ဇာတ်သိမ်းဆိုတာ တကယ်မရှိဘူး
Vol. 8 Ch. 21
ပြိုင်ပွဲ တတိယနေ့။
အုပ်စုပွဲစဥ်တွေ ပြီးသွားပြီးမကြာခင်မှာပဲ ရှူံးထွက်အဆင့်ပွဲစဥ်တွေကို စပြီးကျင်းပတယ်။ နယူးယောက်ဟီးရိုးကျောင်းက ကျောင်းသားတော်တော်များများ အုပ်စုအဆင့်ကို ဖြတ်ကျော်နိုင်ကြတယ်။ တိုက်ပွဲချန်ပီယံတစ်ယောက်နဲ့ တစ်အုပ်စုထဲကျတယ့် ဂရေဟမ်တောင်မှ အုပ်စုဒုတိယနဲ့အဆင့်တက်လာသေးတယ်။
၃၂ ယောက်မြောက်အဆင့်ရဲ့ပထမဆုံးပွဲစဥ်မှာ နျူရေက စူပါအမေရိကတိုက်ပွဲချန်ပီယံ ရေခဲစွမ်းအားပိုင်ရှင်မိန်းကလေးကို ရှုံးသွားခဲ့တယ်။ သေချာကြိုးစားတိုက်ခဲ့ပြီး ပွဲချိန်ငါးမိနစ်ပြည့်ခါနီးအထိ ခုခံခဲ့ပေမဲ့ ပြိုင်ပွဲကွင်းတစ်ခုလုံးကို အရိုးကွဲမတတ်အေးတဲ့ ဆောင်းရာသီက ဖုံးလွှမ်းထားပြီး အဆင့်ကွာခြားမှုကြောင့် ဘာမှဆက်မလုပ်နိုင်တော့တဲ့အတွက် အရှုံးပေးခဲ့ရတာပါ။
ပြိုင်ပွဲဝင်တွေအတွက်နေရာကိုပြန်ရောက်တော့ နျူရေက အီဗန့်ရင်ဘတ်ပေါ်ကို အချိုရည်ဘူးနဲ့တည့်တည့်ပစ်ပေးလိုက်ပြီး နှာမှုတ်တယ်။ နောက်တော့ အီဗန့်ဘေးမှာဝင်ထိုင်ပြီး သူ့အတွက်အချိုရည်ဘူးကိုဖွင့်သောက်တယ်။ အတော်လေးအမောပြေပြီးသွားတော့မှ။
“ချန်ပီယံဖြစ်အောင်လုပ်ဖို့က နင့်တာဝန်ဖြစ်သွားပြီနော်။”လို့ပြောလိုက်တယ်။
အီဗန်ကတော့ ရှုံးပွဲတွေ့လာလို့ စိတ်ဆိုးနေပုံပေါ်တဲ့ နျူရေဘေးမှာ တိတ်တိတ်လေးထိုင်လို့ ဆက်ပြိုင်နေသေးတဲ့ ဂိုးလ်နဲ့ဘော့စတွန်က နည်းပညာဟီးရိုးတစ်ယောက်ရဲ့ပွဲကို ဆက်ကြည့်နေမိတယ်။ သုံးမိနစ်ကြာတော့ ဂိုးလ်နိုင်သွားပြီ။ အီဗန်လည်း သက်ပြင်းချလိုက်မိတော့တယ်။ သူ့အနေနဲ့ ချန်ပီယံဖြစ်ဖို့ဆိုရင် စူပါအမေရိကကျောင်းက ရေခဲစွမ်းအားရှင်အပြင် နယူးယောက်ကျောင်းက မိရိုင်ကိုပါ နိုင်မှရမှာပါ။ နောက်အဆင့်တွေမှာ ကျောင်းတူချင်းလည်းတွေ့နိုင်တယ်လေ။
ဂိုးလ်ရဲ့ပွဲပြီးတော့ ဘယ်လာနဲ့ယုဆနဲ့ထိပ်တိုက်တွေ့တဲ့ ပွဲစဥ်ရောက်လာတယ်။ ဒီအတွက် အီဗန်မျက်ခုံးပင့်လိုက်မိပါတယ်။ “ငါက ၁၆ ယောက်အဆင့်တို့ဘာတို့မှ ကျောင်းတူချင်းတွေ့မယ်ထင်ထားတာ။” လို့အီဗန်ပြောတော့ နျူရေက ပခုံးတွန့်ပြတယ်။
“ပြိုင်ပွဲဝင် ၃၂ နှစ်ယောက်မှာ နယူးယောက်ကျောင်းကသူတွေအများကြီးပါနေတာလေ။ ငါတို့ရဲ့အုပ်စုတက်နှုန်းက သူများတွေထက်ပိုမြင့်တယ်။ ဒီတော့ စောစောစီးစီး ကိုယ့်ကျောင်းသားချင်းတွေ့တာမဆန်းဘူး။”
အီဗန်နဲ့နျူရေစကားပြောနေတုန်း ဘယ်လာနဲ့ယုဆက အကြီးအကျယ်တိုက်နေကြပြီ။ ဘယ်လာရဲ့ခရစ်စတယ်တွေက ကြောက်ဖို့ကောင်းပေမဲ့ ယုဆက စက္ကူငှက်ကြီးတစ်ကောင်ပေါ်တက်ပျံနေတဲ့အတွက် ဘယ်လာက ခရစ်စတယ်အကျဥ်းထောင်ကိုသုံးမရဘူး။ နောက်ဆုံးတော့ ယုဆဆက်တိုက်ခေါက်ပြီးပစ်နေတဲ့ ဖားစက္ကူရုပ်လေးတွေက ဘယ်လာကိုဖုံးအုပ်သွားပြီး လဲကျသွားတဲ့အတွက်ကြောင့် ဘယ်လာရှုံးနိမ့်သွားတော့တယ်။
အီဗန်က အအေးဘူးကို အမှိုက်ပုံးထဲထည့်လိုက်ပြီး ပွဲခင်းထဲဝင်လိုက်တယ်။ သူ့အလှည့်ပါ။ သူ့ပြိုင်ဖက်က သာမန်လူတွေထက် အရပ်နှစ်ဆလောက်မြင့်တဲ့ ဖလောရီဒါကျောင်းကတစ်ယောက်။ အတော်သန်မာပြီး B+ ပါပဲ။ ဒါပေမဲ့အီဗန်က အများကြီးပိုမြန်ပါတယ်။ ဓားကိုဆွဲထုတ်ပြီးတာနဲ့ သူက ပြိုင်ဖက်ကို အသံမြန်နှုန်းထက် နည်းနည်းလေးပဲနိမ့်တဲ့နှုန်းနဲ့ လှည့်ပတ်တိုက်ခိုက်ရင်း မိနစ်ဝက်အတွင်းမှာပဲ အနိုင်ရသွားတယ်။
“အီဗန်... အီဗန်....” ပရိသတ်တွေဆီကနေပြီး S rank တွေနဲ့တူညီတဲ့အားပေးသံကို သူကြားရတယ်။
သူ့စွမ်းအားက အတော်လေးကောင်းတဲ့အပြင် စွမ်းအားက အားမနည်းလွန်း အားမကြီးလွန်းတော့ တအားအင်အားကြီးလွန်းနေပြီး ရန်သူတွေကိုလွယ်လွယ်နိုင်နေတဲ့ S rank နှစ်ယောက်ထက်စာရင် သူ့တိုက်ပွဲတွေက ပိုကြည့်လို့ကောင်းပါတယ်။ အခုတိုက်ပွဲမှာလည်း သူက ရန်သူ့ထက်ပိုစွမ်းလို့နိုင်တာမဟုတ်ဘဲ အတွေ့အကြုံနဲ့တစ်ခနအတွင်းနိုင်ခဲ့တာပါ။ ပွဲကိုကြည့်နေတဲ့ ဒိုင်တချို့လည်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်လိုက်ကြတယ်။
အဆင့်မြင့် စွမ်းအားနှိုးထလာတာပြီး အဆင့်နိမ့်တွေကို အနိုင်ယူနိုင်တာနဲ့ နဲ့ အဆင့်နိမ့်စွမ်းအားတစ်ခုရှိပြီး အဆင့်တူအတွင်းပြိုင်ဘက်ကင်းတာကိုယှဥ်ကြည့်ရင် အဆင့်တူအတွင်းပြိုင်ဘက်ကင်းတဲ့သူတွေကို
ဒိုင်တွေက ပိုကြိုက်ကြတယ်လေ။
...
နောက်တစ်ခါ သုံးဆယ့်နှစ်ယောက်အဆင့်ရဲ့နောက်ဆုံးပွဲစဥ်ကို ရောက်လာပြန်တယ်။ နယူးယောက်ကျောင်းရဲ့လက်ရှိတိုက်ပွဲချန်ပီယံဖြစ်တဲ့မိရိုင်က ကွင်းထဲကိုဝင်လာတယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေက ပြိုင်ဖက်ပေါ်မှာရှိမနေဘူး။ အဲဒီအစား ပွဲကြည့်စင်ပေါ်က သူ့ကိုကြည့်နေတဲ့ မျက်လုံးတွေကိုပဲ လိုက်ကြည့်နေမိတယ်။ မျှော်လင့်ချက်နည်းမှန်းသိပေမဲ့ အဲဒီအမျိုးသမီးကို သူမြင်နိုင်ဦးမလား လိုက်ရှာနေမိတာ။
ဟော....
ထပ်တွေ့ပြန်ပြီ။ အဲဒီအမျိုးသမီးက နေကာမျက်မှန်တပ်ထားတဲ့အတွက် မျက်နှာကို သေချာမမြင်ရပေမဲ့
အဲဒီရင်းနှီးနေတဲ့အပြုံးတွေကို မိရိုင်သေချာမှတ်မိနေတယ်။ အဲဒီအပြုံးတွေကို မြင်ရလို့ ဝမ်းသာမိသလို တစ်ပြိုင်နက်တည်းမှာပဲ ဝမ်းနည်းနေမိပြန်တယ်။ ဒီအကြောင်းကိုတွေးမိတိုင်း သူ့မျက်လုံးတွေက စိုစွတ်လာတယ်။
“ယား....” မိရိုင်ရဲ့ပြိုင်ဖက်မိန်းကလေးက လက်ထဲမှာလှံကိုကိုင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးဝင်လာတယ်။ မိရိုင်က S rank တစ်ယောက်ဖြစ်တာမလို့
နိုင်မယ်ထင်မထားပေမဲ့ ဒီနေရာမှာမရှုံးချင်သေးတဲ့အတွက် ရှိသမျှခွန်အားကိုစုစည်းပြီး တိုက်ခိုက်လိုက်တာပါ။ မိရိုင်လည်း သူ့မျက်နှာရှေ့ကို တိုးဝင်လာတဲ့ လှံကို အလိုလိုသိစိတ်နဲ့ တုံ့ပြန်လိုက်မိတယ်။ သူ့ခါးက ဓားကိုဆွဲထုတ်လိုက်ပြီး မီးတောက်နေတဲ့ဓားနဲ့ လှံချိန်ကို ဖြတ်ချလိုက်တာပါ။ အဲဒီတစ်ခဏလေးမှာ အမျိုးသမီးကို အကြည့်လွှဲလိုက်မိတယ်။ လှံကိုဖျက်ဆီးပြီး ပြန်ကြည့်ကြည့်တော့ အဲဒီနေရာမှာ ဘယ်သူမှရှိမနေတော့ပြန်ဘူး။
“မဟုတ်တာ....” မိရိုင်ရေရွတ်လိုက်မိတယ်။ လှံဖျက်ဆီးခံလိုက်ရတဲ့ မိန်းကလေးက သတိလွတ်နေတဲ့ မိရိုင်ကို ဆက်ပြီးတိုက်ခိုက်ဖို့ ကြိုးစားလိုက်ပေမဲ့
မိရိုင်က သူနဲ့ဆက်ပြီးတိုက်ခိုက်ဖို့ စိတ်မဝင်စားတော့ဘူး။ ဒါကြောင့် လက်ထဲမှာ မီးကြယ်တစ်ခုကိုဖန်ဆင်းလိုက်ပြီး ပစ်ထုတ်လိုက်တယ်။ ကြယ်က ပေါက်ကွဲသွားပြီး ပြိုင်ပွဲဝင်မိန်းကလေးကို ပြိုင်ပွဲကွင်းအပြင်ရောက်သွားစေပါတယ်။ မိရိုင်က ဒိုင်ရဲ့အနိုင်ရကြောင်းကြေညာချက်ကိုတောင် ဂရုမစိုက်တော့ဘဲ ကွင်းထဲကနေ ချက်ချင်းပြေးထွက်လာခဲ့တယ်။
....
နောက်ဆုံးပွဲစဥ်မှာဖြစ်ခဲ့တဲ့ကိစ္စကြောင့် မက်ဒါနာက ကျောင်းအုပ်တွေထိုင်နေတဲ့နေရာမှာ ဆက်ထိုင်မနေတော့ဘဲ ကျောင်းသားတွေရဲ့နားနေခန်းကို အမြန်ဆုံးထွက်လာခဲ့တယ်။ မိရိုင်တစ်ခုခုမှားနေပြီမှန်း တိုက်ပွဲမှာကတည်းက သတိထားမိတယ်။
“မိရိုင်၊ ဘာဖြစ်လို့လဲ။” နားနေခန်းကိုရောက်တော့ ယုဆပခုံးကိုမှီပြီးငိုနေတဲ့ မိရိုင်ကိုတွေ့လိုက်ရတယ်။ မိရိုင်က မက်ဒါနာကို မော့ကြည့်လိုက်ပြီး မက်ဒါနာကိုပြေးလာဖက်တယ်။ သူတို့နှစ်ယောက်က ဒီလောက်ကြီး အနေမနီးလှပေမဲ့ ကလေးတစ်ယောက်အနေနဲ့ ခက်ခဲတဲ့အချိန်တွေမှာ အရွယ်ရောက်ပြီးလူကြီးတစ်ယောက်ကို တွယ်တာမိကြတာ ပုံမှန်ပါပဲ။
“သမီးမမကို ပွဲကြည့်စင်မှာတွေ့လိုက်တယ်။” မိရိုင်က မက်ဒါနာကိုဖက်ထားရင်းဆက်ငိုနေတယ်။ မိရိုင်ရှင်းပြတာကို နားထောင်ရင်းနဲ့ မက်ဒါနာကိစ္စတွေကို သဘောပေါက်လာပြီ။
“ဥစာကီက ပွဲကြည့်စင်ပေါ်မှာ တစ်ချိန်လုံးရှိနေခဲ့တာလား။” မက်ဒါနာက မေးတော့ မိရိုင်ကခေါင်းညိတ်ပြတယ်။
“သမီးသူရှိနေတာကို ခံစားမိတယ်။ ဒါပေမဲ့ အစ်မကြီးက သမီးကိုလာမတွေ့ဘူး။ သမီးလုံးဝနားမလည်နိုင်တော့ဘူး။ အနည်းဆုံးတော့ သမီးကိုစကားလာပြောသင့်တယ်မဟုတ်လား။”
မက်ဒါနာလည်း အခုအခြေအနေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိတော့တဲ့အတွက် မိရိုင်ကိုပဲ တင်းတင်းပြန်ဖက်ထားမိတယ်။ မိရိုင်က ဆက်ငိုနေရင်းကနေ နောက်ဆုံးတော့ အားမရှိတော့ဘဲ အိပ်ပျော်သွားတယ်။ အဲဒီတော့မှ မက်ဒါနာက မိရိုင်ကို ပွေ့ချီပြီး သူတို့အနားယူတဲ့ဟိုတယ်ကို ပြန်ခေါ်သွားလိုက်တယ်။ အိပ်ရာပေါ်မှာ သေချာနားနေလို့ရအောင် ပြင်ဆင်ပေးပြီးခါမှ သူသက်ပြင်းချလိုက်မိတယ်။
“မမလေး၊ ဒီပုံစံအတိုင်းဆိုရင် ပိုးကောင်တွေလည်း ကျွန်မတို့လိုပဲ ဒီပြိုင်ပွဲကို စောင့်ကြည့်နေတယ်ဆိုတဲ့သဘောလား။” အေမီက အနားကိုရောက်လာပြီးမေးတော့ မက်ဒါနာက ခေါင်းညိတ်ပြပါတယ်။
“ဒီပြိုင်ပွဲက ဒါကြောင့်ထူးခြားနေတာပဲ။ ငါတို့နှစ်ဖွဲ့လုံးက ဒီပြိုင်ပွဲကနေတစ်ဆင့် ဘာလုပ်မလဲဆိုတာကို
ဆုံးဖြတ်ကြမှာ။ ဥစာကီ ဒီမှာရှိနေတာကို ငါမအံ့ဩဘူး။ ဒါပေမဲ့ ဘာလို့မိရိုင်ကို စောင့်ကြည့်နေတာလဲ။”
“မမလေး၊ ဒါဆိုရင် ဖြစ်နိုင်တာ။” အေမီက တစ်ခုခုကို သတိထားမိသွားပြီး ဖြတ်ပြောဖို့လုပ်တော့ မက်ဒါနာက ခေါင်းညိတ်ပြလိုက်ပြီး ဆက်မပြောခိုင်းတော့ဘူး။ အဲဒီအစား မက်ဒါနာက အေမီကိုပြောလိုက်ပါတယ်။
“ကိုင်းတိုကိုဆက်သွယ်လိုက်၊ အခုအချိန်မှာ မိရိုင်ကို ကူညီပေးနိုင်တာ သူပဲရှိတယ်။” မက်ဒါနာက ပြောလိုက်ရင်း သက်ပြင်းချလိုက်တယ်။ ကိုင်းတိုက မိရိုင်အတွက် အဖေလိုဆရာလိုလူတစ်ယောက်ပါ။ မိရိုင်အတွက် သူတစ်ယောက်ပဲလုပ်ပေးနိုင်မယ့်အရာတွေရှိတယ်။
....
ပွဲစဥ်တွေအားလုံးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် ကွင်းထဲကနေပြီး လူတွေဖြည်းဖြည်းချင်းထွက်သွားကြပြီ။ နေကာမျက်မှန်တပ်ထားတဲ့ အမျိုးသမီးကလည်း အလားတူပဲ ထွက်သွားဖို့လုပ်နေတယ်။ ဒါပေမဲ့ သူက သာမန်လူတွေသုံးတဲ့အပေါက်ကနေ ထွက်မယ့်အစား ပြိုင်ပွဲကွင်းရဲ့နောက်ဘက်ကနေထွက်ဖို့လုပ်နေတာပါ။ အမျိုးသမီးက ဘယ်သူမှ
မရှိတော့မှန်း သတိထားမိတော့ နေကာမျက်မှန်ကို ချွတ်လိုက်တယ်။ ဥစာကီရဲ့ရင်းနှီးနေတဲ့မျက်နှာကို အခုရှင်းရှင်းလင်းလင်းမြင်ရပါပြီ။ ဥစာကီက ပြိုင်ပွဲကွင်းအပြင်ကို လှမ်းထွက်ခါနီးမှာ နောက်ကနေခေါ်သံတစ်ခုကို ကြားလိုက်ရတယ်။
“ဘာမှမပြောဘဲ ထွက်သွားဦးမလို့လား၊ ဥစာကီ ယာမာဂုချီ-ဆန်။”
နာမည်အပြည့်အစုံခေါ်ခံလိုက်ရတဲ့ ဥစာကီက နောက်ကိုလှည့်ကြည့်တော့ လက်သီးတစ်လုံးက သူ့မျက်နှာကို တည့်တည့်လာမှန်တယ်။ လက်သီးရဲ့အားကြောင့် သူ့မျက်နှာက နည်းနည်းစောင်းသွားပေမဲ့ ထိခိုက်မှုမရှိဘူး။ အဲဒီအစား အရိုးကျိုးသံသဲ့သဲ့နဲ့အတူ သူ့မျက်နှာကိုထိုးတဲ့လက်သီးကနေသာ သွေးတွေစီးကျလာလေရဲ့။
အခုဥစာကီရဲ့ရှေ့မှာ လက်မောင်းကြွက်သားတွေအပြည့်ရှိတဲ့ ဒရုန်းဇုန်ရပ်နေတယ်။ သူ့လက်ကနေသွေးတွေစီးကျနေပေမဲ့ နာကျင်မှုကို ဂရုစိုက်ပုံမပေါ်ဘူး။ အသက်ရှုသံပြင်းပြင်းကို ကြားနေရပြီးတော့ မငိုမိအောင်လို့ အတင်းအံ့ကြိတ်ထားသလိုပဲ။
“နင့်ညီမလေးရဲ့ပြိုင်ပွဲကို လာကြည့်တာဆိုရင်လည်း
အနည်းဆုံးတော့ သူ့ကိုစကားသွားပြောသင့်တယ်။”
ဒရုန်းဇုန်က လက်ကိုပြန်ရုပ်လိုက်ပြီး ပြောလိုက်ပါတယ်။ ဥစာကီကတော့ ကြမ်းပြင်ပေါ်မှာစွန်းထင်းနေတဲ့ ဒရုန်းဇုန်ရဲ့သွေးတွေကို ငုံကြည့်ပြီး သက်ပြင်းချတယ်။
....
ညနေပိုင်း။
မိုင်ယာမီမှာဖွင့်ထားတဲ့ ဂျပန်စတိုင်အသားကင်ဆိုင်က အရက်ဘားကောင်တာမှာ ဥစာကီနဲ့ဒရုန်းဇုန်တို့ အတူထိုင်ဖြစ်ကြတယ်။ ဒရုန်းဇုန်က လက်မှာပက်တီးပက်ထားပြီးဖြစ်ပြီး ဘာမှမဖြစ်တဲ့ပုံစံနဲ့ ကာဆေးတစ်ပုလင်းနဲ့ အသားကင်တချို့ထပ်မှာလိုက်တယ်။ ဒရုန်းဇုန်ကတော့ ခွက်ထဲမှာရှိနေတဲ့ ဆာကေးတွေကိုသာ မသောက်ဘဲ စိုက်ကြည့်နေပါတယ်။ အတော်ကြာမှ သူသက်ပြင်းချလိုက်ပြီး
“ဟေး၊ နင်တကယ်ကြီး ငါနဲ့အတူဆိုင်ထိုင်ဖို့ ရွေးလိုက်တယ်ပေါ့။ ငါတို့ပိုးကောင်တွေက ကပ်ပါးတွေလေ။ နင့်ဦးနောက်ကို ဖောက်စားသွားမှာ မကြောက်ဘူးလား။”
ဒရုန်းဇုန်က အဲဒီစကားကိုကိုကြားတော့ ရယ်မောလိုက်တယ်။ ဆာကေးပုလင်းကို အဖုံးဖွင့်လိုက်ပြီး မော့သောက်တယ်။ “နင်နဲ့ငါနဲ့က တိုကျိုမှာ အလုပ်ပြန်တိုင်း အတူသောက်နေကျပဲဥစ္စာ။ ပြီးတော့ နင်ငါ့ကို တကယ်သတ်ချင်ရင် ငါနင့်ကိုထိုးပြီးကတည်းက ငါတစ်စစီဖြစ်သွားလောက်ပြီ။”
ဥစာကီက အခုကမ္ဘာပေါ်မှာစွမ်းအားအကြီးဆုံးသူပါ။ မဟုတ်ဘူး၊ စကြဝဠာတစ်ခုလုံးမှာတောင်မှ အစွမ်းအထက်ဆုံးဖြစ်တည်မှုတစ်ခုဖြစ်နေပါပြီ။ ဥစာကီသာ ဒရုန်းဇုန်ကိုတကယ်သတ်ချင်ရင် အမှုန့်တောင် ရှာလို့ရတော့မှာမဟုတ်ဘူး။
“ငါက အခုလူသားတစ်ယောက်မဟုတ်တော့သလို နင်တို့သိတဲ့ဥစာကီလည်းမဟုတ်တော့ဘူးလေ။ နင်ငါ့ကိုမယုံသင့်ဘူး။”
ဥစာကီက ခွက်ကိုမြှောက်လိုက်တယ်။ ဒရုန်းဇုန်က သူ့ဖန်ပုလင်းနဲ့ ဥစာကီရဲ့ခွက်ကိုတိုက်ပြီးဆက်သောက်တယ်။ စကားအပြောအဆိုမရှိဘဲ ဒီတစ်ခဏတာကို တိတ်ဆိတ်မှုက ကြီးစိုးထားတယ်။
“နင်ငါနဲ့မိရိုင်ကို သတိရနေသေးတယ်ဆိုတာတော့ မညာနိုင်ဘူးမဟုတ်လား။ နင့်ကိုယ်နင် လက်ခံနိင်နေသမျှ နင်က နင်ပါပဲ။”
ဒရုန်းဇုန်ရဲ့လေသံက တိုးညှင်းသွားပြီး အသားကင်ဖိုကို စိုက်ကြည့်နေရင်း ပြောလိုက်တယ်။ ဥစာကီက ဘာမှမပြောဘဲ ဒရုန်းဇုန်ကိုပဲ တွေတွေကြီးစိုက်ကြည့်နေမိတယ်။ အဲဒီနောက် သူက သက်ပြင်းချလိုက်ပြီး
“အချိန်တွေက ကုန်တာမြန်လိုက်တာ။ အရင်က ငါတို့ရဲ့အထက်တန်းကျောင်းနေ့တွေ ဘယ်တော့မှ ကုန်ဆုံးမှာမဟုတ်ဘူးလို့ ထင်ခဲ့မိတာ။”
“ပြီးတော့ ဟီးရိုးအစည်းအရုံးက နေ့တွေရောပဲ။”
သူတို့နှစ်ယောက်လုံး ပြိုင်တူပြုံးလိုက်မိတယ်။ ဟိုးအရင်တည်းက သူတို့ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေက သိပ်များခဲ့တာ။ ဒရုန်းဇုန်က ပုလင်းထဲက လက်ကျန်ဆာကေးတွေကို အပြတ်ဖြတ်လိုက်ပြီးတဲ့နောက်တော့
“တကယ်တော့ ငါတို့နှစ်ယောက်ရဲ့ဇာတ်လမ်းက အထက်တန်းကျောင်းတုန်းက စွန့်စားခန်းတွေပြီးသွားကတည်းက ထာဝရပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်းဆိုပြီး ဖြစ်ခဲ့သင့်တာ။ ဒါပေမဲ့ တကယ့်လက်တွေ့ဘဝမှာ ဇာတ်သိမ်းဆိုတဲ့အရာမှမရှိတာပဲ။ ပြီးတော့ အဆုံးသတ်မှာ ပျော်ရွှင်မှုဆိုတာ ရှိမနေဘူး။”
သူတို့နှစ်ယောက်က လောကကြီးတစ်ခုလုံးကို မေ့ထားပြီး ဆက်ပြီးစားသောက်ကြတယ်။ ဆိုင်နံရံမှာကပ်ထားတဲ့ နာရီက ဆိုင်ပိတ်ချိန်ဖြစ်တဲ့ ကိုးနာရီကို တဖြည်းဖြည်းချဥ်းကပ်လာပြီ။ ဆိုင်ထဲမှာ သူတို့နှစ်ယောက်ပဲ ကျန်တော့တယ်။ အဆက်မပြတ်ဆာကေးသောက်နေခဲ့တဲ့ ဒရုန်းဇုန်လည်း မူးနေခဲ့ပြီ။
“ဟေး၊ ဥစာကီ။ နင်ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ဖို့အတွက် ငါနဲ့မိရိုင်ကို သတ်ဖို့လိုမယ်ဆိုရင်ရော သတ်မှာလား။”
“ငါလုပ်မှာမဟုတ်ဘူး။”
“ဒါဆို နင်လူသားတွေဘက်က ရပ်တည်ပြီး ပိုးကောင်တွေကို နှိမ်နင်းမှာလား။”
“ငါပိုးကောင်တွေကိုလည်း မသတ်နိုင်ဘူး။ သူတို့က ငါ့သားသမီးတွေလေ။”
“ငါတို့က ယှဥ်တွဲပြီးနေလို့ ရနိုင်လို့လား။”
“ငါတို့သိမ်းပိုက်ခဲ့တဲ့ဂြိုဟ်တိုင်းကို ပိုးကောင်သိုက်အဖြစ် ပြောင်းပစ်ခဲ့တာ။ ဒါကြောင့် ဖရက်ဒရင်းရှင်းက ငါတို့ကို အသေခံပြီးခုခံနေတာပဲ။”
“ဒါဆို မဖြစ်နိုင်ဘူးပေါ့။”
“အေး၊ သုံးနှစ်ပြည့်တဲ့အခါ ဘာရွန်က ငါ့ကိုဒီကမ္ဘာကိုဖျက်ဆီးဖို့ တောင်းဆိုမှာပဲ။ ငါမလုပ်ရင်တောင် ငါ့နန်းတက်ပွဲအတွက် ရောက်လာမယ့်အာကာသပိုးကောင်တပ်ဖွဲ့တွေက လုပ်လိမ့်မယ်။”
“ဒါဖြင့် နင်ဘာလုပ်မှာလဲ။” ဒရုန်းဇုန်ရဲ့မေးခွန်းကို ဥစာကီမဖြေဘူး။ ဒရုန်းဇုန်ကလည်း သက်ပြင်းချလိုက်ပြီး တစ်ချိန်လုံးကျောမှာလွယ်ထားတဲ့ အနက်ရောင်အိတ်အရှည်လေးကို ချွတ်လိုက်တယ်။ အဲဒီနောက် ဇစ်ကိုဖွင့်လိုက်တော့ ဥစာကီရဲ့ကျိန်စာသင့်
မိစ္ဆာသတ်ဓားရဲ့ဓားအိမ်ကို စမြင်ရတယ်။
“ဒီတစ်ချိန်လုံး ဒီဓားကို နင့်ဆီပြန်ပေးဖို့အတွက် ငါစောင့်ရှောက်ထားခဲ့တာ။ အခုတော့ နင့်ကိုပြန်ပေးဖို့ အချိန်တန်ပြီ။” ဒရုန်းဇုန်က ပြောလိုက်တော့ ဥစာကီက ဓားကိုကောက်ယူလိုက်ပြီး ခါးမှာချိတ်လိုက်ပါတယ်။
“ကျေးဇူးပါ။”
“နင်အဲဒီဓားကိုသုံးပြီး နင့်ရန်သူတွေကို ဆက်ပြီးအနိုင်ယူနိုင်ဖို့ မျှော်လင့်တယ်။”
“ငါ့ရန်သူက ငွေရောင်စစ်သည်ဖြစ်နေရင်တောင်မှလား။” ဥစာကီက မေးလိုက်တော့ ဒရုန်းဇုန်က ခေါင်းညိတ်ပြလိုက်တယ်။ ဒဇုန်းဇုန်ရဲ့ခံစားချက်ကို ဥစာကီနားလည်တယ်။ ဒီကမ္ဘာရဲ့ကံကြမ္မာကိုဆုံးဖြတ်ဖို့က ဥစာကီနဲ့ငွေရောင်စစ်သည်ပဲ တတ်နိုင်တဲ့ကိစ္စ။ သူတို့နှစ်ယောက်ထဲက တစ်ယောက်သေကိုသေမှဖြစ်တော့မှာ။ ဒါပေမဲ့ ဒရုန်းဇုန်က လူသားတွေကို စွန့်လွှတ်ရမယ်ဆိုရင်တောင် ဥစာကီကို ရှင်ကျန်ရစ်စေချင်တယ်။
“ဒရုန်းဇုန်၊ ငါဘာကတိမှမပေးနိုင်ပေမဲ့ အဲဒီဖြစ်မလာသေးတဲ့တိုက်ပွဲပြီးရင် ငါနင့်ကို ပထမဆုံးလာတွေ့မယ်။ ရလဒ်က ဘာပဲဖြစ်ဖြစ်ပေါ့။”
အဲဒီနောက်တော့ ဥစာကီက ခုံကနေထပြီး ဆိုင်ထဲကနေ ထွက်သွားတယ်။ ဒရုန်းဇုန်ကတော့ ဆိုင်ထဲမှာ ငေးငိုင်နေရင်း တစ်ယောက်တည်းကျန်နေရစ်တယ်။
....
ပြိုင်ပွဲရဲ့စတုတ္ထမြောက်ညနေမှာပဲ ကိုင်းတိုမိုင်ယာမီကိုရောက်လာပြီး မိရိုင်နဲ့ယုဆကို လာတွေ့တယ်။ ကိုင်းတိုက စောင့်ရှောက်သူတစ်ယောက်မဟုတ်တော့ပေမဲ့ ဒီကလေးနှစ်ယောက်ရဲ့အုပ်ထိန်းသူဖြစ်နေဆဲပါ။ မက်ဒါနာက အကြောင်းစုံရှင်းပြလိုက်တော့ကိုင်းတိုက အခုလိုပြောပါတယ်။
“ကိစ္စမရှိဘူး၊ မင်းစီစဥ်ထားတဲ့အတိုင်း ပြိုင်ပွဲမှာ နယူးယောက်ကျောင်းဗိုလ်စွဲအောင်လုပ်ပါ။ ပြီးရင်ငါနဲ့မိရိုင်က ဥစာကီကိုထိပ်တိုက်တွေ့မယ်။ ကျန်တဲ့သူတွေဝင်ရှုပ်ရင်တော့ မင်းတို့ရှင်းလိုက်။ ငါ့အထင် သူတို့နှစ်ယောက်တည်းအတွက် သီးသန့်တွေ့ဆုံချိန်ခနလေးရရင်ကို အားလုံးအတွက်အကျိုးရှိပြီ။”
မက်ဒါနာကလည်း ခေါင်းညိတ်လိုက်တယ်။ ပြိုင်ပွဲရဲ့ကျန်တဲ့အစိတ်အပိုင်းတွေက ဒီလောက်စိတ်ဝင်စားဖို့မကောင်းဘူး။ မိရိုင်က စိတ်အခြေအနေကြောင့် ပြိုင်ပွဲဆက်မဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် အီဗန်က ဘိုင်ထိပြီး ရှစ်ယောက်အဆင့်ကို တိုက်ပွဲမတိုက်ရဘဲ အဆင့်တက်သွားတယ်။ ဆယ့်ခြောက်ယောက်အထိ မမျှော်လင့်ဘဲတတ်လာနိုင်တဲ့ဂိုးလ်ကတော့ သန်မာတဲ့ပြိုင်ဖက်တစ်ယောက်နဲ့တွေ့ပြီး ရှုံးသွားတယ်။ ယုဆတစ်ယောက်ပဲ တက္ကဆက်ချန်ပီယံကိုနိုင်ပြီးတော့ အီဗန်နဲ့အတူ ရှစ်ယောက်အဆင့်ကိုပါသွားတာပါ။
တိုက်ပွဲချန်ပီယံတစ်ယောက်ကို ဆုံးရှုံးသွားရပေမဲ့
နယူးယောက်အသင်းက အခြေအနေကောင်းနေဆဲပါ။ ရှစ်ယောက်အဆင့်မှာ အဓိကကျောင်းရှစ်ကျောင်းက တိုက်ပွဲချန်ပီယံတွေပဲ ကျန်သင့်တာဖြစ်ပေမဲ့ တက္ကဆက်ကျောင်းက ချန်ပီယံရှုံးသွားတဲ့အတွက် အခုနယူးယောက်က ထိပ်ဆုံးရှစ်ယောက်ထဲမှာ ပြိုင်ပွဲဝင်နှစ်ယောက်ရှိတဲ့ တစ်ခုတည်းသောကျောင်းဖြစ်နေပြီဖြစ်ပြီး စူပါအမေရိကကျောင်းရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ။
[စာရေးသူ၏မှတ်စု _ အရင်အပိုင်းတွေထက်စာရင် Pacing တအားမြန်နေလို့ တောင်းပန်ပါတယ်ခင်ဗျ။
လက်ရှိကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် ဒီအပိုင်းတွေက ပေးတဲ့ဖိအားကိုမခံနိုင်ခဲ့ပါဘူး။ ဒါကြောင့်မလို့ အတွဲရှစ်ကို နှစ်ပိုင်းခွဲပြီးတင်ဆက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ ပြိုင်ပွဲ Arc ပြီးသွားရင် သုံးရက်လောက်နားမှာဖြစ်ပြီး အဲဒီကျမှ အတွဲရှစ်ဒုတိယပိုင်းကို ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။]