← Chapters

သည်ဆရာ၊ သည်တပည့်

Vol. 45 Ch. 611

သည်ဆရာ၊ သည်တပည့်

Vol. 45 Ch. 611

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ခေါင်းကို ဒေါက်ခနဲ မြည်သည်အထိ လက်ဆစ်ဖြင့် ခေါက်ချလိုက်ပြီး ဆူ၏။ “ငါ့သိက္ခာတွေ ဘယ်ရောက်သွားမယ်ထင်တုန်း... ငါက အငယ်တွေကို ထိစရာလား... ငါ သူတို့ကို ထိလိုက်ရင် တခြားလူတွေလည်း မင်းကို လာသတ်ကြလိမ့်မယ်... သူတို့ကလည်း ငါ့တပည့်ကို သတ်၊ ငါကလည်း သူ့တပည့်တွေ သတ်၊ အဲဒီလိုလုပ်နေရင် မင်းတို့အငယ်မျိုးဆက်တွေ မျိုးပြုတ်မသွားနိုင်ဘူးလား... စည်းကမ်းဆိုတာ မချိုးဖောက်ရဘူးကွ”

ကျဲ့ဟွလီနှင့် ချီကျုံရီမှာ သူ့စကားကို ကြားလျှင် စိတ်သက်သာရာ ရသွားကြသည်။ သူတို့က ခေါင်းခေါက်ခံလိုက်ရသော ချင်မူ့ကို ကြည့်ကာ ကျေနပ်နေကြ၏။ ‘ခံရတာတောင် နည်းသေး’

ချင်မူက ခေါင်းပေါ်ရှိ ဘုသီးကို ပွတ်ရင်း ခေါင်းညိတ်လိုက်သည်။ “ဟုတ်တာတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ဖုရွေ့လော်က ကျွန်တော့်ကို ထိခဲ့ဖူးတယ်... ချိရှီကလည်း ကျွန်တော်တို့ကို ထိချင်နေတယ်လေ”

“အဲဒါကြောင့်ပဲ ငါ ဖုရွေ့လော်ရဲ့နဖူးကို ပုဆိန်စာကျွေးခဲ့တာပေါ့... သူလည်း စည်းမကျော်ပါဘူး... သူ့ရဲ့ ကောင်းကင်နတ်သိုင်းနဲ့ မင်းကို ပြန်ပေးဆွဲခဲ့ရုံပဲ ဆွဲခဲ့တာလေ... သူသာ မင်းကို ထိချင်ရင် မင်း အသက်ရှိတော့မှာတောင် မဟုတ်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက အနိမ့်အမြင့်မရှိသော လေသံဖြင့် ဆက်ပြော၏။ “အစက‌တော့ ဒီကောင်စုတ်လေးနှစ်ကောင်ကို ရှင်းပစ်ဖို့ မင်းဆီ တာဝန်ပေးမလို့ပဲ ... ဒါပေမဲ့ အခု မင်းအခြေအနေက သူတို့ကို ရှင်းပစ်နိုင်မယ့် ပုံမပေါ်ဘူး.... ဒါကြောင့် ငါ ချိရှီကို အလွှတ်ပေးလိုက်တာ.... ချိရှီက စည်းကမ်းမလိုက်နာတဲ့အပြင် ငါ သူ့ကို သွေးတချို့ ကျွေးထားပေမယ့် သူ အခုထိ ဗိုက်မပြည့်‌သေးဘူး... ငါ့ကိုလည်း ရန်မစရဲတော့ အဲဒီကောင်စုတ်လေးနှစ်ယောက်ရဲ့ သွေးတွေကိုပဲ သောက်လိမ့်မယ်”

ကျဲဟွလီနှင့် ချီကျုံရီ၏မျက်နှာတွင် သွေးမရှိတော့ပေ။

ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်၊ သူတို့ကို မခြောက်ပါနဲ့... သူတို့ကို လော့ဖူကောင်းကင်ဘုံဆီ ပြန်ပို့ပေးလိုက်ပါ”

တန်ခိုးရှင်သစ်ခုတ်သမားက တအံ့တဩ ပြော၏။ “မင်းက စောစောက ငါ့လက်ငှားပြီး သူတို့ကို သတ်ချင်နေတာမဟုတ်လား... ဘာလို့ အခုမှ သူတို့ ပြန်ပို့ပေးချင်တာလဲ... ချိရှီက ရက်စက်တဲ့လူ... သူ့တာဝန်ကလည်း ကြီးလေးတယ်... ရှေ့ဆက်သွားနိုင်အောင် သူ ဘာမဆိုလုပ်မှာပဲ... ဒီကောင်လေးတွေရဲ့ သွေးကို သေချာပေါက် သောက်လိမ့်မယ်... သူတို့သေသွားရင် ငါ့လက်လည်း သွေးမစွန်းသလို၊ မင်းရည်ရွယ်ချက်လည်း အထမြောက်သွားလိမ့်မယ်... ဆိုတော့ ဘာကြောင့်လဲ”

ချင်မူက ရိုးသားဖြောင့်မတ်စွာ ပြောလိုက်သည်။ “စော‌စောက ကျွန်တော် သူတို့ကို ခြောက်ရုံပဲ ခြောက်နေတာပါ.... အထွတ်အမြတ်ဆရာသခင် ဓားမအတွက် သူတို့ကို မသတ်မှန်းလည်း ကျွန်တော် သိပါတယ်... အထွတ်အမြတ်ဆရာသခင်မှာ အထွတ်အမြတ်ဆရာသခင်တစ်ယောက်ရဲ့ အမူအကျင့်တွေ ရှိသလို၊ ကျွန်တော့်မှာလည်း လူသားဧကရာဇ်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်တစ်ယောက်ရဲ့ အမူအကျင့်တွေ ရှိပါတယ်... နောင်တော်ချီ၊ နောင်တော်လီတို့နှစ်ယောက်လုံးက ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေပါ... အထွတ်အမြတ်ဆရာသခင်ရဲ့ ပြိုင်ဘက်တွေ မဟုတ်ပါဘူး... ကျွန်တော် သူတို့ကို သေစေချင်ရင် ကျွန်တော့်လက်နဲ့ပဲ သတ်မယ်... ချိရှီလက်နဲ့ သူတို့ကို သတ်တာက ကျွန်တော့် တာအိုနှလုံးသားနဲ့ ဆန့်ကျင်နေတယ်”

တန်ခိုးရှင်သစ်ခုတ်သမား၏အမူအရာသည် ‌လေးစားသွားသည့် အမူအရာဖြစ်သွားပြီး သူက ချီးကျူးလေသည်။ “ချိရှိလက်နဲ့ သူတို့ကို သတ်မယ် ပြောခဲ့တာက မင်းအတွက် စမ်းသပ်မှုပဲ... မင်း သဘောတူခဲ့ရင် ငါ မင်းကို အထင်သေးမိမှာ ... ကောင်းပြီ၊ ငါ သူတို့ကို လော့ဖူကောင်းကင်ဘုံဆီ ပြန်ပို့ပေးမယ်”

ချင်မူ ကျဲ့ဟွလီနှင့် ချီကျုံရီဆီသို့ အရိုအသေပေးလိုက်သည်။ “ဒါဆို ‌နောင်တော်တို့နှစ်ယောက်ကို လိုက်မပို့တော့ပါဘူး... ငါတို့ တိုက်ခိုက်ခဲ့ရပေမယ့် နှစ်ယောက်လုံးရဲ့ အစွမ်းအစတွေကိုလည်း လေးစားမိပါတယ်... ငါ သူများလက်ငှားပြီး မင်းတို့ကို မသတ်ချင်ဘူး... တစ်နေ့ကျ ငါ့ဓားမနဲ့ ကိုယ်တိုင်သတ်မယ်”

ကျဲ့ဟွလီနဲ့ ချီကျုံရီကလည်း အရိုအသေပြန်ပေးကြ၏။

ကျဲ့ဟွလီက အလေးအနက် ပြောသည်။ “နောင်တော်ချင်က ဖြောင့်မတ်ရိုးသားပါပေတယ်... မင်းက ငါ့ရဲ့ သွေးသောက်ညီအစ်ကိုကို သတ်ခဲ့တဲ့အတွက် ငါ မင်းကို သတ်ကိုသတ်ရလိမ့်မယ်... မင်း ငါ့ဓားမအောက်မှာ သေသွားရင် ငါ့ဓားမကို ချိုးပြီး မင်းအတွက် ငိုပေးပါ့မယ်”

ချီကျုံရီက တခဏတွေးကာ ဓားပျံကိုးလက်အား လှမ်းပစ်ပေး၏။ “အဲဒီမှန်ကို ငါ့ဆီ ပြန်မပေးနဲ့တော့... ငါတို့တစ်နေ့ ပြန်တိုက်ခိုက်ကြမယ်... မင်း ငါ့ကို ဒီတစ်ခေါက်တော့ နိုင်သွားပေမယ့် ငါ မင်းကို မသတ်ရဲလို့သာ နိုင်သွားတာပါ.... ဒါပေမဲ့ နောက်တိုက်ပွဲကျရင် လွယ်မယ်မထင်နဲ့”

ချင်မူ ဓားပျံများကို ဓားစက်လုံးထဲ ထည့်လိုက်သည်။ “နှစ်ယောက်လုံး နှုတ်ဆက်ပါတယ်... နောက်တစ်ခေါက် တွေ့ရင် မညှာကြေး”

“မညှာဘူး” နှစ်ယောက်လုံး ပြိုင်တူပြန်ဖြေကြသည်။

တန်ခိုးရှင်သစ်ခုတ်သမားက အင်္ကျီလက်အိုး ခါလိုက်ရာ မရေမတွက်နိုင်သော သင်္ကေတအမှတ်အသားများ ပျံထွက်သွားပြီး နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းတစ်ခုအား ဖွဲ့တည်လိုက်သည်။ ကောင်းကင်နတ်သိုင်းသည် လူနှစ်ယောက်ကို ပွေ့သယ်၍ အလင်းတန်းတစ်တန်းအသွင် ပြောင်းကာ ဤဆန်းကြယ်ကြယ်၏ ကောင်းကင်ယံသို့ ထိုးတက်သွား၏။

ချင်မူက မော့ကြည့်လိုက်ပြီး အလင်းတန်းက ကောင်းကင်ယံတွင် ဦးတည်ရာပြောင်းကာ အဝေးသို့ ထွက်သွားကြောင်း တွေ့လိုက်ရသည်။ မည်သည့်နေရာသို့ ပျံထွက်သွားမှန်း သူ မသိသော်လည်း လော့ဖူကောင်းကင်ဘုံသာ ဖြစ်လိမ့်မည်။

တန်ခိုးရှင်သစ်ခုတ်သမားက ဘူးအသေးလေးကို ပစ်ပေးကာ ပြောလေသည်။ “မင်းရဲ့အစ်ကိုကြီး ဘာတွေ ချန်ခဲ့သေးလဲ ကြည့်ကြစို့”

ချင်မူ ထခုန်မိပြီး ထိတ်ပျာသွားသည်။ ဘူးလေးမြေကြီးပေါ် ကျသွားပါက နတ်ဘုရားစီရင်ရာဓားမ ထွက်လာမည်ကို သူ ကြောက်၏။ ချင်မူမှာ ဘူးလေးအား ခပ်တင်းတင်း ဖမ်းဆုပ်လိုက်စဉ် သင်္ကေတအမှတ်အသားများက သူ့ကို လှည့်ပတ်လာသည်။ တန်ခိုးရှင်သစ်ခုတ်သမားက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းဖြင့် သူ့ကို ခေါ်သွားပြီး ပျောက်ကွယ်သွားချေပြီ။

ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းက တန်ခိုးရှင်သစ်ခုတ်သမားဆီမှ ဖြစ်သည်။ တန်ခိုးရှင်သစ်ခုတ်သမားသည် သန်မာအားကောင်းဆုံးမဟုတ်သော်လည်း ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ဖြစ်၏။

သူက ထူးခြားဆန်းပြားသော ကောင်းကင်နတ်သိုင်းများနှင့် အစီအရင်များကို ဖန်တီးနိုင်သည်။ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ မှော်အစီအရင်များကို ကြည့်ခြင်းဖြင့် သူ၏ဉာဏ်ရည်က မည်မျှမြင့်မားကြောင်း သိနိုင်ပေသည်။

သို့သော် ‘အတတ်ကျူး၍ ဘီလူးဖြစ်’ ဆိုသည့် စကားအတိုင်း တန်ခိုးရှင်သစ်ခုတ်သမားမှာ ဗဟုသုတကြွယ်ဝလွန်းသောကြောင့် အတတ်ပညာတစ်ခုတည်းတွင် ကျွမ်းကျင်တတ်မြောက်ရန် ခက်ခဲသည်။ သူ၏သိုင်းအဆင့်မှာ သိပ်မမြင့်မားသေးပေ။

ချင်မူ မြေပြင်ကို ပြန်ထိသည့်အခါ နတ်ဘုရားစီရင်ရာစင်မြင့်ထက်ရှိ နန်းဆောင်ဆီ ပြန်ရောက်သွားကြောင်း တွေ့လိုက်ရသည်။ သူ့မှာ ဤနန်းဆောင်ဆီမှ လွတ်မြောက်ရန် အချိန်အတော်ကြာ ပြေးခဲ့ရသော်လည်း ပြန်ရောက်လာရန် စက္ကန့်ဝက်မျှသာ ကြာလိုက်၏။

တန်ခိုးရှင်သစ်ခုတ်သမားက နန်းဆောင်ထဲသို့ လျှောက်သွား၍ ချင်မူလည်း အလျင်အမြန် လိုက်သွားသည်။ အထဲရောက်သည့်အခါ တည်ထောင်သူဂိုဏ်းသခင် ချန်ထားခဲ့သော ဝင်္ကပါကို တန်ခိုးရှင်သစ်ခုတ်သမားက ကြည့်နေပြီး တခဏကြာသော် ခေါင်းညိတ်လိုက်သည်။ “သူ ချန်ခဲ့တဲ့ ဝင်္ကပါက လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀၀ က ဟုတ်တယ်.... လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀၀ က ဘာဖြစ်ခဲ့တာပါလိမ့်”

ချင်မူ နံရံပေါ်ရှိ ပန်းချီကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်၊ ဒါက လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀၀ က ကြယ်အစုအဝေးပါ”

တန်ခိုးရှင်သစ်ခုတ်သမားသည် ကြယ်အစုအဝေးဆီသို့ လျှောက်သွားပြီး လေ့လာနေ၏။ သူက တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေပြီးနောက် ပြောလာသည်။ “ဒါက လွန်ခဲ့တဲ့ နှစ် ၃၅၀၀၀၀ လောက်က မဟာမြို့ပျက်ရဲ့ တောင်ပင်လယ်ကနေ ကြည့်လို့ရတဲ့ ကြယ်တာရာကောင်းကင်ပဲ... ချိမင်ခေတ်ကနေ အသက်ရှင်ကျန်ခဲ့တဲ့လူတစ်ယောက် အိမ်ပြန်ဖို့ လမ်းပြမြေပုံအဖြစ် ဒီကြယ်အစုအဝေးကို ရေးဆွဲခဲ့တာ ဖြစ်လိမ့်မယ်”

ချင်မူ ခေါင်းညိတ်လိုက်သည်။ “တပည့်လည်း အဲဒီလို ခန့်မှန်းမိပါတယ်... ချိမင်ကောင်းကင်ဘုံကို သုတ်သင်ခဲ့တဲ့ တရားခံက ကောင်းကင်နတ်ဘုံဆိုတဲ့နေရာပဲ ဖြစ်လိမ့်မယ်... အစ်ကိုကြီးက အဲဒီကောင်းကင်နတ်ဘုံရဲ့ သမိုင်းကြောင်းနဲ့ အမှန်တရားကို လိုက်ရှာနေတာလို့ ကျွန်တော် ခံစားရတယ်... အဲဒါကြောင့် ဒီသဲလွန်စတွေကို ကျွန်တော်တို့အတွက် ချန်ထားခဲ့တာ နေမှာ”

“သူက သူတော်စင်တန်ခိုးရှင်တစ်ယောက် ဖြစ်လာချင်လို့ ကောင်းမှုကုသိုလ်‌ ဆောက်တည်နေတာပဲ”

တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းယမ်းလိုက်မိ၏။ “ဒါပေမဲ့ ဘယ်လိုမိုက်မဲတဲ့အရာကို လုပ်နေမှန်း သူ မသိဘူး... အမှန်တရားနဲ့ နီးစပ်လေလေ၊ အန္တရာယ်များလေလေပဲ.... သူ့ကိုယ်သူ အန္တရာယ်တောထဲ ပို့နေတာက တုံးတာမဟုတ်လို့ ဘာဖြစ်မလဲ... ဒီလိုပုံစံမျိုးနဲ့ သူတော်စင်တန်ခိုးရှင်ဖြစ်ပါလိမ့်မယ် အားကြီးကြီး”

သူ့မှာ ပြောရင်းပြောရင်း ဒေါသထွက်လာသလို၊ လေသံကလည်း မာသထက် မာလာသည်။

ဤတပည့်နှင့်ပတ်သက်ပြီး ဂရုမစိုက်သယောင် ထင်ရသော်လည်း သူ၏စိုးရိမ်ပူပန်နေမှုအား သူ၏အပြုအမူများနှင့် စကားများတွင် မြင်ရနိုင်သည်။ ထုတ်သာ မပြောခြင်းဖြစ်၏။

“မြေပုံတွေ ရှိသေးလား ဘယ်မှာလဲ” တန်ခိုးရှင်သစ်ခုတ်သမား မေးလိုက်သည်။

ချင်မူ ထောင်ကျယ်အိတ်ထဲ မွှေနှောက်ကာ ပုံကြမ်းများ ထုတ်ပေးလိုက်သည်။ “အစ်ကိုကြီး ဆွဲပြခဲ့တဲ့ မြေပုံတွေက ရှုပ်လွန်းတော့ မေ့သွားမှာ စိုးတာနဲ့ ကျွန်တော် ချဆွဲထားတယ်... ဒီမြေပုံက မဟာမြို့ပျက်ရဲ့ မြေပုံပါ၊ အဘိုးချင်းဟွမ် ရှိတဲ့ နဂါးကျေးရွာကို မှတ်ထားတယ်... ပြီးတော့ ဒီပုံကတော့ ဒီဆန်းကြယ်ကြယ်ရဲ့ မြေပုံပါ၊ ဒီနတ်ဘုရားစီရင်ရာစင်မြင့်ကို မှတ်ပြထားတယ်”

သစ်ခုတ်သမားက မြေပုံနှစ်ခုကို ကြည့်ပြီးနောက် ကျန်မြေပုံများအား တစ်ခုပြီးတစ်ခု ကြည့်၏။

တခဏကြာသော် သူ့အမူအရာက တင်းမာလာသည်။

“ခွေးကောင်လေး ၊ ဦးနှောက်ကို မရှိဘူး ... ဘာလို့ ဒီလောက်အန္တရာယ်များတဲ့နေရာတွေကို သွားတာတုန်း ... ငါတောင်မှ ဒီနေရာကို မသွားရဲဘူး”

သူက ဒေါသထွက်သွားပြီး ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်။ ချင်မူမှာ သူ့ကို လိုက်မှီအောင် မကြည့်နိုင်တော့ဘဲ သူ၏အဝတ်အချင်းချင်း ပွတ်တိုက်‌နေသံကိုသာ ကြားရ၏။

“ထိုက်ဧကရာဇ်ကောင်းကင်ဘုံကိစ္စတွေကလည်း မပြီးသေးဘူး... မင်းက ပြဿနာရှာပြီး မင်းကို လာကယ်စေချင်တယ်... ငါ့ကိုယ်ကို နှစ်ခြမ်းခွဲပစ်မှ ရမယ်”

သူက တစ်ယောက်တည်း ပွစိပွစိ ပြောနေ၏။

ချင်မူ ရုတ်တရက် ပြောလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်၊ အစ်ကိုကြီးက ဒီပုံအားလုံး ဆွဲပြပြီး အရေးကြီးတဲ့နေရာတွေကို ဝိုင်းပြခဲ့တာဆိုတော့ သူ ဒီနေရာတွေကို ရောက်ပြီးသားမလို့... ကျွန်တော်တို့အတွက်လည်း သဲလွန်စတွေ ချန်ခဲ့တာနေမယ်... အစ်ကိုကြီး သေချာပေါက် အသက်ရှင်ဦးမှာပါ”

တန်ခိုးရှင်သစ်ခုတ်သမား မှင်သက်သွားပြီး ရှေ့လျှောက်နောက်လျှောက် လျှောက်နေသည်ကို ရပ်လိုက်သည်။ “မင်းပြောတာ သဘာဝကျတယ်၊ သဘာဝကျတယ်.... ငါ စိုးရိမ်စိတ်ကြောင့် အဲဒီအချက်ကို မစဉ်းစားမိလိုက်ဘူး... သူ အသက်ရှင်နေသေးတာပဲ ဖြစ်မယ်... ကြယ်သဲမှုန်တွေနဲ့ ဒီမြေပုံတွေကို ဆွဲပြနိုင်သေးမှတော့ သူ ဒီလောကကြီးမှာ အသက်ရှင်နေသေးမှာပါ... ဒီကောင်စုတ်လေးကတော့”

ချင်မူမှာ ရင်ထဲတွင် နွေးသွားပြီး ပြုံးလိုက်မိသည်။ “ဆရာက တပည့်အတွက် ဒီလောက်စိုးရိမ်နေမှတော့ တပည့်တစ်ယောက်အနေနဲ့ ဆရာ့ကျေးဇူးကို ဘယ်လိုလုပ် ပြန်မဆပ်ချင်ဘဲ နေပါ့မလဲ... အထွတ်အမြတ်ဆရာသခင်က အစ်ကိုကြီးအတွက် ဒီလိုစိတ်ပူပေးနေတော့ တစ်နေ့ ကျွန်တော် ပျောက်သွားရင် ကျွန်တော့်အတွက်လည်း သေချာပေါက် စိတ်ပူပေးလိမ့်မှာပါ”

“မင်း အတွေးတွေ များနေပြီ ပေါက်ကရတွေ မပြောနဲ့”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို စိုက်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “မင်း သေသွားရင်တောင် ငါ မင်းကို လာရှာမှာမဟုတ်ဘူး.... သတိရရင်တောင် ကံကောင်း... မင်းလည်း မင်းအစ်ကိုကြီးလို ပြဿနာအိုးဆိုရင် မြန်မြန်သာ သေလိုက်တော့”

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “အပြောကြမ်းတဲ့သူက စိတ်ထားနူးညံ့တတ်တယ်တဲ့... အစ်ကိုကြီးက ဘယ်နေရာကို ရှာနေတာလဲ... ဘာလို့ အခုထိ ပြန်မလာသေးတာလဲ... ခိုင်ဧကရာဇ်၊ ချုံဧကရာဇ်၊ ချိမင်၊ နဂါးဟန်တို့အကြောင်း အထွတ်အမြတ်ဆရာသခင်ဘယ်လောက် သိထားလဲ... အဲဒီကောင်းကင်ဘုံတွေက ဘာလို့ သုတ်သင်ခံခဲ့ရတာလဲ”

“သိပ်မသိဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းယမ်းပြသည်။ “ငါသာ အများကြီး သိထားရင် ငါတို့တွေ သတိလက်လွတ်ဖြစ်နေမှာ မဟုတ်ဘူး... ခိုင်ဧကရာဇ်လည်း ရွှင်ပျော်ပျော်ကျေးရွာမှာ အခုအချိန်အထိ ပုန်းနေမှာမဟုတ်ဘူး... အတိတ်တုန်းက တိုင်းပြည်အားလုံးဟာ အတိုးတက်ဆုံးအချိန်မှာ ရုတ်တရက် ပျက်ကိန်းဆိုက်ခဲ့တာပဲ... သေချာပေါက် လျှို့ဝှက်ချက်တွေ နစ်မြုပ်နေလိမ့််မယ်”

သူက သက်ပြင်းချကာ ပြောလေသည်။ “ငါ ရွှင်ပျော်ပျော်ကျေးရွာဆီ သွားပြီး ခိုင်ဧကရာဇ်ကို မေးချင်တယ်... ဘာကြောင့် ပြန်မလာချင်တာလဲ... ဘာကြောင့် ထပ်မတိုက်ခိုက်ချင်တော့တာလဲ.... ဒါပေမယ့် ငါ ရွှင်ပျော်ပျော်ကျေးရွာဆီ သွားတဲ့လမ်းကိုတောင် မသိဘူး... မင်း တစ်နေ့ ရွှင်ပျော်ပျော်ကျေးရွာကို ရောက်ခဲ့ရင် ငါ့အစား မေးပေးစမ်းပါ”

ချင်မူ ခေါင်းညိတ်လိုက်၏။ “တပည့် ဆက်ဆက်မေးပေးပါ့မယ်”

တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ “ဒီမြေပုံတွေကို ဖျက်စီးလိုက်.... မင်းအစ်ကိုကြီးက ဒီကိစ္စတွေ ဘယ်လောက်လေးနက်လဲ မသိဘူး... ကြွားဖို့ပဲ သိတာ... အမှန်တရားရှာဖို့ မင်း သူ့နောက် လိုက်သွားရင် သေချာပေါက် သေလိမ့်မယ်”

ချင်မူ ပြုံးပြလိုက်မိသည်။ “မြေပုံတွေက ကျွန်တော့်ခေါင်းထဲမှာ ရောက်နေပြီ”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို စိုက်ကြည့်၍ ချင်မူ သွားဖြဲပြလိုက်မိ၏။

တန်ခိုးရှင်သစ်ခုတ်သမား နှာခေါင်းရှုံ့ကာ နန်းဆောင်အပြင်သို့ ထွက်လာသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျောက်လှေကားထစ်များအပေါ်ရှိ နတ်ဘုရားအလောင်းများအား တွေ့သွား၏။ “ဒီနတ်ဘုရားစီရင်ရာစင်မြင့်က ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးရဲ့ ကောင်းကင်နတ်ဘုံထဲက နတ်ဘုရားစီရင်ရာစင်မြင့်ပဲ... ဓားမထက်တောင် ကြမ်းတမ်းတဲ့ ကျိန်စာတစ်ခုကိုတောင် မွေးဖွားပေးထားပြီးပြီ... ဒီတောင်က အမင်္ဂလာပဲ... ဖျက်စီးပစ်ရမယ်... ငါ့ ပုဆိန်စာတစ်ချက် ကျွေးပြီးရင် နတ်ဘုရားသွေးတွေကို စားနိုင်ဦးမလား ကြည့်ရသေးတာပေါ့”

သူ့အနောက်တွင် ပုဆိန်ကြီးက ဝှမ်ခနဲ လည်ကာ မြောက်တက်လာသည်။ ပုဆိန်ကြီးသည် တစတစ ကြီးမားလာပြီး နတ်စွမ်းအားအပြည့်ဖြင့် တောင်ဆီသို့ အသွား, တည်ထား၏။

တန်ခိုးရှင်သစ်ခုတ်သမားဆီမှ ခပ်အေးအေးအသံ ထွက်လာသည်။ “တောင်အောက်ဆင်းနှင့် ... ငါ ဒီတောင်ကို ဖျက်စီးမလို့”

ချင်မူမှာ သူ့စကား မပယ်ရှားဝံ့သဖြင့် အလျင်အမြန် တောင်အောက် ဆင်းလိုက်သည်။

သူ ကျောက်လှေကားထစ်များဆီ လှမ်းလိုက်သည့်အချိန်မှာပဲ အနောက်မှ ဒုန်းခနဲ မြည်သံကြီး ကြားလိုက်ရ၍ အလျင်အမြန် လှည့်ကြည့်လိုက်မိသည်။ ခေါင်းသုံးလုံး လက်ခြောက်ဖက် ချိရှိက တန်ခိုးရှင်သစ်ခုတ်သမားအား တိုက်ခိုက်နေလေသည်။

တန်ခိုးရှင်သစ်ခုတ်သမားက သတိထားမိပုံမရသော်လည်း ချိရှိက ပြေးဝင်လာသည့်အခါ ရုတ်တရက် လက်ချောင်းငါးချောင်းအား ဖြန့်ကာ ချိရှိ၏တိုက်ကွက်အား ရင်ဆိုင်လိုက်၏။

သူ့လက်ဝါးမှ မရေမတွက်နိုင်သော မှော်သင်္ကေတများ ထွက်လာပြီး ဝဲကဲ့သို့ လည်သွားသည်။ ချိရှီ၏ တိုက်ကွက်များ သူ့အပေါ်ပင် မကျရောက်နိုင်ခင် ချိရှီကား ပျောက်ကွယ်သွားချေပြီ။

တန်ခိုးရှင်သစ်ခုတ်သမားက သူ့အနောက်၌ လွင့်မျောနေသော ပုဆိန်ကြီးအား လှမ်းဆွဲ၍ မှင်သက်နေသည့် ချင်မူ့ဆီသို့ လျှောက်လာကာ ပြောသည်။ “ဘာတွေ ကြောင်ကြည့်နေတာလဲ... ဒီဟာက ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ နတ်ဘုရားစီရင်ရာစင်မြင့်လေ... ငါက ခုတ်ပိုင်းနိုင်မယ်ထင်လား... သူ့ကို မျှားခေါ်ချင်လို့သာ တမင်ပြောလိုက်တာ”

ချင်မူ သူ့နောက် အလျင်အမြန် လိုက်သွားပြီး စပ်စုကြည့်လိုက်၏။ “ဒါဆို ဆရာ ချိရှီကို ဘယ်ပို့လိုက်တာလဲ”

တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလိုက်သည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ကောင်းကင်နတ်ဆိုးမြေထဲကို.... သူနဲ့ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ ရန်ငြိုးက သမုဒ္ဒရာလောက် နက်ရှိုင်းတယ်”

ချင်မူ ကြက်သေသေသွားပြီး ရုတ်တရက် မြေကြီးပေါ် ဝပ်စင်းကာ ရိုးသားဖြူစင်စွာ ပြောလိုက်သည်။ “တပည့် သင်ယူလိုက်ရပါပြီ... တပည့် သေချာပေါက် ကောင်းကောင်းမွန်မွန် သင်ယူပါ့မယ်.... အထွတ်အမြတ်ဆရာသခင် စိတ်မပျက်စေရပါဘူး... ကျွန်တော် အထွတ်အမြတ်ဆရာသခင်လို ထူးချွန်ပြောင်မြောက်တဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ဖြစ်လာစေရပါမယ်”

All Chapters