လျှို့ဝှက်ပင်လယ်ဓားသခင်နှင့် လေမိုးကြိုးအိမ်တော်
Vol. 76 Ch. 1060
အခန်း (၁၀၆၀) လျှို့ဝှက်ပင်လယ်ဓားသခင်နှင့် လေမိုးကြိုးအိမ်တော်
ဤနည်းအားဖြင့် ရန်ကျောက်ကဲအစီအစဉ် လက်တွေ့အကောင်အထည်ဖော်နိုင်ပြီး အခြားသူများအမြင်တွင် ကျောက်စိမ်းကျောက်ဆောင်က ထိုအချက်ကို သေချာပေါက် သိရှိမည်ဟု လက်ခံကြပေမည်။ ထို့ကြောင့် နဂါးလိပ်ပြာတောင်ကြားကို အခြားသူများ စောင့်ကြည့်သည်ဖြစ်စေ စောင့်မကြည့်သည်ဖြစ်စေ အရေးမကြီးလှပေ။
ဝါဒတောင်မှလူများအနေဖြင့်လည်း ဤဒေသနှင့် လုံးဝ မရင်းနှီးသည့်တိုင် ရန်ကျောက်ကဲကိုယ်တိုင် ကိစ္စရပ်များကို တည်ဆောက်ပေးမည်ဆိုလျှင် သူတို့အနေဖြင့် သေချာပေါက် အခြေခံအုတ်မြစ် ခိုင်မာစွာ တည်ထောင်နိုင်ပေမည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို နောက်ခံပေးထားသော ကျန့်ဟွမ်ဓားဧကရာဇ် မရှိဘူးဆိုလှင်တောင်မှ သူတို့၏ကိုယ်ပိုင်အင်အားက အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင်အပြင်ဘက် မည်သည့်နေရာမဆို လှုပ်ရှားကျော်ဖြတ်ရန် လုံလောက်နေပေပြီ။
သို့ဖြစ်ရာ ကျောက်စိမ်းကျောက်ဆောင်မှ တစ်စုံတစ်ယောက် လာရောက်ကူညီပေးရန် ရန်ကျောက်ကဲ တောင်းဆိုလိုက်ခြင်းက သဘောထားရပ်တည်ချက်ကို ဖော်ပြရန်သာ ဖြစ်၏။
အဓိပ္ပါယ်ကတော့ သူ ဤလုပ်ငန်းမှ အကျိုးအမြတ်ရခဲ့မည်ဆိုလျှင် ကျောက်စိမ်းကျောက်ဆောင်သည်လည်း အသီးအပွင့်များကို ခံစားစေလိုခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက...
“ကျောက်စိမ်းကျောက်ဆောင်က ဂိုဏ်းတူအစ်ကိုတစ်ယောက် ကူညီပေးဖို့ အဆင်မပြေရင်လည်း ဂိုဏ်းတူအစ်ကို’ဝမ်’ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်မှာ ဂိုဏ်းတူအစ်ကို’ဝမ်’ ယုံကြည်ရလောက်တဲ့ သိုင်းဂိုဏ်းတစ်ခုခုများ ရှိနိုင်မလား”
သူက ဆက်ပြောသည်။
“သူတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်လို့ရနိုင်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်”
ဝမ်ဖူက ခေါင်းခါယမ်းရင်း...
“အဲဒီလိုလုပ်စရာမလိုပါဘူး ၊ ကျောက်စိမ်းကျောက်ဆောင်က ဘာများ အဆင်မပြေနိုင်စရာရှိလို့လဲ”
ရန်ကျောက်ကဲကပြုံးရင်း...
“ကျောက်စိမ်းကျောက်ဆောင်က ဂိုဏ်းတူအစ်ကိုတစ်ယောက်က ကူညီပေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့ ၊ ဒါပေမဲ့ အရောင်းအဝယ်လုပ်မယ့်သတင်း မြန်မြန်ဆန်ဆန် အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားဖို့ ဒေသတွင်းစွမ်းအားစုတွေ ပူးပေါင်းပါဝင်ပေးဖို့လည်း လိုသေးတယ်”
ဝမ်ဖူက...
“ဒါက လွယ်ပါတယ် ၊ ငါ့နောက်သာလိုက်ခဲ့...”
သူတို့နှစ်ယောက် နဂါးလိပ်ပြာတောင်ကြားမှထွက်ခွာလာပြီး မြောက်ပိုင်းကုန်းမြင့်တောင်ထွတ် ၊ ကျောက်စိမ်းကျောက်ဆောင်သို့ ပြန်လာခဲ့ကြသည်။
ဝမ်ဖူက ရန်ကျောက်ကဲအား တံခါးပိတ်ကျင့်ကြံရာ ခန်းဆောင်တစ်ခုဆီသို့ ခေါ်ဆောင်သွား၏။ အခန်းတံခါးခေါက်လိုက်တော့ အသက် (၃၀)ခန့် လူငယ်တစ်ယောက် ထွက်လာသည်။
“ဂိုဏ်းတူအစ်ကို’ဝမ်’ ၊ ဂိုဏ်းတူညီလေး’ရန်’ ၊ ဘယ်လေတိုက်လို့ ရောက်လာတာလဲ”
လူငယ်က အပြုံးဖြင့် နှုတ်ဆက်စကားဆိုလိုက်သည်။
ထိုလူငယ်၏နာမည်က ချိုးကျားဟိုင်ဖြစ်ပြီး “လျှို့ဝှက်ပင်လယ်ဓားသခင်” ဟု လူသိများသည်။ သူက အမတကူးပြောင်းခြင်း ကနဦးအဆင့် ၊ သိုင်းသူတော်စင် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သူက ရန်ကျောက်ကဲထက် အသက်ကြီးသည့်တိုင် လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ယှဉ်ကြည့်လျှင် မယုံကြည်နိုင်စရာ ငယ်ရွယ်သေးသည်ဟု ဆိုနိုင်သည်။
သူက သဘောကောင်းသူဖြစ်သလို ပေါင်းရသင်းရလည်း လွယ်ကူသူ ဖြစ်သည်။ ထို့ကြောင့် ရုတ်တရက် ကြည့်လိုက်လျှင် ဓားသိုင်းကျင့်ကြံသူတစ်ယောက်ဟုပင် ထင်မှတ်မိမည် မဟုတ်ပေ။
ကျောက်စိမ်းကျောက်ဆောင်မှ တပည့်များထဲတွင် ချိုးကျားဟိုင်က အခြားကျင့်ကြံသူများနှင့်သော်လည်းကောင်း ၊ ပြင်ပလောကမှ ကျင့်ကြံသူများနှင့်သော်လည်းကောင်း အဆက်အသွယ် ကောင်းမွန်သူ ဖြစ်သည်။
သူက စိတ်ဓာတ်တည်ကြည်ခိုင်မာသူတစ်ယောက်ဖြစ်သည့်တိုင် ထက်မြက်မှုကို အတွင်း၌ အမြဲတမ်းသိုဝှက်ထားသည်။ ထို့ကြောင့် အချိန်အများစုတွင် ပေါ့ပါးသည့်ဟန်ပန်ရှိနေသည့်တိုင် အခြေခံမူများနှင့်ပတ်သက်လျှင်တော့ ခိုင်မာပြတ်သားသူ ဖြစ်၏။
ထို့ကြောင့် ‘လျှို့ဝှက်ပင်လယ်ဓားသခင်’ ဆိုသောအမည် ရရှိခဲ့ခြင်းပင်။
သူက သမုဒ္ဒရာရေပြင်ပမာ အခြားသူများကို အဆုံးမရှိ လက်ခံပေါင်းသင်း ခင်မင်နိုင်သော်လည်း စိတ်ထဲမှာတော့ ဓားတစ်လက်၏ထက်မြက်မှု ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
ရန်ကျောက်ကဲ ကျောက်စိမ်းကျောက်ဆောင်သို့ ပထမဆုံးရောက်ရှိချိန်တွင် ဝမ်ဖူနှင့် နျဲ့ကျင်းရှန်တို့က ဤနေရာမှလူတိုင်းနှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် ချိုးကျားဟိုင်သည်လည်း ရန်ကျောက်ကဲကို သိရှိလေသည်။
ကျောက်စိမ်းကျောက်ဆောင်ရှိ လူများထဲတွင် ဝမ်ဖူပြီးလျှင် ချိုးကျားဟိုင်က ရန်ကျောက်ကဲအစီအစဉ်များကို ကူညီရန်အတွက် အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်သည်။
ရန်ကျောက်ကဲက ချိုးကျားဟိုင်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုနှုတ်ဆက်ကာ ရယ်မောလိုက်ရင်း...
“ဂိုဏ်းတူအစ်ကို’ချိုး’ ကို ကိစ္စတစ်ခုနဲ့အကူအညီတောင်းဖို့ အနှောက်အယှက်ပေးချင်လို့ပါ”
ချိုးကျားဟိုင်က ပြုံးရင်း...
“အနှောက်အယှက်ပေးတယ် မခေါ်ပါဘူး ၊ ပြောမှသာပြောပါ”
ရန်ကျောက်ကဲနှင့် ဝမ်ဖူပြောသည့်စကားများကိုနားထောင်ပြီးနောက် ချိုးကျားဟိုင်မျက်နှာထက် စူးစမ်းသည့်အကြည့်တစ်ချက် ပေါ်လာပြီး...
“အိုး... ဂိုဏ်းတူညီလေး’ရန်’ ၊ မင်းမှာတကယ်ပဲ ဒီလိုနည်းလမ်းတွေ ရှိနေတာလား”
သူက ပြုံးလိုက်ရင်း...
“အင်း... မြေကမ္ဘာမယ်တော်တာအိုထုံးတမ်းအစီအရင်ထက်ဆာရင်တော့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက ပြဿနာမရှိလောက်ပါဘူး”
ထို့နောက် ချိုးကျားဟိုင်က ပြတ်သားစွာခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ... ငါ မင်းကိုကူညီပေးမယ် ၊ ဘယ်တော့ စမှာလဲ...”
ရန်ကျောက်ကဲက...
“အရင်ဆုံး အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်က စွမ်းအားစုတစ်ခုကို ရှာဖွေရမယ် ၊ ငါတို့ အလုပ်စတင်ဖို့နဲ့ ကနဦးတိုးချဲ့ဖို့အြင် သတင်းအချက်အလက်ပျံ့နှံ့ဖို့အတွက်ပါ အဆင်ပြေအောင်ပေါ့”
သူက ဆက်ပြောသည်။
“အဲဒီနယ်ပယ်မှာ ဂိုဏ်းတူအစ်ကို’ချိုး’ နဲ့ရင်းနှီးတဲ့ သိုင်းဂိုဏ်းတစ်ခုခုများ မရှိဘူးလား”
ထိုစကားကြားတော့ ချိုးကျားဟိုင်က ဝမ်ဖူကို ပြုံးလျှက် ကြည့်လိုက်သည်။
ဝမ်ဖူက...
“ဒီလိုကိစ္စမျိုးကျ မင်းက ငါ့ထက်ပိုပြီးအဆက်အသွယ်ကောင်းတယ် ၊ မင်းပဲ ဆုံးဖြတ်လိုက်ပါ ၊ ယုံကြည်ရတဲ့သူဖြစ်ဖို့တော့ လိုတာပေါ့”
ချိုးကျားဟိုင်က လူအတော်များများနှင့် ရင်းနှီးခင်မင်သည့်တိုင် အချိန်အတိုင်းအတာတစ်ခုအထိ သေသေချာချာ စဉ်းစားနေသည်။
များပြားလှစွာသော ရွေးချယ်စရာများ သူ့စိတ်ထဲဖြတ်သန်းသွားပြီး နောက်ဆုံးမှာတော့ စွမ်းအားစုတစ်ခုကို ရွေးချယ်လိုက်သည်။
ချိုးကျားဟိုင်က ဝမ်ဖူကို မေးလိုက်သည်။
“လေမိုးကြိုးအိမ်တော်ဆိုရင် ဘယ်လိုနေမလဲ”
ဝမ်ဖူက ခဏမျှစဉ်းစားပြီးမှ ပြုံးလိုက်ရင်း...
“အဲဒီထက်ပိုသင့်တော်တာ မရှိနိုင်တော့ဘူး”
ထို့နောက် သူက ရန်ကျောက်ကဲအား လှမ်းကြည့်ပြီး...
“လေမိုးကြိုးအိမ်တော်က အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ တိမ်မျှင်ချိတ်ဆက်တောင်တန်း အရှေ့ပိုင်းမှာရှိတဲ့ အဓိကအင်အားကြီး စွမ်းအားစုတစ်ခုပဲ ၊ လက်ရှိ အိမ်တော်သခင် ဟန်ရှန်းတာ့က အဆက်အသွယ် ကျယ်ပြန့်တဲ့လူတစ်ယောက်လည်း ဖြစ်တယ်”
“လေမိုးကြိုးတောင်က လက်နက်ပစ္စည်းပြုလုပ်တဲ့နေရာမှာ နာမည်ကြီးတယ် ၊ ပြီးတော့ ကျွင်းထျန်းကောင်းကင်ပြည်နယ်မှာသာမကဘူး အထက်ဘုံကမ္ဘာက နေရာတိုင်းကို ဖြန့်ကျက်ထားတဲ့ လက်နက်ပစ္စည်းဆိုင်ခွဲတွေလည်း အများအပြားရှိတယ် ၊ အထက်ဘုံကမ္ဘာ နယ်မြေ (၈)ခုလုံးမှာလည်း ဂိုဏ်းခွဲတွေအများကြီး ရှိတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“အရှေ့တောင်ပိုင်းမှာရှိတဲ့ လေမိုးကြိုးအိမ်တော်ရဲ့ ဂိုဏ်းခွဲတစ်ခုအကြောင့် ငါ ကြားဖူးတယ် ၊ ဒါပေမဲ့ သူတို့ဂိုဏ်းခွဲက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် အနောက်မြောက်ဘက်မှာ ရှိတာ ၊ ငါတို့ ကျူတောပင်လယ်ဒေသမှာ ရှိတာမဟုတ်ဘူး”
ချိုးကျားဟိုင်ကလည်း အလားတူပင် ပြုံးလိုက်ရင်း...
“လေမိုးကြိုးအိမ်တော်က သမိုင်းကြောင်းကောင်းပါတယ် ၊ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ကတည်းက ငါတို့ ကျောက်စိမ်းကျောက်ဆောင်နဲ့လည်း ဆက်ဆံရေးကောင်းမွန်တယ် ၊ သူတို့က အပြည့်အဝ ယုံကြည်ထိုက်သူတွေပါ”
“ယုံကြည်ထိုက်ခြင်း” ဆိုသည်က အမှန်တကယ် အရေးပါသောအချက် ဖြစ်သည်။
ထိုအချက်ကြောင့်သာ ချိုးကျားဟိုင်က အထပ်ထပ်အခါခါ စဉ်းစားပြီးနောက် အားသာချက်ရှိသော အခြားအင်အားစုများကို မရွေးချယ်ဘဲ လေမိုးကြိုးအိမ်တော်ကို ရွေးချယ်အကြံပြုခဲ့ခြင်း ဖြစ်၏။
ဝမ်ဖူက...
“ဒါက တကယ့်ကိုအသင့်တော်ဆုံး ရွေးချယ်မှုပါပဲ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဂိုဏ်းတူအစ်ကို’ချိုး’ အားတယ်ဆိုရင် အခုပဲ လေမိုးကြိုးအိမ်တော်ကို သွားကြရအောင်လေ”
ချိုးကျားဟိုင်က...
“ရတာပေါ့...”
ထို့နောက် ဝမ်ဖူကိုနှုတ်ဆက်စကားဆိုပြီး ချိုးကျားဟိုင် ဦးဆောင်ကာ ရန်ကျောက်ကဲနှင့်အတူ အရှေ့ဘက်ဆီသို့ ထွက်ခွာသွားကြသည်။
ခွန်လွန်တောင်တန်းများဆီမှ ထွက်ခွာလာပြီးနောက် ကျယ်ပြောသော နယ်မြေဒေသများကို ဖြတ်ကျော်ကာ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် အရှေ့ဘက်ခြမ်းမှ တိမ်မျှင်ချိတ်ဆက်တောင်တန်းသို့ ရောက်ရှိလာခဲ့သည်။
တိမ်မျှင်ချိတ်ဆက်တောင်တန်းသို့ ရောက်ရှိသည်နှင့် သူတို့အရှေ့မှကောင်းကင်က မှိန်ဖျော့သွားသည်။
ကောင်းကင်ထက်တွင် မိုးကြိုးတိမ်တိုက်များ ဖုံးလွှမ်းနေပြီး လျှပ်စီးကြောင်းများနှင့် မိုးခြိမ်းသံများက တိမ်တိုက်များဆီမှ ဖြတ်သန်းထွက်ပေါ်လာသည်။
ဝေးကွာသောမိုးကုတ်စက်ဝိုင်းတစ်နေရာတွင် မိုးကြိုးမုန်တိုင်းများ ဖြစ်တည်နေပြီး မိုးခြိမ်းသံနှင့် လျှပ်စီးရိုက်ခတ်မှုများက ကောင်းကင်ထက်မှ မိုးဖွဲများကျဆင်းသည့်ပမာ အောက်ဘက်မှတောင်တန်းဆီသို့ အဆက်မပြတ် ကျဆင်းနေသည်။
ထိုမိုးကြိုးမုန်တိုင်းများမှာ ကျူတောပင်လယ်ဒေသ ၊ သဘာဝပသာဒနယ်မြေရှိ အဆုံးမဲ့သံလိုက်မုန်တိုင်းများနှင့် ကောင်းစွာယှဉ်ပြိုင်နိုင်သည်။
ချိုးကျားဟိုင်က မိုးကုတ်စက်ဝိုင်းဆီမှ မိုးကြိုးသွားသမုဒ္ဒရာကြီးကိုညွှန်ပြရင်း...
“အဲဒီနေရာက လေမိုးကြိုးအိမ်တော် တည်ရှိရာနေရာပဲ”
သူက ဆက်ရှင်းပြသည်။
“လေမိုးကြိုးအိမ်တော်က လက်နက်ပစ္စည်းပြုလုပ်တဲ့နေရာမှာ ဘိုးစဉ်ဘောင်ဆက် ကျွမ်းကျင်ခဲ့ကြတယ် ၊ သူတို့က ကောင်းကင်ကမိုးကြိုးစွမ်းအားကိုအသုံးပြုပြီး လက်နက်ပြုလုပ်ကြတာပဲ ၊ အတော်လေး ထူးခြားတဲ့နည်းပညာလို့ ပြောလို့ရတယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာဆိုတာ မဟာကပ်ဘေးကြီးမတိုင်ခင်က ပညာရပ်တစ်ခုပဲ ၊ လေမိုးကြိုးအိမ်တော်က ဒီပညာရပ်ကိုပိုင်ဆိုင်ထားတယ်ဆိုတော့ ပြီးပြည့်စုံခြင်း ရှိ မရှိ သိချင်မိတယ်”
ချိုးကျားဟိုင်က လေးနက်စွာ ခေါင်းညိတ်ရင်း...
“လေမိုးကြိုးအိမ်တော်က ‘ဟန်’ မျိုးနွယ်တွေက တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာ ပြီးပြည့်စုံတဲ့အမွေအနှစ်ကို ရရှိထားတယ် ၊ ပြီးတော့ အဲဒီပညာရပ်ကို ဘိုးစဉ်ဘောင်ဆက် ခွဲခြမ်းစိတ်ဖြာသုတေသနပြုပြီး အရင်ကထက် ပြီးပြည့်စုံအောင် ပြင်ဆင်ထားကြတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားပြီး...
“ဒါက အတော်ထူးခြားတာပဲ”
ဤလောကတွင် အတိတ်မှအရာများအားလုံးသည်လည်း အကောင်းဆုံးများမဟုတ်ပေ။ လက်ရှိအရာများသည်လည်း အတိတ်မှအရာများထက် နိမ့်ကျသည် မရှိပေ။ ဤကမ္ဘာ၏ မဟာတာအိုကို ချိုးဖျက်ထိုးဖောက်နိုင်မှသာလျှင် သူတို့အနေဖြင့် အသစ်သော မြင့်မားမှုတစ်ခုသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
မဟာကပ်ဘေးကြီးမတိုင်ခင် သိုင်းပညာအမွေအနှစ်များကို လူအများစုက ပြုပြင်ပြောင်းလဲမှုများစွာလုပ်ဆောင်ခဲ့ကြပြီး အမှားအယွင်းနှင့် အလှည့်အပြောင်းများစွာ ရှိခဲ့ကြသည့်တိုင် ဆက်လက် ပြုပြင်နေကြဆဲ ဖြစ်သည်။
အသင်္ချေကမ္ဘာကာလက ကြီးကျယ်ခမ်းနားပြီးအ ထွတ်ထိပ်သို့ ရောက်ရှိနေပြီဖြစ်သော တာအိုဝါဒနှင့် လူနေမှုစနစ် ယဉ်ကျေးမှုပုံစံများအားလုံး မဟာကပ်ဘေးကြီးကြောင့် ပျက်ဆီးသွားခြင်းမှာ အလွန်နှမျောစရာကောင်းလှသည်။
ထို့ကြောင့် မဟာကပ်ဘေးကြီးအလွန်ကာလမှ လူသားတို့သည် အတိတ်အပျက်အဆီးများကြားမှ ခြေရာများကိုရှာဖွေကာ အသစ်ပြန်လည်စတင်ခဲ့ကြရသည်။
ရလဒ်အနေဖြင့် လက်ရှိမျိုးဆက်တွင် အချို့အရာများက မဟာကပ်ဘေးကြီးမတိုင်ခင်ကာလနှင့်နှိုင်းယှဉ်လျှင် ကြမ်းတမ်းပြီး ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးပေ။
ဤပြဿနာက အောက်ဘုံကမ္ဘာများဖြစ်သော သမုဒ္ဒရာကမ္ဘာ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာတို့တွင် ပိုပြီး သိသာထင်ရှားသည်။
အထက်ဘုံကမ္ဘာမှာတော့ အခြေအနေများက ပိုပြီးအကောင်းမြင်သည့်ဘက်တွင် ရှိသည်။
ရန်ကျောက်ကဲက မဟာကပ်ဘေးကြီးမတိုင်ခင်ကာလ ပြီးပြည့်စုံသော ‘တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာ’ ကို သိရှိထားသည်။
သို့သော် လေမိုးကြိုးအိမ်တော်မှ ‘ဟန်’ မျိုးနွယ်များသည်လည်း ထိုနည်းပညာကို အမှန်တကယ် တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဆိုပါက မည်သို့ပြုလုပ်ခဲ့ကြောင်းကြည့်ရှုရန် ရန်ကျောက်ကဲ အလွန်စိတ်ဝင်စားလျှက် ရှိလေသည်။