ဟိုဆတ်ဆတ် ဒီဆတ်ဆတ်လုပ်တတ်တဲ့ ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’
Vol. 76 Ch. 1063
အခန်း (၁၀၆၃) ဟိုဆတ်ဆတ် ဒီဆတ်ဆတ်လုပ်တတ်တဲ့ ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’
ရန်ကျာက်ကဲကိုကြည့်ရင်း ဟန်ရှန်းတာ့နှင့်အခြားသူများစိတ်ထဲ အသေချာ မရေရာသလို ခံစားလိုက်ရသည်။
အစောပိုင်းကတွေးထင်ခဲ့သော ရန်ကျောက်ကဲနှင့်ပတ်သက်သည့် ခန့်မှန်းချက်များစွာက မှားယွင်းသွားနိုင်ကြောင်း ရုတ်ချည်း နားလည်လိုက်သည်။
ရန်ကျောက်ကဲက စကားအများကြီးမဆိုတော့ဘဲ သူ့အတွက် သီးသန့်အခန်းတစ်ခန်း ပြင်ဆင်ပေးပါရန် ဟန်ရှန်းတာ့အား အကူအညီတောင်းပြီးနောက် ထိုအခန်းအတွင်းသို့ ဝင်ရောက်သွား၏။
ထို့နောက် ရန်ကျောက်ကဲက စကားတစ်ခွန်းမဆိုဘဲ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲတွင်ရှိနေသည့် သန္ဓေသားအသွင် “ဓား” ထံသို့ ကောင်းကင်မိုးကြိုး ဆင်းသက်စေလိုက်သည်။ ဤသည်က တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာ မူရင်းရှေးဟောင်းနည်းလမ်းဖြစ်၏။
ဤပညာရပ်က လေမိုးကြိုးအိမ်တော်မှ အဆင့်မြှင့်တင်ထားသော တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာနှင့်နှိုင်းယှဉ်လျှင် အနည်းငယ် နိမ့်ကျသည်။
သို့သော် ရန်ကျောက်ကဲ၏လှုပ်ရှားမှုများကို ကြည့်ရှုရင်း ဟန်ရှန်းတာ့နှင့် အခြားသူများ၏ မျက်နှာအမူအရာများ တည်ကြည်လေးနက်လာကြသည်။
လက်နက်ပစ္စည်းပြုလုပ်ခြင်းလုပ်ငန်း မတတ်ကျွမ်းသူများအနေဖြင့် သာမန်ဟုပင်ထင်စရာရှိသော်လည်း လက်နက်ပစ္စည်းပြုလုပ်သည့်နယ်ပယ်မှလူများအတွက်တော့ အနှီလူငယ်၏ကျွမ်းကျင်မှုကို တွေ့မြင်ကြရသည်။
လေမိုးကြိုးအိမ်တော်မှ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော ကျင့်ကြံသူများအနေဖြင့် ဤအချက်ကိုမသုံးသပ်နိုင်သော်လည်း ဟန်ရှန်းတာ့နှင့် အခြားသောကျွမ်းကျင်ပညာရှင်များကတော့ ရန်ကျောက်ကဲ၏ လက်နက်ပစ္စည်းပြုလုပ်သော အဂ္ဂိရတ်ပညာမှာ အလွန်မြင့်မားပြီး အောင်မြင်မှုများစွာပိုင်ဆိုင်ထားကြောင်း တစ်ချက်တည်းဖြင့် ပြောနိုင်သည်။
ရန်ကျောက်ကဲ၏ ကျွမ်းကျင်မှုက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနှင့် တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာမျှသာ မဟုတ်ပေ။
ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအား ပတ်လည်လှည့်ကာလမ်းလျှောက်သွားပြီး ခြေလှမ်းတိုင်းတွင် မီးပြင်းဖိုကို လက်ဖဝါးဖြင့် ခပ်ဖွဖွ ဖိရိုက်လိုက်သည်။
လေထုထဲတွင် အလင်းလမ်းကြောင်းတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော နန်းတော်ကြီးကိုးခုထွက်ပေါ်လာကာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအား လွှမ်းခြုံသွားသည်။
အတွင်းသလင်းကျောက်မီးဖို အဖုံးပွင့်သွားပြီး အတွင်းထဲသို့ ကောင်းကင်မိုးကြိုး တိုက်ရိုက်ဆင်းသက်သွားပြီး မိုးကြိုးအလင်းတန်းများက မီးပြင်းဖိုနှင့် ရောနှောသွားသည်။
နန်းတော်ကိုးခုပုံသဏ္ဌန်များထဲတွင် သန္ဓေသားအသွင် “ဓား” က ငြိမ်သက်စွာ တည်ရှိနေသည်။
ဒါကိုမြင်တော့ ဟန်ရှန်းတာ့ဘေးနားတွင်ရပ်နေသည့် မျက်ခုံးမွှေးအဖြူရောင်ရှိသော အဘိုးအိုတစ်ယောက်က အသံပို့လွှတ်စနစ်ဖြင့် မေးမြန်းလိုက်သည်။
“တတိယညီလေး... ဒါက အတွင်းအပြင်ကိုးနန်းတော်ဖိနှိပ်အဂ္ဂိရတ်ပညာလား...”
ဟန်ရှန်းတာ့က တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်မယ်ထင်တယ်...”
သူက ရုတ်တရက် သက်ပြင်းချရင်း...
“ထပ်ကြည့်စရာတောင်မလိုဘဲ ရလဒ်ကို သိနိုင်နေပါပြီ ၊ ‘ရန်’ သခင်လေးက ငယ်ရွယ်ပေမယ့် ဒီအဘိုးကြီးထက်တောင် လက်နက်ပစ္စည်းပြုလုပ်တဲ့ပညာရပ် ကျွမ်းကျင်သေးတယ်”
“ဒီလူငယ်လေး လက်နက်ပစ္စည်းအရောင်းအဝယ်လုပ်မယ်ဆိုတော့ စိတ်ကူးတည့်ရာ လျှောက်လုပ်တယ်လို့ ထင်ခဲ့မိတာ ၊ အခုတော့... ကြည့်ရတာ... သူက ဖောက်သည်ရှာဖို့အတွက် ကနဦးအဆင့် ကြိုတင်ပြင်ဆင်ချိန်ကို ချွေတာလိုတာကြောင့်သာမဟုတ်ရင် ကျုပ်တို့ကို လာတွေ့စရာတောင် အကြောင်းမရှိနိုင်ဘူး”
“အခု သူ့ရဲ့ ပညာရပ်ကျွမ်းကျင်မှုကိုကြည့်လိုက်ရင်... ကျုပ်တို့ လေမိုးကြိုးအိမ်တော်ရဲ့လုပ်ငန်းကို ယှဉ်ပြိုင်နိုင်ရုံသာမက အလွယ်တကူတောင် ကျော်တက်သွားလိမ့်မယ်”
လေမိုးကြိုးအိမ်တော်မှ သိုင်းကျင့်ကြံသူများ မျက်နှာအမူအရာ ပြောင်းလဲသွားကြပြီး စကားဆိုရန် ပါးစပ်များဖွင့်ဟလိုက်ကြသည့်တိုင် မည်သည့်စကားသံမှ ထွက်ပေါ်မလာခဲ့ကြပေ။
လူတိုင်းက ဟန်ရှန်းတာ့၏စကားများကို တိတ်ဆိတ်စွာ စဉ်းစားခဲ့ကြပြီး အဓိပ္ပါယ်ကို တဖြည်းဖြည်း သဘောပေါက်သွားကြသည်။
“အတွင်းအပြင်ကိုးနန်းတော်ဖိနှိပ်အဂ္ဂိရတ်ပညာ” သည်လည်း မဟာကပ်ဘေးကြီးမတိုင်ခင်က တည်ရှိခဲ့သော လက်နက်ပြုလုပ်သည့် ပညာရပ်တစ်ခု ဖြစ်သည်။
ထိုပညာရပ်ကို တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာဖြင့် နှိုင်းယှည်ကြည့်မည်ဆိုပါက နှစ်မျိုးစလုံး အံ့သြဖွယ်ရာနည်းလမ်းများဖြစ်ကြပြီး မည်သည့်နည်လးမ်းကသာလွန်သည်ဟု မပြောနိုင်ပေ။
လေမိုးကြိုးအိမ်တော်က လက်နက်ပစ္စည်းပြုလုပ်ခြင်းတွင် နာမည်ကျော်ကြားခဲ့ပြီး ထိုအတွက် အမြဲတမ်း ဂုဏ်ယူခဲ့သည်။ သူတို့ အဆင့်မြှင့်တင်ထားသည့် တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာသည်လည်း မဟာကပ်ဘေးကြီးမတိုင်ခင်ကနည်းလမ်းထက် ပိုမိုအဆင့်မြင့်ပြီး ထိရောက်မှု အားကောင်းသည်။
ရန်ကျောက်ကဲ အသုံးပြုသည့် တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာက မဟာကပ်ဘေးကြီးမတိုင်ခင်က အသုံးပြုသော မူလလက်ဟောင်း ပညာရပ်ဖြစ်၏။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ရန်ကျောက်ကဲအသုံးပြုသည့်ပညာရပ်က လေမိုးကြိုးအိမ်တော် လက်ရှိအသုံးပြုသည့်ပညာရပ်နှင့်ယှဉ်လျှင် နိမ့်ကျသည်။
သို့သော် တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာနှင့် အတွင်းအပြင်ကိုးနန်းတော်ဖိနှိပ်အဂ္ဂိရတ်ပညာ (၂)ခုလုံးကို လွတ်လပ်စွာထိန်းချုပ်ပြီး ချောမွေ့စွာပေါင်းစပ်နိုင်လျှင် အလွန်ထိရောက်သည့် နယ်ပယ်အသစ်တစ်ခုသို့ ရောက်ရှိသွားပေမည်။
ထိုပညာရပ်နှစ်ခုပေါင်းစပ်ခြင်းကြောင့် ထွက်ပေါ်လာမည့် လက်နက်ပစ္စည်းအောင်မြင်မှုနှုန်း ၊ လက်နက်အရည်အသွေးနှင့် အခြားသောအသေးအမွှားကဏ္ဍများအားလုံးက လေမိုးကြိုးအိမ်တော်အသုံးပြုသည့် တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာထက် သာလွန်နေပေသည်။
နည်းပညာနှစ်ရပ်ကို တပြိုင်တည်းထုတ်ဖော်အသုံးပြုခြင်းက တစ်ခုပြီးမှတစ်ခု အသုံးပြုသည်ထက် ပိုမိုခက်ခဲသည် အမှန်ပင်။
ထိရောက်စွာ မလုပ်နိုင်ခဲ့လျှင် အရှုတ်အထွေးများဖြစ်ပေါ်ပြီး ဟာသတစ်ခုအဖြစ် အဆုံးသတ်သွားပေလိမ့်မည်။
ဟန်ရှန်းတာ့က အတွင်းအပြင်ကိုးနန်းတော်ဖိနှိပ်အဂ္ဂိရတ်ပညာကို မတတ်ကျွမ်းသော်လည်း သူ၏ အစွမ်းထက်သော ပိုင်းခြားသိမြင်မှုစွမ်းရည်အရ ရန်ကျောက်ကဲ ဓားလက်နက်ကို စတင်ပြုလုပ်သည်နှင့် ၊ ထိုလူငယ်သည် အတွင်းအပြင်ကိုးနန်းတော်ဖိနှိပ်အဂ္ဂိရတ်ပညာရော တောက်ပမိုးကြိုးသတ္တုအဂ္ဂိရတ်ပညာမှာပါ အလွန်မြင့်မားသော သမ္ပတ္တိများရှိကြောင်း သဘောပေါက်ခဲ့သည်။
သို့ဖြစ်ရာ ဤ ဓားလက်နက်ပြုလုပ်ခြင်းတွင် လုံးဝ ကျရှုံးမည် မဟုတ်ပေ။
ကျွမ်းကျင်မှုအဆင့် အမျိုးမျိုးရှိသော အခြားသူများမှာ လက်နက်ပြုလုပ်သည့်ပညာရပ်တွင် ဟန်ရှန်းတာ့လောက် မကျွမ်းကျင်ကြပေ။ သို့တိုင် အချိန်ကြာလာသည်နှင့်အမျှ ရန်ကျာက်ကဲကိုကြည့်ရင်း ဤပညာရပ်တွင် လွှမ်းမိုးနိုင်စွမ်း မည်မှမြင့်မားကြောင်း တဖြည်းဖြည်း သိရှိလာကြသည်။
လူတိုင်း၏မျက်နှာထက်တွင် စိတ်ရှုတ်ထွေးသည့်အမူအရာများထင်ဟပ်လာသည်။
“သူက ကောင်းကင်ဘုံက မျက်နှာသာပေးခံရတဲ့သားတော်တစ်ပါးဆိုရင်တောင်... ဒီလျှို့ဝှက်နည်းပညာနှစ်ရပ်လုံးကို အပြည့်အဝတတ်မြောက်ထားပြီး ပေါင်းစပ်အသုံးပြုနိုင်တာ အံ့သြစရာပဲ ၊ ဒီလောက်သအက်ငယ်ငယ်လေးနဲ့ ဒီလိုပညာတွေကို ဘယ်လိုများအချိန်ယူပြီး သင်ယူထားပါလိမ့်”
လေမိုးကြိုးအိမ်တော်မှ သိုင်းကျင့်ကြံသူတစ်ယောက်က မည်သို့မှမနေနိုင်ဘဲ သက်ပြင်းတစ်ချက်ချရင်း ရေရွတ်လိုက်သည်။
နည်းပညာတစ်ခုကို နားလည်ခြင်းနှင့် လက်တွေ့အသုံးချခြင်းမှာ တူညီသည်ထင်ရသော်လည်း မတူညီသည့်ကိစ္စနှစ်ခု ဖြစ်သည်။
စာရွက်ပေါ်တွင်ရေးသားထားသောပညာရပ်တစ်ခုအား လက်တွေ့အသုံးချရခြင်းမှာ ဘယ်သောအခါမှ လွယ်ကူသည်မဟုတ်ပေ။
ဟန်ရှန်းတာ့ကလည်း ရေရွတ်လိုက်သည်။
“သိုင်းတာအိုရော အဂ္ဂိရတ်ပညာရော မကြုံစဖူး အံ့သြစရာအောင်မြင်မှု ရရှိထားတာပဲကိုး...”
ထိုစကားကိုကြားတော့ လေမိုးကြိုးအိမ်တော်မှလူတိုင်း မချိပြုံးပြုံးလိုက်ကြသည်။
သူတို့အားလုံးက လက်နက်ပစ္စည်းပြုလုပ်သည့်ပညာရပ်တွင် စိတ်အားထက်သန်ကြပြီး ဤပညာရပ်အတွက် အချိန်နှင့်ခွန်အားများစွာ မြှုပ်နှံထားခဲ့ကြကာ မျိုးဆက်တစ်လျှောက် ကျွမ်းကျင်မှုများကို လက်ဆင့်ကမ်းခဲ့ကြသည်။
ထို့ကြေင့် သိုင်းတာအိုတွင် အောင်မြင်မှု အားနည်းခဲ့ကြ၏။
သူတို့က ပုံမှန်အတိုင်း ကျင့်ကြံခဲ့ကြသော်လည်း တကယ့် သေခြင်းရှင်ခြင်းတိုက်ပွဲများတွင် အတွေ့အကြုံ မရှိကြပေ။
ထို့ကြောင့် လေမိုးကြိုးအိမ်တော်မှ သိုင်းကျင့်ကြံသူများ၏ သိုင်းတာအိုမှာ ပျမ်းမျှအားဖြင့် နိမ့်ကျသည်ဟု မဆိုသာသော်လည်း မြင့်မားသည်ဟုလည်း မဆိုနိုင်ပြန်ပေ။
ဤအဖြစ်အပျက်အား “တစ်ခုရလျှင် တစ်ခုဆုံးရှုံးရသည်” ဟု ဆိုနိုင်သည်။
မကြာသေးမီနှစ်များအတွင်း အိမ်တော်သခင် ‘ဟန်ရှန်းတာ့’ က ဤအချက်ကို သတိပြုမိပြီး ပြုပြင်ရန်လိုအပ်ကြောင်း သတိထားခဲ့မိကာ ကျင့်ကြံခြင်းအပိုင်းနှင့်ပတ်သက်ပြီး ပိုမိုဦးစားပေးလာခဲ့သည်။
သို့သော် ယခုတော့ ဟန်ရှန်းတာ့မှာလည်း ရန်ကျောက်ကဲကိုကြည့်ရင်း ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့၏။
သူက လေမိုးကြိုးအိမ်တော်မှ သိုင်းသမားများကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချရင်း...
“ကောင်းကင်ဘုံက ဆင်းသက်လာတဲ့နတ်ဘုရား...”
လူတိုင်းကလည်း သက်ပြင်းချလိုက်ကြရင်း ခံစားချက်အပြည့်ဖြင့်...
“ကောင်းကင်ဘုံက ဆင်းသက်လာတဲ့နတ်ဘုရား...”
အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်ခြင်းက ရန်ကျောက်ကဲအတွက် ခက်ခဲသည့်ကိစ္စမဟုတ်ပေ။ အထူးသဖြင့် တစ်ဝက်ခန့်ပြီးမြောက်နေသော ပစ္စည်းတစ်ခုကို ဆက်လက်ပြုလုပ်ခြင်းမျိုးတွင် ပိုမိုလွယ်ကူပေသည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်း ပြုလုပ်ပြီးစီးသည်နှင့် မိုးကြိုးအလင်းတန်းတစ်ခုက ကောင်းကင်ထိတိုင် မြင့်တက်သွားပြီး ကောင်းကင်မိုးကြိုးသည်လည်း ကောင်းကင်ထက်ယံသို့ လွင့်ပျံသွားသည်။
ရန်ကျောက်ကဲက အင်္ကျီလက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို အဖုံးပြန်ပိတ်သွားပြီး ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များသည်လည်း တဖြည်းဖြည်း လွင့်ပြယ်သွားသည်။
နန်းတော်ကိုးခုအသွင်သဏ္ဌန်က တဖြည်းဖြည်းသေးငယ်သွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။
ရန်ကျောက်ကဲ မီးပြင်းဖိုအဖုံးကို ပြန်ဖွင့်လိုက်ချိန်တွင် အတွင်းထဲမှ မိုးကြိုးသွားအလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာ၏။
ထိုအလင်းတန်းက (၃)ပေရှည်သည့်ဓားတစ်လက်ဖြစ်ပြီး ရန်ကျောက်ကဲက ဓားရိုးကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။ ဓားသွားထက်တွင် မိုးကြိုးနဂါးတစ်ကောင်၏အသွင်သဏ္ဌန်က ခပ်မှိန်မှိန်တောက်ပနေသည်။
“ဘာမှမဟုတ်တဲ့ သာမန်ပညာလေးတစ်ခု ပြသလိုက်မိပါတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဓားကို ဟန်ရှန်းတာ့ထံ ကမ်းပေးလိုက်သည်။
ဟန်ရှန်းတာ့ စကားမဆိုဘဲ ဓားသွားကို လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်လိုက်၏။
ဟန်ရှန်းတာ့ ဓားပြုလုပ်သည်ကို ကြားဖြတ်နှောက်ယှက်မခံရဘဲ ပြီးဆုံးသည်အထိ ပြုလုပ်နိုင်မည်ဆိုလျှင်တောင်မှ ရန်ကျောက်ကဲ ယခု ဆက်လက်ပြုလုပ်ထားသော ဓား၏အရည်အသွေးကို ယှဉ်နိုင်မည် မဟုတ်ပေ။
ခဏမျှအကဲခတ်ပြီးနောက် ဟန်ရှန်းတာ့က ဓားရှည်ကို သူ့ဘေးနားမှအကြီးအကဲ ကြည့်ရှုရန် လက်ဆင့်ကမ်းပေးလိုက်ပြီး သူကတော့ စကားတစ်ခွန်းမဆိုဘဲ ရန်ကျောက်ကဲအား လေးလေးနက်နက် ဦးညွှတ်ဂါရဝပြုလိုက်သည်။
လေမိုးကြိုးအိမ်တော်မှ သိုင်းသမားများ တစ်ယောက်ပြီးတစ်ယောက် ဓားကို လက်ဆင့်ကမ်းကြည့်ရှုလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးသည်လည်း ဟန်ရှန်းတာ့ကဲ့သို့ပင် ရန်ကျောက်ကဲအား ရိုသေစွာ ဦးညွှတ်ဂါရဝပြုလိုက်ကြလေ၏။
ရန်ကျောက်ကဲက အားလုံးကို ဂါရဝပြုပါရန် တားဆီးသည့်ဟန် လက်တစ်ဖက်ကာပြလိုက်ရင်း...
“အားလုံးပဲ... ယဉ်ကျေးလွန်းနေပါပြီ”
ဟန်ရှန်းတာ့က...
“’ရန်’ သခင်လေး... ဒီအဘိုးကြီးက ရေတွင်းထဲကဖားလိုပါပဲ ၊ ဒီနေ့တော့ အမြင်သစ်တစ်ခု ပွင့်လင်းသွားခဲ့ပါပြီ ၊ အနာဂတ်မှာ ကောင်းကင်ဘုံကဆင်းသက်လာတဲ့ နတ်ဘုရားဆီက အကြံဉာဏ်တွေတောင်းခံဖို့ အခွင့်အရေးရရှိမယ်လို့ မျှော်လင့်ပါတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“အကြံဉာဏ်တွေပေးဖို့ဆိုတဲ့စကားမျိုး မပြောရဲပါဘူး ၊ အပြန်အလှန် နားလည်မှုတဲ့ဆက်ဆံရေးမျိုး ပိုပြီးလိုအပ်ပါတယ်”
ဘေးနားမှကြည့်နေသည့် ချိုးကျားဟိုင်မှာလည်း ရန်ကျောက်ကဲအပေါ် အတော်လေး လေးစားသဘောကျသွားမိသည်။
သူ့အနေဖြင့် ရန်ကျောက်ကဲအားကူညီပေးခဲ့သည့်တိုင် သူတို့ကြားမှဆက်ဆံရေးကြောင့် အကောင်းဆုံးပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ကိစ္စအောင်မြင်နိုင်ခြေ ရာနှုန်းပြည့်ရှိမည်ဟု မသေချာခဲ့ပေ။
ယခုတော့ ရန်ကျောက်ကဲအပေါ် အမှန်တကယ် စိတ်ချယုံကြည်နိုင်ပြီ ဖြစ်သည်။
သူတို့နှစ်ယောက် ဟန်ရှန်းတာ့နှင့်အတူ လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန် ကနဦးအဆင့်များကို ဆွေးနွေးပြီးနောက် လေမိုးကြိုးအိမ်တော်မှ ပြန်ခဲ့ကြသည်။
ချိုးကျားဟိုင်က...
“ဂိုဏ်းတူညီလေး’ရန်’... မင်းက သိုင်းတာအိုမှာ အစွမ်းထက်ရုံတင်မဟုတ်ဘူး တခြားနယ်ပယ်တွေမှာလည်း အံ့မခန်း အစွမ်းထက်တာပဲနော်...”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ငယ်ငယ်တုန်းကဆိုရင် အဲဒီလို ဟိုဆတ်ဆတ် ဒီဆတ်ဆတ်လိုက်လုပ်လို့ အဓိပ္ပါယ်မဲ့တလွဲတွေလုပ်တယ်ဆိုပြီး အကြီးအကဲတွေဆူတာ ခံခဲ့ရဖူးတယ်”
နှစ်ယောက်သား ရယ်မောပျော်ရွှင်စွာစကားပြောရင်း ခွန်လွန်တောင်သို့ ပြန်ခဲ့ကြသည်။
အပြန်ခရီးတွင် သတင်းတစ်ခုကြားရလေသည်။
အချိန်အတန်ကြာပျောက်ကွယ်နေခဲ့သော ပိုးသားဧကရာဇ်သည် နောက်ဆုံးတွင် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာခဲ့သည်။
သို့သော် သူပြန်ရောက်ရောက်ချင်းတွင် သူနေထိုင်ရာ မြောက်ဖေးတောင်ထွတ်မှ ကျောက်ဂူအိမ်တော်သို့ သွားရောက်ခြင်းမရှိဘဲ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သို့ တန်းပြီးထွက်ခွာသွားခဲ့လေသည်။