား၏။ ထိုအခါမှသာ သူသည် သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာခဲ့သည် မှတ်ဉာဏ်အပိုင်းအစများကို ပြန်လည် မှတ်မိသွားတော့သည်။ ထို အပိုင်းအစများထဲမှ ရှစ်ခုသာ ကြည်လင်ပြတ်သားနေခဲ့ပါသော်လည်း စိတ်တည်ငြိမ်မှု အပြည့်ရှိနေသည့် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းတို့မှာ အံ့သြတုန်လှုပ်ဖွယ်ရာ ကောင်းနေ၏။ အဘယ်ကြောင့်ဆိုသော ထို မှတ်ဉာဏ်အပိုင်းအစများထဲတွင် သွေးနီရောင် ကင်းခြေများကြီး၏ ပုံရိပ်သာမက... အခြားပုံရိပ်များလည်း ရှိနေသေးသောကြောင့်ပင်။
ပထမပုံရိပ်မှာ ကြီးမားကျယ်ပြန့်သော စကြဝဠာကြီးတစ်ခု၏ ပုံရိပ်ဖြစ်၏။ ထို စကြဝဠာကြီးထဲတွင် ကြယ်တာရာများနှင့် သက်ရှိများ မရေမတွက်နိုင်လောက်အောင် ရှိနေကြသည်။ သက်ရှိများမှာလည်း မျိုးနွယ်စုအမျိုးမျိုး ရှိကြ၏။ ထို မျိုးနွယ်စုများထဲတွင် စကြဝဠာကြီးအား အုပ်ချုပ်ကြသည့် မျိုးနွယ်စု၏ အမည်မှာ နတ်ဘုရားမျိုးနွယ်စု ဖြစ်ပေသည်။
ထို နတ်ဘုရားမျိုးနွယ်စုထဲတွင် နတ်ဘုရား အမြောက်အမြား ရှိကြ၏။ ဝမ်ပေါင်လဲ့ မြင်နေရသည့် ပုံရိပ်ထဲတွင် ရှင်းဟော့ဟု အမည်ရသည့် နတ်ဘုရားတစ်ပါး အသိစိတ်ပျောက်ကာ အရာအားလုံးအား သတ်ဖြတ်နေသည့် မြင်ကွင်းကို မြင်နိုင်ပေသည်။
ထိုပုံရိပ်ထဲတွင် သွေးနီရောင် ကင်းခြေများကြီးတစ်ကောင်မှာ ကြယ်တစ်လုံးပေါ်တွင် လဲလျောင်းနေရင် ရှင်းဟော့နတ်ဘုရားအား လှမ်းကြည့်နေ၏။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး အပြင်းအထန် တုန်ရီသွားရသည်။ ဒုတိယပုံရိပ်မှာလည်း ထိုနည်းတူပင်။ ၎င်းမှာ ဖုတ်ကောင်များကြီးစိုးသည့် စကြဝဠာကြီးတစ်ခု၏ ပုံရိပ်ဖြစ်သည်။ ထိုပုံရိပ်ထဲတွင် ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးအား မော့ကြည့်ရသည်ကို နှစ်သက်သည့် ဖုတ်ကောင်တစ်ကောင်အား မြင်လိုက်ရ၏။ ထို့အပြင် သူသည် ထို ဖုတ်ကောင်၏ ဘေး၌ သူ့အား တိတ်တဆိတ် အဖော်ပြုပေးနေသည့် မိန်းမငယ်လေးတစ်ယောက်ကိုလည်း မြင်လိုက်ရသေးသည်။
၎င်းမှာ သူ၏ အတိတ်ဘဝမှ စိတ်နှလုံးနွေးထွေးစေသည့် မြင်ကွင်းတစ်ခု ဖြစ်နေရမည်ဖြစ်ပါသော်လည်း ယခုတွင်မူ... ထိုပုံရိပ်ကြီးထဲရှိ ကောင်းကင်ယံထဲတွင် သွေးနီရောင် ကင်းခြေများကြီးတစ်ကောင်မှာ ရန်ပြုလိုသည့် မျက်ဝန်းများဖြင့် သူတို့အား ငုံ့ကြည့်နေ၏။
" ဒါ... ဒါ... " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံလာပြီး တတိယ မှတ်ဉာဏ်အပိုင်းအစအား အလျင်အမြန် ကြည့်လိုက်၏။ ထိုအခါ သူ နတ်ဆိုးဓားအဖြစ် ရှိနေခဲ့သည့် အတိတ်ဘဝထဲမှ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ သူသည် နတ်ဆိုးဓားတစ်လက်အနေနှင့် သူ၏ သခင်များကို တစ်ယောက်ပြီးတစ်ယောက် ဝါးမျိုလာခဲ့ပြီးနောက် နောက်ဆုံးတွင် မိန်းမငယ်လေးနှင့် ဆုံတွေ့လိုက်ရ၏။ ထိုပုံရိပ်ထဲတွင် နတ်ဆိုးဓား ထို မိန်းမငယ်လေအား သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို ပုံဖော်ထားသည်။
ဝမ်ပေါင်လဲ့မှာ နတ်ဆိုးဓား ထို မိန်းမငယ်လေး၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားသည့်အချိန်တွင် သူတို့၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ရဲရဲနီသွားပြီး သွေးနီရောင် ကင်းခြေများကြီး၏ လွှမ်းခြုံမှုအောက် ရောက်သွားသည်ကို ရှင်းလင်းပြတ်သားစွာ မြင်နေရ၏။
စတုတ္ထပုံရိပ်မှာလည်း ထိုနည်းတူပင်။ ချန်ဟန်းမှာ မျိုးနွယ်စုထဲမှ ပါရမီရှင်တစ်ယောက် ဖြစ်နေခဲ့ပြီး နှလုံးသားထဲ၌ အတောမသတ်နိုင်သော ပူဆွေးသောကများနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်နေ၏။ သူသည် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုသာမက အရာအားလုံးကို မုန်းတီးနေခဲ့သည်။ သို့သော် ထိုကမ္ဘာကြီးထဲတွင်လည်း အရာအားလုံးကို စောင့်ကြည့်နေသည့် သွေးနီရောင် ကင်းခြေများကြီးတစ်ကောင် ရှိနေဆဲပင်။
ထို့နောက် သူသည် ပဉ္စမ မှတ်ဉာဏ်အပိုင်းအစအား ကြည့်လိုက်၏။ ၎င်းထဲတွင် ဝမ်ပေါင်လဲ့၏ ပဉ္စမ အတိတ်ဘဝထဲမှ ပုံရိပ်များ ပေါ်ပေါက်လာသည်။ ထို အတိတ်ဘဝထဲတွင် သူသည် သမင်ဖြူလေးတစ်ကောင် ဖြစ်နေခဲ့ပြီး ကလေးမလေးတစ်ယောက်အား ကျောကုန်းပေါ်၌တင်ကာ စကြဝဠာကြီးထဲတွင် လမ်းလျှောက်နေသည်။ ထို ပုံရိပ်ထဲတွင်လည်း သွေးနီရောင် ကင်းခြေများကြီးမှာ စကြဝဠာကြီး၏ အဆုံး၌ ရှိနေဆဲပင်။ သို့သော် အဝေးမှကြည့်လိုက်မည်ဆိုပါက ၎င်းမှာ သူ၏ ရန်ပြုလိုသော ဆန္ဒများကို ချုပ်တည်းထားရသည့် ပေါက်နေသည်...
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသည်နှင့် ထို သွေးနီရောင် ကင်းခြေများကြီး ထိုသို့ ဖြစ်နေရသည့် အကြောင်းရင်းကို နားလည်သွား၏။ အဘယ်ကြောင့်ဆိုသော... ကလေးမလေး၏ ဖခင်ဖြစ်သူမှာ သူတို့၏ ဘေး၌ ရှိနေသောကြောင့်ပင်။
" သွေးနီရောင် ကင်းခြေများကြီးက ဘာကို ကိုယ်စားပြုတာလည်း... " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး ဆဋ္ဌမ မှတ်ဉာဏ်အပိုင်းအစအား အလျင်အမြန် ကြည့်ရှုလိုက်၏။ သူသည် ထိုအတိတ်ဘဝအား နားမလည်နိုင်ခဲ့ကြောင်း မှတ်မိနေသည်။ အအေးဓာတ်များနှင့် အမှောင်ထုများသာ ရှိနေခဲ့သည်မဟုတ်ပါလော။
ထို့ကြောင့် သူသည် ထို ဆဋ္ဌမမှတ်ဉာဏ်အပိုင်းအစထဲရှိ ပုံရိပ်မှာ လိပ်ပြာများ ရှိနေခဲ့သည့် ကမ္ဘာကြီးအား ဖော်ပြနေမည်လောဟု သိချင်နေ၏။
သို့သော်... ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ အသိစိတ်တစ်ခုလုံး ဗြောင်းဆန်သွားရ၏။ အဘယ်ကြောင့်ဆိုသော် ဆဋ္ဌမမှတ်ဉာဏ်အပိုင်းအစထဲတွင် ပေါ်ပေါက်လာသည့် ပုံရိပ်မှာ လိပ်ပြာကမ္ဘာကြီး မဟုတ်ဘဲ စကြဝဠာကြီးတစ်ခု ဖြစ်နေသောကြောင့်ပင်။
ထို စကြဝဠာကြီးထဲ၌ ထူးခြားသော ဂြိုဟ်တစ်လုံး ရှိနေ၏။ ထိုဂြိုဟ်ကြီး ထူးခြားနေရသည့် အကြောင်းရင်းမှာ ၎င်းမှာ ငြိမ်သက်နေခြင်းမရှိဘဲ နှလုံးသားတစ်ခုကဲ့သို့ ကျုံ့လိုက်ဆန့်လိုက် ဖြစ်နေသောကြောင့်ပင်။
ဧရာမ ကင်းခြေများကြီးတစ်ကောင်မှာ ထိုဂြိုဟ်ပေါ်တွင် လဲလျောင်းနေ၏။ ၎င်းမှာ တရှူးရှူးတရှဲရှဲ အော်မြည်နေရင်း ထို ဂြိုဟ်ကြီးအား အဆက်မပြတ် ဝါးမျိုနေသည်။ ထိုအသံများ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာချိန်တွင် သူ၏ နှလုံးသားမှာ တဆစ်ဆစ် နာကျင်ကိုက်ခဲသွားရ၏။
ထိုနာကျင်မှုကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရသည်။ သူသည် ဇဝေဇဝါဖြစ်ကာ နားမလည်နိုင်လောက်အောင် ဖြစ်နေရပြီဖြစ်သည်။ ထို့ကြောင့် သူသည် အံကြိတ်ကာ သတ္တမ မှတ်ဉာဏ်အပိုင်းအစအား ကြည့်လိုက်ပြန်သည်။
ထို မှတ်ဉာဏ်အပိုင်းအစထဲတွင် ပင်လယ်ကြီးတစ်စင်း၏ ပုံရိပ်တစ်ခု ရှိနေ၏။ ထိုပင်လယ်ကြီးမှာ ကြည်လင်စိမ်းလဲ့နေပါသော်လည်း ခဏအကြာတွင် သွေးနီရောင် အရောင်တစ်မျိုး ပေါ်ပေါက်လာပြီး ထို ပင်လယ်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသည်။ ထို့နောက် ထိုပင်လယ်ကြီးမှာ ချက်ချင်း ခန်းခြောက်သွားပြီး ပင်လယ်ကြမ်းပြင်ပေါ်၌ ကြောက်မက်ဖွယ်ရာ သွေးနီရောင် ကင်းခြေများကြီးတစ်ကောင် ပေါ်ပေါက်လာတော့သည်။
" ဘာလို့ အခုလိုတွေဖြစ်နေရတာလဲ " ဝမ်ပေါင်လဲ့မှာ နှလုံးသားတစ်ခုလုံး တုန်ရီသွားပြီး နောက်ဆုံး မှတ်ဉာဏ်အပိုင်းအစအား ကြည့်လိုက်ပြန်သည်။ ထို မှတ်ဉာဏ်အပိုင်းအစထဲရှိ ပုံရိပ်ထဲတွင်မူ သူ အိမ်အပြင်ဘက်သို့ ပြေးထွက်သွားခဲ့ပြီနောက် မြင်ခဲ့ရသည့် မြင်ကွင်းကြီး ပေါ်ပေါက်လာ၏။
သူသည် ထိုအခန်းလေး၏ အပြင်ဘက်သို့ ပြေးထွက်သွားခဲ့စဉ်တုန်းက သွေးနီရောင် ကင်းခြေများကြီးအား မြင်ခဲ့ရသည်မဟုတ်ပါလော။ သို့သော်... ယခုတွင်မူ သူ မြင်နေရသည့် ရှုထောင့်မှာ ပြောင်းလဲသွားပြီဖြစ်သည်။ ထိုပုံရိပ်ထဲတွင် သူသည် ခေါင်းတလားကြီး၏ အထက်၌ မတ်တတ်ရပ်ကာ သူ့ကိုယ်သူ ပြန်ကြည့်နေသည်။
နောက်ဆုံးပုံရိပ်မှာ ထိုနေရာ၌ ရပ်တန့်သွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာလည်း မျက်လုံးများပြန်ပွင့်လာသည်။ သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းတစ်ခုလုံးမှာမူ ကမောက်ကမဖြစ်နေပြီး သူ၏ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာ၏။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး ဒယိမ်းဒယိုင်ဖြစ်နေသလို မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်နေရပြီ ဖြစ်သည်။ သူ၏ မျက်ဝန်းများထဲတွင်မူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
" နောက်ဆုံး မှတ်ဉာဏ်အပိုင်းအစထဲက ပုံရိပ်ထဲမှာ ဘာလို့ ငါက ခေါင်းတလားကြီးရဲ့ အပေါ်မှာ မတ်တပ်ရပ်နေပြီး ငါ့ကိုယ်ငါ ပြန်ကြည့်နေရတာလဲ။ အဲတာ သွေးနီရောင် ကင်းခြေများကြီးလေ။ မဟုတ်သေးပါဘူး "
" ပိုပြီးတော့ထူးဆန်းတာက ဒီ နဝမအတိတ်ဘဝက ရှေ့ဆုံးက အတိတ်ဘဝရှစ်ခုထက် ပိုစောတဲ့ အတိတ်ဘဝတစ်ခု ဖြစ်နေရမှာ မဟုတ်ဘူးလား။ အဲတာကို ဘာလို့ ဒီ မှတ်ဉာဏ်အပိုင်းအစတွေက အဲဒီဘဝရဲ့ နောက်မှာရှိတဲ့ ဘဝတွေထဲက ပုံရိပ်တွေကို ပြနေရတာလဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ခေါင်းမော့လာ၏။ သူ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပနေသည်။
" တစ်ယောက်ယောက် ငါ့ကို နှောင့်ယှက်ခဲ့တာပဲ ဖြစ်မယ် " ၎င်းမှာ သူစဉ်းစားမိနိုင်သည့် တစ်ခုတည်းသော အဖြေဖြစ်ပေသည်။ ထို့အပြင် အရာအားလုံး၏ မူလဇာစ်မြစ်ကို ပြန်လည်စဉ်းစားကြည့်လိုက်မည်ဆိုပါက ထို ဖြစ်ရပ်များအားလုံးမှာ သူ သွေးနီရောင် ကင်းခြေများကြီးအား မြင်ခဲ့ရသည့် အဋ္ဌမဘဝထဲ၌ စတင်သွားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံနေ၏။ သူသည် သူ၏ အတိတ်ဘဝများထဲမှ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန် ကြိုးစားရင်း သူ၏ နှလုံးသားထဲမှ မေးခွန်းများ၏ အဖြေများကို တစ်ခုပြီးတစ်ခု ရှာတွေ့ခဲ့သည်။ ယခုတွင် သူသည် သူ၏ မှတ်ဉာဏ်အပိုင်းအစများ အားလုံးကို ကြည့်ရှုပြီးသွားပြီဖြစ်ရာ အခြားတစ်ယောက်၏ နဝမဘဝအား ကြည့်ရှုချင်စိတ်များ ပေါ်ပေါက်လာတော့သည်။
" ချန်ဟန်း သူ့ရဲ့ နဝမဘဝထဲကို မသွားနိုင်တာ နှမြောစရာပဲ... ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဒီ အရည်အချင်း စမ်းသပ်ပွဲထဲမှာ အောင်မြင်တဲ့သူ တစ်ယောက်ယောက်တော့ သေချာပေါက် ရှိမှာပါ " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူသည် ရုတ်ခြည်းဆိုသလို မတ်တတ်ထလာပြီး ချန်ဟန်းတစ်ယောက် စကားမပြောနိုင်ခင်မှာပင် လှစ်ခနဲလှုပ်ရှားကာ မြူခိုးများထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။
" ဒဿမနေ့ရောက်ဖို့ အနည်းဆုံး ဆယ့်လေးနာရီလောက် ကျန်သေးတယ်။ အဲလောက်ဆို အချိန်လောက်ပါတယ် "
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အရှိန်မြှင့်တင်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံအား မြူခိုးများထဲ၌ ဖြန့်ကြက်ကာ စတင်ရှာဖွေနေလိုက်တော့သည်။ ဤနေရာကြီးမှာ နတ်ဘုရားအာရုံများကို ချုပ်တည်းနိုင်စွမ်းရှိပါသော်လည်း ထိုအစွမ်းမှာ သာမန် ဂြိုဟ်အဆင့်ကျင့်ကြံသူများပေါ်တွင်သာ သက်ရောက်နိုင်ပေသည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်ထိပ်ဆုံးအဆင့်သို့ ရောက်နိုင်ရန် ဆံချည်တစ်မျှင်စာမျှ လိုသေးပါသော်လည်း သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာမူ ဂြိုဟ်အဆင့်ထက် အများကြီးပို၍ သာလွန်နေပြီဖြစ်သည်။
ထို့အပြင် သူ၏ အတိတ်ဘဝများထဲမှ ရရှိခဲ့သည့် အတွေ့အကြုံများကြောင့် သူသည် သဘာဝ စည်းမျဉ်းဥပဒေသများ၏ ထပ်တူကျနိုင်စွမ်းများကို မြှင့်တင်နိုင်ခဲ့သလို အချိန် စည်းမျဉ်းဥပဒေသကိုလည်း နားလည်သွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို အချုပ်အနှောင်စွမ်းအားများကို ခုခံတွန်းလှန်နိုင်စွမ်း ရှိနေ၏။
သို့သော် သူသည် ကံကြမ္မာဂြိုဟ်ပေါ်ရှိ အရည်အချင်းစမ်းသပ်ပွဲ ကျင်းပရာနယ်မြေထဲသို့ ရောက်နေသည်ဖြစ်ရာ အချုပ်အနှောင်စွမ်းအားများမှာ အကန့်အသတ်မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံမှာ အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားသည့်တိုင်အောင် မြူခိုးများမှာ ၎င်းအား ပြန်၍ ခုခံတွန်းလှန်နေဆဲပင်။ ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံအား ယခင်တုန်းကအတိုင်း ချုပ်တည်းထားနိုင်ရန် အလို့ငှာ ၎င်းတို့၏ အချုပ်အနှောင် စွမ်းအားများကိုပင် တိုးမြှင့်လိုက်သေးသည်။
ထို အချုပ်အနှောင်စွမ်းအားများ မြင့်တက်လာသောအခါ ဖိနှိပ်အားတစ်မျိုးနှင့်အတူ ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံမှာလည်း ဖိနှိပ်ချုပ်တည်းခံလိုက်ရသည်။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွားရပြီး မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီး ရုတ်တရက် ဆိုလိုက်တော့သည်။
" လူဝံအိုကြီး၊ ငါ အလျင်လိုနေပြီ “