← Chapters

လက်ကြီး၏ မူလဇာစ်မြစ်

Vol. 78 Ch. 1080

လက်ကြီး၏ မူလဇာစ်မြစ်

Vol. 78 Ch. 1080

ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် ဘေးပတ်ပတ်လည်ရှိ မြူခိုးများထဲ၌ မြင့်တက်လာနေသော အချုပ်အနှောင်စွမ်းအားများမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ အသက်ရှူကြိမ်အနည်းငယ်ခန့် ကုန်ဆုံးပြီးသွားချိန်တွင် ထို အချုပ်အနှောင်စွမ်းအားများမှာ ဒီရေကဲ့သို့ တဖြည်းဖြည်းနှင့် နောက်သို့ ပြန်လည်ဆုတ်ခွာသွားကြတော့သည်။

၎င်းတို့မှာ အပြီးတိုင်ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာတစ်ဝိုက်တွင်သာ ပျောက်ကွယ်သွားခြင်းဖြစ်၏။ ထို့ကြောင့် သူ၏ နတ်ဘုရားအာရုံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင်လျှင် မှင်တက်သွားရပြီး အသက်ရှူသံများမြန်ဆန်လာရ၏။ သူသည် သူ၏ ခန့်မှန်းချက် မှန်မမှန် စမ်းသပ်ကြည့်လိုသောကြောင့်သာ ထိုကဲ့သို့ စကားပြောလိုက်ခြင်း ဖြစ်သည်။ အကယ်၍ မည်သည့် အခြင်းအရာမှ ပြောင်းလဲမသွားလျှင်တောင် သူသည် အခြားနည်းလမ်းများဖြင့် အခြား ပြိုင်ပွဲဝင်များအား လိုက်ရှာလိုက်မည်သာ ဖြစ်သည်။

သို့သော် သူသည် သူ၏ စကားများမှာ ယခုလို အလုပ်ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ...

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားရသည်။ သို့သော် သူသည် ထိုအကြောင်း စဉ်းစားတွေးတောနေရန် အချိန်မရှိသဖြင့် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ မြူခိုးများကို အရိုအသေပေးလိုက်၏။ ထိုသို့ဖြင့် သူ၏ နတ်ဘုရားအာရုံများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်နှင့် သူသည်လည်း ပစ်မှတ်အချို့အား ရှာတွေ့သွားတော့သည်။

လက်ရှိတွင် နဝမအတိတ်ဘဝထဲသို့ ရောက်နေသည့် ပြိုင်ပွဲဝင် အယောက်သုံးဆယ်ကျော် ရှိနေကြသည်။ ဝမ်ပေါင်လဲ့မှာ သူနှင့် အနီးဆုံးတွင် ရှိနေသည့် ပြိုင်ပွဲဝင်အား မျက်မှန်းတန်းမိခြင်း မရှိပါသော်လည်း သူနှင့် အနည်းငယ် အလှမ်းဝေးနေသည့် လူတစ်ယောက်ကိုမူ ကောင်းကောင်းကြီးသိနေသည်။

ထို ပြိုင်ပွဲဝင်မှာ...ရှုယင်လင်း ဖြစ်၏။

သို့ဖြစ်ရာ သူသည် သူနှင့်အနီးဆုံးတွင် ရှိနေသည့် ပစ်မှတ်အား လျစ်လျူရှုလိုက်သည်မှာ မထူးဆန်းပေ။ ရှုယင်လင်းမှာ သူ့ထက် အနည်းငယ်မျှသာ ပို၍ ကွာဝေးနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုနေရာသို့ သွားရန် အသက်ရှူကြိမ် အကြိမ်တစ်ရာလောက်သာ ပိုကုန်မည် ဖြစ်သည်။ ထိုသို့ဖြင့် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှုယင်လင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ရှုယင်လင်းမှာ အလွန်အင်မတန်မှ ဉာဏ်နီဉာဏ်နက်များ၏။ သူမ တင်ပျဥ်ခွေထိုင်နေသည့် နေရာမှာ အခြားသူများနှင့်မတူပေ။ သူမသည် ဟင်းလင်းပြင်တစ်ခုထဲ၌ ရှိနေခြင်းမဟုတ်ဘဲ မြူခိုးများထဲတွင် ထိုင်ကာ သူမ၏ အတိတ်ဘဝအား နားလည်အောင်လုပ်နေခြင်း ဖြစ်သည်။

အကယ်၍ ဝမ်ပေါင်လဲ့သာ သူ၏ နတ်ဘုရားအာရုံများအား နေရာအနှံ့ ဖြန့်ကြက်ထားနိုင်စွမ်းမရှိပါက သူသည် ရှုယင်လင်းအား ရှာတွေ့နိုင်မည်မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် ရှုယင်လင်းမှာ သူမ တင်ပျဉ်ခွေနေသည့်နေရာ ဘေးကင်းလုံခြုံမှု ရှိစေရန် ထောင်ချောက်များ တပ်ဆင်ထားပြီး အခြား ပြင်ဆင်မှုများကိုလည်း ပြုလုပ်ထားသေးသည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထို ထောင်ချောက်များအား သူ၏ နတ်ဘုရားအာရုံဖြင့် ဖျက်ဆီးနိုင်ခဲ့သောကြောင့် ၎င်းတို့မှာ သူ့အား လုံးဝ မတားဆီးနိုင်ခဲ့ပေ။ ထိုသို့ဖြင့် ခဏအကြာတွင် သူသည် ရှုယင်လင်း ရှိနေသည့် နေရာအနီးသို့ ရောက်ရှိသွား၏။ သူသည် ရှေ့သို့ ပြေးလွှားနေရင်း သူ၏ ညာဘက်လက်ကို မြှောက်ကာ အရပ်မျက်နှာအနှံ့သို့ ဝှေ့ယမ်းလိုက်သည်။ သူ ထိုသို့ ဝှေ့ယမ်းလိုက်သည့်အချိန်တိုင်း သူ၏ လက်နှင့် မြေပြင်ကြီး ရိုက်ခတ်မိသွားသည့် အသံများမှာ ဘေးပတ်ပတ်လည်ရှိ မြူခိုးများထဲ၌ ထွက်ပေါ်လာသည်သာဖြစ်သည်။

ထို့အပြင် မန္တန်အစီရင်များ ပျက်စီးသွားသည့် အသံများမှာလည်း မကြာခဏဆိုသလို ထွက်ပေါ်လာ၏။ အကယ်၍ အခြားပြိုင်ပွဲဝင်များသာ ဝမ်ပေါင်လဲ့ကဲ့သို့ နတ်ဘုရားအာရုံအား ဖြန့်ကြက်နိုင်စွမ်းရှိနေပါက ရှုယင်လင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ကျင့်ကြံသူများ အပြင်းအထန်တုန်ရီသွားကာ မြေကြီးပေါ်သို့ လဲကျသွားပြီး ပြန်ထမလာတော့သည်ကို မြင်လိုက်ရမည်သာ ဖြစ်သည်။ မန္တန်အစီအရင် အမျှင်အတန်းများမှာလည်း တစ်ခုပြီးတစ်ခု အဆက်မပြတ် ပြတ်တောက်သွားနေကြ၏။

ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အသက်ရှူကြိမ် သုံးဆယ်ခန့်ကြာမြင့်သွား၏။ ရှုယင်လင်း စိတ်ချလက်ချ ယုံကြည်ထားခဲ့သည့် သူမ၏ ထောင်ချောက်များအားလုံးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် အတိတ်ဘဝထဲ၌ ရှိနေဆဲဖြစ်သည့် ရှုယင်လင်း၏ ရှေ့၌ တင်ပျဥ်ခွေထိုင်လျက် ပြန်လည်ပေါ်ပေါက်လာ၏။

ဝမ်ပေါင်လဲ့မှာ သူ၏ ရှေ့ရှိ ချောမောလှပပြီး ညို့ဓာတ်ပြင်းသော အမျိုးသမီးအား စိုက်ကြည့်နေပါသော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ ပုရိသယောက်ျားတစ်ယောက်ဆီ၍ ရှိနေသင့်သည့် ခံစားချက်များကို လုံးဝမမြင်ရပေ။ သူသည် ရှုယင်လင်း၏ ရှေ့တွင်ထိုင်ရင်း မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သဖြင့် ပတ်ပတ်လည်၌ အချုပ်အနှောင်များ ပေါ်ပေါက်လာပြီး သူမ၏ ခန္ဓာကိုယ်အား ချုပ်နှောင်လိုက်သလို သူမ၏ ဘေးပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်ကိုလည်း ဖိနှိပ် ချုပ်တည်းလိုက်၏။ ထို့အပြင် သူသည် သူ၏ တာအိုဂြိုဟ်ကို အသုံးပြုကာ သူမ၏ တာအိုဂြိုဟ်ကိုလည်း ဖိနှိပ်ချုပ်တည်းလိုက်သေးသည်။ ထို့နောက် သူသည် သူ၏ ကိုယ်ပွားအား ဆင့်ခေါ်ကာ သူမ၏ ဘေး၌ အစောင့်အဖြစ် ထားလိုက်၏။

ခဏအကြာတွင် သူ၏ မျက်ဝန်းများထဲ၌ အမှောင်မီးတောင်များ တောက်လောင်လာပြီး သူသည် သူ၏ ပါးစပ်ထဲမှ အမှောင်မီးတောက်များ မှုတ်ထုတ်လိုက်၏။ ထိုအခါ ထို အမှောင်မီးတောက်များမှာ သူတို့နှစ်ယောက်စလုံးအား လွှမ်းခြုံသွားတော့သည်။ ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာလည်း အမှောင်မီးတောက်၏ အကူအညီများကို ရယူလိုက်ပြီးနောက် အမှောင်အိပ်မက်နှင့် ဆင်တူသည့် ပညာရပ်တစ်ခုကို အသုံးပြုကာ ရှုယင်လင်း၏ ဝိညာဉ်နှင့် ချိတ်ဆက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထို ဖြစ်စဉ်တစ်ခုလုံးအား ကျင့်သားရနေပြီးသားဖြစ်သည်။ ထို့ကြောင့် အသက်ရှုကြိမ် အကြိမ်သုံးဆယ်ခန့် ကုန်ဆုံးပြီးသွားချိန်တွင် သူသည် တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ရီသွားပြီး သူ၏ရှေ့၌ ထူးဆန်းသောကမ္ဘာကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို ကမ္ဘာကြီးထဲတွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးဟူ၍ မရှိဘဲ လေထဲ၌ မျောလွင့်နေကြသည့် ပူစည်ဖောင်းများသာ ရှိနေကြသည်။ ၎င်းတို့မှာ အရွယ်အစားအမျိုးမျိုး ရှိကြပြီး အချို့မှာ အရောင်မျိုးစုံ ပိုင်ဆိုင်ထားကြကာ အချို့မှာမူ အရောင်အနည်းငယ်မျှသာ ပိုင်ဆိုင်ထားကြ၏။ ထို့အပြင် အကြည်ရောင်ဖြစ်နေသည့် ပူစည်ဖောင်းများနှင့် ပေါက်ကွဲသွားနေကြသည့် ပူစည်ဖောင်းများလည်း ရှိနေသေးသည်။

၎င်းတို့မှာ မရေမတွက်နိုင်လောက်အောင် များပြားလွန်းနေသောကြောင့် မျက်စိတစ်ဆုံး ပြည့်နှက်နေ၏။

သို့သော် ၎င်းတို့မှာ ငြိမ်သက်နေကြခြင်းမရှိဘဲ လမ်းကြောင်းတစ်ခုအတိုင်း ရွေ့လျားနေကြသည်ပုံပင်။ ပူစည်ဖောင်း တစ်လုံးချင်းစီတိုင်းမှာ မှုန်ဝါးဝါး ဖြစ်နေပါသော်လည်း သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ၎င်းတို့အားလုံးထဲတွင် ပုံရိပ်ယောင်များ ရှိနေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။

ထို ပုံရိပ်ယောင်များမှာ တစ်ခုနှင့်တစ်ခု မတူကြပေ။ ၎င်းတို့ထဲမှ အချို့မှာ ကျင့်ကြံသူများ၊ အချို့မှာ သာမန်လူသားများ၊ အချို့မှာ သားရဲကြီးများ၊ အချို့မှာ အပင်များနှင့် အချို့မှာ ထူးဆန်းထွေလာ သတ္တဝါများ ဖြစ်ကြပေသည်။ သို့ဖြစ်ရာ ပူစည်ဖောင်း တစ်လုံးချင်းစီထဲ၌ ကမ္ဘာတစ်ခုစီ ရှိနေသကဲ့သို့ ဖြစ်နေ၏။

" ဒါတွေက... " ဝမ်ပေါင်လဲ့တစ်ယောက် သူ မြင်နေရသည့် ပူစည်ဖောင်းများကို အကဲခတ်ကြည့်ရှုနေရင်း သူ၏ အသိစိတ်မှာ တုန်ရီသွားရ၏။ ထိုအချိန်တွင် သူသည် ထို ပူစည်ဖောင်းများဆီမှ သူ ရင်းရင်းနှီးနှီးသိနေသည့် အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာသည်ကိုအာရုံခံမိလိုက်သည်။

၎င်းမှာ... အိပ်မက်အငွေ့အသက်များ ဖြစ်ပေသည်။

သူသည် အမှောင်အိပ်မက်အား လေ့လာဖူးခဲ့သည့်အပြင် အမှောင်အိပ်မက်၏ အကူအညီဖြင့် အခြားသူများ၏ အတိတ်ဘဝများထဲသို့ပါ ဝင်ရောက်ဖူးခဲ့သည့်ဖြစ်ရာ အိပ်မက်များအကြောင်းကို ကောင်းကောင်းကြီး နားလည်ထား၏။ ထို့ကြောင့် သူသည် ထပ်တလဲလဲ ကြည့်ရှုစစ်ဆေးကြည့်လိုက်ပြီးနောက် အဖြေတစ်ခု ရှာတွေ့သွားတော့သည်။

" ဒါတွေအကုန်လုံးက... အိပ်မက်တွေပဲ "

" နဝမဘဝက တကယ်တမ်းတော့ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ အိပ်မက်တွေနဲ့ ပြည့်နှက်နေတာပဲ။ ဒီ ပူစည်ဖောင်းတွေထဲက အိပ်မက်တွေက ကမ္ဘာကြီးထဲမှာ ရှိနေတဲ့ လူတွေအားလုံးရဲ့ အိပ်မက်တွေလား... ဒါမှမဟုတ် လူတစ်ယောက်တည်းရဲ့ အိပ်မက်တွေလားဆိုတာကိုတော့ ငါ သေချာမသိသေးဘူး " ဝမ်ပေါင်လဲ့မှာ မြင်ကွင်းမျိုးစုံကို မြင်ဖူးထားပြီးသားဖြစ်ရာ အံ့အားသင့်နေခဲ့ရာမှ ချက်ချင်း ပြန်လည်တည်ငြိမ်သွား၏။ ထို့နောက် သူသည် သူရှိနေသည့် ပူစည်ဖောင်းကြီးအား အာရုံခံကြည့်လိုက်သည်။

၎င်းမှာ ရှုယင်လင်း၏ အိပ်မက် ဖြစ်ပေသည်။

ထို အိပ်မက်ထဲတွင် သူမသည် သာမန်ငါးတစ်ကောင် ဖြစ်နေ၏။ ယခုတွင် သူမသည် ရေလှိုင်းများနှင့် ရေဆန် ရေစီးကြောင်းများ ရှိမနေသော မြစ်တစ်စင်းထဲ၌ ကူးခတ်နေသည်။ ထူးခြားသည့်အချက်မှာ သူမသည် ရေမျက်နှာပြင်၏ အနီးတွင် နေရသည်ကို သဘောကျခြင်းပင်။ သို့ဖြစ်ရာ သူမသည် ရေပြင်အထက်ရှိ ကမ္ဘာကြီးအား ကြည့်ချင်နေသည့်ပုံပင်။

သို့သော် သူမသည် ထိုသို့ မကြည့်နိုင်ဘဲ ဖြစ်နေရ၏။ သူမသည် ထပ်တလဲလဲ ကြိုးစားခဲ့ပြီး အကြိမ်ကြိမ် ကျရှုံးခဲ့သည့်တိုင်အောင် ဇွဲရှိရှိနှင့် ဆက်လက်ကြိုးစားနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည့် ရှုယင်လင်းအား ကြည့်ရင်း နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် ထွက်ခွာသွားရန် ပြင်လိုက်ပါသော်လည်း ရှုယင်လင်း၏ အိပ်မက်ထဲ၌ မြေခွေးတစ်ကောင် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။

ဝမ်ပေါင်လဲ့မှာ ထို မြေခွေးအား မြင်ဖူးထားပြီးသားဖြစ်သည်။ ၎င်းမှာ သမင်ဖြူလေး၏ ကမ္ဘာထဲရှိ မြေခွေးဖြစ်ပေသည်။ တစ်ချိန်တည်းမှာပင် ၎င်းမှာ ကလေးမလေး ဝမ်ရီရီ၏ ခေါင်းပေါ်သို့ ပြုတ်ကျလာခဲ့သော မြေခွေး အမွေးပွရုပ်လေးလည်း ဖြစ်ပေသည်။

ထို မြေခွေးလေး ပေါ်ပေါက်လာမှုကြောင့် ထွက်ခွာသွားရန်ပြင်နေသည့် ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားရ၏။ သူသည် ထို မြေခွေးလေး ကမ်းစပ်တွင်ထိုင်ကာ ရေထဲရှိ ငါးလေးအား ငေးကြည့်နေသည်ကို မြင်နေရသည်။ ထိုအချိန်တွင် ထို မြေခွေးလေးမှာ အရောင်တောက်ပနေသည့် မျက်ဝန်းများဖြင့် ၎င်း၏ လက်တစ်ဖက်အား ဖြည်းညင်းစွာ ဆန့်ထုတ်ကာ ငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည့် ရှုယင်လင်းအား လှမ်းဖမ်းလိုက်တော့သည်။

ထို ငါးလေး မည်မျှပင်ရုန်းကန်နေစေကာမူ အချည်းနှီးပင်။ မြေခွေးလေးမှာ ၎င်းအား လျှာဖြင့်လျက်ကာ ပါးစပ်ထဲသို့ ထည့်တော့မည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လှမ်းပြောလိုက်၏။

" သူ့ကို ရေထဲပြန်လွှတ်လိုက် "

သူ၏ စကားသံကြီး ထွက်ပေါ်လာသည်နှင့် မြေခွေးလေးမှာ ရပ်တန့်သွား၏။ ထို့နောက် ၎င်းမှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့ ရှိနေသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထို့ကြောင့် သူတို့နှစ်ယောက်မှာ အကြည့်ချင်း ဆုံသွား၏။

အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် မြေခွေးလေး၏ မျက်ဝန်းများထဲ၌ မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ၎င်းမှာ လက်ထဲမှ ငါးလေးအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားဆဲပင်။

" အခုထိ မလွှတ်သေးဘူးလား " ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာ ရေရွတ်လိုက်၏။

သူ ထိုသို့ ရေရွတ်လိုက်သည်နှင့် လဆုတ်ပညာရပ်၏ အချိန် စည်းမျဥ်းဥပဒေသစွမ်းအားများမှာ ထိုနေရာ တစ်ခုလုံးအား ချက်ချင်း လွှမ်းခြုံသွား၏။ ထိုအခါ မြေခွေးလေးမှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီ ၎င်း၏ မျက်ဝန်းများထဲရှိ မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များမှာလည်း ကြောက်စိတ်များအဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။ ထို့နောက် သူသည် ထိုငါးလေးအား ရေထဲသို့ ပြန်လွှတ်လိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွား၏။

ဝမ်ပေါင်လဲ့မှာ ရေထဲသို့ ပြန်ဝင်သွားသည့် ငါးလေးအား ကြည့်နေရင်း မြေခွေးလေးကြောင့် ပေါ်ပေါက်လာရသည့် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အမာရွတ်များကို မြင်လိုက်ရသောအခါ ခေါင်းယမ်းမိသွား၏။ သူသည် ရှုယင်လင်းအား အသုံးချ၍ ဤအတိတ်ဘဝထဲသို့ ရောက်ရှိလာခဲ့သောကြောင့်သာ ထိုကဲ့သို့ တားခဲ့ခြင်းဖြစ်ပေသည်။ အကယ်၍ သူမသာ သေဆုံးသွားမည်ဆိုပါက သူမ၏ အတိတ်ဘဝမှာလည်း ပြီးဆုံးသွားမည်မဟုတ်ပါသော။ ထို့နောက် သူမ ပြန်လည် နိုးထလာချိန်တွင် သူသည်လည်း ပြန်လည် နိုးထလာရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ ထိုငါးလေးအား လျစ်လျူရှုထားလိုက်ပြီးနောက် ရှေ့သို့ ခုန်ထွက်သွားလိုက်သဖြင့် မျက်စိတစ်မှိတ်အတွင်းတွင် ရှုယင်လင်း၏ အိပ်မက်အပြင်ဘက်သို့ ပျံထွက်သွားပြီး ဟင်းလင်းပြင်ကြီးထဲသို့ ဝင်ရောက်သွား၏။ ထို့နောက် သူသည် သူ၏ ဘေးပတ်ပတ်လည်၌ မရေမတွက်နိုင်လောက်အောင် ရှိနေသည့် ပူစည်ဖောင်းများ၏ နောက်သို့ လိုက်သွားတော့သည်။

သူသည် ထို ပူစည်ဖောင်းများ၏ မူလဇာစ်မြစ်အား မတွေ့တွေ့အောင် ရှာမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ရှုယင်လင်း၏ အိပ်မက်ထဲမှ ထွက်ခွာလာပြီးနောက် ရေထဲသို့ ပြန်ဝင်သွားခဲ့သည့် ငါးလေးအား မမြင်ရတော့ပေ။ ၎င်းမှာ အံ့သြတုန်လှုပ်နေဆဲ ဖြစ်သည့်တိုင်အောင် နာကျင်မှုများကို အောင့်အည်းသည်းခံ၍ ရေမျက်နှာပြင်၏ အနီးသို့ နောက်ထပ်တစ်ကြိမ်ပြန်၍ ရောက်ရှိလာပြန်သည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်နေလိုက်၏။

သိုဖြစ်ရာ ၎င်းမှာ ဤ ကမ္ဘာကြီးထဲမှ ထွက်ခွာသွားခဲ့သည့် လူတစ်ယောက်မှာ ၎င်းအား ကယ်တင်လိုက်ခြင်းဖြစ်ကြောင်း သိထားသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာများကို ဂရုမစိုက်နိုင်ပေ။ သူ၏ အတွေးထဲတွင် ပူစည်ဖောင်းများ၏ မူလဇာစ်မြစ်အား ရှာတွေ့လိုသည့် ဆန္ဒတစ်ခုသာလျှင် နေရာယူထားသည်။ သူသည် ၎င်းမှာ ဝမ်ရီရီ၏ အခန်း ဖြစ်နေဦးမည်လောဟု သိချင်နေခြင်းဖြစ်၏။

သို့သော် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ပူစည်ဖောင်းများ မျက်စိတစ်ဆုံး ပြည့်နှက်နေသည့် ဟင်းလင်းပြင်ကြီးထဲ၌ အကွာအဝေး မည်မျှမှန်းမသိ ပျံသန်းပြီးသွားကြောင်း မသိပါသော်လည်း နောက်ဆုံးတွင် ထို ကမ္ဘာကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံအား မြင်လိုက်ရ၏... ပူစည်ဖောင်းများ အားလုံးမှာ ဝဲကြီးတစ်ခု၏ ပတ်ပတ်လည်တွင် လည်ပတ်နေခြင်းဖြစ်သည်။

ထို ဝဲကြီး၏ အတွင်းပိုင်းထဲတွင်မူ ဝမ်ရီရီ၏ အိပ်ခန်း ရှိမနေဘဲ...

သလင်းကျောက် ခေါင်းတလားကြီးတစ်လုံးသာ ရှိနေ၏။

ထို ခေါင်းတလားကြီးပေါ်တွင်မူ သွေးနီရောင် ကင်းခြေများကြီးတစ်ကောင် ရှိနေဆဲပင်။ ဝမ်ပေါင်လဲ့တစ်ယောက် ၎င်းအား မြင်လိုက်ရသည်နှင့် ထို ကင်းခြေများကြီးမှာ ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့ မြင်ဖူးခဲ့သည့် မျက်နှာကြီးအဖြစ် ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ မပွင့်တပွင့်ပြုံးကာ ဝမ်ပေါင်လဲ့အား ကြည့်၍ ဆိုလိုက်သည်။

" မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဖွက်ထားတာမလား "

" ငါ... မင်းကို တွေ့အောင်ရှာပြီး စောင့်ကြည့်နေမယ်။ တကယ်လို့ မင်းက သင့်တော်မှုရှိတယ်ဆိုရင်တော့ ...ငါ မင်းကို ရွေးမယ် "

ထိုစကားသံကြီးမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ မိုးခြိမ်းသံတစ်သံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ရှင်းဟော့နတ်ဘုရားမျိုးနွယ်စု၏ ကမ္ဘာကြီးထဲရှိ လက်ကြီး ပျောက်ကွယ်သွားခဲ့စဉ်တုန်းက ပဲ့တင်ထပ်သွားခဲ့သည့် စကားသံကြီး ဖြစ်နေသောကြောင့်ပင်။

" နောက်တစ်ခါ ငါ မင်းကို ရွေးမယ် “

All Chapters