သွေးမျိုးဆက် အပြောင်းအလဲ
Vol. 67 Ch. 927
ဝမ်ဝေ့က တစ်ကမ္ဘာလုံးကို ကြည့်ကာ ဝမ်မျိုးနွယ်နှင့် တချို့သူများ၏ အပြောင်းအလဲကို မြင်လိုက်ရသည်။ သွေးမျိုးဆက်က နိုးထလာပြီး ပထမမြောက်မျိုးဆက်တွင်သာ ရှိနေသေးသည့်အတွက် လူများစွာက ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းနှင့် အပြည့်အဝသွေး မျိုးဆက်ကို အမွေဆက်ခံရရှိလိုက်သည်။
ဝမ်မျိုးနွယ်မှ အင်မော်တယ်များနှင့် ဆန့်ကျင်ကျင့်ကြံသူများက ဤအပြောင်းအလဲမှ အကျိုးအမြတ် အများဆုံးရရှိခဲ့ကြသည်။ သွေးမျိုးဆက်အသစ်က သူတို့၏ ရုပ်ပိုင်းဆိုင်ရာကို သိသိသာသာ တိုးမြှင့်ပေးပြီး ဗလာနတ္ထိနှင့် သက်ဆိုင်သည့် စွမ်းအင်တချို့ကို ချီးမြှင့်ခဲ့သည်။
ထာဝရဧကရာဇ် စွမ်းအားနီးပါး ရှိထားသည့် မူလအရှင်ကဲ့သို့သူမျိုးက ထိုအားဖြည့်မှုဖြင့် ထိုအဆင့်သို့ ချက်ချင်း ရောက်ရှိသွားကြသည်။ ထိုစဉ် တခြားသူများက ထိုအဆင့်သို့ ရောက်ရှိပြီး သူတို့၏ သွေးမျိုးဆက်ကို မြှင့်တင်ပေးဖို့အတွက် အရင်းအမြစ် အနည်းငယ်သာ လိုအပ်လိမ့်မည်။
ဒုတိယ အကျိုးအမြတ် အများဆုံးရရှိသည့်သူများကမူ စည်းပိတ်ခံထားသည့်သူများ ဖြစ်၏။ သူတို့က မသေဆုံးခင် သူတို့ကိုယ်သူတို့ စည်းပိတ်ကာ ဂိုဏ်း၏ အခြေခံအုတ်မြစ် ဖြစ်လာသည်။ လိုအပ်လာသည့်အခါ သူတို့က ခေါင်းတလားမှ နိုးထလာပြီး နောက်ဆုံးအကြိမ်အနေဖြင့် ဂိုဏ်းအတွက် တိုက်ခိုက်ပေးကြလိမ့်မည်။
သို့သော်လည်း အများစုက သူတို့သက်တမ်းနှင့် ပတ်သက်ပြီး ပြဿနာ မရှိတော့သည့်အတွက် ထိုသို့စည်းပိတ်နေရာ မလိုတော့ပေ။ သူ့သွေးမျိုးဆက်ကို အပြည့်အဝ အမွေဆက်ခံရရှိသည့်သူများက ချက်ချင်းဆိုသလို အင်မော်တယ် ဖြစ်သွားကြသည်။ ထိုစဉ် ၉ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းနှင့်အောက် အမွေဆက်ခံထားရသည့် ကံမကောင်းသူတချို့ကမူ သက်တမ်းက လျော့ကျသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ ထိုသူများက ပတ်ဝန်းကျင်သည် ပင်ကိုအခြေအနေသို့ ပြန်လည်ပြောင်းလဲသွားသည်နှင့် သက်တမ်းအကြောင်း စိုးရိမ်စရာလိုတော့မည် မဟုတ်ပေ။ ၄ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်း သွေးမျိုးဆက်ဖြင့် သူတို့သည် ပတ်ဝန်းကျင်အပေါ် မှီခို၍ အင်မော်တယ် ဖြစ်လာနိုင်ကြပြီး ပင်ကိုချီကို စုပ်ယူနေသရွေ့ သူတို့၏ သက်တမ်းက အဆုံးမဲ့ ဖြစ်လာလိမ့်မည်။
ဤသို့သော စွမ်းရည်မျိုးက ပင်ကိုနတ်ဆိုး နတ်ဘုရားများကို မိုးမြေ၏ ချစ်သားမျက်ရှုလေးများအဖြစ် ယူဆရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။
ဝမ်ဝေ့က စည်းပိတ်ခံထားရသည့် ကောင်းကင်ရွေးချယ်ခံများကို အာရုံစိုက်လိုက်၏။ ကြီးကြပ်ရေးမှူးက ထိုကောင်းကင်ရွေးချယ်ခံများသည် သွေးမျိုးဆက် နိုးထလာမှုကြောင့် အတင်းအကြပ် နိုးထခံလိုက်ရသည်ကို ဖြေရှင်းပြီးသား ဖြစ်၏။ ထိုကောင်းကင်ရွေးချယ်ခံများက ရွေးချယ်စရာရှိလာပြီဖြစ်ကာ သူတို့ကိုယ်သူတို့ စည်းပိတ်ပြီး ဆိုးဆိုးရွားရွား နာကျင်မှုကို ဖြတ်သန်းစရာ မလိုတော့ပေ။
ဂိုဏ်းတွင် ယခုအခါ ကံကြမ္မာဆေးကြောရေစင် အမြောက်အများရှိပြီဖြစ်သည့်အတွက် ဤသို့ခံစားနေစရာ မလိုတော့ပေ။ သူတို့က သူတို့ကိုယ်သူတို့ အပြည့်အဝ စည်းပိတ်ခြင်း သို့မဟုတ် မသေမျိုး ဘဝအသစ်ကို ခံစားနိုင်ကြသည်။ ထိုအရာက သူတို့၏ ရွေးချယ်မှုအပေါ်သာ မူတည်နေ၏။
ဝမ်မျိုးနွယ် လျှို့ဝှက်ကမ္ဘာအတွင်း လူများစွာက အပြောင်းအလဲကြောင့် အံ့အားသင့်နေကြစဉ် ဘိုးဘေးက ရောက်လာကာ ထိုပြဿနာကို ဖြေရှင်းပေးခဲ့သည်။ ထိုစဉ် ဝမ်ဝေ့က လီနှင့် ယန်မျိုးနွယ်ဝင်များဆီမှ အားကျသည့် အမူအရာကို မြင်တွေ့လိုက်ရသည်။
သူတို့၏ သွေးမျိုးဆက်က ပြောင်းလဲသွားခဲ့သော်လည်း သူတို့၏ သက်တမ်းက တိုးမြှင့်လာခဲ့သည့် အခြေခံအပြောင်းအလဲမျှသာ ဖြစ်နေ၏။ သို့သော် မသေမျိုးဘဝနှင့် ယှဉ်လိုက်သည့်အခါ ဘာမှမဟုတ်တော့ပေ။ ထိုလူများက ဝမ်ဝေ့၏ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်း ကျင့်ကြံရေးမှ အရည်အသွေးတချို့ကို အမွေဆက်ခံရရှိသွားကြဟန်ပေါ်သည်။
လူတချို့က သူ့အတွင်းအင်္ဂါ သို့မဟုတ် သူ့အစိတ်အပိုင်း၏ စွမ်းဆောင်ရည်များကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်မှုကြောင့် သူ့အရေပြားအတွက် ပင်ကိုစက်ကွင်း စွမ်းရည်ကိုပင် အမွေဆက်ခံရရှိခဲ့ကြသည်။ သူ၏ လွန်လွန်ကြူးကြူး ပြန်လည်ကောင်းမွန်နိုင်စွမ်းကို အမွေဆက်ခံရရှိထားသည့် လူတချို့ကမူ ကန့်သတ်ချက်တချို့ ရှိကြ၏။ သူ့အနေနှင့် ယန်းမျိုးနွယ်မှ မိန်းကလေးတစ်ဦးသည် အံ့ဖွယ်ခန္ဓာအဆင့်အတွင်း သူ ဖွင့်လှစ်ခဲ့သည့် ချက္ကရာများကို အမွေဆက်ခံရရှိထားကြောင်း မြင်လိုက်ရသည်။
လီနှင့် ယန်းမျိုးနွယ်တို့သာ သူ့ခန္ဓာကိုယ်၏ အံ့ဖွယ်စွမ်းရည်များကို အမွေဆက်ခံရရှိခြင်း မဟုတ်ဘဲ သူတို့က အများစု ဖြစ်နေခြင်း ဖြစ်၏။ သူက အတွေးတစ်ချက်ဖြင့် ယန်းနှင့် လီမျိုးနွယ်၏ သွေးမျိုးဆက်များဆီ သတင်းစကား ပို့ဆောင်လိုက်ပြီး သူတို့၏ သွေးမျိုးဆက်လည်း ဆင့်ကဲပြောင်းလဲလာမည် ဖြစ်သော်လည်း အနည်းငယ် စောင့်ဖို့လိုကြောင်း ပြောခဲ့သည်။
ဝမ်ဝေ့က သူတို့၏ အမူအရာသည် အားကျမှုမှ စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်နေလိုက်၏။ ထို့နောက် သူက တခြားတစ်နေရာကို အာရုံစိုက်လိုက်သည်။ သူ့အကြည့်က သွေးကန် ၉ခု ရှိနေသည့် အခန်းအတွင်း ကျရောက်လာသည်။
သူက သွေးအတွင်း ရှိနေသည့် ကျန်ရှိနေသော အမှတ်အသားများကို အတွေးတစ်ချက်ဖြင့် ဖယ်ရှားပစ်ခဲ့၏။ ဤနှစ်များစွာတိုင် သူ သီးသန့်ကျင့်ကြံနေစဉ်အတွင်း တာအိုအမှတ်အသားနှင့် သူ့တည်ရှိမှုကို ပိုမိုထိန်းချုပ်နိုင်ပြီး ပိုမိုကောင်းမွန်စွာ နားလည်လာသည့်အတွက် ဤသို့အောင်မြင်မှုမျိုး ရရှိခဲ့ခြင်း ဖြစ်သည်။
ယခု ဂိုဏ်းရှိ လူတိုင်းက ဧကရာဇ်သွေးကန်ကို အသုံးပြုကာ သူတို့၏ ပါရမီကို မြှင့်တင်နိုင်ကြလိမ့်မည်။ သူ့လက်တစ်ချက်အဝှေ့တွင် သူက ဆယ်ခုမြောက် သွေးကန်ကို ဖန်တီးပြီး သူ့နှလုံးသားမှ သွေးတစ်စက်ကို ထုတ်ကာ ပို့ဆောင်လိုက်သည်။ သွေးတစ်စက်က ညအခါတွင် တောက်ပနေသည့် ကြယ်တာရာများကဲ့သို့ ခရမ်းရောင် တောက်ပနေသည့် ခဲဖြူရောင် သွေးပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ငါ့သွေးနဲ့ မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုး ကျင့်စဉ်နဲ့ဆိုရင် ဂိုဏ်းအမှုထမ်းဘက်က အဖွဲ့သားတွေကလည်း သူတို့ရဲ့ ခန္ဓာကိုယ်ကို ကျင့်ကြံပြီးတော့ ထူးကဲတဲ့ သွေးမျိုးဆက်ကို အသက်သွင်းနိုင်လိမ့်မယ်။
သူတို့ကန့်သတ်ချက်ရဲ့ တစ်ခုတည်းသော ဆိုးကျိုးကတော့ ဒိုင်မေးရှင်းအမြင့်ကို မတက်လှမ်းခင် ၉ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိပဲ ရောက်လိမ့်မယ်…
ဝမ်ဝေ့က ကိစ္စများကို ထိုသို့တွေးရုံမှအပ ရွေးချယ်စရာ မရှိပေ။ သွေးမျိုးဆက်ပြဿနာက အရှုပ်အထွေးများကို အလွယ်တကူ ဖန်တီးနိုင်၏။ အကယ်၍ ဂိုဏ်းအမှုထမ်းဘက်မှ တစ်ယောက်က မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်ကို ရရှိသွားခဲ့လျှင် သူတို့က တာအိုအခွင့်အလမ်းဂိုဏ်း၏ ပင်မထောက်တိုင် ဖြစ်လာနိုင်သည့် နောက်ထပ်မိသားစုတစ်ခုကို အလွယ်တကူ ဖန်တီးလာလိမ့်မည်။
သို့သော်လည်း ဤနေရာတွင် ပြဿနာ ရှိနေလေ၏။ ဂိုဏ်းအမှုထမ်းဘက်မှ ပြင်ပတပည့်များကို လက်ခံပြီး သူတို့က မဟာဧကရာဇ်ကို ပြုစုပျိုးထောင်ပေးသည့်အချိန်တိုင်း ဂိုဏ်းတွင် မိသားစုအသစ်တစ်ခု မွေးဖွားလာနိုင်သည်။ အကယ်၍ ထိုပြဿနာကို မဖြေရှင်းပါက ဂိုဏ်းသည် တခြားသော မိသားစုများနှင့် မျိုးနွယ်များ၏ ထိန်းချုပ်မှုကို ခံရဖို့ ကြာမြင့်မည် မဟုတ်ပေ။
ချိုက်စုန့်၊ ကျင်းမုန့်ယောင်နှင့် အနာဂတ် ဂိုဏ်းအမှုထမ်းဘက်မှ ဧကရာဇ်များက မိသားစုအသစ်များကို ဖန်တီးကာ ပြဿနာများစွာ ဖြစ်လာနိုင်စေသည်။ အရိပ်အုပ်ချုပ်သူဧကရာဇ်က မိသားစု မရှိခဲ့ခြင်းမှာ ထိုအခြေအနေကို ကာကွယ်ဖို့ ဖြစ်နိုင်၏။ သို့သော်လည်း တခြားသူများက သူ့လို လုပ်ဆောင်လိမ့်မည်ဟု အာမခံထားခြင်း မရှိပေ။
ဝမ်ဝေ့ အာရုံစိုက်ထားသည့် နောက်ထပ်တစ်ဖွဲ့ကမူ ယုမျိုးနွယ် ဖြစ်၏။ သူတို့၏ အပြောင်းအလဲက အခြေခံပါရမီများကို တိုးမြှင့်ဖို့ရာ လုပ်ဆောင်ပေးခဲ့ပြီး ယုမျိုးနွယ်က ယခုမှစ၍ သူတို့ကိုယ်သူတို့ မှီခိုကာ စည်ပင်ကြွယ်ဝလာလိမ့်မည်။
ယုမျိုးနွယ်က ဝမ်မျိုးနွယ်၏ အပြောင်းအလဲများကို မသိသည့်အတွက် သူတို့က အားကျခြင်း မရှိသလို မနာလိုခြင်း မရှိဘဲ သူတို့အကျိုးအမြတ်ရသည်ကိုပင် ပျော်ရွှင်နေကြသည်။
ဝမ်ဝေ့က ပြန့်ကျဲနေသည့် ဝမ်မျိုးနွယ် သွေးမျိုးဆက်များကို စစ်ဆေးကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း စာရင်းသွင်းထားခြင်း မရှိသလို လူမသိသေးသည့် ပြင်ပမျိုးနွယ်ဝင်များစွာ ရှိနေလေသည်။ ဤနှစ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် တချို့သော သွေးမျိုးဆက်များက အပြင်ဘက်တွင် ကျန်ရှိနေသည်မှာ နားလည်၍ ရပေသည်။
တချို့မိသားစုများက သူက တိမျိုးနွယ်၏ သွေးမျိုးဆက် အရိပ်အမြွက် ရှိထားသလိုမျိုး ဝမ်မျိုးနွယ်၏ သွေးမျိုးဆက် အနည်းငယ်ကို ပိုင်ဆိုင်ထားကြသည်။ သို့သော် သူတို့က နည်းပါးလွန်းသည့်အတွက် နိုးထဖို့ရာပင် မဖြစ်နိုင်သလောက် ဖြစ်၏။ အထူးသဖြင့် ဝမ်ဝေ့က ထိုသူများအား ဤသွေးမျိုးဆက် နိုးထခြင်းကြောင်း အကျိုးကျေးဇူး မရရှိအောင် လုပ်ဆောင်ထားခဲ့၏။
သို့သော်လည်း ဝမ်ဝေ့က စိတ်ဝင်စားဖို့ကောင်းသည့် အရာတစ်ခုကို တွေ့ရှိလိုက်ရသည်။ ဝမ်မျိုးနွယ်နှင့် တခြားမိသားစုနှစ်ခုက ဒိုင်မေးရှင်းအနိမ့်နှင့် တခြားကမ္ဘာ့အသိုက်အဝန်းများတွင် ပြန့်ကျဲနေသည့် အဖွဲ့ခွဲများ ရှိထားသည်။
သူ့ဂမ္ဘီရအရ ချီယွမ်သည် ထိုသူများကို အပြင်ဘက်သို့ ပို့ဆောင်ကာ အသင်္ချေအင်ပါယာကမ္ဘာ၏ ပင်မမျိုးနွယ်တွင် တစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက နောက်ခံအစီအစဉ်ရှိထားဖို့ သေချာအောင် လုပ်ဆောင်ထားခဲ့မှန်း သိလိုက်၏။
သူ ချမှတ်ထားသည့် စည်းမျဉ်းများအရ ဂိုဏ်းခွဲမှ မိသားစုဝင်များသည် သူတို့၏ ဇစ်မြစ်ကို အလွယ်တကူ မထုတ်ဖော်နိုင်သလို ပင်မမျိုးနွယ်နှင့်လည်း ဆက်သွယ်မှု မရှိကြဘဲ သူတို့က အန္တရာယ်ကို လျှော့ချဖို့အတွက် ကောင်းကင်အလိုဆန္ဒကမ္ဘာများတွင် မနေထိုင်နိုင်ကြပေ။ သူက အားကောင်းသည့် အစောင့်အရှောက် တစ်ဦးကို ပြုစုပျိုးထောင်ကာ သူတို့ကို ကာကွယ်ဖို့ စေလွှတ်ထားပြီး သူတို့ထံ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့ပါက ထိုအဖွဲ့ခွဲများထံ အစားထိုးများ စေလွှတ်ဖို့ အမိန့်ပင်ချထားခဲ့သည်။
“ဘိုးဘေးက ဉာဏ်ကြီးပေမဲ့ ငါက ပြဿနာတချို့ဖြစ်လာစေနိုင်တယ်။ ဒီလူတွေရဲ့ နိုးထမှုနဲ့ ထူးကဲတဲ့ သွေးမျိုးဆက်နဲ့ဆိုရင် တခြားစိတ်ဝင်စားတဲ့သူတွေက ဝမ်မျိုးနွယ်နဲ့ ဆက်နွယ်မှုကို ရှာဖွေတွေ့ရှိဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်”
ဝမ်ဝေ့က လက်ကို မြှောက်ကာ အချိန်မြစ်ကြောင်းဆီ ဝင်ရောက်လိုက်သည်။ အနာဂတ်တွင် တစ်စုံတစ်ယောက်က ထိုသူများသည် ပင်မမိသားစုဝင်များနှင့် တူညီသည့် ထူးကဲသော သွေးမျိုးဆက်ရှိသည်ဟု သိထားလျှင်ပင် သူတို့က ဆက်စပ်နေမည်ဟု ထင်မည် မဟုတ်ပေ။
ထိုအတားအဆီးကို ဖယ်ရှားမည့် တစ်ခုတည်းသော နည်းလမ်းက သူ့စွမ်းအားလောက် ရှိသည့် တာအိုနယ်ရှင် သို့မဟုတ် တာအိုအရှင်တစ်ယောက်ရှိဖို့ ဖြစ်သည်။ မဟုတ်ပါက ထိုအဖွဲ့ခွဲမှလူများကို မည်သို့ပင် စုံစမ်းစစ်ဆေးစေကာမူ သူတို့က အသင်္ချေအင်ပါယာကမ္ဘာရှိ ဝမ်မျိုးနွယ်နှင့် ဆက်နွယ်မိမည် မဟုတ်ပေ။
နောက်ဆုံးတွင် ဝမ်ဝေ့က သူ့မိသားစုကို အာရုံစိုက်လိုက်၏။ သူ့အဖေက ၉ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်း သွေးမျိုးဆက်ကို အမွေဆက်ခံရရှိခဲ့ပြီး ထိုအရာက ပုံကြမ်းမျှသာ ဖြစ်သေး၏။ ဓားဧကရီ ပြောခဲ့သည့်အတိုင်း ကမ္ဘာဦးလမ်းစဉ်နှင့် မဟာတာအို လမ်းစဉ်နှစ်ခုလုံးကို လျှောက်လှမ်းခြင်းက ပြဿနာ များလာသည်။
ကံဆိုးစွာဖြင့် ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်း သွေးမျိုးဆက်က ကမ္ဘာဦးလမ်းစဉ်အဖြစ် သတ်မှတ်ခံထားရ၏။
အကယ်၍ သူ့အဖေကသာ လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ကို အမွေဆက်ခံရရှိခဲ့ပါက သူသည် တာအိုကို သက်သေပြဖို့ ကြိုးစားသည့်အခါ ပြဿနာတချို့ရှိလာနိုင်သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့အဖေကို ၉ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိသာ အမွေဆက်ခံခွင့်ပြုထားပြီး သူ့သွေးမျိုးဆက်ကို သူ လိုချင်သလို ဆင့်ကဲပြောင်းလဲနိုင်အောင် ချန်ထားပေးခဲ့သည်။
တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူက သွေးမျိုးဆက်ကို ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းအထိ အဆင့်မြှင့်တင်နိုင်လိမ့်မည်။
သူက ဘိုးဘေးနဲ့ တူညီတဲ့ လမ်းစဉ်ကို လျှောက်လှမ်းသင့်တယ်…
ဝမ်ဝေ့က တွေးပြီးသည့်နောက်တွင် သူ့အမေကို စစ်ဆေးကြည့်လိုက်သည်။ သူမ၏ အမွေဆက်ခံမှုက ခန္ဓာကိုယ်လေ့ကျင့်ရေးအတွက် ပါရမီကို တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်၏။
နောင်အနာဂတ်တွင် သူမက မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုးကို ကျင့်ကြံကာ ဝမ်ဝေ့က စမ်းသပ်ချက်အတွင်း သူမကို အောင်မြင်အောင် ကူညီပေးဖို့ နည်းလမ်းများ ချန်ထားခဲ့လိမ့်မည်။ ကံဆိုးစွာဖြင့် သူမ တစ်ယောက်ထဲကသာ သွေးမျိုးဆက်ကို အမွေဆက်ခံရရှိနိုင်၏။ သူမအနေနှင့် ဆယ်ဆင့်မြောက် ဆင့်ကဲပြောင်းလဲခြင်းကို ရရှိပြီးသည့်နောက်တွင်ပင် ယုမျိုးနွယ်အတွက် ဘာမှချန်ထားနိုင်မည် မဟုတ်ပေ။
သူ့အဘိုးက အရူးတစ်ယောက်လို ရယ်မောရင်းဖြင့် သူ့စွမ်းအားကို နေသားကျဖို့ လက်သီးများ ပစ်ခွင်းနေသည်။ သူက သွေးမျိုးဆက်တစ်ခုလုံးကို အမွေဆက်ခံရရှိထားသည့်အတွက် သက်တမ်းပြဿနာကို ဖြေရှင်းထားပြီးသား ဖြစ်သွားသည်။
ဝမ်ချန်တွင် ယခုအခါ လမ်းစဉ်နှစ်ခုရှိနေပြီ ဖြစ်၏။ ပထမတစ်ခုက အထက်ဘုံသို့ တက်လှမ်းပြီး နေမင်းကိုးစင်းဧကရာဇ်နှင့် မတိုက်ခိုက်ခင် မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၈၀မှ ၉၀ ခွန်အားအထိ ကျင့်ကြံဖို့ ဖြစ်သည်။ ဒုတိယတစ်ခုကမူ အမြင့်ဆုံး ကမ္ဘာဦးနဂါးအဆင့် သို့မဟုတ် အနိမ့်ဆုံး မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရားအဆင့်သို့ ရောက်ရှိပြီး သူ့ရန်သူနှင့် မတိုက်ခိုက်ခင် တာအိုဘိုးဘေး ဖြစ်လာဖို့ ဖြစ်သည်။
ဝမ်ဝေ့က ပြုံးကာ သူ့ကို ကြည့်နေလိုက်သည်။ သို့သော်လည်း သူ့အပြုံးက မကြာခင် မျက်မှောင်ကြုတ်မှုတစ်ခုအဖြစ် ပြောင်းလဲသွား၏။
“သူက ပြန်လည်ဝင်စားချင်တုန်းလား”
ပထမရွေးချယ်မှုဖြင့် သူ့အဘိုးသည် တာအိုကို သက်သေပြနိုင်လိမ့်မည်။ သို့သော်လည်း ထိုသူက အစကနေ ပြန်စဖို့ ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်ဟန်ပေါ်၏။ သူက ဒိုင်မေးရှင်းအနိမ့်မှ ဧကရာဇ်တစ်ယောက်၏ ကိုယ်ပိုင်ဂုဏ်ကျက်သရေကို ရှိကာ ကောင်းကင်ဧကရာဇ်ပလ္လင်ပေါ်တွင် ထိုင်နိုင်လိမ့်မည်။
“သူ့ရဲ့ တစ်စိတ်တစ်ပိုင်းက ပြန်လည်ဝင်စားပြီးတဲ့နောက်မှာ အဘွားနဲ့ ပြန်လည်ဆုံတွေ့ဖို့ မျှော်လင့်နေတာ နေမယ်”
ဝမ်ဝေ့က ပြန်လည်ဝင်စားခြင်းလမ်းစဉ်ကို ပြန်လည်စစ်ဆေးကြည့်လိုက်ပြီးနောက် ပို၍ မျက်မှောင်ကြုတ်မိသွားသည်။ သူက သူနှင့် သူ့အဘိုးကြားရှိ ကံဆက်နွယ်မှုကို အသုံးပြုကာ ဒုတိယအကြိမ်မြောက် စစ်ဆေးကြည့်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
သူမက ဒုတိယဘဝမှာ ငါ့ထက် မြင့်မားတဲ့အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တာလား။ ဒါမှမဟုတ် သူမက တခြားအရင်းအမြစ် ဟွင်သွမ်းကမ္ဘာမှာ ပြန်လည်ဝင်စားခဲ့တာလား…
အကယ်၍ သူ့အဖေဘက်မှ အဘွားကသာ ဒိုင်မေးရှင်းအမြင့်တွင် ပြန်လည်ဝင်စားခဲ့ပါက သူသည် သဲလွန်စကို ရှာတွေ့ဦးမည် ဖြစ်၏။ သို့သော်လည်း ရလဒ်က ဘာမှထွက်မလာခဲ့ပေ။ ထို့ကြောင့် ထိုလက်ရှိ အခြေအနေအတွက် ရှင်းပြချက်နှစ်ခုသာ ရှိ၏။
ထားလိုက်ပါတော့။ ဒီလူအိုကြီးကို သူ့ရဲ့ ကြေမွလွယ်တဲ့ တာအိုနှလုံးသားအပေါ် သက်ရောက်မှု မရှိအောင် ပြောမပြတာပဲ ကောင်းလိမ့်မယ်…
ဝမ်ဝေ့က လီကျွင်းနှင့် ယန်းလီလင်းတို့ကို စစ်ဆေးကြည့်လိုက်သည်။ သူတို့ကလည်း သူတို့ဘိုးဘေး သွေးမျိုးဆက်အရင်းအမြစ်ကို ဆင့်ကဲပြောင်းလဲဖို့ စောင့်ဆိုင်းနေသည့်အတွက် အပြောင်းအလဲ ကြီးကြီးမားမား မရှိသေးပေ။
သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဓားအရှင်နှင့် ဖျက်ဆီးခြင်းအရှင်တို့၏ ပုံရိပ်ယောင်က ပေါ်ထွက်လာခဲ့သည်။
“မျိုးနွယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေကို သိတယ်မလား”
သူတို့က ခေါင်းညိတ်လိုက်ကြ၏။
“ခင်ဗျားတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို အမွေဆက်ခံနိုင်တယ် ဒါမှမဟုတ်ဘူးဆိုရင် မကောင်းဆိုးဝါးနတ်ဘုရား ဆင့်ကဲပြောင်းလဲခြင်း ၁၂မျိုးကို ကျင့်ကြံနိုင်တယ်။”
“ငါက မျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို အမွေဆက်ခံချင်တယ်။” ဓားအရှင်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ သူမက ကမ္ဘာပေါ်တွင် သူမ၏ သခင်မလေးနှင့် တူညီသည့် မိသားစုဝင် ဖြစ်ဖို့ရာထက် လိုချင်သည့်အရာ မရှိပေ။
“ငါက ကျင့်ကြံမယ်” ဖျက်ဆီးခြင်းအရှင် ပြတ်ပြတ်သားသား ပြောလိုက်သည်။
“ကောင်းပြီလေ”
ဝမ်ဝေ့က သူတို့၏ ရွေးချယ်မှုကို လက်ခံကာ ကူညီပေးလိုက်သည်။ ဖျက်ဆီးခြင်းအရှင်က သူ့အုတ်မြစ်ကို ပြန်လည်တည်ထောင်နေဆဲ ဖြစ်သည့်အတွက် ဝမ်ဝေ့က ဖြစ်စဉ်ကို တိုးမြှင့်ပေးဖို့အတွက် ကူညီဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုစဉ် ဓားအရှင်ကမူ အလှမ်းဝေးနေသေးသည့်အတွက် ဝမ်ဝေ့က သူမထံ သွေးစက် ပို့ဆောင်ဖို့ လိုအပ်၏။