← Chapters

ဆရာစွန်း

Vol. 78 Ch. 1082

ဆရာစွန်း

Vol. 78 Ch. 1082

ထိုကဲ့သို့ ရေခဲရေဖြင့် ခေါင်းပေါ်မှ လောင်းချခံလိုက်ရသည့် ခံစားချက်အား အထူးတလည် ဖော်ပြနေစရာပင်မလိုပေ။ ထို့ကြောင့် ရှုယင်လင်းမှာ မျက်ဝန်းများ ရီဝေဝေဖြစ်နေရာမှ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ရီသွားရပြီး ငယ်သံပါအောင် အော်ဟစ်မိလိုက်၏။ ထို့နောက် သူမသည် ချက်ချင်း ပြန်၍ နိုးထလာတော့သည်။

သူမသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး ခံစားချက်မျိုးစုံ ရှုပ်ထွေးနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေ၏။ သို့သော် သူမသည် စကားတစ်ခွန်းမှ မပြောနိုင်ပေ။

" နင် ပြန်နိုးလာပြီဆိုရင် နင့်ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို အဆင်သင့်ပြင်ထားလိုက်ဦး။ ဒဿမနေ့က သိပ်မကြာခင်မှာ ရောက်လာတော့မှာ။ အတိတ်ဘဝထဲကို ဝင်နိုင်အောင် လုပ်ထား " ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် အမိန့်ပေးလိုက်၏။ ရှုယင်လင်းမှာလည်း စောဒကမတက်ရဲသောကြောင့် ခေါင်းငုံ့ကာ သူ၏ အမိန့်အား နာခံလိုက်ရသည်။

ဝမ်ပေါင်လဲ့မှာ သူမ၏ ခန္ဓာကိုယ်ပေါ်မှ အချုပ်အနှောင်အချို့အား ဖယ်ရှားပေးပြီးသွားပြီ ဖြစ်သည်။ ကျန်ရှိနေသေးသည့် အချုပ်အနှောင်များမှာလည်း သူမ၏ အတိတ်ဘဝအတွက် အနှောင့်အယှက် ဖြစ်မည် မဟုတ်ပေ။

ထိုသို့ဖြင့် သူတို့နှစ်ယောက်စလုံးမှာ နှုတ်ဆိတ်သွားကြ၏။ ရှုယင်လင်းမှာ စကားတစ်ခွန်းမှ မပြောသလို ဝမ်ပေါင်လဲ့မှာလည်း အတွေးများထဲ၌ နစ်မျောနေ၏။ မြေခွေးလေး၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် သူသည် ကင်းခြေများကြီး နောက်ဆုံး ပြောခဲ့သောစကားများကို မကြားခဲ့ရပါသော်လည်း ၎င်းဆီမှ သူကြားခဲ့ရသည့် စကားများထဲတွင် သတင်းအချက်အလက် အမြောက်အမြား ပါဝင်နေဆဲပင်။

" ဖြစ်နိုင်ခြေနှစ်ခုရှိတယ်... ပထမတစ်ခုက ငါက တခြားတစ်ယောက်ယောက်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရောက်နေပေမဲ့ ငါ့ရဲ့ အတိတ်ဘဝတွေထဲက ဖြစ်ရပ်တွေက အစီအစဉ်တကျ ဖြစ်နေတုန်းပဲ။ နဝမဘဝထဲက အတွေ့အကြုံတွေကြောင့် ငါ ပထမဘဝထဲမှာ လက်ကြီးရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတုန်းက အဲဒီစကားတွေကို ကြားခဲ့ရတာ... "

" ဒုတိယ ဖြစ်နိုင်ခြေကတော့... အဲဒီ ကင်းခြေများကြီးရဲ့ နှောင့်ယှက်မှုကြောင့် ငါ့ရဲ့ ကံကြမ္မာတစ်ခုလုံး ပရမ်းပတာဖြစ်သွားပြီး ငါ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ အဲဒီစကားကို ပြန်ကြားခဲ့ရတာပဲ။ ငါ့ရဲ့အမြင်မှာ ကင်းခြေများကြီး ပြန်ဝင်စားခဲ့တဲ့ အရာတစ်ခုက အဲဒီ စကားတွေကို ပြောခဲ့တဲ့ပုံ ပေါက်နေပေမယ့် တကယ်တမ်းမှာ... တခြား အကြောင်းရင်းတွေရှိနေတာ "

ဝမ်ပေါင်လဲ့မှာ အမှန်အတိုင်း မသိနိုင်ဘဲ ဖြစ်နေရ၏။ ထို ဖြစ်နိုင်ခြေနှစ်ခုစလုံးမှာ ယုတ္တိရှိနေသည် မဟုတ်ပါလော။ သို့သော် ဝမ်ပေါင်လဲ့မှာ ထို ကင်းခြေများကြီး ပြောခဲ့သည့် ပထမဆုံးစကားတစ်ခွန်းအား ပို၍ စိတ်ဝင်စားနေ၏။

" ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဖွက်ထားတာဆိုပဲ။ သူက ဘာကိုပြောတာလဲ။ မမလေးလား။ ဒါမှမဟုတ် ဆုတောင်းပြည့်ပုလင်းလား။ ဒါမှမဟုတ် ငါမသိသေးတဲ့ အရာတစ်ခုခုများလား " ဝမ်ပေါင်လဲ့မှာ အပြန်ပြန်အလှန်လှန် စဉ်းစားတွေးတောနေခဲ့သည့်တိုင်အောင် အဖြေရှာမတွေ့ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ရှုယင်လင်း၏ အတိတ်ဘဝထဲမှ ဤကမ္ဘာကြီး၏ အမှန်တရားအကြောင်း ပို၍ နားလည်သဘောပေါက်လာရ၏။ သို့ဖြစ်ရာ သူ၏ ရှေ့တွင် ရှိနေသည့် ခြုံလွှာကြီးမှာ တဖြည်းဖြည်းနှင့်ပျောက်ကွယ်သွားတော့မည့်ပုံပင်။

" နောက်ထပ်အခွင့်အရေးတစ်ခု ရှိပါသေးတယ်... " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးကာ မျက်လုံးများ မှေးသွား၏။ သူသည် ဤ အရည်အချင်းစမ်းသပ်ပွဲကြီးမှာ နောက်ဆုံးတွင် ပြီးဆုံးသွားမည်ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ ဒဿမနေ့နှင့် ဒဿမဘဝသာ ကျန်တော့သည်မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ့ကိုယ်သူ ပြန်၍ ငုံ့ကြည့်လိုက်၏။ ထို့နောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ သလင်းကျောက်တုံးတစ်တုံး ပေါ်ပေါက်လာသည်။ ၎င်းမှာ... ကောင်းကင်ဘုံဓမ္မသခင်ကြီး သူ့အား ပေးခဲ့သည့် သလင်းကျောက်တုံးဖြစ်ပေသည်။ သူ၏ ဆရာ မီးတောက်ခေါင်းဆောင်ကြီးမှာ ထို သလင်းကျောက်တုံးအား ကောင်းကင်ဘုံဓမ္မသခင်ကြီး၏ လက်ထဲ၌ အပ်ထားခဲ့ခြင်း ဖြစ်၏။

" ငါ့အတွက်တော့ နောက်ဆုံးအခွင့်အရေး ဟုတ်ချင်မှဟုတ်မှာ... " ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ရေရွတ်ကာ မျက်လုံးများ မှေးသွား၏။ အဘယ်ကြောင့်ဆိုသော သူ လူဝံအိုကြီးအား လှမ်းခေါ်လိုက်စဉ်တုန်းက သူ၏ ခန္ဓာကိုယ်ပေါ်တွင် သက်ရောက်နေခဲ့သည့် အချုပ်အနှောင်စွမ်းအားများမှာ အားပျော့သွားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် သူ၏ ဆရာ သူ့အတွက် ရယူပေးထားသည်ဆိုသော အခွင့်အရေးမှာ ကောင်းကင်ဘုံဓမ္မသခင်ကြီး သူ့အား ပေးထားသည့် အခွင့်အရေး ဖြစ်နေနိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

" တကယ်လို့ လူဝံအိုကြီးက ကောင်းကင်ဘုံဓမ္မသခင်ကြီး ဖြစ်နေပြီးတော့၊ မြေခွေးလေးက ကျိယွဲ့ ဖြစ်နေမယ်ဆိုရင်... ကျားလေးကရော ဘယ်သူလဲ... " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ တစ်ခဏမျှ နစ်မျောသွားပြီးနောက် ဖြစ်နိုင်ခြေအမျိုးမျိုးကို စဉ်းစားမိသွား၏။ သို့သော် သူသည် အတိအကျ ကောက်ချက်မချနိုင်သေးပေ။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ထို အတွေးများအားလုံးကို မေ့ပျောက်ထားလိုက်တော့သည်။ သူသည် မျက်လုံးများမှိတ်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အဆင်သင့်ပြင်ထားရင်း စောင့်ဆိုင်းနေလိုက်၏။

ထိုသို့ဖြင့် နှစ်နာရီတိတိ ကုန်ဆုံးသွား၏။ ထိုအချိန်တွင် အရည်အချင်းစမ်းသပ်ပွဲထဲ၌ ကျန်ရှိနေသေးသည့် ပြိုင်ပွဲဝင်အနည်းငယ်၏ အသိစိတ်များထဲတွင် ယခင်အကြိမ်များတုန်းကအတိုင်း ရှေ့ဆန်သည့်စကားသံကြီး ပြန်လည်ထွက်ပေါ်လာတော့သည်။

" ဒဿမနေ့၊ ဒဿမဘဝ "

ထို စကားသံကြီး ပေါ်ပေါက်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများ ပြောင်းလဲသွားခြင်းမရှိဘဲ ငြိမ်သက်နေသည်ကို မြင်လိုက်ရ၏။ ယခုအကြိမ်တွင် သူ၏ နှလုံးသားထဲ၌ အောက်သို့နစ်ဝင်နေသည့် ခံစားချက်ကြီးပင် ပေါ်ပေါက်လာခြင်းမရှိပေ။ သို့သော် ရှုယင်လင်းမှာမူ ခန္ဓာကိုယ်ပေါ်၌ လမ်းပြအလင်းရောင်များ တောက်ပလာပြီး အတိတ်ဘဝထဲသို့ အတားအဆီးမရှိ ဝင်ရောက်သွားတော့သည်။

" သူတောင် ဝင်သွားလို့ရသေးတာ၊ ငါက ဘာလို့မရတာလဲ " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွား၏။ သို့သော် သူသည် ဘာမှမတတ်နိုင်ပေ။ ထို့ကြောင့် သူသည် အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီး လမ်းပြအလင်းရောင်များ မှေးမှိန်သွားသည်ကို စောင့်ကြည့်နေလိုက်၏။ ထိုအခါမှသာ သူသည် သက်ပြင်းချလိုက်ပြီး သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်တော့သည်။ သူသည် အမှောင်အိပ်မက်ပညာရပ်ကို အသုံးပြုကာ ရှုယင်လင်း၏ အတိတ်ဘဝထဲသို့ ဝင်ရောက်တော့မည်ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ကောင်းကင်ဘုံဓမ္မသခင်ကြီး သူ့အား ပေးထားသည့် သလင်းကျောက်တုံးလေးမှာ ရုတ်တရက်ဆိုသလို ဝင်းလက်စွာ တောက်ပလာ၏။ ထို့ကြောင့် မှေးမှိန်နေခဲ့သည့် လမ်းပြအလင်းရောင်များမှာလည်း အားအင်ပြည့်ဖြိုးသွားသည့်အလား ပြန်လည် ဝင်းလက်တောက်ပလာတော့သည်။ နောက်ဆုံးတွင် ၎င်းတို့မှာ အလင်းရောင်ပင်လယ်ကြီးတစ်စင်းအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွား၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း တစ်ကိုယ်လုံးတုန်ရီသွားသည်။ ထို့နောက် သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများမှာ စတင်လည်ပတ်လာပြီး အောက်သို့နစ်ဝင်နေသည့် ခံစားချက်ကြီးမှာလည်း သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာတော့သည်။

ထို့အပြင် ထိုခံစားချက်ကြီးမှာ ယခင်အကြိမ်များတုန်းကထက် အများကြီးပို၍ အားကောင်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ အံ့သြတုန်လှုပ်သွားရ၏။ ထိုသို့ဖြင့် အချိန်မည်မျှမှန်းမသိ ကုန်ဆုံးသွားပြီနောက် ဝမ်ပေါင်လဲ့၏ အတွေးများထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ အသိစိတ်မှာ... ပျောက်ကွယ်သွားတော့သည်။

သူ ပြန်လည်ပေါ်ပေါက်သည့် နေရာတွင် အအေးဓာတ်များ၊ အမှောင်ထုများနှင့် နာကျင်မှုဝေဒနာများ ရှိမနေခဲ့ပေ။

နေမင်းကြီးမှာ ဝင်းလက်တောက်ပနေပြီး အေးမြသော လေပြည်လေညင်းလေးတစ်ခုမှာ မြစ်ကမ်းစပ်ပေါ်ရှိ မိုးမခပင်များကို ဖြတ်၍ တိုက်ခတ်နေသောကြောင့် ၎င်းတို့မှာ ရေမျက်နှာပြင်ပေါ်၌ ယိမ်းထိုးနေကြ၏။ ထို့ကြောင့် ရေမျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်လေးများ ပေါ်ပေါက်လာသည်ကို မြင်နိုင်ပေသည်။

ထို လှိုင်းတွန့်လေးများနှင့်အတူ ကြည်လင်ပြတ်သားသည့် တေးသီဆိုသံများကိုလည်း ကြားနိုင်သေးသည်။ ထိုတေးသီချင်း၏ စာသားများကိုပင် နားထောင်နေစရာမလိုပေ။ ၎င်း၏ သံစဉ်အား ကြားလိုက်ရရုံနှင့် တံငါသည်တစ်ယောက်၏ ပျော်ရွှင်မှုများကို ခံစားနိုင်ပေသည်။

ထို့အပြင် မြစ်ကမ်းနှစ်ဖက်စလုံးပေါ်တွင်လည်း သွားလာလှုပ်ရှားကာ အလုပ်ကိုယ်စီ ရှုပ်နေကြသည့် လူများကိုလည်း မြင်နိုင်သေးသည်။

ထိုအချိန်တွင် ပညာရှိတစ်ယောက်ပုံစံ ဝတ်စားထားသည့် လူငယ်လေးတစ်ယောက်မှာ မြစ်ကမ်းတစ်ဖက်ပေါ်၌ တည်ဆောက်ထားသည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲရှိ စားပွဲတစ်လုံးပေါ်၌ တစ်ရေးတစ်မော အိပ်နေရာမှ နိုးလာ၏။

ထို လူငယ်လေးမှာ ပိန်ပါးပါး ခန္ဓာကိုယ်တစ်ခုအား ပိုင်ဆိုင်ထားပြီး သူ၏ ရုပ်ရည်မှာလည်း တမူထူးခြားနေခြင်း မရှိပေ။ သူသည် နိုးလာသည်နှင့် အညောင်းဆန့်လိုက်ပြီး သူ၏ လက်ထဲမှ အနက်ရောင် သစ်သားပျဉ်ပြားတစ်ချပ်ဖြင့် စားပွဲအား ရိုက်လိုက်၏။ ထိုအခါ ကြည်လင်ပြတ်သားသော အသံတစ်သံထွက်ပေါ်လာသည်။

ထို့နောက် ထိုလူငယ်လေးမှာ ဟန်ဆောင်ချောင်းဟန့်လိုက်၏။ ထို လက်ဖက်ရည်ဆိုင်မှာ သိပ်မကြီးသောကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့် ဆိုင်ထဲရှိလူတိုင်းအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေသည်။ ထိုလူငယ်လေးမှာ ထိုင်ခုံအလွတ် တစ်ခုံမှမကျန်တော့သည်ကို မြင်နေရသည့်တိုင်အောင် ဟန်အမူအရာမပျက် မေးမြန်းလိုက်ဆဲပင်။

" စာပွဲထိုး။ လူစုံပြီလား "

" စုံပါပြီဗျ။ ဆရာစွန်း နောက်ဆုံးတော့ နိုးလာပြီပေါ့။ ပရိတ်သတ်တွေအကုန် ရောက်နေတာကြာပြီ။ ကျွန်တော်တို့တွေ ဆရာ အိပ်နေတာကို မနှောင့်ယှက်ချင်တာနဲ့ နည်းနည်းလေး ဆက်ပြီးတော့ စောင့်နေကြတာ " ထို လက်ဖက်ရည်ဆိုင်၏ စားပွဲထိုးမှာ ဉာဏ်ပြေးသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူသည် ပညာရှိပုံစံလူငယ်လေး၏ မေးခွန်းအား ကြားလိုက်ရသည်နှင့် ပဝါတစ်ထည်အား ပုခုံးပေါ်၌တင်ကာ လက်ဖက်ရည်အိုးတစ်အိုးအား ကိုင်လျက် အလျင်အမြန် ပြေးလာ၏။ ထို့နောက် သူသည် ပဝါဖြင့် ထိုလူငယ်လေး ထိုင်နေသည့် စားပွဲအား သုတ်ပေးကာ မျက်နှာချိုသွေးသည့် အပြုံးမျက်နှာဖြင့် သူ၏ လက်ဖက်ရည်ခွက်အား ဖြည့်ပေးလိုက်သည်။

ဘေးပတ်ပတ်လည်ရှိ စားပွဲများတွင် ထိုင်နေကြသည့် လူများမှာလည်း ထိုလူငယ်လေး နိုးလာသည်ကို မြင်လိုက်ရသောအခါ ရယ်မောလိုက်ကြ၏။

" ဆရာစွန်း။ ကျွန်တော်တို့တွေ ရောက်နေတာကြာပြီဗျ။ ဆရာလည်း နိုးလာပြီဆိုတော့ ပုံပြင်ဆက်ပြီးတော့ မပြောပြချင်ဘူးလား "

" ဆရာစွန်း။ ပုံပြင်ဆက်ပြောပြပါ "

" ဟုတ်တယ် ဆရာစွန်း။ အရင်တစ်ခေါက်တုန်းက ဆရာပြောပြခဲ့တဲ့ ပုံပြင်က လူကြီးနှစ်ယောက် နတ်ဝိဇ္ဇာရာထူးကို လုနေတဲ့ အခန်း ရောက်နေပြီ။ ကျွန်တော် အိမ်ပြန်ရောက်သွားခဲ့တာတောင် နှလုံးသားထဲမှာ ယားကျိယားကျိနဲ့။ အဲဒီပုံပြင်ရဲ့ အဆက်ကို နားထောင်ချင်နေတာ တစ်ပိုင်းသေနေပြီဗျ "

လက်ဖက်ရည်ဆိုင်ထဲမှာ လူများမှာ တစ်ယောက်တစ်ပေါက် စကားပြောနေကြသဖြင့် တစ်ဆိုင်လုံးမှာ ပို၍ပင် ဆူညံပွက်လောရိုက်လာတော့သည်။ ထို့ကြောင့် လူငယ်လေးမှာ ချောင်းဟန့်လိုက်ပြီး မကြာသေးမီတုန်းက စကားပြောခဲ့သည့် တစ်ယောက်အား လက်ညှိုးထိုးကာ ဆိုလိုက်၏။

" ဘာကို လူကြီးနှစ်ယောက်လဲ။ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေလို့ ခေါ်တာပါ "

" ဟုတ်တယ်။ ဟုတ်တယ်။ အစွမ်းထက်ပုဂ္ဂိုလ်ကြီးတွေ။ ဆရာစွန်း။ မြန်မြန်ပြောပါတော့ဗျ။ ကျွန်တော်တို့ အကုန်လုံး စောင့်နေရတာ မောလှပြီ "

ထိုအခါ လူငယ်လေးမှာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီး သူ့ကိုယ်သူ ဂုဏ်ယူမဆုံး ဖြစ်သွား၏။ ထို့နောက် သူသည် သူ၏ လက်ထဲမှ အနက်ရောင်သစ်သားပျဉ်ပြားဖြင့် စားပွဲအား အားပါပါ ရိုက်လိုက်သဖြင့် ကြည်လင်ပြတ်သားသည့် အသံ ထွက်ပေါ်လာသည်။ နောက်ဆုံးတွင် သူသည် ခေါင်းယမ်းလိုက်ပြီး နှစ်လိုဖွယ်ကောင်းသည့် လေယူလေသိမ်းတစ်မျိုးဖြင့် စပြောလိုက်တော့သည်။

" အရင်တစ်ခေါက်တုန်းက... ကျယ်ပြန့်တာအိုနယ်မြေ မပျက်စီးခင် အနန္တကပ်ကမ္ဘာ သန်းကိုးဆယ် ရှိခဲ့တယ်လို့ ငါ ပြောခဲ့တယ်နော်။ အဲဒီ အချိန်တုန်းက ဒီ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့အလွန်မှာ အဆုံးအစမရှိလောက်အောင် ကျယ်ပြောပြီး အရမ်းကိုထူးဆန်းတဲ့ စကြဝဠာကြီးတစ်ခု ရှိခဲ့တယ်။ အချိန်ရယ်လို့ စဖြစ်တည်လာကတည်းက ရှိနေခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးနှစ်ယောက်က အဲဒီစကြာဝဠာကြီးထဲမှာ နတ်ဝိဇ္ဇာရာထူးကို လုနေခဲ့ကြတာပေါ့ "

" တာအိုတွေဆီမှာ ကိုယ်ပိုင် စည်းမျဉ်းဥပဒေသတွေရှိသလို စကြဝဠာကြီးဆီမှာလည်း ကိုယ်ပိုင် စည်းမျဉ်းဥပဒေသတွေ ရှိတဲ့အချက်ကို သိထားဖို့လိုတယ်။ အဲဒါကြောင့်မလို့ နတ်ဝိဇ္ဇာတွေပဲဖြစ်ဖြစ်၊ နတ်ဘုရားတွေပဲ ဖြစ်ဖြစ်၊ နတ်ဆိုးတွေပဲ ဖြစ်ဖြစ်၊ မကောင်းဆိုးဝါးတွေပဲ ဖြစ်ဖြစ်၊ တစ္ဆေတွေပဲဖြစ်ဖြစ်... အထွတ်အထိပ်အဆင့်မှာ တစ်ယောက်ပဲ ရှိနိုင်တာ။ ပြီးတော့...အဲဒီထဲမှာ နတ်ဝိဇ္ဇာက အဆင့်အမြင့်ဆုံးမလို့ အရာအားလုံးကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်းရှိတယ် "

" အဲတာကြောင့်မလို့... "

" အဲဒီလို အစွမ်းထက်ပုဂ္ဂိုလ်ကြီး နှစ်ယောက်ရဲ့ အားပြိုင်မှုက စကြဝဠာကြီး တစ်ခုလုံးကိုပါ တုန်ရီသွားစေနိုင်လောက်တဲ့အထိ အားပြင်းတာပေါ့ "

" သူတို့ရဲ့ အားပြိုင်မှုကြီးကြောင့် ကြယ်စင်စုတွေ အများကြီး ပျက်စီးသွားခဲ့ရသလို စည်းမျဉ်းဥပဒေသတွေ အများကြီး ပျောက်ကွယ်သွားခဲ့ရတာ။ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးလည်း အကြိမ်ရေပေါင်း သန်းကိုးဆယ်တိတိ ပျက်စီးသွားလိုက် အစကနေ ပြန်လည်ပေါ်ပေါက်လာလိုက် ဖြစ်ခဲ့ရတာ "

လူငယ်လေး၏ နှုတ်မှ ထွက်ပေါ်လာသည့် စကားလုံးများမှာ မြစ်တစ်စင်းကဲ့သို့ တသွင်သွင် စီးဆင်းနေ၏။ သူသည် မည်သူမှ မကြားဖူးသော ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို ပြောပြနေခြင်းဖြစ်သည်။ တမူထူးခြားမှု အပြည့်ရှိသော သူ၏ စကားသံနှင့် အနက်ရောင်သစ်သားပျဉ်ပြား စားပွဲနှင့် ရိုက်ခတ်ရာမှ ထွက်ပေါ်လာသည့်အသံများကြောင့် သူပြောပြနေသည့် ဒဏ္ဍာရီပုံပြင်များမှာ သူ၏ ပတ်ပတ်လည်ရှိ လူများ၏ အသိစိတ်များထဲတွင် အိပ်မက်ဆန်ဆန် ပုံရိပ်များအဖြစ် ပေါ်ပေါက်လာ၏။ ထို့ကြောင့်လည်း သူတို့မှာ အတွေးများထဲ၌ နစ်မျောသွားရပြီး နေဝင်ချိန်သို့ ရောက်လာသည်ကိုပင် သတိမထားမိကြပေ။

" သူ့ကိုယ်သူ ' လော့ ' လို့ ခေါ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးက ဟင်းလင်းပြင်အကျဉ်းထောင်အစီအရင်ဆိုတဲ့ ပညာရပ်တစ်ခုကို အသုံးပြုလိုက်တာ။ ဒါပေမဲ့ ငါ ထင်မှတ်မထားတာက တခြား အစွမ်းထက်ပုဂ္ဂိုလ်ကြီးက ပိုပြီးတော့တောင် အဆင့်မြင့်တဲ့ ပညာရပ်တစ်ခုကို ထုတ်သုံးလိုက်တာပဲ။ သူက... မိုးကောင်းကင်တာအို သန်းကိုးဆယ်ကို ပြစ်တင်ရှုတ်ချခဲ့တာလေ..."

လူငယ်လေးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ ဘေးပတ်ပတ်လည်ရှိ လူများ ယစ်မူးနေကြသည်ကို သတိထားမိလိုက်၏။ ထိုအခါ သူသည် သူ၏ လက်ထဲမှ အနက်ရောင်သစ်သားပျဉ်ပြားအား စားပွဲပေါ်သို့ ဗြန်းခနဲမြည်အောင် ရိုက်ချလိုက်ပြီး စကားဆက်ပြောလိုက်သည်။

" နောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ရင်တော့ နောက်တစ်ခေါက် စောင့်ကြဦးဗျို့၊ မိတ်ဆွေရောင်းရင်းတို့။ ဆရာစွန်း ဗိုက်ဆာနေပြီမလို့ တစ်ခုခု သွားစားလိုက်ဦးမယ်။ မနက်ဖြန့်နေ့လည် ဒီနေရာမှာပဲ စောင့်နေပါ့မယ် " လူငယ်လေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် အော်ဟစ်ရယ်မောကာ ဂုဏ်ယူဝင့်ကြွားမှု အပြည့်ရှိသောအမူအရာဖြင့် မတ်တတ်ထလာ၏။ ထို့နောက် သူသည် စားပွဲထိုး သူ့ဆီသို့ ယူလာပေးသည့် ငွေတုံးအား သိမ်းဆည်းလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ သူ၏ ဘေးပတ်ပတ်လည်၌ ရီဝေဝေဖြစ်နေကြသည့် လူများအား အရိုအသေပေးလိုက်သည်။ ထိုသို့ အရိုအသေပေးပြီးသွားသောအခါမှသာ သူသည် နောက်သို့လှည့်ကာ တေးညည်းရင်း လက်ဖက်ရည်ဆိုင်ထဲမှ ထွက်ခွာသွားတော့သည်။

သူ၏ တေးညည်းသံအား အဝေးမှနေ၍ ကြားနိုင်ပေသည်။ ၎င်းမှာ လက်ဖက်ရည်ဆိုင် အပြင်ဘက်၌ ပဲ့တင်ထပ်ကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံသွား၏။

" သံသရာကို စွဲလမ်းနေတဲ့ နတ်ဆိုးနဲ့ မိုးကောင်းကင်ကို ချိတ်ပိတ်တဲ့ မကောင်းဆိုးဝါး။ အမည်မသိ ထာဝရစိတ်ဆန္ဒပိုင်ရှင်နဲ့ ဇောက်ထိုးမိုးမျှော် ဖြစ်နေတဲ့ နတ်တစ်ပိုင်း နတ်ဝိဇ္ဇာတစ်ပိုင်း “

All Chapters