← Chapters

သေမျိုးများ၏ မြင့်တက်မှု အပိုင်း(၂)

Vol. 67 Ch. 936

သေမျိုးများ၏ မြင့်တက်မှု အပိုင်း(၂)

Vol. 67 Ch. 936

ဝမ်ဝေ့က သင်္ကေတပြည့်နှက်နေသည့် ဂိတ်ပေါက်ရှေ့ ရပ်လိုက်သည်။ သူ့ရုပ်ထုက မြို့ထဲရှိ နေရာတိုင်းတွင် ရှိနေသော်လည်း မည်သူကမှ သူ့ကို သတိမထားမိပေ။ သူက ဂိတ်ပေါက်ကို လေ့လာနေရင်း ထိုအရာမှ ထွက်ပေါ်နေသည့် လှိုင်းအတက်အကျကို ခံစားမိလိုက်သည်။

သူ ကမ္ဘာကို ပထမဦးဆုံးရောက်လာစဉ်က သူ ကမ္ဘာပေါ်ရှိခဲ့သည့် လွှမ်းမိုးမှုအကြောင်း ပြန်လည်အမှတ်ရမိသွား၏။ ထိုစဉ်အခါက သူသာ သေမျိုးများက ကာလံဒေသံစွမ်းအားကို သူတို့ဘာသာသူတို့ ကျွမ်းကျင်နိုင်ကြောင်း ပြောပြခဲ့လျှင် ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းက အားပါးတရ ရယ်မောမည်ဖြစ်ကာ ကျန်ရှိနေသည့် ၁ ရာခိုင်နှုန်းကမူ ထူးဆန်းစွာကြည့်ပြီး ယဉ်ကျေးသမှုဖြင့် ဘာမှပြောကြမည် မဟုတ်ပေ။

သူက မိနစ်ပိုင်းကြာ စောင့်ဆိုင်းပြီးသည့်နောက်တွင် သူ့အလှည့်သို့ ကျရောက်လာလေသည်။

လမ်းညွှန်ချက်အတိုင်း သူက တံခါးရှေ့ရှိ စက်ဝန်းထဲ ဝင်ရောက်လိုက်သည်။ ထို့နောက် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ သူက ပျောက်ကွယ်သွား၏။

ထိန်းချုပ်ထားတဲ့ အာကာပြင်လမ်းကြောင်းလား မဆိုးဘူးပဲ…

သူက ကြယ်များလို တောက်ပနေသည့် အဖြူရောင်နေရာလွတ်အတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲ ထိုအရာကို အဆုံးမဲ့ ကြည့်နေရသလိုမျိုး ခံစားလိုက်ရ၏။

တကယ်လို့ ငါသာ သေမျိုးတစ်ယောက်ဆိုရင် ဒီနေရာလွတ်က အဆုံးမဲ့ပုံစံ ဖြစ်နေလောက်တယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သိပ်မကြာခင် သူက မြေပြင်ပေါ်တွင် မှော်စက်ဝန်းရှိသည့်‌ နောက်ထပ်အခန်းတစ်ခုအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။ သူ့ဝန်းကျင်တွင် ဂိတ်ပေါက် မရှိသော်လည်း ဝမ်ဝေ့က နေရာတစ်ခုလုံးသည် ကူးသန်းပို့ဆောင်ရေး ဂိတ်ပေါက်ဖြစ်ကြောင်း ပြောနိုင်လေသည်။

သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးက ညင်ညင်သာသာပြုံးပြလာသည်။ သူမက သူ့ကို ကြိုဆိုကာ မည်သို့ထွက်ခွာသွားရမည်ကို ရှင်းပြလိုက်သည်။

ဝမ်ဝေ့က ထွက်မသွားခင် သူမကို ကျေးဇူးတင်ခဲ့၏။

ဒီအစိမ်းရောင်ကြာမြို့နဲ့ အနက်ရောင်စင်းကျားမြို့က ဘာကွာခြားလဲ ကြည့်ရအောင်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ အစိမ်းရောင်ကြာမြို့က ထိုက်ယီနက်နဲမုခ်၏ ပိုင်နက်အတွင်း ရှိသောကြောင့် ကွာဟချက်ရှိနေမလား သိချင်မိသည်။

သူက မြို့ထဲတွင် လျှောက်လှမ်းလာစဉ် သူ့ကို စိတ်ပျက်သွားစေသည်က နတ်ဘုရားဗိမာန်များမှလွဲ၍ ကွာဟချက် များများစားစား မရှိပေ။ ဘာသာရေးအနေဖြင့် တာအိုဘာသာက ကောင်းကင်ခုံရုံး မတိုင်ခင်ကတည်းက နတ်ဘုရားများ ရှိထားပြီဖြစ်ကာ သူတို့ပိုင်နက်အတွင်း နေထိုင်သည့်သူများက နတ်ဘုရားအသီးသီးကို ကိုးကွယ်ကြလေသည်။

သို့သော်လည်း ထိုက်ယီနက်နဲမုခ်က စုစည်းထားသည့် ယုံကြည်မှုများကို အမြဲလိုလို စွန့်ပစ်ခဲ့ပြီး ဆုတောင်းသည့် အပြုအမူက သူတို့ဘာသာရေး၏ ချီကံကောင်းမှုကို ထိန်းချုပ်ဖို့ နည်းလမ်းအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။

ခေါင်းမာလိုက်တာ…

ဝမ်ဝေ့က ထိုတာအိုဘုန်းကြီးများသည် အကြွင်းမဲ့စတင်ခြင်းဧကရာဇ်၏ လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးနေသည်ကို တွေးလိုက်မိ၏။ သူက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် အလယ်ပိုင်းကုန်းမြေရှိ နေရာများစွာထံ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် တောင်ပိုင်းကုန်းမြေဆီ ဦးတည်ခဲ့၏။

သူ့ပထမဆုံးဦးတည်ချက်က နှလုံးသားမီးတောင်မြို့ဖြစ်ပြီး မူလဆေးလုံးတာအိုဂိုဏ်း၏ ပိုင်နက်အတွင်း ရှိလေသည်။ သူက ရောက်ရှိသွားသည့်အခါ တစ်စုံတစ်ခု ကွဲပြားနေသည်ကို တွေ့ရှိသွား၏။ သေမျိုးအများစုတွင် အမှတ်အသားများ ရှိထားကြသည်။

တချို့က ဆေးရည်တချို့ဖြင့် ဖုံးကွယ်ထားကြပြီး တချို့ကမူ သူတို့၏ ခန္ဓာကိုယ်ထဲ ဖုံးကွယ်ထားကြစဉ် ကျန်သူများကမူ ဘာမှဂရုမစိုက်ဘဲ ဒီအတိုင်းသာ နေနေကြသည်။

ထူထန်စစ်သည်တော်လား။ ဒီဟာက သေမျိုးတွေအထိ ပျံ့နှံ့နေပြီလား…

ဝမ်ဝေ့က စုံစမ်းစစ်ဆေးကြည့်လိုက်သည်။ သူက ဆေးရုံကို သွားသည့်အခါ မွေးဖွာလာကာစ ကလေးများစွာကို မြင်လိုက်ရ၏။ ထို့နောက် သူနာပြုက သူတို့အား မျက်နှာကျက်ပေါ်တွင် သင်္ကေတမြောက်များစွာ ရေးထွင်းထားသည့် အခန်းအတွင်း ပို့ဆောင်လိုက်သည်။ သူမက တစ်စုံတစ်ခုကို အသက်သွင်းပြီးသည့်နောက်တွင် သင်္ကေတများက ထိုကလေးများ၏ ခန္ဓာကိုယ်အပေါ် ကျရောက်လာပြီး အမှတ်အသား (တက်တူး) တစ်ခုကို ဖန်တီးခဲ့သည်။

တချို့သော ကလေးငယ်များက သူတို့၏ နိဝမ်နန်းဆောင်ရှိရာ နဖူးမှ အလင်းများ စတင်ထွက်လာကြသည်။ သူနာပြုက သူ့ရှေ့တွင် သုံးဖက်မြင် ပိတ်ကားချပ်တစ်ခုရှိနေပြီး ထိုကလေးများကို ထူးကဲသူအဖြစ် မှတ်ပေးလိုက်သည်။

တခြားသော ကလေးများအတွက်မူ အလင်းတန်းက သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေလေ၏။

ငါ သိသွားပြီ…

ဝမ်ဝေ့က အခြေအနေကို နားလည်သွား၏။ တောင်ပိုင်းရှိ သေမျိုးအဖွဲ့အစည်းက တာအိုအခွင့်အလမ်းဂိုဏ်း၏ ပုံစံအတိုင်း မလိုက်နာကြဘဲ သူတို့ကိုယ်ပိုင်ထူးကဲသည့် လူမှုအဖွဲ့အစည်းကို ဖန်တီးထားကြသည်။

ထိုသေမျိုးများက ဆေးဝါး၊ ဆေးရည်၊ ဆေးလုံး သို့မဟုတ် သင်္ကေတအစီအရင်များကို ဆေးများကဲ့သို့ အရာများကို သူတို့၏ စိတ်ဝိညာဉ်စွမ်းအားကို နိုးထလာစေသည့် ထူးကဲသေမျိုးဖြစ်ဖို့ရာ အသုံးမပြုခဲ့ကြပေ။ ထိုအစား သူတို့က မွေးဖွားစဉ်ကတည်းက ထိုသူများ၏ ခန္ဓာကိုယ်အတွင်း ထူးခြားသည့် သင်္ကေတကို ရေးထွင်းပေးကာ သူတို့၏ အလားအလာနှင့် စိတ်ဝိညာဉ်စွမ်းအားကို အသက်သွင်းပေးခဲ့သည်။

ထိုစဉ် သာမန်လူများက သူတို့၏ ခန္ဓာကိုယ်ကို ဝိညာဉ်ချီနှင့် အားဖြည့်ဖို့ရာ သိုင်းပညာကို လေ့ကျင့်ဖို့ မလိုတော့ပေ။ ထူထန်က မွေးဖွားလာကတည်းက ပေးအပ်ထားသည့် အမှတ်အသားက ပတ်ဝန်းကျင်မှ ဝိညာဉ်ချီများကို စုပ်ယူခွင့်ပြုထားပြီး သိုင်းပညာ၏ ကဏ္ဍကို အစားထိုးလိုက်သည်။

တူညီတဲ့ ရည်မှန်းချက်ဆီ ဦးတည်နေတဲ့ ကွဲပြားနေတဲ့ လမ်းကြောင်းအသီးသီးပဲ…

ဝမ်ဝေ့က အပြုံးဖြင့် တွေးလိုက်မိသည်။ သူတို့က ထိုသူများသည် သူ့ဂိုဏ်း၏ ပုံစံအတိုင်း တစ်သတ်မှတ်တည်း လိုက်မလုပ်သည်ကို ဝမ်းသာမိ၏။ မဟုတ်ပါက ပျင်းရိစရာ ကောင်းလိမ့်မည်။ သေမျိုး စိတ်ဝိညာဉ်သင်္ကေတ အဖွဲ့အစည်းက အပြောင်းအလဲဖြစ်သည်က ပို၍ ကောင်းပေသည်။

ထို့နောက် သူက ထိုသေမျိုးအဖွဲ့အစည်းနှစ်ခုကြား သုံးသပ်ကြည့်လိုက်၏။

ထူထန်က သူတို့ရဲ့ လူတွေကို မွေးဖွားကတည်းက စိတ်ဝိညာဉ်စွမ်းအား နိုးထခွင့်ပြုထားပြီးတော့ အချိန်သက်သာစေတယ်။ ဒါပေမဲ့ ငါ့လူတွေကတော့ မအောင်မြင်ခင် အကြာကြီး အားထုတ်ရပြီးတော့ သူတို့ရဲ့ ဝိညာဉ်စွမ်းအားတွေက ပြန့်ကျဲနေပြီး ထိန်းချုပ်ဖို့ ပိုခက်ခဲတယ်…

ထိုအရာက ခန္ဓာကိုယ်ထူထန်လူများအတွက်လည်း အတူတူသာ ဖြစ်၏။

သူတို့က သိုင်းပညာကို လေ့ကျင့်ဖို့ မလိုအပ်ဘူး။ ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားက ဂိုဏ်းရဲ့ သေမျိုးတွေလောက် မကောင်းဘူး။ ဒါပမေဲ့ သူတို့က ဒီဟာအတွက်ကို လိုက်ဖြည့်ဖို့ နောက်ထပ် အမှတ်အသားတွေ ထပ်ပြီး ထည့်နိုင်တယ်…

ယေဘုယျအားဖြင့် တစ်ခုချင်းစီက ဆိုးကျိုးနှင့် ကောင်းကျိုးများ ရှိလေသည်။ အကယ်၍ ဝမ်ဝေ့သာ ရွေးချယ်ရပါက သူသည် ထူထန်စစ်သည်တော်အတွက် ပို၍ စိတ်ယိုင်ပေလိမ့်မည်။ သို့သော်လည်း သူတို့က သူ့ဂိုဏ်း၏ အဖွဲ့အစည်းနှင့် ဖွံ့ဖြိုးတိုးတက်လောက်အောင် နီးကပ်ခြင်း မရှိသေးပေ။

သူတို့လိုက်မှီလာသည့်အခါ သူတို့၏ သေမျိုးများက ထိုထူထန်အဖွဲ့အစည်း၏ အရေးသာချက် တချို့ကို ကျင့်သားရသွားလောက်ပြီ ဖြစ်၏။

ဝမ်ဝေ့က လျှောက်လှမ်းလာကာ မြို့ကို ဆက်လက်လေ့လာလိုက်သည်။ တောင်ပိုင်းကုန်းမြေရှိ ကျွမ်းကျင်အတတ်ပညာများ၏ လွှမ်းမိုးမှုကြောင့် သေမျိုးအဖွဲ့အစည်းသည် အခြားသူများထက် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့၏။

ဆေးဝါးပညာနှင့် သင်္ကေတ အသုံးအဆောင် ပစ္စည်းများကလည်း တောင်ဘက်ပိုင်းတွင် ထူးချွန်ပြောင်မြောက်ကြသည်။ အစီအရင်ကမူ သေမျိုးများ၏ ဝိညာဉ်စွမ်းအားက မိုးမြေ၏ စွမ်းအားကို ငှားယူဖို့ရာ အားနည်းလွန်းသည့်အတွက် သေမျိုးအဖွဲ့အစည်းများတွင် ကောင်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိပေ။ ထို့ကြောင့် သူတို့က နည်းပညာကဲ့သို့သော အသုံးအဆောင်ပစ္စည်းများအပေါ် မှီခိုဖို့ လိုအပ်၏။

ဝမ်ဝေ့က ဇာမဏီဝဲပျံယာဉ်ကို စီးရင်း အနီးဆုံးမြို့ဆီ ဦးတည်လာလိုက်သည်။ သူက ယာဉ်ပေါ်တွင်ထိုင်နေရင်း အောင်မြင်သည့် ခံစားချက်မျိုးကို ရရှိလိုက်သည်။ သူက ပြတင်းပေါက်မှ ငုံ့ကြည့်ကာ တောအုပ်၊ တောင်တန်းနှင့် မြစ်များကို မြင်လိုက်ရသည်။

ဒီကမ္ဘာက အကြီးကြီးပဲ။ နှစ် ၇၀၀ ကျော်လောက်နဲ့ သေမျိုးလူဦးရေက အတော်လေးကို တိုးတက်လာခဲ့တယ်။ ဒါပေမဲ့ သူတို့က လူဦးရေက နည်းနေတုန်းပဲ…

ဒါပေမဲ့ သူတို့သာ ဒီလိုနှုန်းနဲ့ ဆက်ပြီး မွေးဖွားနေမယ်ဆိုရင် နှစ်သန်းချီကြာမြင့်ပြီးတဲ့နောက်မှာ လူဦးရေ များပြားလွန်းတာ ပြဿနာဖြစ်လာနိုင်တယ်။ ငါ အဲဒီအတွက် စီစဉ်ထားသင့်လား…

သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် လျစ်လျူရှုဖို့သာ ဆုံးဖြတ်လိုက်သည်။ ခုံရုံးက ဒိုင်မေးရှင်းအနိမ့်နှင့် တခြားခုံရုံးအသိုက်အဝန်းများဆီ ဖြန့်ကျက်လိုက်သည်နှင့် သေမျိုးများ ပြောင်းရွှေ့ရေးက ထိုပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

ထို့အပြင် ဝမ်ဝေ့က ဤကမ္ဘာသည် အမြဲတမ်း အေးချမ်းနေမည် မဟုတ်ကြောင်း သိလေ၏။ သူ ထွက်သွားပြီးသည့်နောက်တွင် ကောင်းကင်ဧကရာဇ်တိုင်းက ဤရည်မှန်းချက်ကြီးလှသည့် ကျင့်ကြံသူများကို အုပ်ချုပ်နိုင်ကြမည် မဟုတ်ပေ။

အားနည်းသည့် ဧကရာဇ်က ထိန်းချုပ်ခဲ့ပါက ကျင့်ကြံသူများသည် အတားအဆီး မရှိတော့ဘဲ နေရာတိုင်းတွင် တိုက်ခိုက်ကာ သေမျိုးများ၏ မြို့နှင့် အဖွဲ့အစည်းများကို တိုက်ခိုက်ပစ်ကြလိမ့်မည်။

သူတို့ကို ချုပ်ထိန်းထားဖို့ လိုတယ်…

ဝမ်ဝေ့က ဆက်လက် သွားလာရင်း တွေးလိုက်မိသည်။ သူက တောင်ပိုင်းကုန်းမြေရှိ နတ်ဘုရားများကို လေ့လာကြည့်လိုက်၏။ ရှုရှစ်က ကျောင်းတော်မှ အချို့သော နတ်ဘုရားများနှင့်အတူ တောင်ပိုင်းနတ်ဘုရားအဖြစ် ကိုးကွယ်ခံထားရသည်။ သို့သော်လည်း လက်ရှိအနေအထားကို နေသားကျစေဖို့အတွက် ရှုရှစ်က တောင်ပိုင်း မွေးရပ်မြေဖြစ်သည့် အင်အားစုမှ နတ်ဘုရားများကိုပင် ကိုးကွယ်ခွင့်ပြုထားလေသည်။

တောင်ပိုင်းသို့ သွားလာပြီးသည့်နောက်တွင် ဝမ်ဝေ့က မူလဆေးလုံးတာအိုဂိုဏ်းကို လှမ်းကြည့်လိုက်၏။ လော့ချန်၏ ကံကြမ္မာနှင့် ကြမ္မာတို့က တိမ်တိုက်အတွင်း လွှမ်းခြုံထားသည်ဖြစ်ကာ သူ့စုံစမ်းမှုအားလုံးကို ပိတ်ဆို့ထားသည်။ သို့သော်လည်း သူ့ကံကြမ္မာအရိပ် တပ်ဖွဲ့ဝင်က ဂိုဏ်းအတွင်း ကျူးကျော်ဝင်ရောက်ကာ ထိုသူက ဆေးလုံး ဖော်စပ်နေကြောင်း သင်ယူခဲ့ရသည်။ ထို့အပြင် လော့ချန်က တခြားသူများမှ ဖုံးကွယ်ထားဖို့ ကြိုးစားထားခဲ့၏။ အထူးသဖြင့် သူ့ဆီမှ ဖြစ်သည်။

မီးတောက်ဧကရာဇ် ဘာတွေကြံစည်နေတာလဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက အခြေအနေတစ်ခုလုံးကို အကြိမ်ကြိမ်အခါခါ သုံးသပ်ခဲ့ပြီး များစွာ ကောက်ချက်ချခဲ့သည်။ သို့သော်လည်း သေချာသည့် ကောက်ချက်ချဖို့ရာအတွက် သတင်းအချက်အလက် မလုံလောက်ခဲ့ပေ။

ကိစ္စမရှိဘူး။ မင်းရဲ့ အစီအစဉ်က ငါ့ဆီ နောက်ဆုံးမှာ ဦးတည်လာမယ်ဆိုတဲ့ ခံစားချက်ရှိတယ်…

ဝမ်ဝေ့က ထွက်ခွာမသွားခင် တွေးလိုက်မိသည်။ သူက အရှေ့ပိုင်းကုန်းမြေဆီ ဦးတည်လိုက်ပြီး သူတို့၏ လူမှုအဖွဲ့အစည်းက ဘာများထူးခြားနေသည်ကို သိချင်မိသည်။

သူ ရောက်ရှိလာပြီးသည့်နောက်တွင် ကွဲပြားမှုကို မြင်လိုက်ရ၏။ အရှေ့ပိုင်းရှိ သေမျိုးအဖွဲ့အစည်းက အရှေ့ပိုင်းကျင့်ကြံရေးလောကတွင် ရှိနေသည့် သိုင်းပညာ စိတ်ဓာတ်ကို အမွေဆက်ခံရထားကြသည်။ သူတို့က ဓားသမားအများစု၏ မျိုးဆက်သည် အရှေ့ပိုင်းမှ ဖြစ်သည့်အချက်ကြောင့် လွှမ်းမိုးခံထားရသည်။

ဝမ်ဝေ့က လူများကို ကူညီဖို့ရာ ဖန်တီးခဲ့သည့် သိုင်းပညာရပ်သည် သေမျိုးသိုင်းပညာရပ်အဖြစ် ပြောင်းလဲသွားပြီး သေမျိုးများက အံ့ဖွယ်ပလ္လင်နယ်ပယ်အဆင့် ကျင့်ကြံသူများလောက် အားကောင်းလာကြသည်။

ထို့အပြင် ဤသည်က အရှေ့ပိုင်းသေမျိုးအဖွဲ့အစည်း၏ တစ်ခုတည်းသော ထူးကဲနေသည့် အရာ မဟုတ်ပေ။ စစ်သည်တော်မြို့အတွင်း အခမ်းအနားတစ်ခု ရှိသည့်အတွက် ဝမ်ဝေ့က လက်မှတ်ဝယ်ကာ ပြိုင်ပွဲစင်မြင့်အတွင်း ဝင်ရောက်ခဲ့သည်။

သူ့အခန်းလေးအတွင်း ဝမ်ဝေ့က အဖြစ်အပျက်ကို သေချာစောင့်ကြည့်နေ၏။ ထိုအရာ စတင်သည်နှင့် သူက ရှုံ့မဲ့သွားခဲ့သည်။

လူသားနဲ စက်ရုပ်လား…

သူက တွေးလိုက်မိသည်။

စင်မြင့်အလယ်တွင် သိုင်းဝတ်စုံ ဝတ်ဆင်ထားပြီး ဓားရှည်ကိုင်ဆောင်ထားသည့် လူတစ်ဦး ရှိနေလေ၏။ သူနှင့် မျက်နှာချင်းဆိုင်တွင် ၅မီတာမြင့်မားသည့် လူသားပုံစံ ရုပ်သေးရုပ် ရှိနေလေသည်။ ဝမ်ဝေ့က ထိုရုပ်သေးရုပ်ထဲတွင် သေမျိုးတစ်ယောက် ရှိနေပြီး ရုပ်သေးရုပ်အား ဝတ်စုံကဲ့သို့ ထိန်းချုပ်နေသည်ကို တွေ့လိုက်ရ၏။

အနည်းဆုံးတော့ တိုက်ပွဲက ကြည့်ရှုနေသူများအတွက် စိတ်ဝင်စားဖို့ ကောင်းလှသည်။ အဆုံးသတ်တွင် ဓားသမားက အနိုင်ရရှိသွားခဲ့ပြီး သူက သံမဏိထက်ပင် မာကြောသည့် သတ္တုနှင့်သစ်သားများဖြင့် ပြုလုပ်ထားသည့် ရုပ်သေးရုပ်ကို အောင်အောင်မြင်မြင် ပိုင်းခြားနိုင်ခဲ့သည်။

ဝမ်ဝေ့က ထိုသူသည် သူ့ရုပ်ပိုင်းဆိုင်ရာ ကဏ္ဍကို အားဖြည့်ပေးဖို့အတွက် ယာယီသင်္ကေတကို ထားရှိခဲ့သည့် ထူးကဲသေမျိုး တစ်ယောက်ဖြစ်ကြောင်း သတိပြုမိလိုက်၏။

သင်္ကေတ သိုင်းပညာရပ်လား။ လူသားတွေရဲ့ တီထွင်နိုင်စွမ်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။

ဝမ်ဝေ့က နောက်တစ်ပွဲကို ဆက်လက် စောင့်ကြည့်လိုက်သည်။ ဤသည်က တူညီသည့် ဓားသမားက အံ့ဖွယ်ပင်လယ်အဆင့် ကျင့်ကြံသူနှင့် ယှဉ်ပြိုင်ခြင်း ဖြစ်၏။

နောက်ဆုံးသောရလဒ်က ကျင့်ကြံသူ၏ အနိုင်ရရှိမှု ဖြစ်ခဲ့သော်လည်း သူက အနိုင်ရရှိခဲ့ရုံမျှသာ ဖြစ်၏။ ဝမ်ဝေ့က သူသည် အကောင်းဆုံး ကြိုးစားခဲ့ကြောင်း ပြောနိုင်လေသည်။ ကျင့်ကြံသူက ပြိုင်ပွဲကွင်းမှ မျက်နှာပူစွာ ထွက်ခွာသွားသည်။ သို့သော်လည်း သူက ဂရုမစိုက်ပေ။

သေမျိုးအဖွဲ့အစည်းက သူ့လိုမျိုး အဆင့်နိမ့် ကျင့်ကြံသူများကို ဖြေရှင်းဖို့ရာအတွက် ပြဿနာ မရှိပေ။ ထို့အပြင် ကောင်းကင်ခုံရုံးက ကျင့်ကြံသူများအား သေမျိုးများကို နှောင့်ယှက်ဖို့ ခွင့်ပြုမထားပေ။

ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်၏။ ထိုသူက ပြိုင်ပွဲဖိတ်ကြားချက်ကို လက်ခံခဲ့ပြီး အလွယ်တကူ ပိုက်ဆံရနိုင်လောက်သည်ဟု ထင်ခဲ့မိလောက်သည်။ သို့သော် သူက သူ့ကိုယ်သူ အရှက်ခွဲမှုသာ ကြုံတွေ့ရလိမ့်မည်ဟု မည်သူကများ သိမည်နည်း။

အဆုံးသတ်တော့ ကျင့်ကြံသူတွေက သေမျိုးတွေနဲ့ အပြည့်အဝ သဟဇာတ ဖြစ်နေတာတော့ မဟုတ်သေးဘူး…

ဝမ်ဝေ့က ကောက်ချက်ချလိုက်သည်။ သို့သော် ထင်ထားသည့်အတိုင်းသာ ဖြစ်၏။ ဤသည်က နှစ် ၇၀၀မျှသာ ရှိနေသေးသည်။

ထူးကဲသေမျိုးများက နှစ် ၂၅၀မှ ၃၀၀အထိ နေထိုင်ကြသည့်အတွက် သူတို့အတွက် မျိုးဆက်နှစ်ခုသာ ကုန်ဆုံးသေးသည်။ ထို့ကြောင့် ပြီးပြည့်စုံသည့် ပေါင်းစည်းမှု ဖြစ်ပေါ်မလာခင် များစွာ အားစိုက်ထုတ်မှုတို့ လိုအပ်နေသေး၏။ အဆုံးသတ်တွင် ထိုအရာက ပြီးပြည့်စုံလိမ့်မည် မဟုတ်ပေ။

ပိုပြီးအရေးကြီးတာ ခုံရုံးက တင်းကြပ်တဲ့ စည်းမျဉ်းတွေ လိုအပ်နေသေးတယ်…

ဝမ်ဝေ့က သေမျိုးများအပေါ် မည်သို့ခံစားရသည်ကို ပြသပြီးနောက် ထိုအင်အားစုများက သူ့ဆန္ဒအတိုင်း လိုက်နာခဲ့သည်မှာ ထိုအရာက သူတို့အတွက် အကျိုးအမြတ် ဖြစ်ထွန်း၍ ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ခုံရုံးက လူအားလုံး လိုက်နာရမည့် တင်းကြပ်သည့် စည်းမျဉ်းများကို မထုတ်ဖော်ရသေးပေ။

နောက်အစည်းအဝေးကျရင်တော့ အလုပ်တွေ ရှုပ်တော့မှာပဲ…

ဝမ်ဝေ့က အရှေ့ပိုင်းမှ ထူးကဲသည့် အစားအစာများကို မြည်းစမ်းရင်း တွေးလိုက်မိသည်။ သူက လူမှုအဖွဲ့အစည်းတစ်ခုချင်းစီ၏ အစားအစာများကို မြည်းစမ်းရသည်ကို သဘောကျ၏။ ပြောရလျှင် သူ့အကြိုက်ဆုံးက တောင်ပိုင်းမှ အစပ်အရသာ ဖြစ်သည်။

တိုက်ပွဲအပြီးတွင် သူ့အတွက် ဘာမှစိတ်ဝင်စားစရာ မရှိတော့ပေ။ ထို့ကြောင့် ဝမ်ဝေ့က အနောက်ပိုင်းကုန်းမြေဆီ ဦးတည်လာပြီး ဘုန်းကြီးများ မည်သို့လုပ်ဆောင်နေသည်ကို စစ်ဆေးကြည့်ဖို့ ထွက်လာခဲ့လိုက်သည်။

All Chapters