ဘက်စုံတော်သောအရည်အချင်း
Vol. 76 Ch. 1062
အခန်း (၁၀၆၂) ဘက်စုံတော်သောအရည်အချင်း
လေမိုးကြိုးအိမ်တော်မှ သိုင်းပညာက မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ကြွင်းကျန်ခဲ့သည့်အမွေအနှစ်များမှ ဖွံ့ဖြိုးတိုးလက်လာခြင်း ဖြစ်သည်။
လေမိုးကြိုးအိမ်တော်တည်ထောင်သူက မဟာကပ်ဘေးကြီးဖြစ်ပွားခဲ့ပြီးနောက် ပျက်ဆီးကျန်ရစ်ခဲ့သော အမွေအနှစ်နေရာတစ်ခုမှ ရွှေခန္ဓာမိုးကြိုး ပမာဏအနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုပစ္စည်းကိုစမ်းသပ်ပြီးနောက် သာမန်ကျင့်ကြံသူများအတွက် ရန်သူကိုနှိမ်နင်းရန် အကောင်းဆုံးဖြစ်သည့် ရွှေခန္ဓာမိုးကြိုးသည် လေမိုးကြိုးအိမ်တော်မှ သိုင်းကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အလွန်အကျိုးရှိကြောင်း တွေ့ခဲ့ရသည်။
ထိုအချက်ကြောင့် လေမိုးကြိုးအိမ်တော်မှလူများ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသလို ကြီးမားသည့်ဖိအားကိုလည်း ခံစားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့တွင် ရွှေခန္ဓာမိုးကြိုး အနည်းငယ်သာကျန်ရှိတော့ပြီး ထိုအရာကို ပြုလုပ်ရန်နည်းလမ်းမှာလည်း ပျောက်ဆုံးနေသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့်ပင်။
သူတို့တွင် တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာကိုပိုင်ဆိုင်ထားသဖြင့် ရွှေခန္ဓာမိုးကြိုးပြုလုပ်ရန် ပျောက်ဆုံးနေသည့်နည်းပညာကို ပြန်လည်ရှာဖွေခဲ့ကြသည်။ သို့သော် လေမိုးကြိုးအိမ်တော် ဘိုးစဉ်ဘောင်ဆက် မရပ်မနား သုတေသနပြုခဲ့ကြသည့်တိုင် လက်နက်ပစ္စည်းများကိုသာ ထုတ်လုပ်နိုင်ခဲ့ပြီး ရွှေခန္ဓာမိုးကြိုးကို မထုတ်လုပ်နိုင်ခဲ့ကြပေ။
သူတို့တွင် ရွှေခန္ဓာမိုးကြိုးကလည်း အနည်းငယ်သာပိုင်ဆိုင်ထားသည်ဖြစ်ရာ စမ်းသပ်သုတေသနပြုလုပ်ရန် အရေအတွက် လုံလောက်ခြင်းမရှိပေ။
လေမိုးကြိုးတောင်က နှစ်များတစ်လျှောက် အလျှော့မပေးဘဲ ပန်းတိုင်ရောက်ရှိရန် အဆက်မပြတ် လုံ့လစိုက်ထုတ်ခဲ့သည့်တိုင် နောက်ဆုံး သူတို့ရရှိခဲ့သောရလဒ်က ငိုရမလို ရယ်ရမလိုပင် ဖြစ်ခဲ့ရသည်။
သူတို့ လိုချင်တပ်မက်လှသော ရွှေခန္ဓာမိုးကြိုးပြုလုပ်ရန်နည်းလမ်းကို ပြန်လည်ရယူနိုင်ခဲ့ခြင်းမရှိသည့်တိုင် လေမိုးကြိုးအိမ်တော်မှ ‘ဟန်’ မျိုးနွယ်များမှာ လက်နက်ပစ္စည်းပြုလုပ်သည့်ပညာ တိုးတက်မြင့်မားလာခဲ့ပြီး အထက်ဘုံကမ္ဘာတွင် ထိပ်တန်းအဆင့် အောင်မြင်မှုရရှိခဲ့သည်။
သို့တိုင် သူတို့လိုချင်တောင့်တခဲ့သော ရွှေခန္ဓာမိုးကြိုးကို ထာဝရ မဖန်တီးနိုင်ခဲ့ကြပေ။
သူတို့ ပြုလုပ်ထားသည့်လက်နက်ပစ္စည်းများကသာ လေမိုးကြိုးအိမ်တော်အတွက် ဝင်ငွေရင်းမြစ်ဖြစ်လာပြီး ကမ္ဘာတစ်ခွင် ကျော်ကြားလာခဲ့သည်။
သို့ရာတွင် လေမိုးကြိုးအိမ်တော်သည် ရွှေခန္ဓာမိုးကြိုးပြုလုပ်သည့်နည်းလမ်းကို အစဉ်တစိုက် ရှာဖွေနေခဲ့ကြသည်။
လက်နက်ပစ္စည်းပြုလုပ်ရာတွင် မြင့်မားသောကျွမ်းကျင်မှုပိုင်ဆိုင်သည့် လေမိုးကြိုးအိမ်တော်မှာ လက်နက်ပစ္စည်းများ ရောင်းချရုံသာမက အိမ်တော်မှတပည့်တိုင်း ၊ သိုင်းကျင့်ကြံသူတိုင်း လက်နက်ကောင်းများ ကိုင်ဆောင်နိုင်ကြသည်။
သို့သော် ယခုအချိန်မှာတော့ ကုန်ကြမ်းပစ္စည်းရှားပါးမှုနှင့် အခြားသောအကြောင်းအမျိုးမျိုးကြောင့် လက်နက်ပစ္စည်းပြုလုပ်ခြင်း လုပ်ငန်းတွင် ကျွမ်းကျင်မှုရှိသော လေမိုးကြိုးအိမ်တော်၏တိုးတက်မှုမှာလည်း တစ်ဆို့သည့်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
လိုအပ်သောကုန်ကြမ်းများ ရရှိရန်ခဲယဉ်းသဖြင့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများလည်း ပြုလုပ်ရန် ခက်ခဲလှသည်။
လေမိုးကြိုးအိမ်တော်မှ ‘ဟန်’ မျိုးနွယ်များသည်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမတတ်နိုင်ခဲ့ကြပေ။
နောက်ဆုံးမှာတော့ လုပ်ငန်းတစ်ဆို့မှုကိုရော ကျင့်ကြံခြင်းတစ်ဆို့မှုကိုပါကျော်ဖြတ်ရန် မိမိကိုယ်ကိုသာ အားကိုးနေကြရသည်။
သိုင်းကျင့်ကြံသူများဆိုသည်က ကျင့်ကြံခြင်းအဆင့်မြင့်မားလေ အတားအဆီးများနှင့် ကျင့်ကြံခြင်းတစ်ဆို့မှုများ များပြားလာလေပင်။
ရွှေခန္ဓာမိုးကြိုးက လေမိုးကြိုးအိမ်တော်မှ သိုင်းကျင့်ကြံသူများ၏ ကျင့်ကြံခြင်းတစ်ဆို့မှုများ ဖြတ်ကျော်ရန် ကူညီပေးသည်သာမက တန်ခိုးစွမ်းအားကိုလည်း ပိုမိုမြင့်မားလာစေနိုင်သည်။
ထို့ကြောင့် ရန်ကျောက်ကဲပါးစပ်က ‘ရွှေခန္ဓာမိုးကြိုး’ ဟူသောစကားလုံးထွက်ပေါ်လာသည့်အခါ လေမိုးကြိုးအိမ်တော်မှလူတိုင်း စိတ်ထဲဂနာမငြိမ် ဖြစ်သွားကြသည်။
ဟန်ရှန်းတာ့က သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားရင်း...
“’ရန်’ သခင်လေး လက်ထဲမှာ ရွှေခန္ဓာမိုးကြိုး အရေအတွက်ဘယ်လောက်များရှိပါသလဲ...”
သူက ဆက်ပြောသည်။
“’ရန်’ သခင်လေး ကြိုက်စျေးသာခေါ်လိုက်ပါ ၊ ကျုပ်တို့ လေမိုးကြိုးအိမ်တော်က အကုန်ဝယ်ပါ့မယ်”
လေမိုးကြိုးအိမ်တော်က ရွှေခန္ဓာမိုးကြိုးအား ရှာဖွေနေသည့်ကိစ္စမှာ အထက်ဘုံကမ္ဘာတွင် လျှို့ဝှက်ချက်မဟုတ်ပေ။
သူတို့ ထိုပစ္စည်းကို မည်မျှလိုချင်နေကြောင်း ရန်ကျောက်ကဲသိရှိသွားပါက ချက်ချင်းစျေးတက်သွားမည်ကိုပင် စိုးရိမ်ခြင်းမရှိဘဲ ဟန်ရှန်းတာ့က အမှန်အတိုင်း ပွင့်လင်းစွာ ဝန်ခံခဲ့သည်။
စျေးတက်သည့် ထိုးနှက်ချက်လောက်ကတော့ ခံစားရမည်ပဲ ဖြစ်၏။
ရန်ကျောက်ကဲက လက်တစ်ဖက်ကာပြရင်း...
“လောလောဆယ်တော့ ဒီ ‘ရန်’ မှာ ရွှေခန္ဓာမိုးကြိုး မရှိသေးပါဘူး ၊ ဒါပေမဲ့ လိုအပ်တယ်ဆိုတာနနဲ့ အချိန်တိုအတွင်း အမြောက်အမြား ထုတ်လုပ်ပေးနိုင်ပါတယ် ၊ အင်း... ပစ္စည်းမပြုလုပ်ခင် လိုအပ်တဲ့ကုန်ကြမ်းတွေတော့ အရင်စုဆောင်းရပါလိမ့်မယ်”
ရန်ကျောက်ကဲက ရွှေခန္ဓာမိုးကြိုးများကို အခြားနေရာမှ ရယူလာပြီး သူတို့အားရောင်းချခြင်းမဟုတ်ဘဲ ကိုယ်တိုင်ပြုလုပ်သည့်နည်းလမ်းကိုသိရှိကြောင်း ကြားသိလိုက်ရသည့်အခါ လေမိုးကြိုးအိမ်တော်မှလူများ မျက်လုံးများ ပိုမိုတောက်ပလာကာ ဆန္ဒများလည်းပြင်းထန်လာကြသည်။
အိမ်တော်မှ အခြားအကြီးအကဲများက ဟန်ရှန်းတာ့နှင့်အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြ၏။
ကျန့်ဟွမ်ဓားဧကရာဇ်၏တပည့်ဖြစ်သော ချိုးကျားဟိုင်ကိုယ်တိုင် ရန်ကျောက်ကဲနှင့်အတူ လိုက်ပါလာပြီး အာမခံပေးသည်ဖြစ်ရာ ဤကိစ္စက အမှန်တကယ်ဖြစ်ကြောင်း (၉၉) ရာနှုန်းအတည်ပြုနိုင်သည်။ ရန်ကျောက်ကဲက သူတို့ကို လှည့်စားရန်ကြိုးစားသည့် လူလိမ်တစ်ယောက်ဖြစ်မည်ကို စိတ်ပူစရာ မလိုပေ။
ဟန်ရှန်းတာ့က...
“အဲဒါဆိုရင်လည်း အဆင်ပြေပါတယ် ၊ ‘ရန်’ သခင်လေး ရွှေခန္ဓာမိုးကြိုး ပထမတစ်သုတ်ထုတ်လုပ်တာနဲ့ ကျုပ်တို့ လေမိုကြိုးအိမ်တော်က အားလုံးဝယ်ယူမှာဖြစ်တယ်’
သူက ဆက်ပြောသည်။
“’ရန်’ သခင်လေး ကြိုက်စျေးသာခေါ်လိုက်ပါ ၊ အားလုံး စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်ပါ ၊ သိပ်ပြီး အတွေးလည်းမလွန်ပါနဲ့ ၊ ဒီကိစ္စအတွက်နဲ့ ကျုပ်တို့ပူးပေါင်းဆောင်ရွက်မယ့်လုပ်ငန်း မထိခိုက်စေရပါဘူး ၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ရင်းနဲ့ ‘ရန်’ သခင်လေးရဲ့ ပထမဆုံး ဖောက်သည်က ကျုပ်တို့ လေမိုးကြိုးအိမ်တော် ဖြစ်လာပါလိမ့်မယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဟုတ်တာပေါ့ ဟုတ်တာပေါ့ ၊ ခင်ဗျားတို့အိမ်တော်သာ ဒီ ‘ရန်’ ကိုကူညီပေးမယ်ဆိုရင် ပထမဆုံးအနေနဲ့ အချိန်နဲ့ အားစိုက်ထုတ်မှု အများကြီးသက်သာသွားမှာပဲ ၊ ဒီလိုကူညီပံ့ပိုးပေးတဲ့အတွက် အိမ်တော်သခင်တို့ဘက်ကလည်း မနစ်နာစေရပါဘူး”
ဟန်ရှန်းတာ့က ပြုံးရင်း...
“ရတယ် ရတယ် ကိစ္စမရှိဘူး ၊ ‘ရန်’ သခင်လေးက ယဉ်ကျေးလွန်းနေပြီ...”
သူက ဆက်ပြောသည်။
“ကြည့်ရတာ... ‘ရန်’ သခင်လေးကလည်း လက်နက်ပစ္စည်းပြုလုပ်ရာမှာ ဆရာကြီးတစ်ပါးပဲထင်တယ် ၊ အနာဂတ်မှာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အပြန်အလှန် အကျိုးပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ရန်ကျောက်ကဲကလည်း ပြုံးလိုက်ရင်း...
“ငါတို့က အကြောင်းမကြား ဘာမကြားနဲ့ရောက်လာတာဆိုတော့... အိမ်တော်သခင် လက်နက်ပစ္စည်းပြုလုပ်နေတာကို အနှောက်အယှက်ပေးသလို ဖြစ်သွားတယ်ထင်တယ် ၊ ကြည့်ရတာ လုပ်လက်စပစ္စည်းက ရလဒ်ဆိုးဆိုးရွားရွားများ ဖြစ်သွားသလားလို့တွေးမိတယ်”
ထိုစကားကြားတော့ ဟန်ရှန်းတာ့မျက်ဝန်းများကျဉ်းမြောင်းသွားပြီးနောက် တစ်ချက်ပြုံးလိုက်ရင်း...
“ဒီကိစ္စက ဘာမှမပြောပလောက်ပါဘူး”
ရန်ကျောက်ကဲက...
“တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာက လက်နက်ပစ္စည်းပြုလုပ်နေတုန်း ကြားဖြတ်နှောက်ယှက်ခံရရင် ကုန်ကြမ်းပစ္စည်းတွေအားလုံး အလကားဖြစ်သွားတတ်တယ်”
သူက စိတ်ဝင်တစားဖြင့်...
“ဒါပေမဲ့ ခင်ဗျားတို့အိမ်တော်က တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာက မဟာကပ်ဘေးကြီးမတိုင်ခင်ကနည်းပညာကို အဆင့်မြှင့်တင်ထားတယ်လို့ သတင်းကြားတယ် ၊ ဒီ ‘ရန်’ နည်းနည်းပါးပါး မြည်းစမ်းကြည့်လို့ရမလား မသိဘူး”
ဟန်ရှန်းတာ့မျက်ဝန်းများက ရန်ကျောက်ကဲထံစူးစိုက်သွားပြီး...
“အိုး... ကြည့်ရတာ ‘ရန်’ သခင်လေးကလည်း တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာကို အတော်နားလည်နေတာပဲကိုး...”
ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...
“ပွင့်ပွင့်လင်းလင်းပြောရရင်... ဒီ’ရန်’ က မဟာကပ်ဘေးကြီးမတိုင်ခင်က တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာ အပြည့်အစုံကို သိရှိထားပါတယ် ၊ ဒါကြောင့် ခင်ဗျားတို့အိမ်တော်က အဆင့်မြှင့်တင်ထားတဲ့ပညာရပ်ကို အရမ်းလေ့လာချင်နေတာပါ”
သူက ခဏနားပြီးမှ ဆက်ပြောလိုက်သည်။
“ဒါပေါ့... ဒီ ‘ရန်’ က ခင်ဗျားတို့ရဲ့လျှို့ဝှက်နည်းပညာကို ရယူဖို့ကြိုးစားမှာ မဟုတ်ပါဘူး ၊ အဆင့်မြှင့်တင်ထားတဲ့ တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာနဲ့ လက်နက်ဘယ်လိုပြုလုပ်သလဲဆိုတာကိုပဲ တွေ့မြင်ချင်တာပါ”
ဟန်ရှန်းတာ့က...
“’ရန်’ သခင်လေးက အားနာနေပြန်ပါပြီ ၊ ကျုပ် ဒီပညာရပ်ပြသပြီးရင် မင်းရဲ့အမြင် ဘယ်လိုရှိသလဲဆိုတာ မေးမြန်းချင်ပါတယ်”
ထို့နောက် ဟန်ရှန်းတာ့က လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သူ၏အင်္ကျီလက်အတွင်းမှ ခရမ်းရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာသည်။
ထိုခရမ်းရောင်အလင်းတန်းက ရန်ကျောက်ကဲရှေ့တွင် ရပ်တန့်သွားပြီး ထိုအရာက ဓားတစ်လက်၏ သန္ဓေတည်စပုံသဏ္ဌန် ဖြစ်သည်။
ခရမ်းရောင်မိုးကြိုးစီးကြောင်းများက သန္ဓေသား’ဓား’ ၏မျက်နှာပြင်ထက် ရစ်ပတ်တောက်ပလျှက် ရှိသည်။
ရန်ကျောက်ကဲနှင့် ချိုးကျားဟိုင်ရောက်ရှိလာစဉ် ဟန်ရှန်းတာ့က ဤဓားလက်နက်အား ပြုလုပ်နေခြင်း ဖြစ်၏။
သူက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ရန် ရည်ရွယ်ထားပြီး အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်ဖြစ်သော ဟန်ရှန်းတာ့အတွက် ဤသည်က လုံးဝ အခက်အခဲရှိသည့်အလုပ်တစ်ခု မဟုတ်ပေ။
အမှန်တော့ ဟန်ရှန်းတာ့၏ အဆင့်အတန်း ဂုဏ်ပုဒ်ဖြင့် လက်နက်ပစ္စည်းများ ပြုလုပ်သည်ကို ရပ်နားထားသည်မှာ ကြာပြီဖြစ်သည်။
ယခု မိတ်ဆွေတစ်ယောက်က သူ၏အဆက်အနွယ်အတွက် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ကိုယ်တိုင်ကိုယ်ကျပြုလုပ်ပေးပါရန် ဟန်ရှန်းတာ့ကို မေတ္တာရပ်ခံလာသဖြင့် ခြွင်းချက်ထားပြီး အိမ်တော်သခင်ကိုယ်တိုင် လက်နက်ပြုလုပ်နေခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက တစ်ချက်ပြုံးရင်း...
“တကယ့်ကိုမှတ်သားစရာပါပဲ... ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က မူလပညာရပ်ဖြစ်တဲ့ တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာသာဆိုရင် လက်နက်ပြုလုပ်နေရင်းတန်းလန်းနဲ့ နှောက်ယှက်ခံရရင် ကုန်ကြမ်းပစ္စည်းတွေအားလုံး အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားမှာပဲ ၊ ဒါပေမဲ့ အိမ်တော်သခင် အဆင့်မြှင့်တင်ထားတဲ့နည်းလမ်းကတော့ လုပ်ငန်းစဉ် ပြတ်တောက်သွားရင်တောင် လက်နက်ပစ္စည်းကို သန္ဓေသားပုံစံနဲ့ ဆက်လက်ထိန်းသိမ်းထားနိုင်တယ်”
ဟန်ရှန်းတာ့က နှိမ့်ချစွာပင် ခေါင်းညိတ်လိုက်ရင်း...
“ဒါက ဘာမှမပြောပလောက်တဲ့ အရည်အချင်းလေးပါ”
မည်သို့ပင်ဖြစ်စေ ဤသည်က သူ၏အစွမ်းအစကိုပြသခဲ့သော ပညာရပ်ဖြစ်သည်။
သို့သော် သန္ဓေသားပုံစံ ထိန်းသိမ်းထားနိုင်သည်ဆိုသော်ငြား လက်နက်ပစ္စည်းဆက်လက်ပြုလုပ်ရန် ယခင်ကထက် ပိုမိုခက်ခဲသွားမည် ဖြစ်၏။
အခြားသူများ ဤဓားကို ဆက်လက်သွန်းလုပ်မည်ဆိုပါက အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းသာလျှက် ထွက်ပေါ်လာမည်ဖြစ်ပြီး အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဖြစ်ပေါ်လာတော့မည် မဟုတ်ပေ။
ဟန်ရှန်းတာ့ကိုယ်တိုင်ဆက်လက်ပြုလုပ်မည်ဆိုပါက အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအဖြစ် ထွက်ပေါ်လာနိုင်သော်လည်း အရည်အသွေးကအလွန်သာမန်ဖြစ်ပြီး ညံ့ဖျင်းပေလိမ့်မည်။ ထိုသို့ဆိုလျှင် လက်နက်ပြုလုပ်ပေးပါရန် အကူအညီတောင်းသော မိတ်ဆွေဖြစ်သူနှင့် မလွဲမသွေ မျက်နှာပျက်ရပေမည်။
ဟန်ရှန်းတာ့က မိတ်ဆွေဖြစ်သူစိတ်ကျေနပ်စေရန်အတွက် သူ့တွင်ရှိသမျှ အကောင်းဆုံးကုန်ကြမ်းများကိုအသုံးပြုကာ အလယ်ဆင့် အထွတ်ထိပ်လက်နက်ပစ္စည်းအသစ်တစ်ခု ပြုလုပ်ပေးမည်ဟု အစောကြီးကတည်းက ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
ဟန်ရှန်းတာ့က အားနာသဖြင့် ရန်ကျောက်ကဲနှင့် ချိုးကျားဟိုင်ကို ထိုအကြောင်း မပြောခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက သူ့အရှေ့မှ သန္ဓောသားပုံစံ “ဓား” ကို ကြည့်လိုက်ပြီး တစ်ချက်ပြုံးရင်း လက်တစ်ဖက်ကိုဆန့်တန်းကာ ဆုပ်ကိုင်လိုက်သည်။
ထို့နောက် အခြားလက်တစ်ဖက်မှ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ထုတ်ယူလိုက်ပြီး သန္ဓောသားပုံစံ “ဓား” ကို အထဲသို့ ပစ်ထည့်လိုက်သည်။
ဟန်ရှန်းတာ့နှင့်အခြားသူများကြည့်နေကြသဖြင့် ရန်ကျောက်ကဲက ပြုံးပြလိုက်ရင်း...
“ဒီ ‘ရန်’ က အကြောင်းမကြားဘဲရောက်လာတဲ့အတွက် ‘ဟန်’ သခင်ကြီး ဓားလက်နက်ပြုလုပ်တာ အနှောက်အယှက်ဖြစ်သွားရတယ် ၊ ဒီအတွက် စိတ်မကောင်းဖြစ်မိပါတယ် ၊ ကံကောင်းတာက ဒီဓားကို အချိန်မီကုစားလို့ ရနိုင်သေးတာပဲ ၊ တောင်းပန်စကားဆိုရင်း မပြည့်စုံတဲ့အရည်အချင်း အသုံးပြုပြီး ဒီဓားကိုဆက်လက် ပြုလုပ်ပေးချင်ပါတယ် ၊ အိမ်တော်သခင်ကို စော်ကားတယ်လို့ မယူဆစေချင်ပါဘူး”