← Chapters

နှစ်နှစ်သောင်းကြာ တန်ခိုးရှင်အမွေကို လွှဲပြောင်းပေးမှု

Vol. 45 Ch. 612

နှစ်နှစ်သောင်းကြာ တန်ခိုးရှင်အမွေကို လွှဲပြောင်းပေးမှု

Vol. 45 Ch. 612

တန်ခိုးရှင်သစ်ခုတ်သမားက သူ အရိုအသေပေးသည်ကို လက်ခံပြီး ပြောလိုက်သည်။ “ငါက တပည့်များများ လက်မခံဘူး... အရင်တုန်းက သင်ခဲ့ဖူးတာတွေကလည်း မင်းညီမင်းသားတွေပဲ ... သူတို့အနေနဲ့ ငါ့ကို ဆရာအဖြစ် သတ်မှတ်စရာ မလိုတော့ ငါ့ရဲ့ တရားဝင်တပည့်တွေက မင်းနဲ့ မင်းအစ်ကိုကြီးပဲ ရှိတယ် ... မင်းအစ်ကိုကြီးနဲ့ ယှဉ်ရင် မင်းက အများကြီးငယ်သလို၊ အတွေ့အကြုံလည်း မရှိတော့ ကောင်းကောင်းမွန်မွန် သင်ယူဖို့လိုတယ်... ငါ မင်းကို လူဆိုးဖြစ်အောင် သင်ပေးနေတာမဟုတ်ဘူး... ခံရတဲ့လူက ကိုယ်မဖြစ်အောင် သင်ပေးနေရုံသက်သက်ပဲ”

ချင်မူ မျက်တောင်ပုတ်ခတ်မိလိုက်သည်။ တန်ခိုးရှင်သစ်ခုတ်သမားက အထွတ်အမြတ်ဆရာသခင်နှင့် မတူဘဲ ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားများနှင့် တူ၏။

“ဆရာ၊ သူတော်စင်တန်ခိုးရှင်ဆိုတာ ဘာလဲ” ချင်မူ မေးလိုက်မိသည်။

“သူတော်စင်တန်ခိုးရှင်ဆိုတာ စိတ်အခြေအနေတစ်ခုပဲ”

နှစ်ယောက်သား နတ်ဘုရားစီရင်ရာစင်မြင့်၏ အောက်ခြေသို့ ရောက်လာကြပြီး တန်ခိုးရှင်သစ်ခုတ်သမားက တောင်ကို မော့ကြည့်ရင်း တည်ငြိမ်‌အေးဆေးစွာ ပြောသည်။ “ငါ မင်းရဲ့အစ်ကိုကြီးကို တစ်ခါပြောခဲ့ဖူးတယ်... သူတော်စင်တန်ခိုးရှင်တစ်ယောက် ဖြစ်ချင်ရင် လမ်းညွှန်မှုတွေ လက်ဆင့်ကမ်းရမယ်၊ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ပြီး အယူဝါဒလမ်းစဉ် ချမှတ်ပေးရမယ်၊ ကောင်းမှုကုသိုလ် ဆောက်တည်ရမယ်... ဒီသုံးမျိုး ပြီးမြောက်မှ စိတ်အခြေအနေက ဘယ်သူမှ မယှဉ်နိုင်တဲ့အဆင့်အထိ မြင့်မားသွားပြီး ခြောက်ပစ်သလဲကင်းစင်တဲ့ စိတ်အနေအထားကို ရမယ်... တန်ခိုးရှင်တစ်ယောက်ဆိုတာ ကိုယ်ကျင့်သိက္ခာ၊ အတွေးအကြံ၊ ကျိုးကြောင်းဆင်ခြင်မှုသဘောတရား၊ ထိုးထွင်းသိမြင်မှုတွေ ရှိမှသာ ပညာတစ်ရပ်ကို တည်ထောင်နိုင်တယ်... သက်ရှိအားလုံးကို သင်ကြားဆုံးမပြီး သူတို့ရဲ့မေးခွန်းတွေကို ဖြေရှင်းနိုင်တယ်... ဆူးညှောင့်ခလုတ်တွေ ဖယ်ရှားပြီး လမ်းတစ်လမ်း ဖွင့်ပေးနိုင်တယ်”

ချင်မူ မှင်သက်သွားပြီး အော်ပြောလိုက်မိသည်။ “ပညာတစ်ရပ် တည်ထောင်ရမယ်ဟုတ်လား.. ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို တည်ထောင်ပြီး သင်ကြားပို့ချမှုတွေကို လက်ဆင့်ကမ်းပေးတာက အကျုံးမဝင်ဘူးလား”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းယမ်းကာ ပြော၏။ “အဲဒါ ပညာတစ်ရပ် တည်‌ထောင်တာမဟုတ်ဘူး ... အဖွဲ့အစည်းတစ်ခု တည်ထောင်လိုက်တာမျိုးပဲ... အဲဒီလိုတည်ထောင်ရင် သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာလိမ့်မယ်... အတွေးအခေါ်တွေ ကွဲပြားလာလိမ့်မယ်... အဲဒီတိုင်းဆို အယူဝါဒလမ်းစဉ် ပျောက်ကွယ်သွားနိုင်တယ်”

ချင်မူ အံ့အားသင့်သွားပြီး ဖုန်းတုတွင် နေထိုင်နေသည့် ဂိုဏ်းသခင်ဟောင်းများကို ပြေးသတိရလိုက်သည်။ သူတို့ မျက်ရည်များ စီးကျလာသည်ကို မြင်ရရန် သူ မစောင့်နိုင်တော့ပေ။

သူတို့သည် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင် ဖြစ်ရသည်ကို ဂုဏ်ယူမာန်တက်နေခဲ့ကြသော်လည်း တန်ခိုးရှင်သစ်ခုတ်သမား၏အမြင်တွင် အရာအားလုံး မှားယွင်းနေမှန်း မသိကြပေ။

တန်ခိုးရှင်သစ်ခုတ်သမားက ရှေ့ဆက်လျှောက်သွားပြီး တစ်ချက်တစ်ချက်တွင် ကျောက်တုံးများအား လှမ်းယူတတ်သည်။ သူ၏မှော်စွမ်းအင်ဖြင့် ကျောက်တုံးကြီးများသည် အရည်ပျော်သွားပြီး လှပသော အမှတ်အသားများ ဖုံးလွှမ်းနေသည့် ကျောက်တိုင်များ ဖြစ်လာကြ၏။ ကျောက်တိုင်များက တောင်ခြေတွင် ထူးဆန်းသော အစီအစဉ်ဖြင့် စိုက်ထူနေသည်။

“ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်တယ်ဆိုတာ ပညာတစ်ရပ် တည်ထောင်တာပဲ ... ပညာကို ဘယ်လိုတည်ထောင်မလဲ... စာသင်ကျောင်းတွေ ဖွင့်လှစ်ရမယ်... တက္ကသိုလ်ကောလိပ်တွေ တည်ဆောက်ရမယ်... ဗဟုသုတတွေ ဖြန့်ဝေရမယ်... သာမန်ပြည်သူပြည်သူတွေ နိစ္စဓူဝသုံးနိုင်မယ့် လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို သုတေသန ပြုစုရမယ်”

သူက အေးအေးလူလူ ပြောရင်း နေရာရွှေ့ပြောင်းကျောက်တိုင်များအား သန့်စင်နေသည်။ “တိုင်းပြည်တစ်ပြည် အားနည်းနေရင် ပိုအင်အားကြီးပြီး ကြံ့ခိုင်တဲ့ တိုင်းပြည်ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရမယ်”

သူ၏လက်ရာက ရွှေအ,လောက် မသပ်ရပ်သော်လည်း အလွန်မြန်သည်။ သူသည် ကျောက်တိုင်များအပေါ်တွင် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း၏ သင်္ကေတများအား လျင်မြန်စွာ ခတ်နှိပ်နေ၏။

“ပြည်သူတွေ အားနည်းနေရင် ပညာသင်ပေးပြီး သန်မာလာအောင် လုပ်ပေးရမယ်”

“စစ်သည်တွေ အားနည်းနေရင် လက်နက်တွေ အဆင့်မြှင့်တင်ပြီး သန်မာလာအောင် လုပ်ပေးရမယ်”

“ဘုရင် တွေဝေနေရင် ဆန္ဒပြရမယ်၊ အလေးအနက် ဆွေးနွေးရမယ်၊ ဘုရင်ကို စိတ်ပြောင်းဖို့ အကြံပြုရမယ်၊.... စိတ်မပြောင်းသေးရင် ဒုတိယအကြိမ် ဆန္ဒပြရမယ်... အဲဒါတောင် မပြောင်းလဲသေးရင် ဘုရင်အသစ် တင်မြှောက်ရမယ်”

“ကောင်းကင်ဘုံဆီ သွားစရာလမ်း မရှိရင် ပြုပြင်မှုတွေ လုပ်ပြီး ကောင်းကင်ဘုံဥပဒေသတွေကို ကမ္ဘာလောကနဲ့ သင့်တော်အောင် ပြောင်းလဲရမယ် .... ကောင်းကင်ဘုံ မပြောင်းလဲရင် ပြောင်းလဲဖို့ ပြုပြင်ရမယ်... ဆက်မပြောင်းလဲသေးရင် အဲဒီကောင်းကင်ဘုံကို ဖယ်ရှားပြီး လမ်း တည်ဆောက်ရမယ်”

...

သူ အသေးစိတ် ရှင်းပြနေစဉ် သူတို့နှစ်ယောက်အား တောင်၏တစ်ဝက်နီးပါး ပတ်လျှောက်လာခဲ့ပြီးပြီ ဖြစ်သည်။

ချင်မူက အာရုံစူးစိုက်စွာ နားထောင်နေပြီး တန်ခိုးရှင်သစ်ခုတ်သမား ပြောပြီးသည့်အခါ မေးလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်၊ တန်ခိုးရှင်တစ်ယောက် ဖြစ်လာဖို့အတွက် လိုအပ်ချက်တွေက မြင့်လွန်းတယ်... ကျွန်တော် အရင်တုန်းက တွေ့ခဲ့ဖူးသမျှ လူတိုင်းကို ပြန်စဉ်းစားကြည့်ခဲ့ပေမယ့် တစ်ယောက်မှ တန်ခိုးရှင်အရည်အချင်းနဲ့ မကိုက်ညီဘူး... အထွတ်အမြတ်ဆရာသခင် ဒါတွေအကုန်လုံး လုပ်နိုင်ခဲ့လား”

တန်ခိုးရှင်သစ်ခုတ်သမားက ခြေလှမ်းများကို ရပ်လိုက်သည်။ လေလယ်ရှိ ကျောက်ခဲများ အရည်ပျော်သွားပြီး ကျောက်တိုင်များ ဖွဲ့တည်လာ၏။

တန်ခိုးရှင်သစ်ခုတ်သမားသည် လုံးဝမလှုပ်တော့သဖြင့် ကျောက်တိုင်များအပေါ်ရှိ အမှတ်အသားများလည်း ဖွဲ့တည်နေခြင်း ရပ်တန့်သွားသည်။

ချင်မူ ရင်ထဲလေးလံသွားပြီး စကားများမိသော သူ့ကိုယ်သူ ကျိန်ဆဲလိုက်မိသည်။ သူ ခိုးကြည့်လိုက်သည့်အခါ သက်လတ်ပိုင်းအရွယ် သစ်ခုတ်သမား မျက်ရည်များစီးကျလာသည်ကို မြင်လိုက်ရသည်။

“တစ်ခါတုန်းကတော့ ငါ လုပ်နိုင်မယ် ထင်ခဲ့ဖူးတယ်”

တန်ခိုးရှင်သစ်ခုတ်သမား၏အသံမှာ အနည်းငယ်အက်ကွဲနေသည်။ သူက ဝမ်းနည်းကြေကွဲစွာ ဆက်ပြောလေသည်။ “တစ်ခါတုန်းက ငါ သူတော်စင်တန်ခိုးရှင် ဖြစ်လာနိုင်တယ် ထင်ခဲ့ဖူးတယ်... တခြားသူတွေကလည်း ငါ့ကို သူတော်စင်တန်ခိုးရှင်လို့ ခေါ်ကြတယ်... ပညာတစ်ရပ် တည်ထောင်ပြီး ပြုပြင်ပြောင်းလဲမှုတွေကနေတစ်ဆင့် ငါတို့ကိုယ်ငါတို့ သန်မာလာအောင် လုပ်နိုင်ပြီ... ခိုင်ဧကရာဇ်အင်ပါယာ အင်အားတောင့်တင်းလာအောင် လုပ်နိုင်ပြီ၊ အားနည်းသူတွေ သန်မာလာအောင် လုပ်နိုင်ပြီ၊ စစ်တပ်ကို ပြောင်းလဲပြီး ရန်သူတွေ ကြောက်လန့်သွားအောင် လုပ်နိုင်ပြီ ... ငါ အဲဒီလိုထင်ခဲ့မိတယ်... ဘုရင်က မတွေဝေမယ့်သူ မဟုတ်ဘူးလို့လည်း ယုံကြည်ခဲ့မိတယ်... ကောင်းကင်ဘုံလမ်းကို ဖွင့်လှစ်နိုင်မယ်၊ ကောင်းမှုကုသိုလ် ဆောက်တည်နိုင်မယ်လို့လည်း သေချာခဲ့တယ်... ဒါပေမဲ့ အဲဒီအချက်သုံးချက်က ငါ မအောင်မြင်ခဲ့တဲ့ အချက်တွေပဲ’

ဘုန်း

အပြည့်အဝ ရုပ်လုံးမပေါ်သေးသော ကျောက်တိုင်ကြီးက မြေကြီးပေါ် ပြုတ်ကျပြီး ရွှံ့ထဲ စိုက်ဝင်သွားသည်။ တန်ခိုးရှင်သစ်ခုတ်သမားမှာ ညာလက်ဖြင့် တိုင်ကို ဆုပ်ကိုင်ပြီး တံတောင်ကွေး၌ မျက်နှာကို ဝှက်ထား၏။ သူ မျက်ရည်ကျနေသည်ကို ချင်မူ မမြင်စေချင်၍ ဖြစ်သည်။

“ငါ ရှုံးနိမ့်ခဲ့တယ်... ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာကို မသွားအောင် မတားနိုင်ခဲ့ဘူး.. ဘုရင် တွေဝေနေတာကို ငါ ခွင့်ပြုပေးခဲ့မိတယ်.... ငါက ရှုံးနေခဲ့ပြီးပြီ... ဥပဒေသတွေ လမ်းစဉ်တွေကို ပြောင်းလဲပြီး ကောင်းကင်ဘုံလမ်းကို ဖွင့်နိုင်မယ် ငါ ထင်ပေမဲ့ ကောင်းကင်ဘုံက ခိုင်ဧကရာဇ်အင်ပါယာကို ဖျက်စီးပြီး ခိုင်ဧကရာဇ်ခေတ်ကို အဆုံးသတ်ခဲ့တယ်... အဲဒီစစ်ပွဲမှာ ငါ ရှုံးခဲ့တယ်... ကောင်းမှုကုသိုလ်လည်း မဆောက်တည်နိုင်ခဲ့ဘူး

“ငါ ရှုံးနိမ့်ခဲ့တယ် ချင်မူ... ငါက မင်းရှာနေတဲ့ သူတော်စင်တန်ခိုးရှင် မဟုတ်ဘူး.. မင်းကိုလည်း ငါ ဘာမှမသင်ပေးနိုင်ဘူး.. ငါကိုယ်တိုင်က အရှုံးသမားဖြစ်နေတာ”

...

ချင်မူ သူ့ကို ငေးကြည့်နေမိပြီး ရင်ထဲတွင် ကိုယ်ချင်းစာမိသည်။

တန်ခိုးရှင်သစ်ခုတ်သမား၏ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်အကောင်းဆုံး အချိန်တွင် ခိုင်ဧကရာဇ်က စစ်ပွဲကို မတိုက်ခိုက်ဘဲ ထွက်ပြေးသွားပြီး ရွှင်ပျော်ပျော်ကျေးရွာအား တည်ဆောက်ခဲ့၏။ ထို့ကြောင့် သစ်ခုတ်သမား၏ တိုက်ခိုက်လိုစိတ်များ သွေးအေးသွားခဲ့သည်။

သူ့မှာ ခိုင်ဧကရာဇ် ထွက်ပြေးသွားသည်ကို မြင်ခဲ့ရပြီး သူတို့ သွေးချွေးများဖြင့် တည်ဆောက်ခဲ့ရသော ခိုင်ဧကရာဇ်အင်ပါယာ ပြာကျသွားသည်ကို ကြည့်ခဲ့ရသည်။ ရည်မှန်းချက်တူညီသည့် သွေးသောက်ရဲဘော်များ တိုက်ခိုက်ရင်း သေဆုံးသွားကြသည်ကို ကြည့်ခဲ့ရသည်။ သူတို့ ခေါင်းဖြတ်သတ်ခံရပြီး သူတို့၏သွေးများက အမိမြေအပေါ် စွန်းထင်းနေသည်ကိုလည်း ကြည့်ခဲ့ရ၏။ ခိုင်ဧကရာဇ် ပြန်ရောက်လာပြီး အသက်ကြီး၍ သေဆုံးတော့မည့် သူတို့အား ဦးဆောင်ကာ တိုက်ပွဲဝင်လိမ့်မည်ဟု မျှော်လင့်နေကြသူများကိုလည်း ကြည့်နေခဲ့ရသည်။ ထိုခေတ်မှ ပြည်သူမျိုးဆက်တစ်ဆက်ပြီးတစ်ဆက် သေဆုံးသွားပြီး အသစ်အသစ်သော မျက်နှာများ ‌ပေါ်လာကြသည်ကိုလည်း ကြည့်နေခဲ့ရ၏။

သူ့ရင်ထဲရှိ နာကျင်မှုအား အခြားမည်သူမှ စိတ်မကူးကြည့်နိုင်ပေ။

ချင်မူ ရုတ်တရက် အော်ဟစ်လိုက်သည်။ “အထွတ်အမြတ်ဆရာသခင်၊ ကျွန်တော့်ကို တန်ခိုးရှင်လမ်းစဉ် သင်ကြားပေးနိုင်မလား”

တန်ခိုးရှင်သစ်ခုတ်သမားက အင်္ကျီလက်အိုးများဖြင့် မျက်ရည်သုတ်ကာ သူ့ဆီသို့ လှည့်ကြည့်သည်။ ချင်မူ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “ကျွန်တော် ဆရာ့ရဲ့သင်ကြားပို့ချမှုတွေကို အမွေဆက်ခံပြီး ဒီလမ်းစဉ်အတိုင်း ဆက်လျှောက်မယ်... ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ်... တွေဝေနေတဲ့ ဘုရင်ကို ဖြုတ်ချမယ်... လမ်းမရှိရင် ကောင်းကင်ဘုံကို ဖျက်စီးပစ်မယ်”

တန်ခိုးရှင်သစ်ခုတ်သမားက အမူအရာလေးနက်သွားပြီး ခေါင်းယမ်းလိုက်သည်။ “မင်း မလုပ်နိုင်ဘူး”

ချင်မူ သွေးဆူလာသည်။ ဒေါသကြောင့် လက်သီးနှစ်ဖက်လုံး တင်းတင်းဆုပ်လိုက်မိ၏။ “ဘာလို့မလုပ်နိုင်တာလဲ... အစ်ကိုကြီးရဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းနဲ့ သဘောပေါက်နားလည်နိုင်စွမ်းက နည်းနည်းလိုအပ်နေလို့ ဂိုဏ်းတည်ထောင်တာကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်း တည်ထောင်ရမယ် ထင်ခဲ့တာပါ.. ဒါပေမဲ့ ကျွန်တော်က အဲဒီလောက်မတုံးဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းယမ်းလိုက်၏။ “မင်းရဲ့အစ်ကိုကြီးက နည်းနည်းတုံးပေမယ့်၊ နည်းနည်းအပေမယ့် မင်းကလည်း သူနဲ့ မခြားဘူး.. မင်းက သွေးပူနေရင် အလုပ်ဖိလုပ်တယ်... တစ်ခါတလေ ဉာဏ်များပေမယ့် အာရုံမစိုက်တတ်ဘူး... စိတ်ကစားတာလည်း များတယ်... အရာရာတိုင်းက မင်းအတွက် အသစ်လို ဖြစ်နေလို့ အကုန်လုံးကို လိုက်လေ့လာချင်တယ်... မင်းမှာ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိပေမယ့် နက်ရှိုင်းသင့်သလောက် မနက်ရှိုင်းဘူး... ယုံကြည်ချက်တွေ ရှိပေမယ့် ခိုင်မာသင့်သလောက် မခိုင်မာဘူး... မင်းရဲ့တာအိုနှလုံးသားကလည်း ‌တောင်တွေ၊ မြစ်တွေလို မခိုင်မာဘူး.. အမြဲပြောင်းလဲနေသေးတယ်... မင်းက သူတော်စင်တန်ခိုးရှင် ဖြစ်မလာနိုင်တာတော့ မဟုတ်ပေမယ့် ... အခုလောလောဆယ်တော့ မလုံလောက်သေးဘူး”

ချင်မူ ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျွန်တော် ပြောင်းလဲနိုင်တယ်... ကျွန်တော် သင်ယူနိုင်တယ်”

“ငါ ထပ်မစောင့်နိုင်တော့ဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို နွေးထွေးပြုံးပြပြီး အသံသည်လည်း နူးညံ့ပျော့ပျောင်းသွားသည်။ “တပည့်လေး၊ ဆရာ တကယ် မစောင့်နိုင်တော့ဘူး”

ချင်မူ ငေးငိုင်သွားသည်။

တန်ခိုးရှင်သစ်ခုတ်သမားက ကျောက်တိုင်ကို သေသေချာချာ သင်္ကေတခတ်နှိပ်ကာ ရှေ့ဆက်လျှောက်သွားသည်။

ချင်မူမှာ သူ့နောက်မှ လိုက်သွားပြီး သူ နေရာရွှေ့ပြောင်းကျောက်တိုင် တစ်တိုင်ပြီးတစ်တိုင် စိုက်ထူနေသည်ကို ကြည့်‌နေ၏။

အချိန်အနည်းငယ်ကြာသော် တန်ခိုးရှင်သစ်ခုတ်သမားသည် အစီအစဉ်ချပြီးသွား၍ ငိုင်နေသော ချင်မူ့ဆီသို့ ကြည့်လိုက်၏။ သူက ပြုံးလိုက်သည်။ “မျက်နှာကြီး အိုစာမနေနဲ့ ... ငါသာ မင်းအကြောင်း မသိရင် မင်းတာအိုနှလုံးသားက ကျားနက်လို အားနည်းနေတယ် ထင်မိလိမ့်မယ်... တောင်ပေါ် တက်စို့”

ချင်မူလည်း စိတ်အားပြန်တင်းကာ သူနှင့်အတူ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် တက်လိုက်သည်။

တန်ခိုးရှင်သစ်ခုတ်သမားက နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်သည်နှင့် ကျောက်တိုင်များအပေါ်ရှိ သင်္ကေတအမှတ်အသားများ လင်းလက်လာသည်။ အမှတ်အသားများက လှပသော စာသားများအသွင် ဖွဲ့တည်လာ၏။ ထို့နောက် အချင်းချင်း ချိတ်ဆက်ကာ လျင်မြန်စွာ လှည့်ပတ်နေသည်။

ဤနတ်ဘုရားစီရင်ရာစင်မြင့်အား ရွှေ့ရန် သူတော်စင်တန်ခိုးရှင်သစ်ခုတ်သမားကဲ့သို့ နတ်ဘုရားတစ်ပါးပင် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းအား ဝင်္ကပါတစ်ခုအဖြစ် ဦးစွာ တည်ဆောက်ရ၏။ ထို့နောက်မှ နေရာရွှေ့ပြောင်းနိုင်လေသည်။

ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထစ်ချုန်းသံများအကြား အလင်းတန်းများ လူးလာဖြတ်ပြေးသွားသည်။ နတ်ဘုရားစီရင်ရာစင်မြင့်ကား ဝုန်းခနဲ မြောက်တက်သွားပြီး အလင်းတန်းနှင့်အတူ ပျံသန်းသွားလေသည်။

ချင်မူ တောင်ပေါ်၌ ရပ်လျက် နောက်လှည့်ကြည့်လိုက်သည့်အခါ ဆန်းကြယ်ကြယ်သည် ဝေးသထက် ဝေး၍ သွား၏။ မကြာခင်တွင် သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

တိတ်ဆိတ်ခြောက်ကပ်နေသော ဗလာအမှောင်ထုက သူတို့ကို ဝန်းရံနေသည်။ တစ်ချက်တစ်ချက် ကြယ်သေးသေးလေးများအား သူ မြင်ရ၏။

ချင်မူ ရုတ်တရက် ပြောလိုက်သည်။ “အထွတ်အမြတ်ဆရာသခင်၊ ကျွန်တော့်ထက် အတွေးအခေါ်နဲ့ ပါရမီ ပိုပြီးထက်သန်တဲ့ လူတစ်ယောက် ရှိတယ်... သူက ဆရာ့သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမယ်ထင်တာပဲ... သူနဲ့ တွေ့ပါလား”

တန်ခိုးရှင်သစ်ခုတ်သမားမှာ ကြောင်သွားသော်လည်း ပြုံးလိုက်သည်။ “တွေ့တာပေါ့... ဒါပေမဲ့ ငါ့ကို အထွတ်အမြတ်ဆရာသခင်လို့ မခေါ်နဲ့ ... ဆရာလို့ပဲ ခေါ်တော့”

“ဆရာ”

လော့ဖူကောင်းကင်ဘုံ၏ ကောင်းကင်မှ အလင်းတန်း ကျဆင်းလာပြီး ယဇ်ပလ္လင်တစ်ခု၏အရှေ့၌ ဆင်းသက်သွားသည်။

အလင်းရောင်အောက်၌ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ရှုပ်ထွေးသော သင်္ကေတများ ပေါ်လာပြီး တရစပ် လည်သွား၏။ အလင်းရောင် ပျောက်ကွယ်သွားသည့်အခါ ခမ်းနားကြီးကျယ်သော နတ်ဘုရားစီရင်ရာစင်မြင့် ဘွားခနဲ ပေါ်လာချေပြီ။

တန်ခိုးရှင်သစ်ခုတ်သမားက နတ်ဘုရားစီရင်ရာစင်မြင့်ထက်မှ ဆင်းလိုက်ပြီး သူ့ကျောမှ ပုဆိန်ကြီးက မြှောက်တက်လာကာ ဟင်းလင်းပြင်အား ခုတ်ချလိုက်သည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီ ဦးတည်နေသော အက်ကွဲကြောင်းတစ်ကြောင်း ပွင့်လာ၏။ “သူ့ကို ငါ့ဆီ ခေါ်လာခဲ့”

ချင်မူ အရိုအသေပေးလိုက်သည်။ “ဟုတ်ကဲ့ဆရာ”

ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၊ လီမြို့

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများသည် စစ်ပွဲများအတွက် ဝိညာဉ်လက်နက်များ သွန်းလုပ်နေကြ၏။ ချင်မူက သူတို့ဆီ သွားပြီး ဧကရာဇ်အတိုင်ပင်ခံအား ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ၊ တန်ခိုးရှင်သစ်ခုတ်သမားက ခင်ဗျားကို တွေ့ချင်နေတယ်”

ဧကရာဇ်အတိုင်ပင်ခံမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့ကို အံ့ဩဝမ်းသာစွာ ကြည့်လေသည်။

သူတို့နှစ်ယောက် လော့ဖူကောင်းကင်ဘုံသို့ ရောက်လာကြသည်။ ဧကရာဇ်အတိုင်ပင်ခံက မြင့်မားခမ်းနားလှသော ယဇ်ပလ္လင်အား မော့ကြည့်လိုက်၏။ ယဇ်ပလ္လင်ထက်တွင် သစ်ခုတ်သမားသဖွယ် ဝတ်စားထားသော သက်လတ်ပိုင်းလူတစ်ယောက် မတ်တပ်ရပ်နေသည်။

ဧကရာဇ်အတိုင်ပင်ခံ စိတ်လှုပ်ရှားလာပြီး သူ့ကိုယ်သူ သပ်သပ်ရပ်ရပ် လုပ်လိုက်သည်။ သူ တွေ့ချင်ပါကြောင်း ပြောတော့မည့်အချိန် တန်ခိုးရှင်သစ်ခုတ်သမား၏ အသံကြီးက ခေါင်းလောင်းသံကြီးသဖွယ် ယဇ်ပလ္လင်ထက်မှ ဟိန်းထွက်လာသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဧကရာဇ်အတိုင်ပင်ခံ၊ ငါ့မှာ မင်းကို မေးစရာ မေးခွန်းသုံးခု ရှိတယ် ... သုံးခုလုံး ဖြေနိုင်ရင် ပလ္လင်ပေါ် တက်လာပြီး ငါ့ကို တွေ့နိုင်တယ်... လာခဲ့”

ဧကရာဇ်အတိုင်ပင်ခံ ကျောက်လှေကားထစ်များအတိုင်း တက်သွားပြီး ပလ္လင်၏ သုံးပုံတစ်ပုံသို့ ရောက်သည့်အခါ တန်ခိုးရှင်သစ်ခုတ်သမား၏အသံ ထွက်လာသည်။ “ပထမမေးခွန်း၊ မင်းရဲ့မူလရည်ရွယ်ချက်... ဖြေ”

ဧကရာဇ်အတိုင်ပင်ခံက ရပ်၍ ကျယ်လောင်စွာ ပြောလိုက်သည်။ “အကောင်းအဆိုး ခွဲခြားနိုင်တဲ့ အသိတရားနဲ့ လိပ်ပြာသန့်သန့် နေထိုင်ပြီး ပြည်သူပြည်သားတွေရဲ့ ဘဝနဲ့ အနာဂတ်ကို လုံခြုံမှုပေးမယ်... အရင်ပညာရှိတွေရဲ့ သင်ကြားပို့ချမှုတွေ မပျောက်ပျက်အောင် ထိန်းသိမ်းမယ်... အနာဂတ်မျိုးဆက်သစ်အားလုံးအတွက် ငြိမ်းချမ်းရေးတည်ဆောက်ပေးမယ်... အဲဒါ‌တွေက ကျွန်တော့် မူလရည်ရွယ်ချက်တွေပါ”

ယဇ်ပလ္လင်ထက်တွင် တန်ခိုးရှင်သစ်ခုတ်သမားမှာ အတန်ကြာ တိတ်ဆိတ်သွားပြီး ပြော၏။ “တက်ခဲ့”

ဧကရာဇ်အတိုင်ပင်ခံ ပလ္လင်၏ သုံးပုံနှစ်ပုံအထိ တက်ပြီးသွားသည့်အခါ တန်ခိုးရှင်သစ်ခုတ်သမား၏ အသံက ပျံ့လွင့်လာပြန်သည်။ “ဒုတိယမေးခွန်း၊ မင်းရဲ့ တာအိုနှလုံးသား... ဖြေ”

ဧကရာဇ်အတိုင်ပင်ခံက ရပ်၍ စိတ်အားတက်ကြွစွာဖြင့် ပြောလိုက်သည်။ “မူလရည်ရွယ်ချက်ကို ဘယ်တော့မှ မပြောင်းလဲဘဲ ထာဝရခိုင်မာတဲ့ တာအိုနှလုံးသားနဲ့ ရှေ့ဆက်မယ်”

“တက်ခဲ့”

ဧကရာဇ်အတိုင်ပင်ခံ ဆက်တက်သွားပြီး ထိပ်သို့ ရောက်တော့ပေမည်။ “တတိယမေးခွန်း၊ ဒီလမ်းကြောင့် မင်းသေရလိမ့်မယ်... မင်းရဲ့ဂုဏ်သတင်းတွေကိုလည်း ဆုံးရှုံးရမယ်၊ မျိုးဆက်သစ်တွေက မင်းကို မေ့သွားနိုင်သလို၊ မုန်းလည်း မုန်းနိုင်တယ်.. ဒီလမ်းက မင်းရဲ့ဘဝကို ဖျက်စီးပစ်ရုံတင်မကဘူး မင်းရဲ့ဂုဏ်သိက္ခာတွေကို မြောင်းထဲပို့လိမ့်မယ်... ဒီနေ့ကစပြီး မင်းက ဘာမဟုတ်တဲ့လူ ဖြစ်လာလိမ့်မယ်... ဒါတွေကို သိလား”

“ကျွန်တော် သိပါတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အရိုအသေပေးလိုက်သည်။ “ကျွန်တော် လုပ်ချင်ပါတယ် ကျွန်တော် ဘယ်တော့မှ နောင်တမရသလို ဝမ်းနည်းနေမှာလည်း မဟုတ်ဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလိုက်၏။ “ငါ လူပေါင်းမရေမတွက်နိုင်အောင် သင်ပေးခဲ့ဖူးတယ်.. ဒါပေမဲ့ တပည့်နှစ်ယောက်ပဲ လက်ခံခဲ့တာတောင် တပည့်နှစ်ယောက်လုံးက ငါ့အမွေအစစ်၊ ငါ့သင်ကြားမှုအစစ်ကို မရခဲ့ကြဘူး... အဲဒီအစား တံခါးအပြင်က ပန်းက ပွင့်လန်းလာခဲ့ပြီ... တက်လာခဲ့”

ဧကရာဇ်အတိုင်ပင်ခံ နောက်ဆုံးလှေကားထစ်ကို တက်ကာ ယဇ်ပလ္လင်အပေါ်ရှိ တန်ခိုးရှင်သစ်ခုတ်သမားအား မျက်နှာမူလိုက်သည်။

ဒုန်း

တန်ခိုးရှင်သစ်ခုတ်သမား၏အနောက်ရှိ ပုဆိန်ကြီးက ပြုတ်ကျသွားပြီး ကြမ်းပြင်ပေါ် စိုက်သွား၏။ တန်ခိုးရှင်သစ်ခုတ်သမားက ပုဆိန်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ လက်နှစ်ဖက်ကို ဒူးနှစ်ဖက်အပေါ် တင်လိုက်သည်။ “မင်း အခု တပည့်အနေနဲ့ ဂါဝရပြုနိုင်ပါပြီ”

ဧကရာဇ်အတိုင်ပင်ခံက ဒူးထောက်ကာ အလေးအနက် ပြောလိုက်သည်။ “မြစ်သင်္ချိုင်းကျောင်းသား ဆရာ့ကို ဂါဝရပြုပါတယ်”

ချင်မူမှာ ယဇ်ပလ္လင်ဆီသို့ မော့ကြည့်ရင်း မျက်ရည်များ အလိုလိုကျလာသည်။ ခိုင်ဧကရာဇ်ခေတ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်အထိ ရောက်လာသော တန်ခိုးရှင်အမွေကို သူ မျက်မြင်သက်သေတည်နေရလေသည်။

ယခုတွင် ခေတ်အဟောင်းမှ သူတော်စင်တန်ခိုးရှင်တစ်ယောက်၏ တာဝန်ကား ခေတ်သစ်မှ ပါရမီရှင်၏ ပခုံးပေါ်သို့ လွှဲပြောင်းခံလိုက်ရပြီဖြစ်၏။

ဤမြင်ကွင်းမှာ ကြီးမားခမ်းနားသော မြင်ကွင်းလည်းမဟုတ်၊ စိတ်နှလုံးလှုပ်ရှားဖွယ်လည်း မဟုတ်၊ သို့သော် သူ မျက်ရည်ကျမိနေသည်။

၎

င

၎

၎

၎

င

၎

၎

၎

င

၎

၎

၎

င

၎

၎

All Chapters