← Chapters

လက်နက်ကုန်သည် ‘ရန်ကျောက်ကဲ’

Vol. 76 Ch. 1059

လက်နက်ကုန်သည် ‘ရန်ကျောက်ကဲ’

Vol. 76 Ch. 1059

အခန်း (၁၀၅၉) လက်နက်ကုန်သည် ‘ရန်ကျောက်ကဲ’

ရန်ကျောက်ကဲ၏ ယခင်တိုးတက်မှုဖြစ်စဉ်နှင့် ဝါဒတောင်အင်အားကြီးလာမှုတွင် အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ယခုဆိုလျှင် အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ဝါဒတောင်ဂိုဏ်းခွဲတွင် ကျင့်ကြံခြင်းအဆင့် မည်မျှရှိပါစေ တပည့်များအားလုံး အရည်အသွေးမြှင့်လက်နက်ပစ္စည်းများ ကိုင်ဆောင်နိုင်ကြသည်။ ဤသည်က အခြားသောစွမ်းအားစုများကို ဖိနှိပ်နိုင်စေရန် အစွယ်များ တပ်ပေးထားခြင်းပင် ဖြစ်၏။

သို့သော် ရန်ကျောက်ကဲ ၊ ရန်တိနှင့် အခြားသော ထိပ်တန်းအဆင့်ကျင့်ကြံသူများ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာကြသည်နှင့်အမျှ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို၏ အကျိုးသက်ရောက်မှုသည်လည်း လျော့နည်းလာခဲ့သည်။

ထို့ကြောင့် ရန်ကျောက်ကဲက ရန်သူများကို ရင်ဆိုင်ရန်အတွင်သော်လည်းကောင်း ၊ ဝါဒတောင်ဂိုဏ်းစွမ်းရည်မြှင့်တင်ရန်အတွက်သော်လည်းကောင်း အခြားသောအစီအစဉ်တစ်ခု တွေးတောနေသည်မှာ ကြာပြီဖြစ်သည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုမှ လက်နက်ပစ္စည်းများ ၊ ဆေးလုံးများကဲ့သို့သောအရာများ ထုတ်လုပ်ရောင်းချနိုင်သည်။

ဤအလုပ်လုပ်ခြင်းဖြင့် ပိုမိုအဖိုးတန်သော ရင်းမြစ်ပစ္စည်းများကို ရယူနိုင်ပြီး အခြားသောနယ်ပယ်များတွင် အားကောင်းလာနိုင်သည်။

အခြားရှုထောင့်မှကြည့်လျှင်တော့ ဤသို့ပြုလုပ်ခြင်းက အခြားသိုင်းဂိုဏ်းများ၏အင်အားကို တိုးမြှင့်စေပြီး ဝါဒတောင်၏အားသာချက် လျော့နည်းသွားနိုင်သည်။

သို့သော် အကျိုးအပြစ် ချိန်ဆကြည့်မည်ဆိုလျှင် ဝါဒတောင်မှရရှိမည့်အကျိုးအမြတ်က ကြုံတွေ့ရမည့်ဆိုးကျိုးထက် ပိုမိုများပြားသည်။

ယခု အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက ဝါဒတောင်၏ ခွဲခြားသတ်မှတ်ထားသော လျှို့ဝှက်ချက် မဟုတ်တော့ဘဲ အခြားသူများနှင့်ယှဉ်ပြိုင်ရန် ရင်းမြစ်ဖြစ်လာကာ အကျိုးအမြတ်ပိုမိုရရှိစေသည့် ကုန်သွယ်မှုဝှက်ဖဲတစ်ခု ဖြစ်လာသည်။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနှင့်ပတ်သက်ပြီး မည်သို့အရောင်းအဝယ်ပြုလုပ်ရမည်ကို ရန်ကျောက်ကဲက စိတ်ပူပန်ခြင်း မရှိပေ။

ဆန့်ကျင်ဘက်အင်အားစုနှစ်ခုက တစ်ယောက်ကိုတစ်ယောက် နှိမ်နင်းရန်အတွက် အင်အားကြီးမားလာစေရန် အပြိုင်အဆိုင် လုံ့လစိုက်ထုတ်ကြိုးပမ်းကြမည် ဖြစ်သည်။

ထိုအင်အားစုနှစ်ခုမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များက နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် စတုတ္ထအဆင့်ဖြစ်မည်ဟု ယူဆကြည့်လိုက်ပါ။

သူတို့တွင် ကုန်ကြမ်းပစ္စည်းလုံလောက်စွာ မရှိလျှင်တော့ ပြောနေစရာမလိုပေ။ သို့သော် ကုန်ကြမ်းပစ္စည်းများ ရှိနေမည်ဆိုပါက သူတို့အနေဖြင့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ကိုယ်ပိုင် ဖန်တီးရန် မျှော်လင့်မိကြမည် ဖြစ်သည်။

လက်ရည်ညီသော ရန်ဘက်နှစ်ဦးဖြစ်မည်ဆိုလျှင် တစ်ယောက်က လက်ဗလာဖြင့် တိုက်ခိုက်နေချိန် ကျန်တစ်ယောက်က လက်နက်တစ်ခု ပိုင်ဆိုင်ထားမည်ဆိုလျှင် ထိုအချက်က တိုက်ပွဲ အနိုင်အရှုံးကို ဆုံးဖြတ်သွားမည် ဖြစ်၏။

နှစ်ဖက်စလုံးအနေဖြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုရရှိရန်အတွက် အချိန်အတန်ကြာအောင် ပြုလုပ်ရမည်ဖြစ်သည်။ သို့သော် ၎င်းတို့အနက်မှတစ်ဦးက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ပိုင်ဆိုင်ထားမည်ဆိုပါက အထွတ်ထိပ်မှော်ဝင်ပစ္စည်တစ်ခုအား အချိန်ကုန်သက်သာစွာ လျှင်လျှင်မြန်မြန် ပြုလုပ်နိုင်မည် ဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးတွင် လက်နက်ပိုင်ဆိုင်ထားသူက အသာစီးရယူကာ တစ်ဖက်ရန်သူကို ချိုးနှိမ်တိုက်ခိုက်နိုင်ပေမည်။

ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်များဆိုလျှင်လည်း အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို အလားတူပင် ပြုလုပ်နိုင်ပေမည်။

ဟုတ်ပေ၏။

ဤလက်နက်ပစ္စည်းများက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများလောက် ရှားပါးခြင်း မရှိကြပေ။

အထက်ဘုံကမ္ဘာတွင် ရတနာပစ္စည်းများ ပေါများသည်ဆိုသော်လည်း တန်ခိုးစွမ်းအားရှင်များကလည်း တိမ်တိုက်များပမာ ပေါများကြသည်ပင်။

သို့ဖြစ်ရာ ကျင့်ကြံသူတစ်ယောက်က အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု အမှန်တကယ် ရှာဖွေလိုသည်ဆိုပါက အခြားသူတစ်ဦးထံမှ ဝယ်ယူရန် မည်မျှတန်ဖိုးကြီးပါစေ ဝယ်ယူမည်သာဖြစ်သည်။

သို့သော် ပြဿနာမှာ ဝယ်လိုအားများသလောက် ရောင်းလိုအားက နည်းပါးနေခြင်းပင်။

အမတကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများအနေဖြင့် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ဖန်တီးရန် မခက်ခဲပေ။ သို့သော် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များက အဆင့်မြင့်အ ထွတ်ထိပ်မှော်ဝင်ပစ္စည်းများကိုသာ ရယူလိုကြသည်။

အဆင့်နိမ့်ကျင့်ကြံသူများအတွက်တော့ သာမန်လက်နက်များနှင့် ဝိညာဉ်ပစ္စည်းများ လိုအပ်ပါက အတွင်းပိုင်း သလင်းကျောက်မီးပြင်းဖိုတစ်ခုတည်းဖြင့် ဆုံးဖြတ်ရန် လုံလောက်မည် ဖြစ်သည်။

အမြင့်သို့တက်လှမ်းလိုသည့် မည်သည့်အင်အားစုမဆို မိမိတို့၏ရန်သူမလုပ်နိုင်သည့်အရာကို လုပ်ဆောင်လိုကြသည်သာပင်။

“ငါတော့ လက်နက်ကုန်သည်ကြီးဖြစ်လာတော့မယ်ထင်တယ်”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း တွေးလိုက်သည်။

“အင်း... လက်နက်ရောင်းတဲ့သူအများစုက ပဋိပက္ခတွေ စစ်ပွဲတွေဖြစ်လာအောင် သွယ်ဝိုက်တဲ့နည်းတဲ့ မီးရှို့ပေးတတ်ကြတယ် ၊ ဒါမှ လက်နက်တွေရောင်းအားတိုးမှာ...”

“ငါ တကယ်ပဲ ဒီနယ်ပယ်ထဲကို ဝင်သင့်သလား ၊ နည်းနည်းတော့ ကျင့်ဝတ်နဲ့မညီသလို ခံစားရတဘ်”

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက ရန်ကျောက်ကဲ ရောင်းချရန်ပြင်ဆင်ထားသည့် တစ်ခုတည်းသောပစ္စည်း မဟုတ်ပေ။

ထိုပစ္စည်းက သူ၏အကြံအစည်များထဲမှ တစ်စိတ်တစ်ပိုင်းသာလျှင် ဖြစ်သည်။

ရန်ကျောက်ကဲ ခွန်လွန်တောင်သို့ လိုက်လာခြင်းက မိခင်ဖြစ်သူ ရွှယ်ချူးချင်ကို ရှာဖွေရန်အပြင် ယခုလုပ်ဆောင်မည့်အလုပ်များအတွက် သင့်တော်ပြီးပြည့်စုံသည့် နေရာတစ်ခု ရွေးချယ်ရန်လည်း ဖြစ်သည်။

နောက်မှ အထက်ဘုံကမ္ဘာ၏ အဖိုးတန်ရင်းမြစ်များစွာကို ရယူရပေမည်။

လက်ရှိတွင် ဝါဒတောင်က ကျူတောပင်လယ်ဒေသကို အုပ်စိုးသည့်သိုင်းဂိုဏ်းကြီးဖြစ်နေလေပြီ။ ထို့ကြောင့် ကျူတောပင်လယ်ဒေသမှ ကိစ္စရပ်များအားလုံးကို သူတို့စိတ်တိုင်းကျ ဆုံးဖြတ်ချက်ချကာ ပြုလုပ်နိုင်သည်။

ကျူတောပင်လယ်ဒေသ အပြင်ဘက်တွင်တော့ ရန်တိက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို ကျူးကျော်ရန် တပ်ဖွဲ့များကို ဦးဆောင်နေပေပြီ။

လတ်တလောအခြေအနေများအရ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သည် ဝါဒတောင်ကို တားဆီးနိုင်မည် မဟုတ်ပေ။

ဝါဒတောင်တွင် လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူများ မရှိသေးသည့်တိုင် မျှော်လင့်မထားသော ထူးခြားကိစ္စရပ်များ ဖြစ်မလာပါက ဝါဒတောင်အနေဖြင့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်၏ အုပ်စိုးသူ ဖြစ်လာပေလိမ့်မည်။

ထိုသို့ဖြစ်လာလျှင် ရန်ကျောက်ကဲနှင့် ဝါဒတောင်တို့က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အတွင်းမှ အကြီးမားဆုံးသော ရင်းမြစ်များကို ခံစားခွင့် ရှိလာပေမည်။

သို့သော် ဝါဒတောင်အနေဖြင့် အထက်ဘုံကမ္ဘာ အခြားဒေသများတွင်တော့ ထိုသို့ပြုလုပ်ရန် သေချာပေါက် မဖြစ်နိုင်ပေ။

အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ်နှင့် အရှေ့ပိုင်းကျယ်ပြန့်ကောင်းကင်ပြည်နယ်တို့ကိုမဆိုထားနှင့် ဝါဒ‌တောင်နှင့် ဆက်ဆံရေးကောင်းသည့် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်တို့အပြင် ကျန့်ဟွမ်ဓားဧကရာဇ်၏တပည့်ဖြစ်သူ ပိုင်တောင်းအုပ်ချုပ်သည့် အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ်သည်ပင် ရန်ကျောက်ကဲနှင့် ဝါဒတောင် လိုချင်သည့်အရာများကို အစွမ်းကုန် ဖြည့်ဆည်းပေးနိုင်မည် မဟုတ်ပေ။

မိမိကိုယ်တိုင်လိုအပ်မှုများကိုဖြည့်ဆည်းပြီးမှ အခြားသူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်မှာ ဓမ္မတာ ဖြစ်သည်။

ဤသည်က ပုံမှန်ပင်ဖြစ်၏။

အထက်ဘုံကမ္ဘာတစ်ဝှမ်းလုံး၏ ရင်းမြစ်များကို တောင်းဆိုရန် အခွင့်အာဏာရှိသူများမှာ ခွန်လွန်တောင်မှ ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးသာလျှင် ရှိသည်။

ဝါဒ‌တောင်ဖွင့်ပွဲအခမ်းအနားမတိုင်ခင်က ရန်ကျောက်ကဲနှင့်ရန်တိအပါအဝင် အခြားသူများက ကိစ္စရပ်များ ဤမျှအထိဖြစ်လာမည်ဟု တွေးမထားခဲ့ကြပေ။

သူတို့အတတ်နိုင်ဆုံးအရာများကို ဖြည်းဖြည်းချင်းကြိုးစားရင်း ရသင့်ရထိုက်သောအကျိုးကျေးဇူးများ ခံစားလာရမည်ဟုသာ တွေးထင်ထားခဲ့ကြသည်။

မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်က ရန်ကျောက်ကဲနှင့် ဝါဒတောင်အား ကျောထောက်နောက်ခံပေးလာသည့်အခါ လက်ရှိအခြေအနေထက် ပိုမိုမြင့်မားသောအခြေအနေတစ်ခုသို့ရောက်ရှိရန် အဆင်သင့်ဖြစ်လာသည်။

သို့သော် ဝါဒတောင်အနေဖြင့် နေရာတိုင်းတွင်နယ်မြေချဲ့ထွင်ပြီး အကျိုးအမြတ်များရယူရန်အတွက် ကျောက်စိမ်းကျောက်ဆောင်အမည်ကို အသုံးပြု၍ မဖြစ်နိုင်ပေ။

ကျောက်စိမ်းကျောက်ဆောင်က အထက်ဘုံကမ္ဘာတွင် အငြင်းပွားဖွယ်မရှိသည့် တစ်ခုတည်းသော အင်အားကြီးအုပ်စု မဟုတ်ပေ။

ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့က ကမ္ဘာတစ်ဝှမ်းလုံးမှ ရင်းမြစ်ပစ္စည်းများကို တောင်းဆိုနိုင်သော အခွင့်အာဏာရှိသည့်တိုင် ဤရင်းမြစ်ပစ္စည်းများက အကန့်အသတ်ရှိနေသေးသည်။ ဤနေရာတွင် အဝေမတည့်ပါက ဧကရာဇ်များအချင်းချင်းပင် ပဋိပက္ခာဖြစ်ကောင်းဖြစ်နိုင်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက သူအလိုရှိသော ရတနာပစ္စည်းများနှင့် ရင်းမြစ်များကို အခြားနည်းလမ်းဖြင့် စု‌ဆောင်းရန် ကြံစည်နေခြင်း ဖြစ်၏။

ထိုသို့ပြုလုပ်ရာတွင် သူ့နောက်ကွယ်၌ ကျောက်စိမ်းကျောက်ဆောင်မှလူများရှိနေခြင်းဖြင့် ထိုသူများ၏အခွင့်အာဏာကို ရယူသုံးဆွဲနိုင်မည် ဖြစ်သည်။

ဟုတ်ပေ၏။

ရင်းမြစ်ပစ္စည်းများ ပိုမိုရရှိရန်နှင့် ပြောရေးဆိုခွင့်ပိုမိုရရှိစေရန် ကျောက်စိမ်းကျောက်ဆောင်က ကူညီပေးနိုင်သည်။

လက်ရှိ ဧကရာဇ် (၃)ပါးတွင် ကျန့်ဟွမ်ဓားဧကရာဇ်က နောက်ဆုံးထွက်ပေါ်လာသူ ဖြစ်ပြီး ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကတော့ သိုသိုသိပ်သိပ်နေထိုင်သည်။ တိဟွမ်မြေကမ္ဘာဧကရာဇ်ကတော့ အမြဲတမ်း တန်ခိုးစွမ်းအား အကြီးမားဆုံး ဖြစ်သည်။

လက်ရှိတွင် ရန်ကျောက်ကဲအနေဖြင့် တိဟွမ်မြေကမ္ဘာဧကရာဇ်၏ ဆုံးဖြတ်ချက်များအပေါ် မည်သည့်မှတ်ချက်မှ ပြုမည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူ့တွင် သတင်းအချက်အလက်နည်းပါးနေသေးပြီး ဆက်လက်လေ့လာရန် လိုအပ်နေသည်ဖြစ်ရာ သူတစ်ပါးကို ဝေဖန်ခြင်းဖြင့် အလုပ်မများသင့်ပေ။

လူဆိုသည်က စိတ်ထဲတွင်တွေးတောသည်နှင့် အပြင်ပန်းပြုလုပ်သည်များက ကိုက်ညီမှုမရှိနိုင်ပေ။ ထို့ကြောင့် မိခင်ဖြစ်သူ၏ပြဿနာမှလွဲပြီး ရန်ကျောက်ကဲက တိဟွမ်မြေကမ္ဘာဧကရာဇ်အား ကန့်ကွက်ခြင်း မရှိပေ။

သို့သော် တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်ကြား ရွေးချယ်ရမည်ဆိုလျှင်တော့ ကျန့်ဟွမ်ဓားဧကရာဇ်ကိုသာ သေချာပေါက် ရွေးချယ်မည်ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အငြင်းပွားစရာ မရှိပေ။

ဝမ်ဖူက ရန်ကျောက်ကဲ၏စကားများထဲမှ အဓိကအချက်ကို လျှင်မြန်စွာ သတိပြုလိုက်မိသည်။

“အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတစ်ခုအတွက်ပဲ မဟုတ်သေးဘူး ဟုတ်လား”

အားလုံးက ကျန့်ဟွမ်ဓားဧကရာဇ်၏ တပည့်များဖြစ်ကြသော်လည်း အနောက်တောင်ထိပ်တန်းအရှင်သခင်’ပိုင်တောင်း’ ၊ ဝမ်ဖူနှင့် နျဲ့ကျင်းရှန်တို့က ကိုယ်ရည်ကိုယ်သွေးများ မတူညီကြပေ။

ထို့ကြောင့် အကင်းပါးသော ဝမ်ဖူက ရန်ကျောက်ကဲဆိုလိုသည့်အဓိပ္ပါယ်ကို တစ်ချက်တည်းဖြင့် သဘောပေါက်သွားသည်။

သူက...

“လက်စသတ်တော့ မင်း ခွန်လွန်တောင်ကိုလိုက်လာတာ တကယ့်ကိစ္စကြီးတစ်ခုလုပ်မလို့ကိုး... ဂိုဏ်းတူညီလေး’ရန်’”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဆရာဦးလေး’ယွဲ့’ နဲ့ တိဟွမ်မြေကမ္ဘာဧကရာဇ်တို့ နှစ်ယောက်လုံးက အထက်ဘုံကမ္ဘာရဲ့အဝေးမှာရောက်နေတယ် ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကလည်း ဒီကိစ္စကို အရေးစိုက်မှာမဟုတ်ဘူး ၊ ဒီတော့ ငါ နည်းနည်းပါးပါး အရှုပ်လုပ်မိရင်တောင် နောက်ပိုင်းကျ ပြန်ရှင်းဖို့ သိပ်မခက်ပါဘူး”

ဝမ်ဖူက ထိုကိစ္စကို သေသေချာချာ စဉ်းစားနေသည်။

သူ့ပုံစံက ပိုပြီးသတိထားဟန်ရှိသလို တည်ငြိမ်ဟန်လည်း ရှိသည်။ အမှန်အတိုင်းဆိုရလျှင် သူက ရန်ကျောက်ကဲအစီအစဉ်နှင့်ပတ်သက်ပြီး သံသယဝင်နေမိခြင်းပင်။

သို့သော် ခဏမျှစဉ်းစားပြီးနောက် ဝမ်ဖူ ခေါင်းညိတ်လိုက်၏။

“ဒါဖြင့် မင်းကြိုက်သလိုသာလုပ်ပါ ၊ နဂါးလိပ်ပြာတောင်ကြားကိုလိုချင်တာအပြင် ငါ့ဆီက တခြားအကူအညီတောင်းစရာ ရှိသေးလား”

ရန်ကျောက်ကဲက...

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို’ဝမ်’”

သူက ဆက်ပြောသည်။

“နဂါးလိပ်ပြာတောင်ကြားကို ငါ့ရဲ့ကိုယ်ရေးကိုယ်တာ အသုံးပြုချင်တာပါ ၊ ဒီနေရာမှာ ကြိုတင်ပြင်ဆင်မှုအချို့ လုပ်ဆောင်ရမှာဖြစ်ပေမယ့် အဲဒီကိစ္စကိုတော့ လူတွေ ကျယ်ကျယ်ပြန့်ပြန့်သိသွားတာမျိုး မဖြစ်စေချင်ဘူး”

“နောက်တစ်ခုက ငါတို့တွေ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင်အပြင်ဘက်မှာ အခြေချဖို့ နေရာတစ်ခု ရှာချင်တယ် ၊ အဲဒီမှာ ငါကိုယ်တိုင် စခန်းချနေထိုင်မှာတော့ မဟုတ်ပါဘူး ၊ ဝါဒတောင်က တပည့်တွေလာပြီး အဲဒီမှာ ကိစ္စတွေဆောင်ရွက်လိမ့်မယ် ၊ ဒါပေမဲ့... သူတို့က ဒီဒေသနဲ့မရင်းနှီးတဲ့အတွက် ကျောက်စိမ်းကျောက်ဆောင်က ဂိုဏ်းတူအစ်ကိုတစ်ယောက်လောက်က ကူညီပေးစေချင်ပါတယ်”

All Chapters