မဟူရာညလယ်က အလင်းသစ်ပင်
Vol. 45 Ch. 614
တိုက်ခိုက်သံများနှင့် မိစ္ဆာနတ်ဘုရားတို့၏ ကြုံးဝါးသံများ ဆူညံပွက်လောရိုက်နေသည်။ သူတို့က ချိရှိကို အဘက်ဘက်မှ ဝိုင်း၍ တိုက်ခိုက်နေကြ၏။
သွေးချောင်းစီး တိုက်ပွဲပြီးနောက် အလောင်းများက တောင်လို ပုံနေပြီး ချိရှီ ပင်ပန်းလာသည်။ သူ ကျင့်ကြံထားသည်မှာ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ် ဖြစ်ပြီး ဤကျင့်စဉ်က အခြားသူများ၏ ချီနှင့်သွေးကို စုပ်ယူကာ ထိပ်ဆုံးအခြေအနေတွင် အမြဲထိန်းပေးထားနိုင်သည်။ ထို့အပြင် ခေါင်းသုံးလက်၊ လက်ခြောက်ဖက်နှင့်အတူ သူ၏အနီးကပ်သိုင်းစွမ်းရည်က ပြီးပြည့်စုံသောအဆင့်သို့ ရောက်ခါနီးချေပြီ။
ထို့ပြင် ရန်သူများ ထိခိုက်ဒဏ်ရာရသရွေ့ သွေးတို့စီးဆင်းနေမည်ဖြစ်ရာ သူ့ကိုယ်ထဲသို့ စုပ်ယူနိုင်သည်။ တိုက်ပွဲ ကြာရှည်လေလေ၊ သူ့အတွက် အကျိုးကျေးဇူးများလေလေပင်။
ဤနတ်ဘုရားကျင့်စဉ်သည် ချိမင်ခေတ်အတွင်း အထင်ရှားဆုံးကျင့်စဉ်များအနက်မှ တစ်ခုဖြစ်၏။ ထိုခေတ်အခါတုန်းက ဤကျင့်စဉ်ကို လူပေါင်းများစွာ ကျင့်ကြံခဲ့သောကြောင့် ချိမင်ခေတ်၏ နတ်ဘုရားများမှာ အထင်ကရပြယုဂ်အနေဖြင့် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိလာခဲ့ကြသည်။
အန္တဝရသိုင်းနတ်ဘုရားကျင့်စဉ်တွင် အားနည်းချက်နှစ်ချက် ရှိသည်။ ပထမတစ်ချက်က ခန္ဓာကိုယ်ကို ညှင်းပန်းရာကျသဖြင့် ပင်ပန်းနွမ်းနယ်လာလိမ့်မည်။ သို့သော် တစ်ချိန်တည်းမှာပင် ချီနှင့်သွေးတို့ အားကောင်းလာမည်။
ဒုတိယအချက်က ကောင်းကင်နတ်သိုင်းပင်။
အနီးကပ်တိုက်ခိုက်ရသော ကျင့်စဉ်ဖြစ်သောကြောင့် ချိရှီအနေဖြင့် ကောင်းကင်နတ်သိုင်းများတွင် မကျွမ်းကျင်ပေ။
ချိမင်ခေတ်၏ အာဏာပါးကွပ်သားသည် ညအမှောင်၏အလယ်၊ အလောင်းပုံ၏အထက်၌ ထိုင်နေ၏။ ပတ်ဝန်းကျင်တွင် ကောင်းကင်နတ်သိုင်းအကြွင်းအကျန်များမှ မီးတောက်များ စွဲလောင်နေသဖြင့် မီးခိုးငွေ့များက ကောင်းကင်ယံသို့ တလူလူ တက်နေသည်။
ဂူမြို့ကား ပျက်စီးသွားချေပြီ။
လက်ရှိအချိန်တွင် အမှောင်ထုထဲမှ စက္ကူလှေများ လွင့်မျောလာပြီး မရဏတမန်တော်များက သေဆုံးသူတို့၏ ဝိညာဉ်များအား ခေါ်ဆောင်နေ၏။ ချိရှီက မရဏတမန်တော်များကို ကြည့်ရင်း မည်သည်ကိုမှ မမေးပေ။
သူသည် ချိမင်ကောင်းကင်ဘုံ၏ အာဏာပါးကွပ်သား မဟုတ်ပါ၏လော။ ဤမြင်ကွင်းများနှင့် အသားကျနေသည်မှာ ကြာချေပြီ။
သူက အလောင်းပုံအထက်၌ ထိုင်ကာ အဝေးသို့ ငေးကြည့်နေသည်။ ထိုစဉ် မျက်နှာသုံးဖက် မိစ္ဆာနတ်ဘုရားက သူ့ဆီ လျှောက်လာ၏။ ထိုသူကား ကြောက်မက်ဖွယ်ရာ အစွမ်းအစများဖြင့် ကောင်းကင်နတ်ဆိုးတစ်ကောင် ဖြစ်သည်။
နတ်ဆိုးဘုရင်ဖုရွေ့လော်
ချိရှီသည် အောက်ရှိ အလောင်းတစ်လောင်း၏ ခေါင်းကို ခြေတစ်ဖက်ဖြင့် နင်းထားပြီး နောက်တစ်ဖက်အား အေးအေးလူလူ ချထားသည်။ သူက အသက်ရှူသံကို ထိန်းညှိရင်း ဒေါသကို မြိုသိပ်ထားပြီး အကုန်လုံး ဖောက်ခွဲထုတ်လွှတ်ရမည့် အခိုက်အတန့်ကို စောင့်နေသည်။
သူ၏ပြိုင်ဘက်က ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ နတ်ဆိုးဘုရင် ဖြစ်သည်။ တစ်ခါက နတ်ဘုရားစီရင်ရာဓားမ၏ အကူအညီဖြင့် နတ်ဆိုးဘုရင်တစ်ယောက်ကို သူ သတ်နိုင်ခဲ့၏။ ဤပြိုင်ဘက်က အလွန်ကြောက်မက်ဖွယ်ရာကောင်းသောကြောင့် သူ့အနေဖြင့် စိတ်အခြေအနေကို အကောင်းဆုံး ထိန်းထားရန် လိုအပ်သည်။ ပြိုင်ဘက်ကို အခွင့်အရေးပေးလိုက်၍ မဖြစ်ပေ။
ကလဲ့စားချေလိုသည့် အမျက်ဒေါသနှင့် ကလဲ့စားချေလိုသည့် စိတ်အဟုန်က သူ့အတွက် တွန်းအားဖြစ်သလို၊ သူ၏ဆင်ခြင်တုံတရားကိုလည်း ပျောက်ကွယ်သွားစေ၏။
ချိရှီအနေဖြင့် အမျက်ဒေါသကို မြိုသိပ်ထားပြီး သေရေးရှင်ရေးဆုံးဖြတ်ပေးမည့် အခိုက်အတန့်ရောက်မှသာ ဖောက်ခွဲထုတ်ဖော်လိုက်ခြင်းဖြင့် ရန်သူကို အသေသတ်နိုင်လိမ့်မည်။ ထိုအချိန်တွင် သူ စိတ်တိုင်းကျ တိုက်ခိုက်ကာ အမျက်ဒေါသအား ချေဖျက်နိုင်မည်။ အောင်မြင်စွာ ကလဲ့စားချေနိုင်မှသာ သူ၏တာအိုနှလုံးသားအတွက် ပျော်ရွှင်မှုနှင့် အေးချမ်းမှုကို ဆောင်ကြဉ်းပေးနိုင်မည်။
နတ်ဆိုးဘုရင်ဖုရွေ့လော်က လမ်းလျှောက်လာနေဆဲဖြစ်ပြီး အမှတ်တမဲ့ ကြည့်လျှင် သူ၏ရုပ်သွင်သည် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် မတူပေ။ ခံ့ညားချောမောသော သက်လတ်ပိုင်းလူတစ်ယောက်နှင့် တူနေ၏။
သူ လျှောက်နေစဉ် သူ့လက်များက နိမ့်ချည်မြင့်ချည် လှုပ်ရှားကာ ကောင်းကင်နတ်သိုင်းတစ်ခုပြီးတစ်ခု ထုတ်လွှတ်နေသည်။ သို့သော် ဤကောင်းကင်နတ်သိုင်းများက စုဝေးရုံသာ စုဝေးနေပြီး ဖြာထွက်လာမသေးပေ။
သူ့ခြေလှမ်းများက မမြန်သော်လည်း သူ၏အလျင်က အလွန်မြန်နေ၍ တောင်ကြီးတစ်လုံးပေါ်မှ ပြေးဆင်းလာနေသည့်အလား အထင်မှားစေနိုင်သည်။
သူ့တွင် ကြီးမိုးလွှမ်းမိုးနိုင်သော အရှိန်အဝါလည်း ရှိနေသည်။
သူ၏ကောင်းကင်နတ်သိုင်းများ စုဝေးနေသည့်နှုန်းက အလွန်တရာ မြန်နေသဖြင့် ချိရှီ ဖိစီးလာသည်။ ဖိအားက အားကောင်းသထက် အားကောင်းလာ၍ သူ ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။
သူ့အနောက်၌ ဟင်းလင်းပြင်အလွှာများ ဖွဲ့တည်လာပြီး ဂူမြို့အား သူ့ဆီမှ ဝေးရာသို့ တွန်းထုတ်နေသည်။ ထိုမျှသာမက အလောင်းတောင်အနားရှိ အလောင်းများလည်း တဖြည်းဖြည်း ဝေးကွာသွား၏။
ဖုရွေ့လော်၏ ကောင်းကင်နတ်သိုင်းက ရောက်လာတော့မည့် တိုက်ပွဲအတွက် ပြင်ဆင်မှုများ လုပ်နေခြင်းဖြစ်၏။ ၎င်းက ချိရှီ အလောင်းများဆီမှ ချီနှင့်သွေးများ ငှားမယူနိုင်အောင် ဤနတ်ဆိုးအလောင်းများအား ပြောင်းရွှေ့နေလေသည်။
ချိရှီအနေဖြင့် မလှုပ်ရှားလျှင် ဖုရွေ့လော်၏ ပြိုင်ဘက်ကင်းအရှိန်အဝါအား တွန်းလှန်နိုင်တော့မည်မဟုတ်ပေ။
ချိရှီက လေပေါ် တက်လိုက်သည်။ သူ၏လက်ခြောက်ဖက်သည် ရွှေဓားမခြောက်လက်ကို ဆုပ်ကိုင်ပြီး အပေါ်အောက် ခုတ်ချလိုက်ကာ သိုင်းကွက်အသားပေးပညာရပ်၏ သိုင်းများအား ထုတ်ဖော်လိုက်၏။
သိုင်းကွက်အသားပေးပညာရပ်၏ သိုင်းကွက်များသည် လှိုင်းလုံးများသဖွယ် ဖွဲ့တည်ပြီး တစ်လှိုင်းပေါ် တစ်လှိုင်း ဆင့်ထပ်သွားသကဲ့သို့ ထင်ရ၏။ ၎င်းတို့ စုဝေးလာသည်နှင့်အမျှ ဓားမရောင်လှိုင်းများလည်း မြင့်သထက် မြင့်တက်လာသည်။
မြေကြီးမှာ တသိမ့်သိမ့် တုန်ခါလာပြီး ခြေရာသဏ္ဍာန်ကန်ကြီးများ တစ်ကန်ပြီးတစ်ကန် ပေါ်ပေါက်လာသည်။ တောင်များပင် နင်းခံလိုက်ရသဖြင့် နစ်ဝင်သွားကြသည်။ သူက တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းသော အမြန်နှုန်းဖြင့် အေးအေးဆေးဆေး လျှောက်နေသည့် ဖုရွေ့လော်ဆီ ချဉ်းကပ်သွား၏။
ခြေရာကန်များက ဖုရွေ့လော်၏အရှေ့၌ လျင်မြန်စွာ ပေါ်လာပြီး ဖုရွေ့လော်ဆီမှ ကိုက်ခြောက်ရာသာ ဝေးကွာတော့သည်။
ကြောက်မက်ဖွယ်ရာ နတ်ဘုရားနှစ်ပါး နောက်ဆုံးတော့ ဝင်တိုက်သွားချေပြီ။
အဝေးရှိ လီမြို့မျှော်စင်ထက်တွင် ချင်မူမှာ အနားယူရန် ပြင်နေစဉ် အနောက်အရပ်မှ လာနေသော အလင်းတန်းတစ်တန်းကို မြင်လိုက်ရ၏။
အနောက်အရပ်က ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ပိုင်နက် ဖြစ်သည်။
လူငယ်လေးက မြို့မျှော်စင်ထက်၌ ရပ်လျက် ညအမှောင်ကို ထိုးခွဲနေသည့် အလင်းတန်းများဆီသို့ လှမ်းကြည့်လိုက်သည်။ အကွာအဝေးက ဝေးသော်လည်း အလင်းရောင်က အလွန်စူးနေသေး၏။
ထိုအလင်းရောင်က အလွန်ခိုင်ခံ့တောင့်တင်းသော သစ်ပင်ကြီးတစ်ပင်နှင့် တူပြီး ထိုသစ်ပင်ကြီးသည် အလင်းတန်းများ ဖြန့်ကျက်လျက် ကောင်းကင်ယံသို့ မြောက်တက်လာသယောင် ထင်ရ၏။ လီမြို့ထဲမှ နေ၍ပင် အလင်းတန်းများ ထောင်တက်လာသည်ကို သူ မြင်နေရသည်။
ထို့နောက် သစ်ပင်ကြီးဆီမှ အကိုင်းအခက်များ ဖြာထွက်လာသကဲ့သို့ လျှပ်စီးမိုးကြိုးများ ဖြာဆင်းလာသည်။
ချင်မူ ကောင်းကင်မျက်လုံးကိုးဆင့်ကျင့်စဉ်ဖြင့် လှမ်းကြည့်လိုက်သော်လည်း အခြေအနေကို မမြင်ရပေ။
အလွန်ဝေးကွာလှသောကြောင့် နတ်ဘုရားများ အသာထား၊ ပေတစ်သိန်းမြင့်သော တောင်တစ်လုံးကိုပင် မမြင်ရပေ။
သို့သော် တိုက်ပွဲ မည်မျှပြင်းထန်ကြမ်းတမ်းမည်ကိုတော့ သူ ခန့်မှန်းနိုင်၏။
‘ဖုရွေ့လော်နဲ့ ချိရှိ တွေ့ပြီလား’ သူ တွေးလိုက်မိသည်။
အလင်းသစ်ပင်ကြီးဆီမှ ပထမအကိုင်း ဖြစ်ပေါ်လာပြီးနောက် ဒုတိယအကိုင်းက ဖြာထွက်လာသည်။ ထို့နောက် တတိယ၊ စတုတ္ထ....
အလင်းသစ်ပင်ကြီး၏ အကိုင်းအခက်များစွာ တစတစ ဖြာထွက်လာကာ စုစည်းသိပ်သည်းလာ၏။ အသက်ရှူချိန်အနည်းငယ်အတွင်း ချင်မူနှင့် လီမြို့ထဲရှိ ကောင်းကင်နတ်သိုင်းပညာရှင်များ၊ နတ်ဘုရားများအားလုံး အနောက်အရပ်၏ အမှောင်ထဲ၌ မြောက်တက်လာသော သစ်ပင်ကြီးကို မြင်လိုက်ကြရသည်။ သစ်ပင်ထိပ်ဖျားက အကိုင်းအခက်များ ပြည့်နှက်လျက် ယိမ်းနွဲ့နေသည်။
ခဏကြာသော သစ်ပင်ကြီးသည် မှိန်ကျပြီး ပျောက်ကွယ်သွား၏။ အနောက်အရပ်၌ ပြန်လည်မှောင်မည်းသွားသည်။
“တိုက်ပွဲပြီးသွားပြီလား”
ချင်မူမှာ ရင်တဒိန်းဒိန်း ခုန်နေဆဲဖြစ်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ဖုရွေ့လော်နဲ့ ချိရှီ.... ဘယ်သူနိုင်သွားပါလိမ့်”
“မသိဘူး” အသံတစ်သံက သူ့အနောက်မှ ထွက်လာ၏။
ချင်မူ ကပျာကယာ လှည့်ကြည့်လိုက်သည့်အခါ အစစ်အမှန်နတ်ဘုရားပန်ယု၊ နတ်ဘုရားစန်းယဲ့နှင့် ထိုက်ဇကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများအား အနောက်တွင် မြင်လိုက်ရသည်။ ဤနတ်ဘုရားများသည် တစ္ဆေများလို ပေါ်လာခဲ့ကြ၏။ မြို့မျှော်စင်က အမြင့်ဆုံးဖြစ်သည့်အတွက် အနောက်အရပ်ရှိ ထူးဆန်းသောမြင်ကွင်းကို ကြည့်ရန် ရောက်လာကြခြင်းဖြစ်လိမ့်မည်။
အစစ်အမှန်နတ်ဘုရားပန်ယုက ခေါင်းယမ်းကာ ပြောသည်။ “ငါ ဖုရွေ့လော်နဲ့ ခဏခဏ တိုက်ခိုက်ခဲ့ဖူးပေမယ့် အဆုံးသတ်မှာ ငါရှုံးသွားတာ များတယ် ... သူ့ကို ယှဉ်နိုင်တဲ့ သူများများစားစား မရှိဘူး... ငါ့အတွေ့အကြုံအရ ဖုရွေ့လော်က ဒီတိုက်ပွဲမှာ အစွန်းကုန်ထုတ် တိုက်ခိုက်ခဲ့တယ်.... သူနိုင်သွားလား၊ ရှုံးသွားလားတော့ ပြောမရဘူး... နိုင်သွားရင်တောင်မှ အခြေအနေမကောင်းလောက်ဘူး”
ချင်မူ ရင်ထဲ၌ ရိုးတိုးရွတ ဖြစ်လာသည်။ “ကျွန်တော် သွားပြီး ကြည့်ချင်လိုက်တာဗျာ”
အစစ်အမှန်နတ်ဘုရားပန်ယု ထိတ်ပျာသွားပြီး ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ ဧကရာဇ်အတိုင်ပင်ခံနဲ့ ကောင်းကင်ဆရာသခင်နှစ်ယောက်လုံး ဒီမှာမရှိဘူးနော်... ဂိုဏ်းသခင်ချင် ပြဿနာမရှာရင် ကောင်းပါလိမ့်မယ်”
ချင်မူက အလေးအနက် ပြောလိုက်သည်။ “အစစ်အမှန်နတ်ဘုရား၊ ကျွန်တော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ရောက်နေတာဖြင့် နှစ်၀က်လောက်ရှိပါပြီ... ကျွန်တော် ပြဿနာရှာတာ နတ်ဘုရားမင်း မြင်မိလို့လားဗျာ.... မစွပ်စွဲပါနဲ့”
အစစ်အမှန်နတ်ဘုရားပန်ယုက အပြုံးပန်းများ ဝေဆာသွားပြီး ခေါင်းညိတ်လိုက်သည်။ “ဟုတ်တာပေါ့ ဟုတ်တာပေါ့.... ဂိုဏ်းသခင်ချင် ပြောတာကို နားလည်ပါတယ်.... ကျွန်တော့်စကားက မသင့်တော်သလိုဖြစ်သွားရင် ဂိုဏ်းသခင်ချင် စိတ်မရှိပါနဲ့”
နတ်ဘုရားစန်းယဲ့က သူ့အနားကပ်ကာ ခပ်တိုးတိုးပြော၏။ “မြို့အရှင်၊ သူ ငါတို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ နေလုံးကြီးတွေကို ဘယ်လိုရိုက်ခွဲပစ်ခဲ့လဲ မေ့သွားပြီလား”
“ရှူး”
ပန်ယုက တိုးတိုးပြောသည်။ “ဒီကောင်လေးက သူ ဘာလုပ်ခဲ့မိလဲ သိတာမဟုတ်ဘူး..... မင်းကရော ဘာလို့အလိုက်မသိတာလဲ .....သူက ကောင်းကင်ဆရာသခင်ရဲ့တပည့်လေ ... မင်းနဲ့ငါ သူ့ကို သွားရန်စလို့မဖြစ်ဘူး... ပြီးတော့ သူ ဧကရာဇ်အတိုင်ပင်ခံကိုတောင် ဖိတ်ခေါ်ပြီး ငါတို့အတွက် နေနှစ်စင်း သွန်းလုပ်ပေးခဲ့တယ်မဟုတ်လား.... အဲ့ဒီနေနှစ်စင်းက အရင်နေတွေထက်လည်း ပိုပြီးကြည့်ကောင်းတယ်”
နတ်ဘုရားစန်းယဲ့ ပါးစပ်ပိတ်သွားသည်။
ချင်မူက သိပ်သည်းသထက် သိပ်သည်းလာနေသော အနောက်အရပ်ရှိ အမှောင်ထုဆီသို့ ကြည့်နေသည်။ သူ လက်သီးတင်းတင်းဆုပ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။ “ဖုရွေ့လော်နဲ့ ချိရှီနှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရထားတာဆိုတော့ ... အခုအချိန်က သူတို့ခေါင်းဖြတ်ဖို့ အသင့်တော်ဆုံးအချိန်ပဲ... ဖုရွေ့လော်နဲ့ ချိရှီကို ဘယ်လိုခေါင်းဖြတ်ရပါ့”
အစစ်အမှန်နတ်ဘုရားပန်ယုမှာ ရင်ထဲ လန့်ဖျတ်သွားပြီး နတ်ဘုရားစန်းယဲ့ဆီသို့ တစ်ချက်လှမ်းကြည့်သည်။ “သူ့ကို စောင့်ကြည့်ထား.... ပြဿနာမရှာစေနဲ့”
နတ်ဘုရားစန်းယဲ့က ပုတ်သင်ညိုသဖွယ် ခေါင်းညိတ်ပြ၏။
အခြားတစ်ဖက်တွင် ဂူမြို့အပြင်ဘက်တွင် ဖုရွေ့လော်သည် မြေကြီးပေါ် ဆင်းသက်လာပြီး အမှောင်ထုထဲသို့ ၀င်ရောက်ပျောက်ကွယ်သွား၏။
ချိရှီလည်း မြေကြီးပေါ်သို့ ဘုန်းခနဲ ဆင်းသက်လိုက်၏။ သူက ရင်ဘတ်မှ ကျဆင်းနေသော သွေးများကို ထိန်းချုပ်နေသော်လည်း မထိန်းချုပ်နိုင်ပေ။ ရုတ်တရက် သူ့အသားများ ကွဲထွက်သွားပြီး သွေးများ ဒလဟော စီးကျလာ၏။ သူ၏ခေါင်းသုံးလုံးနှင့် ပါးစပ်သုံးပေါက်မှလည်း သွေးများ ဆက်တိုက်အန်နေရသည်။
သူ့ခန္ဓာကိုယ်မှာ တခဏအတွင်း ခြောက်ကပ်သွားပြီး လက်ထဲရှိ ဓားမခြောက်လက်လည်း ကြေမွသွား၏။
သူနှင့် ဖုရွေ့လော်နှစ်ယောက်လုံး ဤတိုက်ပွဲတွင် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး အစမှအဆုံးအထိ စကားတစ်ခွန်း မပြောခဲ့ကြပေ။ တိုက်ခိုက်သံများသာ ရှိခဲ့ပြီး တိုက်ခိုက်ခဲ့ကြသည့် အချိန်တိုအတွင်း တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်ခဲ့၏။
ဖုရွေ့လော် လှည့်ပြန်သွားရသည့် အကြောင်းရင်းက ဒဏ်ရာများစွာ ရထား၍ ဖြစ်ပြီး၊ ချိရှီ အခွင့်ကောင်းယူကာ သူ၏ချီနှင့်သွေးအား စုပ်ယူမည်ကို စိုးရိမ်သောကြောင့်လည်း ဖြစ်သည်။ သူ့အတွက် ချိရှီကို သတ်ရန် အကောင်းဆုံးနည်းလမ်းက ဆုတ်ခွာခြင်းသာ ဖြစ်၏။
သူ့အနေဖြင့် ဒဏ်ရာမရထားသော မိစ္ဆာနတ်ဘုရားများကို ခေါ်လိုက်လျှင် ချီရှိ၏အသက်အား အလွယ်တကူ ယူနိုင်လိမ့်မည်။
ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ဉာဏ်ကြီးရှင်တစ်ယောက်ပီပီ ဖုရွေ့လော်သည် အခြားသူများထက် ထက်မြက်ပြီး အကင်းပါး၏။
ချိရှီလည်း ဖုရွေ့လော် နောက်ဆုတ်သွားရသည့် အကြောင်းရင်းကို နားလည်သည့်အတွက် ဤနေရာတွင် ကြာကြာနေ၍မဖြစ်မှန်း သိသည်။ များမကြာခင် မိစ္ဆာနတ်ဘုရားများ ရောက်လာပြီး သူ့ကို သတ်လိမ့်မည်။
သို့တိုင်အောင် သူ၏ချီနှင့်သွေးတို့မှာ ခမ်းခြောက်နေ၍ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်တော့ပေ။ ထွက်ပြေးလျှင်လည်း မိစ္ဆာနတ်ဘုရားများက အနှေးနှင့်အမြန် လိုက်မှီလာလိမ့်မည်။ အချိန်ကျသည်နှင့် သူ အမှန်တကယ် သေရလိမ့်မည်။
“ငါ ဒီမှာ သေရတော့မှာလား”
ချိရှိ ဒူးထောက်ပြီး ခေါင်းသုံးလုံးစလုံး ငိုက်စိုက်ကျနေသည်။ သူ အလွန်စိတ်ဓာတ်ကျနေ၏။ “ဘိုးဘေးမြေကိုတောင် မပြန်ရသေးဘူး... ပုန်းနေတဲ့ ငါ့မျိုးနွယ်စုဆီ ပြန်ပြီး ဘိုးဘေးမြေရဲ့ အခြေအနေကိုလည်း မပြောရသေးဘူး.... ငါ ဒါကို လက်မခံနိုင်ဘူး”
ဂူမြို့ထဲတွင် အနက်ရောင်အခိုးအငွေ့တစ်စုက တစ္ဆေတစ်ကောင်လို အလောင်းများအကြား လွင့်မျောနေသည်။ တစ်ချက်တစ်ချက် ၎င်းက သစ်ပင်လေးတစ်ပင် ဖြစ်သွားတတ်ပြီး တစ်ချက်တစ်ချက် ကျောက်တုံးတစ်တုံး ဖြစ်သွားတတ်၏။
ဤအနက်ရောင်အခိုးအငွေ့၏ ပတ်ပတ်လည်တွင် အလံအသေးလေးများက မိစ္ဆာနတ်ဆိုးချီကို စုပ်ယူရင်း မရဏတမန်တော် အလိုမရှိသော တစ်ပိုင်းတစ ဝိညာဉ်များအား ယူနေသည်။
အနက်ရောင်အငွေ့များက ပုံသဏ္ဍာန်မျိုးစုံ ပြောင်းလဲနိုင်၏။ တစ်ခါတရံ ကောင်းကင်နတ်သိုင်းအကြွင်းအကျန် မီးတောက်များထဲပင် ဝင်ရောက်သွားတတ်ပြီး မီးတောက်သဏ္ဍာန် ဖြစ်သွားတတ်သည်။
များမကြာခင် အနက်ရောင်အငွေ့သည် ချိရှီအနားသို့ ရောက်လာပြီး တွေဝေတွန့်ဆုတ်နေပုံရသည်။ ၎င်းက ချိရှီ သေ၊မသေ စစ်ဆေးပြီး အဖိုးတန်ပစ္စည်းများ ယူချင်သော်လည်း စိုးရိမ်နေလေသည်။
“မင်းက လူသားပဲ” ချိရှီက ရုတ်တရက် ပြောလိုက်၏။
အနက်ရောင်အငွေ့များက အံ့အားသင့်သွားပြီး တမုဟုတ်ချင်း ချုံပုတ်ဖြစ်သွားသည်။
ချိရှီ ဆက်ပြောသည်။ “မင်း ငါ့အရှေ့မှာ အသွင်ပြောင်းစရာ မလိုဘူး... ငါ မင်းကို မြင်နေရတယ်.... မင်း ငါ့ကို ကယ်နိုင်ရင် ငါ မင်းကို တပည့်အဖြစ် လက်ခံမယ်... ချိမင်ခေတ်ရဲ့ ပြိုင်ဘက်ကင်းသိုင်းပညာဖြစ်တဲ့ အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ် သင်ပေးပြီး မင်းကို ချီးမြှောက်ပေးမယ်”
ချုံပုတ်က လှုပ်ခါပြီး ပျောက်ကွယ်သွားသည်။ ချိရှီ၏အရှေ့တွင် သမင်ခြေနှစ်ချောင်းဖြင့် ပန်ကုန်းစုန် ပေါ်လာပြီး ဒူးကွေးကာ အရိုအသေပေး၏။ “ပန်ကုန်းစုန်၊ ဆရာ့ကို ဂါဝရပြုပါတယ်... ဆရာ မပူပါနဲ့၊ ကျွန်တော်က ကောင်းကင်နတ်မျိုးနွယ်ထဲ ဝင်ရောနေတာ လပိုင်းလောက် ရှိပါပြီ... ကျွန်တော်ရဲ့ ထွက်ပြေးနိုင်စွမ်းက ဘယ်သူမှ မယှဉ်နိုင်ပါဘူး”