← Chapters

ပြတ်သားမှု

Vol. 67 Ch. 934

ပြတ်သားမှု

Vol. 67 Ch. 934

ဝမ်ချန်က သူတို့သုံးယောက်ဆီ လျှောက်လှမ်းလာလေ၏။ ဝမ်ဝေ့က သူသည် ကွဲပြားသွားပြီး ယခင် မရဏအငွေ့အသက်များအစား ယခုအခါ အသက်ဓာတ်ဖြင့် လွှမ်းခြုံနေကြောင်း ပြောနိုင်လေသည်။ အဝေးမှ သူက သူ့ခန္ဓာကိုယ်အတွင်း သွေးများ စီးဆင်းသံကို ကြားနေရပြီး အားကောင်းသည့် နှလုံးခုန်သံကိုပါ ကြားလိုက်ရသည်။

သူက ထိုလူအိုကြီး၏ စွမ်းအားကို ခန့်မှန်းထားပြီးသားဖြစ်သော်လည်း တစ်စုံတစ်ခုကို သတိထားမိခဲ့၏။ သူက ပုံမှန်လိုမျိုး ပျော်ရွှင်နေခြင်း မရှိပေ။ ပုံမှန်အားဖြင့် သူသည် အားပါးတရ ရယ်မောကာ စိတ်လိုက်လက်ရ ပြောဆိုနေလိမ့်မည်။ သို့သော် သူ့အဘိုးက စားပွဲကို ရောက်မလာခင်အထိ အတော်လေး ငြိမ်သက်နေလေသည်။

“ အေး ငါ သဘောအကျရဆုံး မြေးလေး ဘယ်လိုနေတုန်း” ဝမ်ချန်က ဝမ်ဝေ့၏ ခေါင်းကိုပုတ်ကာ ပြောလိုက်သည်။

“ကျွန်တော်က အဘိုးရဲ့ တစ်ဦးတည်းသော မြေးလေ။” ဝမ်ဝေ့က မျက်လုံးဝေ့ကာ ပြောလိုက်သည်။

“အဘိုးက ဘာလို့ စိတ်အခြေအနေမကောင်းဘူးလို့ ခံစားမိနေပါလိမ့်”

“ဟူး ” ဝမ်ချန်က သက်ပြင်းချလိုက်ပြီး “ငါက ငါ သီးသန့်ကျင့်ကြံရာကနေ ထွက်လာပြီးတော့ မိတ်ဆွေဟောင်းတွေဆီ သွားတွေ့ဖို့ ပြင်လိုက်တာ။ အဲဒီအခါကျမှ သူတို့အများစုက သေသွားပြီဆိုတာကို သတိထားမိသွားတယ်။”

အခန်းက တိတ်ဆိတ်သွားလေ၏။ ဝမ်ဝေ့၏ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲ၌ သူက ပြိုင်ဘက်အများစုကို သက်ညှာပေးနိုင်သည့် စွမ်းအားမျိုးရှိထားစဉ် သူ့အဘိုး၏ တိုက်ပွဲကမူ ရက်စက်ကာ လူတချို့ကသာ အသက်ရှင်ကျန်ခဲ့သည်။

ထိုလူအများစုက သူ့ပြိုင်ဘက် ဖြစ်ကြသော်လည်း သူ့ကို အရှည်ကြာဆုံး သိထားသည့်သူများလည်း ဖြစ်ပေသည်။ တချို့သောသူများက အခြေအနေကြောင့်သာ ပြိုင်ဘက်ဟု ယူဆကြသော်လည်း သူတို့က တစ်ဦးနှင့် တစ်ဦးလေးစားပြီး မိတ်ဆွေများအဖြစ် သတ်မှတ်နိုင်သည်။

သို့သော်လည်း မသေမျိုးဘဝနှင့် မဟာဧကရာဇ် ဂုဏ်ပုဒ်ရှေ့အောက်တွင် သူတို့က တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်ကြရသည်။

“ဝမ်းနည်းစရာကောင်းတာတွေ ပြောမနေပါနဲ့တော့” ဝမ်ချန်က ပြောလိုက်သည်။

“ငါ မရောက်လာခင် မင်းတို့တွေ ဘာတွေပြောနေကြတာလဲ”

ဝမ်ထျန်းက ထိုအခွင့်အရေးကို ယူကာ သူ့ဓားရေးကမ္ဘာအကြောင်း စကားလမ်းကြောင်း လွှဲလိုက်သည်။

“အဲဒါဆိုရင် အဲဒီကမ္ဘာကနေ ပါရမီရှင်တွေကို ခေါ်လို့ရမလား” ဝမ်ချန်က မေးလိုက်သည်။

“ငါတို့ဂိုဏ်းက တစ်ခါတုန်းက အားအကောင်းဆုံး ဓားသမား ရှိခဲ့ဖူးပေမဲ့ ဓားသမားတွေကို မပျိုးထောင်ဖြစ်တာ ကြာလှပြီ”

တာအိုအခွင့်အလမ်းဂိုဏ်းက ဓားသမားဂိုဏ်းလား။ ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူး…

သူတို့က အလားအလာကောင်းသည့် ဓားသမားများကို ကျင့်ကြံဖို့ အရင်းအမြစ်နှင့် ဗဟုသုတများ ရှိထားသော်လည်း သူတို့ဂိုဏ်းတွင် ဓားသမားကောင်းကောင်း ပေါ်ထွက်မလာသည်မှာ ကြာမြင့်သွားပြီ ဖြစ်၏။

“မရဘူး” ဝမ်ထျန်းက ဝမ်ဝေ့ ပြောသမျှအရာအားလုံးကို ပြန်လည်ရှင်းပြလိုက်သည်။

“ဒီလိုဆိုရင် သူတို့ ဖန်တီးထားတဲ့ ကျင့်စဉ်ကိုရော သုံးလို့ရမလား” ဝမ်ချန်က မေးလိုက်သည်။

“အဲဒါတော့ ပြဿနာ မရှိလောက်ဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။

“အမြင့်ဆုံးအဆင့်က ဧကရာဇ်တစ်ပိုင်းဆိုပေမဲ့ သူတို့အများစုက ထူးချွန်ပြီးတော့ ထူးကဲတဲ့ ဓားတာအို အတွေးအခေါ်နဲ့ အသုံးပြုမှုတွေ ပါဝင်နေတယ်”

“အဲ အတွေးတစ်ခု ရလာပြီ” ဝမ်ထျန်းက ပြောလိုက်သည်။

“ဓားမဟာမိတ်က အဖွဲ့ဝင်တွေက အဲဒီကမ္ဘာမှာရှိတဲ့ ဓားနတ်ဘုရားရဲ့ ကြမ္မာကို အမွေဆက်ခံနိုင်မလား”

“အင်း အဲဒါက သိပ်မဆိုးဘူးပဲ” ဝမ်ဝေ့က ပြောလိုက်သည်။ သူ့ကမ္ဘာရှိ ဓားနတ်ဘုရားများက သူ့ကမ္ဘာဖြင့် ကန့်သတ်ခံထားရသည့် ဧကရာဇ်များသာဖြစ်ပြီး တာအိုကို သက်သေမပြနိုင်ပေ။ သူတို့၏ ဓားတာအိုက သူတို့မျိုးဆက်အတွင်း အကောင်းဆုံးဖြစ်ကာ ကမ္ဘာ၏ ကန့်သတ်ချက်ဆီ ရောက်ရှိနေပြီ ဖြစ်၏။ အကယ်၍ အသင်္ချေအင်ပါယာကမ္ဘာရှိ တစ်စုံတစ်ယောက်က ဓားနတ်ဘုရား၏ ကြမ္မာကို အမွေဆက်ခံနိုင်ပါက မဟာဧကရာဇ်တစ်ယောက်၏ ကြမ္မာကို အမွေဆက်ခံသကဲ့သို့ ဖြစ်လိမ့်မည်။ ထိုအရာက သူတို့မွေးဖွားရာ ကမ္ဘာဖြင့် ကန့်သတ်ခံထားရသည့် ထိုဓားသမားများ၏ အမွေအနှစ်ကို ဆက်လက်လျှောက်လှမ်းနိုင်စေမည့် နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။

“ဓားနတ်ဘုရားတွေအားလုံးရဲ့ ကြမ္မာနဲ့ အမှတ်အသားတွေအားလုံးကို ဓားတာအိုဗိမာန်မှာ စုစည်းပြီးသွားပြီ။ ဓားမဟာမိတ်ရဲ့ အဖွဲ့ဝင်တွေကို သူတို့ အဲဒီကြမ္မာတွေကို အမွေဆက်ခံနိုင်မလားဆိုတာကို ကြည့်ခိုင်းလိုက်ပေါ့” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“ကောင်းကင်တာအိုနဲ့ ပြဿနာတော့ မတက်ဘူးမလား”

“မတက်ပါဘူး” ဝမ်ဝေ့က ခေါင်းယမ်းလိုက်၏။

“ဒီအရာက တခြားကမ္ဘာရဲ့ ကြမ္မာကို သုံးပြီးတော့ အသင်္ချေအင်ပါယာကမ္ဘာကို အားဖြည့်ပေးတာနဲ့ အတူတူပဲ”

ဧကရာဇ်တစ်ယောက်၏ ကြမ္မာကို ရှိထားခြင်းက ထိုသူများသည် တာအိုကို သက်သေပြနိုင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အချုပ်အားဖြင့် ဓားမဟာမိတ်၏ လူများစွာက ဓားနတ်ဘုရားကြမ္မာကို ကိုင်ဆောင်ထားလျှင် သူတို့က ကောင်းကင်တာအိုအတွက် ခပ်ဝဝ သိုးများ ဖြစ်လာလိမ့်မည်။ သူတို့က တာအိုကို သက်သေမပြဘဲ သေဆုံးသွားသည့်အခါ ကောင်းကင်တာအိုက သူတို့၏ ထူးကဲသည့် ဓားတာအိုကြမ္မာကို ယူဆောင်ပြီး အစိတ်စိတ်အမြွာမြွာ ခွဲကာ အသင်္ချေအင်ပါယာကမ္ဘာထိ ဖြန့်ကျက်ပြီး နောင်အနာဂတ်မျိုးဆက်အား ထိုဓားနတ်ဘုရားကြမ္မာအတွက် ယှဉ်ပြိုင်ဖို့ ခွင့်ပြုပေးထားလိမ့်မည်။

နောက်ဆုံးသော အနိုင်ရရှိသူက ဓားနတ်ဘုရားကြမ္မာကို စုစည်းနိုင်ပြီး တခြားသူများအတွက် တာအိုကို သက်သေပြဖို့ရာ ကောင်းကင်အလိုဆန္ဒကို ယှဉ်ပြိုင်နိုင်လိမ့်မည်။

တိုက်ပွဲများစွာ ပြီးသည့်နောက်တွင် ဓားနတ်ဘုရားကြမ္မာဖြင့် တာအိုကို သက်သေပြနိုင်သည့်သူက အဆုံးစွန်အထိ လေ့ကျင့်ပြီးသားဖြစ်သွားလိမ့်မည်။

“ငါ သိပြီ” ဝမ်ထျန်းက ခေါင်းညိတ်လိုက်၏။

ဓားနတ်ဘုရားကြမ္မာက အမှန်တကယ် အဖိုးတန်လှသော်လည်း ပိုင်ရှင်က ထိန်းသိမ်းထားပြီး တာအိုကို သက်သေပြနိုင်သည့်အခါမှသာ အသုံးဝင်လိမ့်မည်။ မဟုတ်ဘဲ သူတို့က သေဆုံးသွားပါက ထိုကံကြမ္မာသည် ကမ္ဘာအတွက် အားဖြည့်မှုသာ ဖြစ်သွားလိမ့်မည်။

“အဘိုးက အခု ဒီလိုမျိုးအလားအလာ ရှိနေပြီဆိုတော့ ဘာဆက်လုပ်မှာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ငါလည်း ငါ့ကိုယ်ငါ ငြင်းခုန်နေရတုန်းပဲ” ဝမ်ချန်က ဝမ်ဝေ့၏ မုန့်ပဲသရေစာများကို ယူကာ စားသုံးလိုက်သည်။ ယုယန်က သဘောမကျသော်လည်း သူ့ယောက္ခထီးကို ဘာမှမပြောပေ။ ထို့ကြောင့် သူမက သူ့ခင်ပွန်းကိုသာ အပြစ်တင်ရင်း သူ့သားကို ထပ်မံသာ ပေးလိမ့်မည်။

“ဒီအကြောင်းကို စဉ်းစားပြီးတဲ့နောက်မှာ ရွေးချယ်စရာနှစ်ခု ရှိလာတယ်။ ပထမတစ်ခုက သွေးမျိုးဆက်ကို မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၇၅ ကနေ ၈၀အထိ ရောက်အောင် ပြုစုပျိုးထောင်ပြီးတော့ ခန္ဓာကိုယ်နဲ့ နေမင်း၉စင်းကို တိုက်ခိုက်ဖို့ပဲ။ ဒုတိယ ရွေးချယ်မှုအနေနဲ့ဆိုရင် အရင်လမ်းစဉ်အတိုင်း ဆန့်ကျင် တာအိုဘိုးဘေးတစ်ယောက် ဖြစ်လာဖို့ … ငါ့ရဲ့ သွေးမျိုးဆက်နဲ့ဆိုရင် ဆန့်ကျင်ကျင့်ကြံသူ တစ်ယောက်ဖြစ်လာဖို့က လွယ်ပြီးတော့ သွေးမျိုးဆက်အတွက် လိုအပ်မဲ့ အရင်းအမြစ်တွေကို လျှော့ချနိုင်လိမ့်မယ်”

သူ့သွေးမျိုးဆက်ကို ဒိုင်မေးရှင်းအနိမ့်တွင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းက ခက်ခဲလှသောကြောင့် ဝမ်ချန်းသည် ဒုတိယရွေးချယ်မှုအပေါ် ပိုမိုအရေးသာနေမိသည်။

“အဘိုးက ပြန်လည်ဝင်စားချင်သေးတယ်မလား” ဝမ်ဝေ့က ပြောလိုက်၍ အခန်းတစ်ခုလုံးက တိတ်ဆိတ်သွားလေသည်။

“အဖေ အဲ့လိုလုပ်ဖို့ မလိုပါဘူး။ အဖေ့ရဲ့ သွေးမျိုးဆက်နဲ့ဆိုရင် ဒိုင်မေးရှင်းအမြင့်မှာ တာအိုကို သက်သေပြနိုင်ပါသေးတယ်”

ဝမ်ချန်က ခေါင်းယမ်းကာ “ငါက ပလ္လင်ပေါ်မှာ ထိုင်ပြီး ခုံရုံးကို အုပ်ချုပ်ရင်း ငါ့ရဲ့ ကိုယ်ပိုင်ဂုဏ်ကျက်သရေကို လိုချင်တယ်။ ငါက ငါတို့တာအိုအခွင့်အလမ်းဂိုဏ်းအတွက် ဂုဏ်ကျက်သရေကို ဆောင်ကျဉ်းပေးချင်တယ်။ ဒီဘဝမှာ ဒီဟာတွေကို လုပ်နိုင်မှာ မဟုတ်ဘူး”

ဝမ်ဝေ့က အဖြေကို သိထားပြီးသားဖြစ်သော်လည်း သက်ပြင်းသာ ချလိုက်မိသည်။

“အဘိုးရဲ့ ရွေးချယ်မှုကို ထောက်ခံပေးပါတယ်။ ဒါပေမဲ့ အဘိုး ပြန်လည်ဝင်စားပြီးတဲ့နောက်မှာ မျှခြေညီစက်ယန္တရားကြောင့် ဒုက္ခဖြစ်နိုင်မှာကိုတော့ ပြင်ဆင်ထားသင့်တယ်”

နောင်အနာဂတ်တွင် ဂိုဏ်းက မည်မျှအားကောင်းလာမည်ကို သိထားကာ ထိုတုံးအအ စက်ယန္တရားဖြင့် ကန့်သတ်ခံထားရမည်ကို သိနေသည်။ ထို့ကြောင့် ဂိုဏ်း၏ နောင်အနာဂတ်ဧကရာဇ်များသည် သတိကြီးကြီးထားဖို့ လိုအပ်၏။

“အဲဒီအကြောင်း မစိုးရိမ်ပါဘူး” ဝမ်ချန်က ပြောလိုက်သည်။

“အိုး ဘာလို့လဲ” ဝမ်ဝေ့က သူ့သိချင်စိတ်ကို ဖုံးကွယ်ထားခြင်း မရှိပေ။

“ငါ ပြန်လည်ဝင်စားလာတဲ့အခါ မင်းက အစစ်အမှန် ကောင်းကင်တာအိုကိုတောင် မျက်နှာသာ ပေးဖို့ မလိုလောက်တဲ့အထိ အားကောင်းနေလောက်ပြီလေ။ အဲဒီအခါကျရင် သူက ငါ့အတွက် ခက်ခဲအောင် လုပ်ရဲဦးမှာလား”

ဝမ်ဝေ့က လူအိုကြီးကို ကြည့်ကာ လက်ရှိ သူ့စိတ်ခံစားချက်များကို ဖော်ပြဖို့ ပါးစပ်ဟလိုက်သည်။ ထို့နောက် သူက သူ့အဘိုး ရယ်သည့်အတိုင်း အားပါးတရသာ ရယ်မောလိုက်၏။

“ဟား…ဟား…ဟား… ဟုတ်တာပေါ့။ ကျွန်တော်က အဓိကပြဿနာ ဗဟိုချက်ကို မမြင်ခဲ့မိဘဲနဲ့ မျှခြေညီစက်ယန္တရားကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့တာ။ ကျွန်တော်သာ သူတို့ရဲ့ အနေအထားကို ရောက်သွားတာနဲ့ အစစ်အမှန် ကောင်းကင်တာအိုက ကျွန်တော်ရဲ့ ဂိုဏ်းကို ဘယ်လိုများ ကန့်သတ်နိုင်ဦးမှာလဲ”

ထူးကဲသာလွန်မှု တစ်ပိုင်းအဆင့်…ငါ အဲဒီအဆင့်ကို မရောက်ခင် အချိန်တစ်ခုပဲ လိုတယ်…

ဝမ်ဝေ့က အပြုံးဖြင့် တွေးလိုက်သည်။

ဝုန်း

အသင်္ချေအင်ပါယာကမ္ဘာအထက် ကောင်းကင်က ပြောင်းလဲသွားကာ ရွှေရောင်အလင်းတန်း၊ ရွှေရောင်ကြာပန်းနှင့် တာအိုအသံများက ပဲ့တင်ထွက်လာသည်။ လူများစွာက ထိုသဘာဝအမြင်ရုပ်လွှာကြောင့် အံ့အားသင့်သွားကြပြီး ဘာဖြစ်သွားတာလဲဟု စဉ်းစားနေကြသည်။

သို့သော်လည်း တွက်ချက်ပြီးသည့်နောက်တွင် သူတို့က ဆွံ့အသွားကြသည်။ အဖြေက ကောင်းကင်ဧကရာဇ်သည် ပျော်ရွှင်လွန်းနေ၍ မိုးမြေကပင် ထိုစိတ်အခြေအနေကို အောင်ပွဲခံဖို့ ပြောင်းလဲသွားခြင်း ဖြစ်သည်။

ထိုသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာ အကောင်းဆုံးကဏ္ဍက ကောင်းကင်ဧကရာဇ်သည် သူ ကိုယ်တိုင်လုပ်ခဲ့သည့် အရာကြောင့် ထိုမြင်ကွင်းမျိုး ပေါ်ထွက်လာရခြင်း မဟုတ်ပေ။ ထိုသူက အားကောင်းလွန်းသည့်အတွက် မိုးမြေကပင် သူ့စိတ်အခြေအနေနှင့် လိုက်၍ ရံဖန်ရံခါ တုံ့ပြန်ပေးနေရသည်။

အဆုံးသတ်တွင် ထိုသူများက နေ့စဉ်ဘဝကိုသာ ပြန်သွားပြီး သက်ပြင်းသာချလိုက်ကြသည်။ ထိုစဉ် ဝမ်ဝေ့က စိတ်အခြေအနေကောင်းနေပြီး ပြင်ပတွင် ဖြစ်ပျက်သမျှအရာအားလုံးကို လျစ်လျူရှုထားလေ၏။

“အဘိုး ကျွန်တော်ကို ဉာဏ်အလင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ငါက ဘာလုပ်ခဲ့မှန်း မသိပေမဲ့ မင်းအတွက် အကူအညီဖြစ်တာ တော်သေးတာပေါ့”

ဝမ်ချန်က သူ့စိတ်ထဲမှ စကားကိုသာ ပြောလိုက်သည်။ သူက သူ့သားနှင့် မြေး၏ အလားအလာကို သိထားသောကြောင့် သူတို့အပေါ် အကြွင်းမဲ့ယုံကြည်ချက် ရှိလေသည်။ အထူးသဖြင့် သူ့မြေးအပေါ်ဖြစ်၏။

“အဘိုးရဲ့ ပြဿနာအတွက်ကတော့ ရွေးချယ်စရာ နှစ်ခုလုံးကို သုံးလို့ရတယ်” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“တာအိုဘိုးဘေးဖြစ်လာပြီးတော့ မဟာတာအိုအရင်းအမြစ်နဲ့ ထိတွေ့ဆက်ဆံတာက ပြန်လည်ဝင်စားပြီးတဲ့နောက်မှာ အကျိုးအမြတ် ဖြစ်လာစေလိမ့်မယ်။ အဘိုးရဲ့ သွေးမျိုးဆက်အတွက်ကတော့ ဒိုင်မေးရှင်းအနိမ့်မှာ ထာဝရဧကရာဇ်အဆင့်အထိ မြှင့်တင်နိုင်တဲ့ အရင်းအမြစ်လုံလုံလောက်လောက် ရှိပါတယ်။ အဆိုးဆုံးအခြေအနေနဲ့ဆိုရင် ပင်ကိုချီ ပြည့်နေတဲ့ နေရာတစ်ခုအတွင်းမှာ စည်းပိတ်ပေးပြီးတော့ အချိန်ကို မြှင့်တင်ပေးပြီး သွေးမျိုးဆက်ကို အလိုလို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်လို့ရတယ်လေ”

ဝမ်မျိုးနွယ်၏ လူသားမကောင်းဆိုးဝါး နတ်ဘုရားသွေးမျိုးဆက်၏ လုပ်ဆောင်ချက်က မကောင်းဆိုးဝါးနတ်ဘုရား သွေးမျိုးဆက်တိုင်းနှင့် တူညီပြီး ဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် အချိန်အတော်ကြာ လိုအပ်ပေသည်။ ထို့ကြောင့် ဆယ်ဆင့်မြောက် ပြောင်းလဲခြင်းကို အမွေဆက်ခံထားသည့် အဖွဲ့ဝင်များက ကျင့်ကြံဖို့ရာ မလိုအပ်ဘဲ သူတို့၏ သွေးမျိုးဆက်၏ အလိုအလျောက် ကြီးထွားမှုကို မှီခိုပြီး မွေးကင်းစ မကောင်းဆိုးဝါးနတ်ဘုရား ၁၀၀ ခွန်အားသို့ ရောက်ရှိနိုင်သည်။

တစ်ခုတည်းသော ဆိုးကျိုးက ဧကရာဇ်အဆင့်တွင် ကျင့်ကြံသကဲ့သို့ ယွမ်ခေတ်ကာလများစွာ ကြာမြင့်နိုင်ခြင်း ဖြစ်၏။ ပြောရလျှင် သူတို့က လိုအပ်သည့်အချိန်က ပုံမှန်ထက်ပင် ပိုမိုရှည်လျားလိမ့်မည်။

မကောင်းဆိုးဝါးနတ်ဘုရားများက ကမ္ဘာဦးဟွင်သွမ်းအတွင်း မွေးဖွားလာပြီး မွေးဖွားလာကတည်းက သူတို့၏ သွေးမျိုးဆက်ကို မြှင့်တင်ဖို့အတွက် ကမ္ဘာဦးချီကို စုပ်ယူနိုင်ကြသည်။ သို့သော် ဝမ်မျိုးနွယ်က ဝိညာဉ်ချီသာ ရရှိနိုင်သည့်အတွက် သူတို့၏ ကြီးထွားနှုန်းက ပိုမိုရှည်ကြာနိုင်သည်။

All Chapters