ဧည့်ခံပွဲ၌ ယှဉ်ပြိုင်ခြင်း
Vol. 70 Ch. 979
အသင်္ချေပန်းအမျိုးသမီးက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်မတစ်ယောက်မဟုတ်ပေမယ့် သိပ်တော့မကွာပါဘူး။ လွန်ခဲ့တဲ့နှစ်တစ်သန်းကျော်က သူမက ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တယ်။ သူမက ရှုံးနိမ့်သွားပေမယ့် ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ဘူး၊ အနာတရမရှိဘူးလို့တောင် ပြောနိုင်တယ်။
ဒါကြောင့် သူမကို အတော်လေးအားနည်းတဲ့ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်လို့ သတ်မှတ်တာ ပုံကြီးချဲ့တယ်လို့ မဆိုနိုင်ပါဘူး။
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးနဲ့ပတ်သက်ပြီးတော့ ပြောစရာမလိုပါဘူး။ အကြိုနတ်ဘုရားတွေက လွဲပြီး စကြာဝဠာထဲရှိအနည်းငယ်ကသာ သူနဲ့ရင်ဆိုင်နိုင်တယ်။
သွေးပုဆိန်အရှင်အတွက်ကတော့ သူက ထာဝရစစ်တပ်ရဲ့တပ်ရင်းမှူးတစ်ယောက်ဖြစ်တယ်။ သူ့ခွန်အားက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးထက် နိမ့်ကျပေမယ့် သာမန်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေကြားမှာတော့ သေချာပေါက်သာလွန်မြင့်မားတယ်။ (အင်္ဂလိပ်ဘာသာပြန်သူ၏မှတ်စု: သွေးပုဆိန်အင်ပါယာအရှင်အစား သွေးပုဆိန်အရှင်လို့ ပြောင်းသုံးထားပါတယ်)
သူတို့သုံးယောက်ရောက်ရှိလာမှုက ဧည့်ခံပွဲကို တိတ်ဆိတ်သွားစေတယ်။
"မူလအဆုံးစွန်းအရှင်၊ ရောက်တာ ကြာပြီပေါ့" အသင်္ချေပန်းအမျိုးသမီးက လီဖူချန်းဆီ ခေါင်းညိတ်ပြလိုက်တယ်။
သူမက လီဖူချန်းရဲ့သမိုင်းနဲ့ပတ်သက်ပြီး ရှာတွေ့ပြီးပါပြီ။ လီဖူချန်းက သူမရဲ့ပန်းတစ်ရာအစောင့်အရှောက်တွေထဲကတစ်ယောက်ဖြစ်တဲ့နဂါးသွဲ့ပန်းသူတော်စင်အရှင်မနဲ့တူညီတဲ့ပလိန်းမှ လာတယ်ဆိုတာကိုပေါ့။ လိီဖူချန်းက အတော်လေးငယ်ရွယ်ပြီး စစ်မှန်တဲ့ပါရမီရှင်တစ်ယောက်ဖြစ်တာကို နဂါးသွဲ့ပန်းသူတော်စင်အရှင်မထံမှ သိထားပြီးပါပြီ။ နတ်ဘုရားမျိုးနွယ်ရဲ့ပါရမီရှင်တွေကတောင် လီဖူချန်းနဲ့မယှဉ်နိုင်ပါဘူး။
"နှုတ်ဆက်ပါတယ် အသင်္ချေပန်းအမျိုးသမီး" လီဖူချန်းက ဂါဝရပြုလိုက်လေတယ်။
"ဟားဟား၊ မကြာသေးမီက တစ်ယောက်ယောက် ကြယ်ပိုင်နက်အဆင့်ကို ချိုးဖြတ်သွားတဲ့ခံစားချက်တစ်ခု ငါ့မှာ ရှိလာတယ်။ အဲဒါက အသင်္ချေပန်းအမျိုးသမီးလို့ အစက ထင်ထားခဲ့ပေမယ့် မူလအဆုံးစွန်းအရှင်ဖြစ်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ လူငယ်က လူကြီးကို တကယ်ကျော်ဖြတ်ခဲ့တာပဲ" ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက အားပါးတရရယ်မောလိုက်တယ်။
"ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက အရမ်းချီးကျူးလွန်းတာပဲ"
ဒါက လီဖူချန်းအနေနဲ့ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကို အနီးကပ်မြင်ရတဲ့ပထမဆုံးအကြိမ်ပါပဲ။ သူ့နှလုံးသားက အထင်ကြီးလေးစားမှုတွေနဲ့ ပြည့်သွားတယ်၊ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ရှေးအကျဆုံးကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေထဲကတစ်ယောက်ဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ။ နေရာမှာရပ်နေရုံနဲ့ သူက စကြာဝဠာတစ်ခုလုံးရဲ့ဖိအားနဲ့အလားတူတဲ့အဆုံးမဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်။
"စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်ဘုံအရှင်၊ မင်း မူလအဆုံးစွန်းအရှင်တော့ ဖိတ်ခေါ်ပြီး ငါ့ကျ ဘာလို့ မဖိတ်ခေါ်တာလဲ။ ဘာလဲ၊ မင်းက ငါ့ကို အထင်သေးတာလား" သွေးပုဆိန်အရှင်က ဖိနှိပ်တဲ့အရှိန်အဝါတစ်ခုကို ချက်ချင်း ပေးစွမ်းလိုက်တယ်။
စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်ဘုံအရှင်က ကြောက်လန့်တကြားတုံ့ပြန်လိုက်တယ်" သွေးပုဆိန်အရှင်မှာ အားလပ်ချိန်ရှိမှန်း ကျွန်တော်သိရင် သေချာပေါက် သင့်ကို ဖိတ်ခေါ်မှာပါ"
"ထားလိုက်တော့။ မူလအဆုံးစွန်းအရှင် ဒီနေရာမှာ ရှိမှတော့ ငါ မင်းနဲ့ တွယ်ကပ်မနေတော့ဘူး"
သွေးပုဆိန်အရှင်က လီဖူချန်းဘေးနားမှာ ထိုင်လိုက်တယ်။ မူလက ထိုနေရာမှာထိုင်နေတဲ့မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေက ဘေးသို့ ရှောင်တိမ်းပေးလိုက်ကြတယ်၊ သူတို့က ဘာတစ်ခုမှမပြောရဲကြပါဘူး။
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးနဲ့အသင်္ချေပန်းအမျိုးသမီးက လီဖူချန်းရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်ကြတယ်။
ပြီးနောက် သူတို့လေးယောက်က သောက်ရင်းစားရင်း စကားပြောနေကြတော့တယ်။
"မူလအဆုံးစွန်းအရှင်၊ ငါက ရွှေကျွန်းကောင်းကင်ဘုံအရှင်ပဲ။ ငါက ပါရမီမရှိတော့ အရှင်တစ်ယောက်ထံမှ လမ်းညွှန်မှုအချို့ကို တောင်းခံချင်ပါတယ်။ ငါ့ကို လမ်းညွှန်မှုအချို့ပေးပါ"
ထိုအခိုက်မှာ ရွှေရောင်ချပ်ဝတ်လူတစ်ယောက်က ထရပ်လိုက်တယ်။ သူက လေးစားတဲ့လေသံနဲ့ ပြောနေတယ်ထင်ရပေမယ့် တကယ်တော့ သူက အတော်လေးမောက်မာနေတာပဲ။
"ဒါ ရွှေကျွန်းကောင်းကင်ဘုံအရှင်ပဲ"
"သူ့ရဲ့ဆရာရတနာမြစ်တာအိုဘိုးဘေးက ပြောင်မြောက်တဲ့ပုံရိပ်တစ်ခုပဲ။ သူက အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးတစ်ထောင်ထဲ ဝင်တယ်"
"ရွှေကျွန်းကောင်းကင်ဘုံအရှင်ရဲ့ခွန်အားက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေရဲ့ အထွတ်အထိပ်မှာရှိတယ်။ မူလအဆုံးစွန်းအရှင်က ဘယ်လိုရင်ဆိုင်မလဲကို ငါ သိချင်တယ်"
ခန်းမထဲမှာ ဆွေးနွေးသံတွေနဲ့ ဆူညံလာတော့တယ်၊ လူတိုင်းက လီဖူချန်းကို အာရုံစိုက်နေကြတယ်။
"မူလအဆုံးစွန်းအရှင်၊ မင်း ဂရုစိုက်ဖို့ လိုမယ်။ ငါ ရွှေကျွန်းကောင်းကင်ဘုံအရှင်ကို မသိပေမယ့် သူ့ရဲ့ဆရာရတနာမြစ်ဘိုးဘေးနဲ့ ပတ်သက်ပြီးတော့ ကြားဖူးတယ်။ သူက အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးတစ်ထောင်ထဲ ဝင်တယ်ဆိုတော့ သူ့ခွန်အားက အသန်မာဆုံးဖြစ်ဖို့ နီးကပ်တယ်လို့ ဆိုလိုတယ်။ ဒီလိုလူတစ်ယောက်ရဲ့တပည့်တစ်ယောက်အနေနဲ့ ရွေကျွန်းကောင်းကင်ဘုံအရှင်က သေချာပေါက် မရိုးရှင်းဘူး"
သူ့ရဲ့စရိုက်က မောက်မာတယ်၊ ဗိုလ်ကျလွန်းတယ်ဆိုပေမယ့် အဲဒါက သူ ရင်ဆိုင်နေရတဲ့သူအပေါ် မူတည်တယ်။ သူက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးလိုလူတွေကို မျက်နှာသာပေးစရာမလိုပေမယ့် ရတနာမြစ်တာအိုဘိုးဘေးကိုတော့ မျက်နှာသာအချို့ပေးရတယ်။ သို့မဟုတ်ရင် ရွှေကျွန်းကောင်းကင်ဘုံအရှင်က လီဖူချန်းကို စိန်ခေါ်လာတဲ့အချိန်မှာ သူက ကျွန်းကောင်းကင်ဘုံအရှင်ကို ဖျက်ဆီးပစ်လောက်ပါပြီ။
ဒါပေမယ့် ပိုအရေးကြီးတဲ့အချက်ကတော့ သူက လီဖူချန်းရဲ့ခွန်အားကို မြင်ချင်တာကြောင့်ပဲ။ လီဖူချန်းက အားနည်းလွန်းရင် သူက အနာဂတ်မှာ လီဖူချန်းနဲ့ပတ်သက်ပြီး အများကြီးအားထုတ်လိမ့်မှာမဟုတ်ဘူး။
ကြယ်ဝိုင်ကို တစ်ငုံသောက်ပြီးနောက် ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက သွေးပုဆိန်အရှင်ကဲ့သို့ စောင့်ကြည့်နေတယ်။ သူက လီဖူချန်းရဲ့ခွန်အားနဲ့ပတ်သက်ပြီး အတော်လေးသိချင်နေတယ်။
ရွှေကျွန်းကောင်းကင်ဘုံအရှင်ရဲ့အဆင့်အတန်းအတွက်ကတော့ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက မျက်လုံးထဲတောင် မထည့်ပါဘူး။
ရတနာမြစ်တာအိုဘိုးဘေးက သူ့ထက် ပိုရှေးကျပြီးပိုကျော်ကြားပေမယ့် အရှင်နဲ့အရှင်မသတ်မှတ်ချက်က မတိကျပါဘူး။ အဆင့်သတ်မှတ်ချက်ဝင်အရှင်တွေကို အဆင့်သတ်မှတ်ချက်မဲ့အရှင်တွေက အနိုင်ယူခဲ့တဲ့အခိုက်အတန့်တွေ ရှိတယ်။
အရှင်သတ်မှတ်ချက်ဆိုတာက တကယ်တော့ ချီတည်ရှိမှုသတ်မှတ်ချက်တစ်ခုပါပဲ။ ယေဘုယျပြောရရင် အရှင်တစ်ယောက်က ပိုပြီးရှေးကျလေ၊ ချီတည်ရှိမှုက ပိုသန်မာလေဖြစ်တယ်။
ဒါပေမယ့် အရှင်သတ်မှတ်ချက်ရဲ့အရှင်နဲ့အရှင်မတွေက အားမကောင်းဘူးလို့တော့ ပြောလို့မရပါဘူး။ ချီတည်ရှိမှုက ခွန်အားနဲ့ တိုက်ရိုက်မဆက်စပ်ပေမယ့် သေချာတဲ့ဆက်စပ်မှုအတိုင်းအတာတစ်ခုတော့ ရှိတယ်။
ကြက်ဝိုင်တစ်ငုံသောက်ပြီးနောက် လီဖူချန်းက ဝိုင်ခွက်ကို ချကာ ပြောလိုက်တယ်"ငါ မင်းဆရာရဲ့နာမည်ကို ကြားဖူးပါတယ်။ ငါတို့ ဘာလို့ ဒီလိုမလုပ်တာလဲ။ မင်းက ငါ့ရဲ့ဓားတစ်ကွက်ကို တားဆီးနိုင်ရင် ငါ အရှုံးကို ဝန်ခံမယ်"
လီဖူချန်းက အရူးမဟုတ်ဘူး။ ဘယ်အချိန်မှာ နှိမ့်ချရမလဲ၊ ဘယ်အချိန်မှာ မနှိမ့်ချရဘူးကို သူ သိတယ်။
"ကောင်းပြီလေ၊ ဒါဆိုလဲ ဓားတစ်ကွက်ပေါ့" ရွှေကျွန်းကောင်းကင်ဘုံအရှင်ရဲ့မျက်နှာက ဒေါသကြောင့် နီရဲနေလေတယ်။
"ဒီမူလအဆုံးစွန်းအရှင်က မောက်မာလွန်းတာပဲ။ သူက ငါ့ကို ဓားတစ်ကွက်တည်းနဲ့ အနိုင်ယူနိုင်မယ်လို့ ထင်နေတယ်ပေါ့။ ဘယ်လိုဟာသမျိုးလဲ" ရွှေကျွန်းကောင်းကင်ဘုံအရှင်က သူ့ရာသူ တွေးလိုက်တယ်။
ခန်းမက ကြီးမားပြီး အလယ်က နေရာကျယ်ဝန်းတဲ့ကွက်လပ်တစ်ခုနဲ့တူတယ်။
ရွှေကျွန်းကောင်းကင်ဘုံအရှင်က ကွက်လပ်ပေါ်ကို အရင် ရောက်သွားတယ်။
"မူလအဆုံးစွန်းအရှင်၊ ကျေးဇူးပြုပြီး သင် လှုပ်ရှားလိုက်တော့" ရွှေကျွန်းကောင်းကင်ဘုံအရှင်က သူ့ရဲ့စွမ်းအင်ကို စုဆောင်းနေတယ်၊ သူက အဆင့်မြင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုကို လျှို့ဝှက်စွာ ကိုင်ဆောင်ထားတယ်။ သူက လီဖူချန်းရဲ့တိုက်ခိုက်မှုက စောင့်မျှော်နေတယ်။
"အခုကစပြီး သတိထားတော့"
လီဖူချန်းက သူ့ဓားကိုတောင် မထုတ်ပါဘူး။ ဓားလက်ချောင်းကို ဆွဲလိုက်ရာ ဓားချီက ရွှေကျွန်းကောင်းကင်ဘုံအရှင်ကို ဝါးမျိုမယ့်ဓားပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းသွားတော့တယ်။
ဒါကို ပြုလုပ်ပြီးနောက် လီဖူချန်းက ထိုင်ခုံပေါ်မှာ ပြန်ထိုင်လိုက်တယ်။
၁၅မိနစ်၊ ၃၀မိနစ်၊ ၁နာရီ၊ ၂နာရီ၊ ၄နာရီ......
ရွှေကျွန်းကောင်းကင်ဘုံအရှင်က ဓားပင်လယ်မှ အခုထိ မလွတ်မြောက်နိုင်သေးပါဘူး။
"မူလအဆုံးစွန်းအရှင်၊ လာ သောက်ကြရအောင်" သွေးပုဆိန်အရှင်က အရက်ခွက်ကို မြှောက်ကာ ပြောလိုက်တယ်။
လီဖူချန်းက သာမန်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်တာကို သူ ဘယ်လိုလုပ်မမြင်နိုင်ရမှာလဲ။
အသစ်ဖြစ်လာတဲ့ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အနေနဲ့ လီဖူချန်းမှာ ဒီလိုခွန်အားရှိတာကို မြင်ပြီး လီဖူချန်းနဲ့ ပိုပြီးနီးကပ်စေဖို့ သွေးပုဆိန်အရှင်က ဆုံးဖြတ်ချက်ချလိုက်တယ်။
ကျန်ရှိတဲ့သူတွေက လီဖူချန်းကို မတူညီတဲ့မျက်လြံးတွေနဲ့ ကြည့်နေကြတယ်။
သူ့တစ်သက်မှာ လီဖူချန်းလိုပါရမီရှင်တစ်ယောက်ကို ဘယ်တုန်းကမှ မမြင်ခဲ့ဘူးလို့ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ယုံကြည်တယ်။
အခြားမြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကတော့ လီဖူချန်းကို အံ့ဩလေးစားစွာနဲ့ ကြည့်နေကြတယ်။ ရွှေကျွန်းကောင်းကင်ဘုံအရှင်က ဓားတစ်ကွက်ကိုတောင် မရင်ဆိုင်ဘူးလို့ သူတို့ မမျှော်လင့်ထားခဲ့ကြဘူးလေ။ သူတို့သာဆိုရင် ချက်ချင်း အသတ်ခံရလောက်ပါပြီ။
စိတ်ဝိညာဉ်တစ်သောင်းကောင်းဧည့်ခံပွဲက အချိန်တစ်ဝက်ကို ကျော်သွားတဲ့အချိန်မှာတော့ ရွှေကျွန်းကောင်းကင်ဘုံအရှင်က နောက်ဆုံးမှာ ဓားပင်လယ်မှ ချိုးဖြတ်နိုင်ခဲ့တယ်။
"နောက်တစ်ကြိမ်......" ရွှေကျွန်းကောင်းကင်ဘုံအရှင်က ရှက်ရွံ့မှုကြောင့် ဒေါသတွေထွက်နေတယ်။
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ပြောလိုက်တယ်"ရွှေကျွန်းကောင်းကင်ဘုံအရှင်၊ အချိန်သုံးရက် ရှိသွားပြီ။ ဆက်တိုက်ခိုက်စရာမလိုတော့ဘူး"
"သုံးရက်တောင် ရှိသွားပြီလား" ရွှေကျွန်းကောင်းကင်ဘုံအရှင်က အစက မိန်းမောတွေဝေသွားတယ်၊ ပြီးနောက် သူက စိတ်ပျက်လက်လျှော့လိုက်လေတော့တယ်။
***