သေမျိုးများ၏ မြင့်တက်မှု အပိုင်း(၃)
Vol. 67 Ch. 937
ဝမ်ဝေ့က သေမျိုးများ၏ နေရာလွတ်ကူးသန်းသွားလာရေး နည်းပညာမှတဆင့် အနောက်ပိုင်းကုန်းမြေသို့ ရောက်ရှိလာခဲ့သည်။ သူက သူ မြင်ခဲ့သမျှ အပြောင်းအလဲများနှင့် ပတ်သက်ပြီး ပျော်ရွှင်နေမိ၏။ အထူးသဖြင့် ကူးသန်းသွားလာရေး နည်းပညာနှင့် ပတ်သက်၍ ဖြစ်သည်။
သူက ကမ္ဘာကို ပြောင်းလဲဖို့ ဖိအားမပေးခင် သေမျိုးအများစုက သူတို့နေထိုင်ရာ နယ်မြေအတွင်း မွေးဖွားကာ သေဆုံးသွားကြရသည်။ ပြောရလျှင် ထိုနယ်မြေကို မဆိုထားနှင့် အားလုံးက သူတို့မွေးဖွားရာနယ်မြေ၏ ကီလိုမီတာ တစ်သောင်းဝန်းကျင်အတွင်း ပိတ်မိပြီး နေနေကြ၏။
သဘာဝကပ်ဘေး သို့မဟုတ် လူလုပ် ကပ်ဘေးများကြောင့်သာ နေရာအပြောင်းအလဲ လုပ်ကြသည်။ သို့သော်လည်း ၉၉ ရာခိုင်နှုန်းက ထိုဖြစ်စဉ်အတွင်း သေဆုံးသွားကာ မျိုးဆက် ပျက်သုဉ်းသွားကြ၏။
အခုတော့ ဝင်ငွေကောင်းသည့် သေမျိုးများက ကမ္ဘာအနှံ့ ခရီးသွားလာနိုင်ပြီး ပိုင်နက်တစ်ခုမှ တစ်ခု၊ ကုန်းမြေတစ်ခုမှ တစ်ခုသို့ သွားလာနိုင်ကြပြီ ဖြစ်သည်။
အားလုံးအဆင်ပြေသွားရင် ဒီနေရာလွတ်ကို အသုံးပြုဖို့က ပိုပြီးဈေးချိုလာလိမ့်မယ်။ အဲဒါဆိုရင် အားလုံးက စိတ်အေးလက်အေးနဲ့ သွားလာနိုင်လိမ့်မယ်…
ဝမ်ဝေ့က အာကာပြင်မုခ်ဝမှ ထွက်လာပြီးသည့်နောက်တွင် နေရာလွတ်ခွဲအတွင်း သူ့စွမ်းအားကို တိတ်တဆိတ် အသုံးပြုခဲ့သည်။
အစီအစဉ်ကျမှု အမိန့်မှာတမ်း - ကျင့်ကြံသူတွေကို ဒီနေရာလွတ်အတွင်း ဝင်ရောက်ခွင့်မပြုဘူး
အစီအစဉ်မကျမှု အမိန့်မှာတမ်း - ခုံရုံးကနေ ခွင့်ပြုချက်ရတာမျိုးနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဝင်ရောက်တာမျိုးကလွဲရင်
ထိုနေရာလွတ်က သေမျိုးများ၏ တစ်ကမ္ဘာလုံးနှင့် ဆက်နွယ်နေသည့် နေရာလွတ်လမ်းကြောင်းက အနည်းငယ် ပြောင်းလဲသွားပြီး လူတချို့ကသာ ကွဲပြားမှုကို သတိထားမိလိုက်ကြသည်။ ထို့နောက် ဝမ်ဝေ့က ဆက်လက် သွားရောက်လည်ပတ်ခဲ့၏။
သူက အနောက်ပိုင်းကုန်းမြေဆီ သွားကာ သူတို့၏ လူမှုအဖွဲ့အစည်းကို သွားရောက်ကြည့်ရှုခဲ့သည်။ ပထမဆုံး သတိထားမိသည်က မိစ္ဆာကျင့်ကြံသူများကို မမြင်ရတော့ပေ။
ဒီလိုက ထင်ထားပြီးသားပါပဲ…
ဝမ်ဝေ့က တွေးလိုက်သည်။ သူက ကုန်းမြေတစ်ခုလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မိစ္ဆာမျိုးနွယ်အများစုက တံခါးပိတ်ကာ သူတို့၏ တပည့်များအား ပြင်ပလောကတွင် ဝင်ရောက်ဆင်နွှဲခွင့်မပြုတော့သည်ကို မြင်လိုက်ရ၏။
တချို့သူများက သူတို့၏ ကျင့်စဉ်များအား အကုသိုလ်နည်းသည့် အရာအဖြစ် ဆင့်ကဲပြောင်းလဲခဲ့ကြသည်။ ထိုစဉ် သူတို့ပျက်ကွက်နေမှုအတွင်း အနောက်ပိုင်းကောင်းချီးဂိုဏ်းက အနောက်ပိုင်းကျားဖြူကုန်းမြေတစ်ခုလုံးကို ထိန်းချုပ်ပြီးသွားပြီ ဖြစ်၏။
တိမျိုးနွယ်က တိတ်တဆိတ်တောင် မခုခံခဲ့တာ အံ့ဩစရာပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ဖုန်းဟွမ်၏ အနောက်ပိုင်းကုန်းမြေအပေါ် ချဉ်းကပ်မှုက ယဉ်ကျေးမှုကျူးကျော်ခြင်းနှင့် တူညီလှပြီး ဗုဒ္ဓဘာသာကို အနောက်ပိုင်းကို လွှမ်းမိုးမှုရှိဖို့ရာ ဖြည်းဖြည်းချင်း ပြောင်းလဲခဲ့ခြင်း ဖြစ်၏။
သူက အနောက်ပိုင်းကျင့်ကြံသူအပိုင်းကို တိုက်ရိုက်လွှမ်းမိုးဖို့ မကြိုးစားခဲ့ဘဲ ကျင့်ကြံသူများ၏ အဓိက အရင်းအမြစ်ဖြစ်ရာ သေမျိုးများကို အာရုံစိုက်ထားခဲ့သည်။ ယခုအခါ သေမျိုးများ၏ ၇၀ ရာခိုင်နှုန်းက ကျင့်ကြံဖို့ ပါရမီရှိသည်နှင့် အနောက်ပိုင်းကောင်းချီးဂိုဏ်းသို့ ဝင်ရောက်ဖို့ ရွေးချယ်ကြလိမ့်မည်။
မိစ္ဆာများ၏ ခြိမ်းခြောက်မှု မရှိဘဲ တိမျိုးနွယ်၏ ဩဇာနှင့် အာဏာက သိသိသာသာ လျော့ကျသွားခဲ့၏။ သူတို့မျိုးနွယ်အတွင်း အာဏာရှိသည့် ၉၉ ရာခိုင်နှုန်းက တိမျိုးနွယ်ဝင်များ ဖြစ်ကြပြီး တူညီသည့် သွေးမျိုးဆက်ကို မျှဝေထားကြသည်။ ကျန်ရှိနေသည့် ၁ ရာခိုင်နှုန်းကမူ ပြင်ပမှ ခေါ်ယူထားသည့် ပါရမီရှင်များ ဖြစ်၏။ သို့သော် လိုအပ်ချက်ကမူ သူတို့က တိမျိုးနွယ်၏ သမီးတစ်ယောက်နှင့် လက်ထပ်ရမည်ဖြစ်ကာ သူတို့၏ သားသမီးက တိမျိုးရိုး အမည်ကို အမွေဆက်ခံရလိမ့်မည်။
လူတော်တော်များများက တိမျိုးနွယ်၏ သမက်ဖြစ်လာဖို့ လက်မခံကြပေ။ ထို့ကြောင့် ပြင်ပကျင့်ကြံသူကို ခေါ်ဆောင်ဖို့ရာ ခက်ခဲလှ၏။ အတိတ်တုန်းက လူတချို့တွင် ရွေးချယ်စရာ မရှိဘဲ တိမျိုးနွယ်တွင် လက်ထပ်၍ ဝင်ရောက်ခြင်းမျိုး သို့မဟုတ် မိစ္ဆာကျင့်ကြံသူဖြစ်လာခြင်း ရွေးချယ်စရာ နှစ်မျိုးသာ ရှိခဲ့သည်။
သို့သော် ယခုတွင် သူတို့က အနောက်ပိုင်းကောင်းချီးဂိုဏ်းကို ရွေးချယ်နိုင်ကြပြီ ဖြစ်၏။
ဖုန်းဟွမ်က ဉာဏ်ကောင်းကာ ဗုဒ္ဓ သို့မဟုတ် ဘာသာရေးအပေါ် မယုံကြည်ဘဲ ဗုဒ္ဓနည်းစနစ်များကိုသာ ကျင့်ကြံသည့် ပြင်ပခန်းမကို ဖန်တီးခဲ့သည်။
ထိုသူများက သေချာသည့် စည်းမျဉ်းများကို လိုက်နာဖို့သာ လိုအပ်ပြီး တခြားအရာများက ကိစ္စမရှိပေ။ လူတော်တော်များများက သူ၏ ကြင်နာမှုအတွက် ချီးကျူးခဲ့ကြသော်လည်း ဝမ်ဝေ့ကမူ ထိုနည်းလမ်း၏ ထောင်ချောက်ကို ပြောနိုင်လေသည်။
အကယ်၍ ထိုလူများကသာ ဗုဒ္ဓနည်းစနစ်ကို မြင့်မားသည့်အဆင့်အဖြစ် ကျင့်ကြံလိုပါက သူတို့သည် ဓမ္မအပေါ် နက်နက်နဲနဲ နားလည်ရမည်ဖြစ်ကာ ဗုဒ္ဓဘာသာ၏ ကျမ်းများနှင့် အတွေးအခေါ်များကို နားလည်အောင် ဖတ်ရှုရမည်။ အဆုံးသတ်တွင် အများစုက ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်ရှိဖို့ရာ ဘာသာရေး ပြောင်းလဲသွားကြလိမ့်မည်။
“ဒီနည်းလမ်းက အစောပိုင်းအဆင့်တွေမှာ အဆင်ပြေပေမဲ့ နောက်ပိုင်းမှာ ပြဿနာ ဖြစ်လာနိုင်တယ်…” ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ဗုဒ္ဓဘာသာ၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသည့်အတွက် ဖုန်းဟွမ်ကို သတိပေးဖို့ ဆုံးဖြတ်လိုက်သည်။
ဟင် သူက သိထားပြီးသားလား။ အော် သိပြီ။ သူက ဒီနည်းလမ်းနဲ့ ဗုဒ္ဓဘာသာရဲ့ အားနည်းတဲ့အုတ်မြစ်ကို ဖြည့်စည်းပေးချင်နေတာပဲ။ ဒါပေမဲ့ သူ မတက်လှမ်းခင် ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့နည်းလမ်း ချန်ထားခဲ့သင့်တယ်…
စောစောလေးက ဝမ်ဝေ့က ဖုန်းဟွမ်အနေဖြင့် ဗုဒ္ဓဘာသာကို အသက်ပြန်သွင်းသည့် အစီအစဉ်က သူ့စိတ်အပေါ် သက်ရောက်မှုရှိပြီး အမှားအယွင်းတစ်ခု ဖြစ်ခဲ့သည်ဟု တွေးထင်မိခဲ့သည်။
ကိစ္စမရှိတော့ဘူး…
ဝမ်ဝေ့က ဆက်လက်သွားလာရင်း တွေးလိုက်မိသည်။ အနောက်ပိုင်းက ထူးကဲသည့် သေမျိုးအဖွဲ့အစည်း ရှိထားလေသည်။ ပြောရလျှင် ဗုဒ္ဓဘာသာ ပါဝင်နေ၏။ ဝမ်ဝေ့က မြင့်မြတ်အလင်းမြို့၏ အပြင်ဘက်တောအုပ်အတွင်း သေမျိုးဘုန်းကြီး တစ်ပါးနှင့် အဆင့် ၃ နတ်ဆိုးသားရဲကြားက တိုက်ပွဲကို ကြည့်ရှုခဲ့၏။
“ဒကာ … ဒကာက ဉာဏ်အလင်းပွင့်ပြီးတော့ ဘယ်အရာက အမှန် ဘယ်အရာက အမှားဆိုတာလဲ သိတယ်။ ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ဆိုတာက နောက်မကျသေးပါဘူး။ အပြစ်ကြွေးကို ဝန်ခံပြီးတော့ ထပ်ပြီးတော့ လွတ်မြောက်လိုက်ပါ”
“ရယ်စရာကောင်းလိုက်တာ။ နတ်ဆိုးတွေက လွတ်လပ်သင့်တယ်။ ငါက လူသားနည်းနည်း စားတော့ ဘာဖြစ်လဲ။ ဒါက ငါ့ရဲ့ သဘာဝပဲ” ကျောပေါ်တွင် အဖြူရောင်အစင်းကြောင်းရှိသည့် အနက်ရောင်ကျားက ပြောလိုက်သည်။
“ဉာဏ်ပညာနဲ့ ဗဟုသုတဆိုတာက လူတစ်ယောက်ရဲ့ ပင်ကိုသဘာဝကို ပြောင်းလဲဖို့ အဓိက သော့ချက်ပါပဲ။ အဲဒါဆိုတော့ နတ်ဆိုးတွေအနေနဲ့ စည်းမျဉ်းတွေကို သဘောမကျဘူးဆိုရင်တောင် အရေးမကြီးပါဘူး”
“မင်းတို့ဘုန်းကြီးတွေ အားလုံးက အတော်လေး စကားပြောကောင်းကြတာပဲ။ မင်းတို့စကားတွေ နားထောင်မှာ မဟုတ်ဘူး”
“ဒီလိုဆိုရင် ဒကာ ကိုယ်တော်ရဲ့ နတ်ဆိုးဖိနှိပ်ရေးလက်သီးချက်ကို မြည်းစမ်းကြည့်လိုက်ပါ” ဘုန်းကြီးက သိုင်းပညာဆော့ကစားသည့်ဟန် ပြုလုပ်လိုက်သည်။ တိုက်ပွဲက ပြင်းထန်လွန်းလှသော်လည်း နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဘုန်းကြီးက အံ့ဖွယ်ပလ္လင်အဆင့်နှင့် ယှဉ်နိုင်သည့် ကျားနတ်ဆိုးကို အနိုင်ယူနိုင်ခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့သည်။ ထို့နောက် သူက ဆက်သွယ်ရေးအဆောင်ကို အသုံးပြုကာ မြင့်မြတ်အလင်းမြို့တော်မှ တာဝန်ရှိသူများကို ဆက်သွယ်ပြီး ကျားကို လာရောက်ယူခိုင်းခဲ့သည်။
ဗုဒ္ဓဘာသာသိုင်းပညာလား … စိတ်ဝင်စားစရာပဲ…
ဝမ်ဝေ့က ထွက်မသွားခင် တွေးလိုက်မိသည်။ သူက ဗိမာန်အတွင်း ဝင်ရောက်လိုက်သည့်အခါ မှော်အသုံးအဆောင်ကို ဖန်တီးနေသည့် ဘုန်းကြီးငယ်တစ်ပါးကို မြင်လိုက်ရသည်။ ထိုဘုန်းကြီးက သူ့ရှေ့တွင် ရှိနေသည့် ပုတီးကို ကိုင်ထားရင်း ဗုဒ္ဓကျမ်းကို ဆက်တိုက် ရွတ်ဖတ်နေသည်။
နောက်ဆုံးတွင် သူ့ခေါင်းအထက် ဘုန်းကြီးတစ်ပါး၏ ပုံရိပ်တစ်ခု ပေါ်ထွက်လာကာ လက်ဝှေ့ပြီး ထိုပုတီးကို ကောင်းချီးပေးပြီး မှော်အသုံးအဆောင်ပစ္စည်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။
“အောင်မြင်သွားပြီ” ထိုဘုန်းကြီးက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ သို့သော်လည်း သူက ကျင့်ကြံဆင့် မရှိသည့် သေမျိုးတစ်ယောက်သာဖြစ်ပြီး မူးဝေလွန်း၍ မေ့လဲလွန်းမတတ် ဖြစ်နေလေသည်။ ကံကောင်းစွာဖြင့် သူက လဲမကျခင် တစ်စုံတစ်ခုကို ကိုင်ထားလိုက်နိုင်၏။
ထူးကဲသေမျိုးအပြင် နောက်ထပ် လမ်းစဉ်တစ်ခု ရှိနေတာပဲ…
ဝမ်ဝေ့က ဖုန်းဟွမ် လုပ်ခဲ့သည့်အရာကို သဘောပေါက်သွားကာ တွေးလိုက်မိသည်။
ယုံကြည်မှုခေတ်ကာလမှ ကျဆုံးသွားပြီးသော ဘုန်းကြီးများသည် စိတ်ဝိညာဉ်အနေဖြင့် ပြန်လည်ရှင်သန်လာပြီး ဗုဒ္ဓဘာသာ၏ နတ်ဘုရားအဖြစ် ပြောင်းလဲကာ သေမျိုးများ၏ ယုံကြည်မှုကို လက်ခံရယူခဲ့သည်။ အပြန်အလှန်အားဖြင့် ထူးကဲသေမျိုးဖြစ်လာဖို့ ပါရမီ မရှိသည့် သေမျိုးများက ဘုန်းကြီးဖြစ်လာပြီး ကျမ်းများကို လေ့လာနိုင်ကြသည်။
အစစ်အမှန် ပါရမီရှိသည့်သူများ သို့မဟုတ် ကိုးကွယ်ယုံကြည်သည့် သူများအတွက်ကမူ စိတ်ဝိညာဉ်နှင့် သဟဇာကဖြစ်ကာ သူတို့၏ အားဖြည့်နတ်ဘုရား ဖြစ်လာနိုင်သည်။ ထိုအားဖြည့်နတ်ဘုရားများက သူတို့၏ ရွေးချယ်ထားသည့် ရည်ရွယ်ချက်ကို ကာကွယ်ပြီး ထူးကဲသေမျိုးများနှင့် တူညီသည့် စွမ်းဆောင်ရည်မျိုးကို ချီးမြှင့်နိုင်ကာ အဖွဲ့အစည်းတွင်ပင် သူတို့၏ အဆင့်အတန်းက ယှဉ်နိုင်လေသည်။
ဒါက သိပ်မဆိုးဘူးပဲ…
ဝမ်ဝေ့က တွေးလိုက်မိသည်။
ဒီစိတ်ဝိညာဉ်တွေက သေမျိုးအဖွဲ့အစည်းရဲ့ စည်ပင်ကြွယ်ဝမှုနဲ့ ကံကောင်းမှုကို စားသုံးပြီးတော့ သူတို့ရဲ့ စွမ်းအားကို အသုံးပြုတယ်ဆိုတော့ ကျင့်ကြံရေးပုံစံ နောက်ထပ်တစ်မျိုးပဲ…
တချို့က ယုံကြည်မှုခေတ်ကာလကတည်းက အင်မော်တယ်တွေ ဖြစ်ကြလောက်တယ်။ ဒီနည်းလမ်းနဲ့ဆိုရင် သူတို့တွေက အရင်အင်အားကို ပြန်ရပြီးတော့ ဗုဒ္ဓဘာသာရဲ့ အုတ်မြစ်ကို မျိုးဆက်အနေနဲ့ အားဖြည့်ဖို့ အချိန်တစ်ခုပဲ လိုလိမ့်မယ်…
ထိုစိတ်ဝိညာဉ်များက သေဆုံးသွားသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် သူတို့၏ အမှတ်အသားများကို အသုံးပြု၍ အသက်ပြန်သွင်းခြင်းက အသုံးမဝင်ပေ။ ထို့အပြင် အများကြီး သေဆုံးသွားသည့်အတွက် ဖုန်းဟွမ်အနေဖြင့် အသက်ပြန်သွင်းဖို့ရာ မဖြစ်နိုင်ပေ။
ဝမ်ဝေ့၏ စွမ်းအားဖြင့်ပင် သူ ထိုလူများကို အသက်ပြန်သွင်းလိုပါက အချိန်မြစ်ကြောင်းအပေါ် များစွာအားစိုက်ထုတ်ရလိမ့်မည်။ ထိုသို့သော အပြုအမူမျိုးက ပြင်းထန်သည့် အကျိုးဆက် ရှိလာနိုင်သည့်အတွက် သူက လုပ်ချင်လျှင်ပင် ဖုန်းဟွမ်ကို ကူညီပေးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့ကို စိတ်ဝိညာဉ် သို့မဟုတ် ဘာသာရေးနတ်ဘုရားအဖြစ် ပြောင်းလဲလိုက်သည့် နည်းလမ်းက သူတို့ကို အသက်ပြန်သွင်းမည့် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်နေသည်။ အများစုက သူတို့၏ မှတ်ဉာဏ် ပျောက်ဆုံးသွားကြသော်လည်း ပြန်လည်ရရှိနိုင်ဖို့ အခွင့်အရေးရှိနေသေး၏။
ဝမ်ဝေ့က ဆက်လက်သွားလာရင်း တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဤကုန်းမြေရှိ သေမျိုးအဖွဲ့အစည်းက အေးချမ်းသည့် လေထုမျိုး ပိုင်ဆိုင်ထား၏။ ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုကြောင့် အားလုံးက ဉာဏ်အလင်းပွင့်ကာ ကြင်နာတတ်သည့် အငွေ့အသက်မျိုး ပိုင်ဆိုင်ထားကြသည်။
ထူးကဲသေမျိုးများက ထူးကဲသည့် လမ်းစဉ်ရှိထားပြီး ဗုဒ္ဓဘာသာက စိတ်၊ ဝိညာဉ်နှင့် စိတ်ဝိညာဉ်စွမ်းအားအပေါ် နက်နက်နဲနဲ နားလည်ထားလေသည်။ ထို့ကြောင့် ထိုလူများအတွက် စိတ်ဝိညာဉ်စွမ်းအား နိုးထသည့် နည်းလမ်းက ထူးချွန်ကာ ထိပ်တန်းအဖြစ် မှတ်ယူနိုင်သည်။
ဝမ်ဝေ့ ဖန်တီးခဲ့သည့် နတ်ဆိုးစာသင်ကျောင်းများက အနောက်ပိုင်းအတွင်း စည်ပင်ကြွယ်ဝလာ၏။ ဘုန်းကြီးအများစုက ထိုအရာကို တိရစ္ဆာန်များကို နတ်ဆိုးအဖြစ် ပြောင်းလဲပြီး သူတို့အား ကြင်နာမှု၊ ကျင့်ဝတ်နှင့် သူတို့၏ သဘာဝကို ထိန်းချုပ်သည့် နည်းလမ်းများကို သင်ကြားဖို့က သူတို့၏ တာဝန်အဖြစ် သတ်မှတ်ထားကြသည်။
နတ်ဆိုးများက ဉာဏ်အလင်းပွင့်ကာ စမ်းသပ်ချက် အောင်မြင်သွားသည်နှင့် အသွင်ပြောင်းရေးဆေးလုံးကို ရရှိမည်ဖြစ်ကာ သဘာဝလွန်အဆင့် မတိုင်ခင် လူသားအသွင် ပြောင်းလဲနိုင်လိမ့်မည်။ ထို့နောက် နတ်ဆိုးမျိုးနွယ်က ကျင့်ကြံရေး သို့မဟုတ် သေမျိုး ကမ္ဘာအတွင်း သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှု သို့မဟုတ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဝင်ရောက်ဖို့ ရွေးချယ်နိုင်သည်။
ဝမ်ဝေ့က ထိုနည်းလမ်းနှင့် ပတ်သက်ပြီး အံ့ဩခြင်း မရှိပေ။ အကြောင်းမှာ တာအိုအခွင့်အလမ်းဂိုဏ်းကလည်း တူညီသည့် ချဉ်းကပ်မှုကို အသုံးပြုခဲ့လေ၏။ မြေခွေးမျိုးနွယ်က သူတို့ပိုင်နက်အတွင်းရှိ နတ်ဆိုးမျိုးနွယ်၏ ဉာဏ်အလင်းပွင့်မှုကို တာဝန်ယူထားသည်။ တစ်ခုတည်းသော ကွဲပြားမှုက နတ်ဆိုးမျိုးနွယ်သည် သေမျိုးလောကတွင် မဟုတ်ဘဲ ကျင့်ကြံရေးလောကအတွင်း ဝင်ရောက်ကြသည်။
ဖုန်းဟွမ်က နတ်ဆိုးမျိုးနွယ်၏ ကံကောင်းမှုကို သူ့သေမျိုးအဖွဲ့အစည်း တိုးတက်ဖို့ အသုံးပြုလေသည်။ အပြန်အလှန်အားဖြင့် နတ်ဆိုးမျိုးနွယ်၏ ကံကောင်းမှုကလည်း အသင်္ချေအင်ပါယာကမ္ဘာ၏ စည်းမျဉ်းများကို နေသားကျလာသည့်အတွက် အကျိုးအမြတ် ရရှိခဲ့သည်။
ထိုဘုန်းကြီး၏ နည်းလမ်းက မျိုးနွယ်စုနှစ်ခု၏ ကံကောင်းမှုကို ရောယှက်နေပြီး လူသားမျိုးနွယ်စုကို ထိပ်တွင် ထိန်းသိမ်းထားနိုင်သည်။ ထိုစဉ် ဝမ်ဝေ့၏ နည်းလမ်းကမူ နတ်ဆိုးမျိုးနွယ်၏ ကံကောင်းမှုကို လုယက်လိုက်ခြင်း ဖြစ်၏။
သူ့နည်းလမ်းက မဆိုးဘူးဆိုတော့ သင်ယူလို့ ရနိုင်တယ်…
ဝမ်ဝေ့က မြောက်ပိုင်းဆီ မသွားခင် တွေးလိုက်မိသည်။ အနောက်ပိုင်းရှိ အစားအစာများက အရသာရှိလှသော်လည်း အများစုက သတ်သတ်လွတ် ဖြစ်သည့်အတွက် သူက အဆီတဝင်းဝင်းနှင့် အသားကို တောင့်တနေမိသည်။