အကြောက်တရားနှင့် လျင်မြန်စွာ တုံ့ပြန်မှု
Vol. 67 Ch. 931
“ဟမ်” ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိ၍ ရေရွတ်လိုက်သည်။
“ဘာဖြစ်သွားတာလဲ”
သူ့မျက်ဝန်းအထက် ကံကြမ္မာစွမ်းအားဖြတ်ပြေးသွားပြီး မိုးမြေ၏ လျှို့ဝှက်ချက်အများစုကို မြင်တွေ့လိုက်ရသည်။
“ရှေးဟောင်းမျိုးနွယ်ရဲ့ ကြမ္မာက ပြောင်းလဲသွားတာလား”
သူက လမင်းကို မော့ကြည့်ပြီး အမြင်က အတိုင်းအတာမဲ့ အကွာအဝေးကို ထိုးဖောက်သွားကာ သူတို့၏ ကမ္ဘာငယ်ကို မြင်တွေ့လိုက်ရသည်။
“ဝမ်မျိုးနွယ်လား” ဝမ်ဝေ့က အမှန်တရားကို ရှာဖွေတွေ့ရှိပြီးနောက် အာရုံစိုက်လိုက်သည်။
တစ်စုံတစ်ယောက်က သူတို့သွေးမျိုးဆက်ထဲက အမှတ်အသားတွေ အားလုံးကို ဖယ်ရှားပစ်ခဲ့တာလား။ သူတို့ရဲ့ ချီ ကံကောင်းမှုတောင် တိုးမြင့်သွားတယ်ပေါ့…
သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး အခြေအနေကို သုံးသပ်လိုက်သည်။
ရှေးဟောင်းမျိုးနွယ်က သူတို့ရဲ့ ဘိုးဘေးကို ဆင့်ခေါ်ခဲ့တာလား။ ရောက်လာတဲ့သူက ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်ပေါ့လေ။
ဝမ်ဝေ့က အတိတ်ကို ကြည့်ကာ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း မမြင်နိုင်ဖွယ် စွမ်းအားတစ်ခုက သူ့ကြိုးစားမှုအားလုံးကို ပိတ်ဆို့ထားပြီး သူ့ထက် အဆင့်မြင့်မားသူတစ်ဦးက ဤအခြေအနေတွင် ပါဝင်ပတ်သက်နေကြောင်း ပြသနေသည်။ ထို့ကြောင့် သူက ရွေးချယ်စရာ မရှိဘဲ သူ့ဉာဏ်ရည်ဖြင့်သာ အခြေအနေကို သုံးသပ်လိုက်ရ၏။
မျိုးနွယ်ထဲ သွေးမျိုးဆက်အပြောင်းအလဲက သူ့ကို သိသွားစေတာပဲ ဖြစ်လောက်တယ်။ သူက ငါ့လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်ကို စိတ်ဝင်စားနေတာလား။ သူက မျိုးနွယ်ရဲ့ သွေးမျိုးဆက်အမှတ်အသားကို ဘာလို့ ဖယ်ရှားပစ်ခဲ့တာလဲ။ ကောင်းမွန်တဲ့ စိတ်ဆန္ဒနဲ့လား…
သူက မျိုးနွယ်နှစ်ခုကို ပေါင်းစည်းဖို့ ကြိုးစားနေတာလား…
ဝမ်ဝေ့၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားကာ နောက်ဆုံး သုံးသပ်ချက်ကို ကောက်ချက်ချလိုက်သည်။
ဒိုင်မေးရှင်းအနိမ့်မှာ ပေါင်းစည်းမှုက မဖြစ်နိုင်ဘူး။ ဒါပေမဲ့ နောင်အနာဂတ်မှာ အတူတူတွဲလုပ်လို့တော့ ရပါသေးတယ်
သူက ဒိုင်မေးရှင်းအမြင့်၏ အာဏာပိုင်အခြေအနေကို များများစားစား မသိရပေ။ သူ ကမ္ဘာဦးနဂါးဆီကနေ ခိုးယူထားသည့် အချက်အလက်က ကပ်ပါးများ ကမ္ဘာကို လွှမ်းမိုးပြီးသည့်နောက် လတ်တလော အဖြစ်အပျက်ကို အခြေခံထားခြင်း ဖြစ်၏။ ထို့အပြင် နဂါး၏ မှတ်ဉာဏ်အများစုက အိပ်စက်ခြင်းနှင့် ကျင့်ကြံခြင်းသာ ဖြစ်နေလေသည်။
တစ်ခုခုတော့ မှားနေပြီ…
အခု ဝမ်ဝေ့က အဖြစ်အပျက်ကို သုံးသပ်ကာ တွေးလိုက်မိသည်။
ဒိုင်မေးရှင်းအနိမ့်က ပိတ်ဆို့ထားတာဆိုတော့ ဓားဧကရီတို့၊ ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်တို့အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ဆိုတာက မလွယ်ကူသင့်ဘူး။ ကျောင်းတော်ကလည်း သူတို့ရဲ့ဧကရာဇ်ခုံနဲ့ ဆက်သွယ်မှုရှိခဲ့တဲ့ပုံပဲ…
ဤသို့သော မူမမှန်မှုမျိုးက သူ့အာရုံကို ချက်ချင်းဖမ်းစားလိုက်နိုင်သည့်အတွက် အခြေအနေကို ကောက်ချက်ချလိုက်၏။
အန္တိမသဟဇာတက အစစ်အမှန်ကောင်းကင်တာအိုနဲ့ ရင်ဆိုင်နေတုန်း အရေးသာချက်ရှိနေတုန်းပဲ။ အဲဒါဆိုတော့ အဲဒီလူက ဒိုင်မေးရှင်းအနိမ့်မှာ ဝင်ရောက်စွက်ဖက်ဖို့ တခြားသူတွေကို ခွင့်ပြုပေးထားတာပဲ။ အန္တိမသဟဇာတကပဲ ဒီလိုစွမ်းအားမျိုး ရှိလိမ့်မယ်။ သူက အစစ်အမှန်ကောင်းကင်တာအိုကို စည်းမျဉ်းတွေ ချိုးဖောက်ဖို့ ခွင့်ပြုပေးထားပြီးတော့ ဝင်ရောက်စွက်ဖက်ဖို့ ဒီအခွင့်ကောင်းကို ယူနေတာ ဖြစ်နိုင်တယ်…
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
တကယ်လို့ ဒီလိုသာဆိုရင် သစ္စာဖောက်တွေ၊ သူလျှိုတွေနဲ့ ရင်ဆိုင်ဖို့က ငါ ထင်ထားသလို လွယ်မှာတော့ မဟုတ်ဘူး…
ဝမ်ဝေ့က တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရုတ်တရက် ထရပ်လိုက်သည်။ သူက ကမ္ဘာအနှံ့ အာရုံခံကြည့်လိုက်၏။ ထို့နောက် အလယ်ပိုင်းကုန်းမြေအထက် ဧရာမလက်ကြီးတစ်ခု ပေါ်ထွက်လာကာ အသင်္ချေအင်ပါယာကမ္ဘာ၏ အန္တရာယ်အများဆုံးဖြစ်သည့် ငရဲကမ္ဘာသို့ ကျရောက်လာသည်။
ထိုလက် ပေါ်ထွက်လာသည်နှင့် ထိုအရာက ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ထားသည့် သံကြိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
“မင်း လုပ်ရဲလား” ငရဲကမ္ဘာမှ နောက်ထပ် လက်ဝါးကြီးတစ်ခု ပေါ်ထွက်လာပြီး သံကြိုးများကို ပိတ်ဆို့ဖို့ ကြိုးစားနေဟန်ပေါ်၏။
သို့သော်လည်း ထိုအရာက မအောင်မြင်ခင် လက်သည်းကိုးခုနှင့် သရဖူ ရှိသည့် ရွှေရောင်တောက်တောက် နဂါးတစ်ကောင်က သံကြိုးများဝန်းကျင်တွင် ပေါ်ထွက်လာပြီး နဂါးအမှတ်အသားများ ထားရှိခဲ့သည်။
“ကောင်းကင်ခုံရုံးရဲ့ ချီကံကောင်းမှုနဂါးလား။ ကျစ် ကောင်းကင်ဧကရာဇ်လေး ဒါက မပြီးသေးဘူး” လူအိုကြီးငရဲက သူ အသစ်ရရှိထားသည့် လွတ်လပ်မှု ဆုံးရှုံးသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်ရင်း အော်ဟစ်လိုက်သည်။
ဝမ်ဝေ့က ထိုအရာအားလုံးကို တည်တည်ငြိမ်ငြိမ်သာ ကြည့်နေလေ၏။
“ထင်ထားတဲ့အတိုင်းပဲ”
အကယ်၍ သူသာ အန္တိမသဟဇာတသာ ဖြစ်ပြီး ကမ္ဘာကို တိတ်တဆိတ်လွှမ်းမိုးလိုပါက သူ့ကို ရင်ဆိုင်မည့် အကောင်းဆုံး နည်းလမ်းက သူ့ရန်သူကို တိတ်တဆိတ် ကူညီပေးဖို့ ဖြစ်ပြီး အကောင်းဆုံးရွေးချယ်မှုက ဒိုင်မေးရှင်းအနိမ့်တွင် နေထိုင်နေသည့် အားကောင်းသော ကောင်းကင်ဘုံအဆင့် လူအိုကြီးငရဲ ဖြစ်ပေသည်။
သူ့လွတ်လပ်မှုကို ရရှိပြီးသည့်နောက်တွင် သူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့အတွက် အချိန်ကောင်းကို စောင့်ဖို့ရာသာ လိုအပ်၏။ ထိုအခါ ဝမ်ဝေ့က ဆိုးဆိုးရွားရွား ခံစားရလိမ့်မည်။
ကံကောင်းလို့ ငါ လှုပ်ရှားတာ မြန်သွားတယ်…
ဝမ်ဝေ့က ထိုအကျိုးဆက်ကို တွေးကြည့်ပြီးသည့်နောက်တွင် အနည်းငယ် ထိတ်လန့်မိသွား၏။
အခု သတင်းကောင်းက လူအိုကြီးငရဲရဲ့ စွမ်းအားက ၇၅ ရာခိုင်နှုန်းမကျော်ဘူးဆိုတာ သိလိုက်ရပြီ။ ပြီးတော့ သူက သူ့အပြုအမူနဲ့ စွမ်းအားတွေမှာ အတားအဆီး ရှိနေတဲ့ပုံပဲ…
ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေးသို့ ပြန်လည်ဝင်ရောက်သွားရင်း ပြင်ပမှ အုတ်အုတ်ကျက်ကျက်ဖြစ်မှုများကို လျစ်လျူရှုလိုက်သည်။
သူက လူများစွာကို ထိတ်လန့်စေခဲ့မိကြောင်း သိလိုက်သည်။ လူအိုကြီးငရဲဆီမှ ထုတ်ဖော်လာသည့် အရှိန်အဝါက သူ့ထက် အဆရာချီ ပိုမိုကြောက်ဖို့ကောင်းလာသည်။
ဤသို့သော တည်ရှိမှုမျိုးက သူတို့အနားတွင် ရှိနေသည်ကို သိလျှင် လူများစွာက သတိကြီးကြီးထားလာကြလိမ့်မည်။ တချို့သော သတ္တိကောင်းသည့် ငတုံးများက ထိုအရာကို အခွင့်ကောင်းဟု ထင်ကြလိမ့်မည်။ အကြောင်းမှာ ကောင်းကင်ဧကရာဇ်၏ စွမ်းအားကို မျှခြေညီအောင် လုပ်ပေးမည့် တစ်စုံတစ်ယောက်ရှိနေ၍ ဖြစ်သည်။
ဝမ်ဝေ့က ထိုအရူးများအတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီး စည်းတံဆိပ်ထဲတွင် သူ့စွမ်းအားကို ထားရှိခဲ့သည်။ ထိုစည်းတံဆိပ်ကို ဖယ်ရှားဖို့ ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်လာသည့်သူတိုင်းက သုတ်သင်ခံရမည်ဖြစ်ကာ ဝမ်ဝေ့က သူတို့နောက်ကွယ်မှ အင်အားစုကိုပင် ချမ်းသာပေးမည် မဟုတ်ပေ။
………………………………………………………
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ အလင်းမဲ့အမှန်တရား
အန္တိမသဟဇာတက မျက်လုံးဖွင့်လာခဲ့၏။
အဲဒီတာအိုနယ်ရှင်တွေက တကယ်ကို ဉာဏ်ကောင်းလွန်းတယ်…
သူက အေးစက်စွာ တွေးလိုက်သည်။ သူ့စွမ်းအားဖြင့် ဧကရာဇ်ငယ်လေးက သူ့နည်းလမ်းကို အာရုံခံမိဖို့ရာ မဖြစ်နိုင်ပေ။ ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်၏ ပုံရိပ်ယောင်က လူအိုကြီးငရဲကို လွတ်မြောက်ဖို့ရာအတွက် သူ အသုံးပြုထားသည့် နည်းလမ်းကို အာရုံခံမိလျှင်ပင် ထိုသူက သူ လုပ်ချင်သည့်အရာကို ကောက်ချက်ချနိုင်သည့်အတွက် သူ့အစီအစဉ်က ကျရှုံးသွားရုံမျှသာ ဖြစ်လိမ့်မည်။
သူက အခြေအနေထိန်းချုပ်မှုကို ဆုံးရှုံးသွားရသည့်အတွက် စိတ်တိုဖို့ ကောင်းလှသည်။ တစ်စုံတစ်ယောက်က သူ့စိတ်ထဲမှ အတွေးများကို ဖတ်နေသလိုမျိုး ခံစားနေရ၏။
အဲဒီပိုးမွှားလေးကို ခြေမွပစ်နိုင်ခဲ့ရင်…
အန္တိမသဟဇာတက သူ့ဘေးနားရှိ အမျိုးသမီးကို ကြည့်ကာ တွေးလိုက်သည်။ သူ့မျက်ဝန်းအထက် စိတ်တိုသည့် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာပြီးသည့်နောက်တွင် ယခင် အေးစက်ကာ အမူအရာကင်းမဲ့သည့် အကြည့်မျိုးက ပြန်လည်အစားထိုးဝင်ရောက်သွား၏။
စိတ်ရှည်ရှည်ထား။ ငါက ကောင်းကင်စာအုပ်နဲ့ အပေးအယူပြီးအောင် ဆောင်ရွက်ဖို့ပဲ လိုတယ်။ ပြီးတော့ အဲဒီနယ်ရုပ်တွေက အသုံးဝင်သေးတယ်…
အန္တိမသဟဇာတက မျက်လုံးပိတ်လိုက်၏။ ထိုစဉ် မေတ္တယျက အတွေးနက်နေမိသည်။
ငါ သတိလက်လွတ်ဖြစ်သွားတယ်…
သူမက ဒိုင်မေးရှင်းအနိမ့်အတွင်း ပေါ်ထွက်လာသည့် ကောင်းကင်ဘုံအဆင့်၏ အရှိန်အဝါကို အာရုံခံမိပြီးသည့်နောက်တွင် တွေးလိုက်မိသည်။ သူမ၏ အလင်းမဲ့အမှန်တရားကို တားဆီးသည့် အပြုအမူက အသုံးမဝင်ခဲ့ပေ။ မြူက သူမနှင့် အန္တိမသဟဇာတတို့ထက် ပိုမိုမြင့်မားသည့် ထူးကဲသာလွန်မှုအဆင့် တစ်ခု ဖြစ်နေသည်။
ထို့ကြောင့် သူတို့က ကြီးထွားလာနေသည့် တည်ရှိမှုကို မရပ်တန့်နိုင်ပေ။ ကံကောင်းစွာဖြင့် ကြီးထွားနှုန်းက အလွန်သေးငယ်သည့်အတွက် သူတို့က အခြေအနေကို ဖြေရှင်းဖို့ရာ အချိန်ရှိကြောင်း ပြသနေသည်။
မေတ္တယျက မြူရှေ့တွင် နေနေသည်မှာ အန္တိမသဟဇာတကို ထိန်းချုပ်ဖို့ရာ ပိုမိုလွယ်ကူ၍ ဖြစ်သည်။ ထိုသူကလည်း တူညီစွာ ခံစားရလိမ့်မည်ဟု ယုံကြည်ထား၏။
ငါ ကိစ္စတွေကို တိတ်တဆိတ် လုပ်နေတုန်း သူကလည်း အချိန်ဖြုန်းနေတာ မဟုတ်ဘူးပဲ။ ငါ သူ့ကို သတိကြီးကြီးထား ဖို့လိုတယ်…
သူမက ထပ်တွေးလိုက်သည်။
ငါ အရင်ဆုံးကိစ္စတွေကို အရှိန်မြှင့်တင်ဖို့ လိုလာပြီ…
မေတ္တယျက မျက်လုံးမှိတ်လိုက်သော်လည်း သူမက လမင်းခုနစ်စင်းမှ တစ်ယောက်ဆီ သတင်းစကား ပို့ဆောင်လိုက်သည်ကို မည်သူကမှ အာရုံမခံမိလိုက်ကြပေ။
ဘုန်းကြီးပန်းနှစ်မွှာက ကျင့်ကြံနေရင်း မဟာတာအိုအရင်းအမြစ် အငွေ့အသက်ဖြင့် လွှမ်းခြုံထားလေ၏။ သူ့စိတ်ထဲ သတင်းအချက်အလက် ဝင်ရောက်လာသည့်အတွက် ရုတ်တရက် မျက်လုံးပွင့်လာသည်။ ဤသည်က ပထမဦးဆုံးအကြိမ် မဟုတ်သည့်အတွက် စိတ်လှုပ်ရှားနေခြင်း မရှိပေ။ သို့သော်လည်း သူက သတင်းစကားကို ရရှိပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်၏။
[အချိန်စားသုံးသူကို သတ်ဖို့ နည်းလမ်းရှာ။ ဘယ်တန်ကြေးပဲဖြစ်ဖြစ်..]
ဘုန်းကြီးပန်းနှစ်မွှာက သူ့အရှင်၏ အမိန့်ကို ဖတ်ပြီးသည့်နောက်တွင် အတွေးနက်နေမိသည်။
အခု စနေပြီလား…
သူက တွေးလိုက်မိသည်။ လမင်းခုနစ်စင်း၏ လွှမ်းမိုးမှုက ကြာရှည်မခံကြောင်း သိထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူက မေတ္တယျကို ကိုယ်စားပြုစဉ် ချီတင်းကမူ အန္တိမသဟဇာတကို ကိုယ်စားပြုလေသည်။
အစကတည်းက သူတို့၏ မဟာမိတ်သည် ပိုင်းခြားထားပြီးသားဖြစ်သည့်အတွက် တချို့သော အဖွဲ့ဝင်များကြား ပဋိပက္ခများအကြောင်း ထည့်မပြောရသေးပေ။
လျှို့ဝှက်အဖွဲ့ဝင် ကပ်ဘေးက အန္တရာယ် ခံစားမိသည်နှင့် ထွက်ပြေးတတ်သည့် ငကြောက်တစ်ဦး ဖြစ်၏။ နောက်ဆုံးအစည်းအဝေးပြီးကတည်းက သူက ပျောက်ကွယ်သွားပြီဖြစ်ကာ မည်သူကမှ သူ ဘယ်ထွက်သွားသည်ကို မသိကြပေ။
အခြေအနေက အရှင့်အတွက် အရေးနိမ့်လာပြီ…
အန္တိမသဟဇာတနှင့် မတူဘဲ မေတ္တယျက ထိုသူများကို မလိုအပ်တော့ပေ။ ထို့ကြောင့် သူက ထိုသူများအား အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို ထိန်းချုပ်ပြီး အားလုံးကို ဖိနှိပ်ထားဖို့ မလိုအပ်တော့ပေ။
သို့သော်လည်း သူတို့က သူတို့၏ အာဏာကို အလွယ်တကူ လက်လွှဲပေးကြမည် မဟုတ်ပေ။ အထူးသဖြင့် ရန်သူများစွာ ဖန်တီးပြီးသည့်နောက်တွင် ဖြစ်၏။ ထို့ကြောင့် သူသာ ဂရုမစိုက်ပါက အားလုံးက သူ့ကို ပုန်ကန်လာလိမ့်မည်။
ဝူယွီဇာမဏီနဲ့ ထာဝရဇာမဏီကြားက ပဋိပက္ခကိုတော့ လှုံ့ဆော်ဖို့လွယ်တယ်။ ဒါပေမဲ့ သူမက မြေကမ္ဘာဧကရာဇ်ပြီးရင် အာဏာအတပ်မက်ဆုံးသူပဲ။
အချိန်စားသုံးသူက သူ့ဘက်ကို ပြသလာခဲ့ပြီးတော့ မဟာမိတ်စွမ်းအားအများစုကို ယူထားတယ်။ ငါက သူမနဲ့ မြေကမ္ဘာဧကရာဇ်ကို ဖျောင်းဖျပြီးတော့ မဟာမိတ်ဖွဲ့ပြီး သူ့ကို သတ်လို့ ရတယ်။ ဒါပေမဲ့ ချီတင်းက လှုပ်ရှားလာမှာကိုတော့ စောင့်ကြပ်ဖို့ လိုလိမ့်မယ်…
သွေးနဂါးအတွက်ကတော့ သူ့ကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းက နဂါးမျိုးနွယ်နဲ့ ပြည်တွင်းစစ်ပွဲ ဖန်တီးလိုက်ဖို့ပဲ…
သွေးနဂါးက နဂါးမျိုးနွယ်ကို ထိန်းချုပ်ဖို့အတွက် ရက်စက်သည့် နည်းလမ်းများကို အသုံးပြုခဲ့သည့်အတွက် အဖွဲ့ခွဲအများစုက သူ့ကို မုန်းတီးကြသည်။
ဝူယွီက သူမရဲ့ ဇာမဏီမျိုးနွယ်ကို နဂါးမျိုးနွယ်ကို လွှမ်းမိုးစေချင်နေတာဆိုတော့ ဒီအချက်ကို သုံးပြီးတော့ အချိန်စားသုံးသူကို ဖြေရှင်းပြီး ငါတို့ကြားက မဟာမိတ်ဖွဲ့တာ ကောင်းလိမ့်မယ်…
ဘုန်းကြီးပန်းနှစ်မွှာက သူ့အစီအစဉ်ကို ထုတ်ဖော်ပြီး လူတချို့ဆီ လျှို့ဝှက်သတင်းစကား ပို့ဆောင်လိုက်သည်။ တစ်နာရီကြာမြင့်ပြီးသည့်နောက်တွင် သူက မတ်တပ်ရပ်ကာ အခန်းအတွင်းမှ ပျောက်ကွယ်သွား၏။ မည်သူကမှ သူ ထွက်သွားကြောင်း မသိရအောင် တိတ်တဆိတ် ပြုမူခဲ့သည်။
သို့သော် ကိစ္စများက သူ ထင်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပေ။ ထွက်လာပြီးသည့်နောက်တွင် သူသည် ဘုန်းကြီးပန်းနှစ်မွှာက အားကောင်းသည့် အစီအရင်တစ်ခု ဝန်းရံခံထားရသည်ကို တွေ့ရှိလိုက်ရ၏။ ထို့နောက် သူက ထိန်းချုပ်နေသည့်သူကို မြင်တွေ့ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်မိသွားသည်။
“မင်း”